← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အပိုင်း ၁၃၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထျန်းရွှေမြို့ရှိ စစ်သည်များ၏ ရင်ထဲ၌ ဆိုဟန်ရီသည် စစ်မှန်သည့် ကယ်တင်ရှင် စစ်နတ်ဘုရားတစ်ပါး ဖြစ်လာ၏။

စစ်သည်တစ်သောင်းတည်းဖြင့် ရန်သူသုံးသောင်းကို ရင်ဆိုင်ကာ ရေတွက်၍မရနိုင်သည့် တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့၏။ နောက်ဆုံး၌ လက်ရွေးစင်တပ်ဖွဲ့ဝင် လေးထောင်ကို ဦးဆောင်ကာ ရန်သူ နှစ်သောင်းကျော်ကို ချေမှုန်းပစ်နိုင်ခဲ့သည်။

ထျန်းရွှေစစ်ပွဲသည် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်မည်ဟု လူအများက ထင်မှတ်ထားကြသော်လည်း သူကမူ တစ်ရက်တည်းဖြင့် အနိုင်ယူပြလိုက်၏။

လက်ရှိအချိန်၌ ငယ်သားများမှာ ဆိုဟန်ရီကို ရူးသွပ်မတတ် ကိုးကွယ်ယုံကြည်မှုများဖြင့် ကြည့်နေကြလေပြီ။ ထျန်းရွှေမြို့မှ အရပ်သားများသာမက စစ်သည်များကပါ သူ့ကို အမြင့်မြတ်ဆုံး ခေါင်းဆောင် ၊ အထွတ်အထိပ် သခင်တစ်ပါးအဖြစ် မြင်နေကြလေပြီ။

ရုတ်တရက် ဆိုဟန်ရီ၏ စိတ်ထဲ၌ အတွေးတစ်ခု ဝင်လာ၏။

“ငါကရော ဘာလို့ ထျန်းရွှေမြို့သခင် မဖြစ်နိုင်ရမှာလဲ”

သူသည် အလွန် သန်မာ၏။ အသက် နှစ်ဆယ်အရွယ်ဖြင့် နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံးရှိ ကျွမ်းကျင်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် နဂါးစစ်သည်တော်တစ်ဦး ဖြစ်လာသည်။

သူ၏ စစ်ရေးစွမ်းရည်မှာလည်း အံ့မခန်းဖြစ်ပြီး စစ်သည်လေးထောင်ဖြင့် ရန်သူ နှစ်သောင်းကို အနိုင်ယူနိုင်၏။ ဤဂုဏ်ကျက်သရေများနှင့်ဆိုလျှင် သူက အဘယ့်ကြောင့်ထျန်းရွှေမြို့သခင် မဖြစ်နိုင်ရမည်နည်း။

အဘယ်ကြောင့် မိသားစုကို ပျက်စီးစေရုံကလွဲ၍ ဘာမှမလုပ်နိုင်သည့် ဆိုလွန်လို အမှိုက်ကောင်က မြို့သခင် ဖြစ်ရမည်နည်း။ သူ၏ မိသားစုနောက်ခံကြောင့်လော။ သူက မွေးစားဖခင်၏ သွေးသားအရင်း ဖြစ်နေ၍လော။

အကယ်၍ သူ ဆိုဟန်ရီသာ ဆိုမိသားစု၏ ခေါင်းဆောင်နှင့် ထျန်းရွှေမြို့သခင် ဖြစ်လာလျှင် ထျန်းရွှေမြို့သည်လည်း ပို၍ပင် အင်အားကြီးလာမည် မဟုတ်လော။ ထိုရာထူးကြီးသည့် စစ်သည်တော်များပင်လျှင် ပုန်ကန်ရဲတော့မည် မဟုတ်ပေ။

သူ ကုတင်ပေါ်၌ နေ့ခင်းအိပ်မက် မက်နေစဉ် ဇနီးဖြစ်သူ ယန်ဟုန်ရီက မှန်ရှေ့၌ ထိုင်ကာ ဆံပင်များကို ဖြီးသင်နေ၏။

ယန်ဟုန်ရီက စိုးရိမ်တကြီး မေးလိုက်သည်။ “ဆိုလွန်နဲ့ နင်ပင်းတို့ ဘယ်လိုနေလဲ မသိဘူး။ စာမေးပွဲရော အဆင်ပြေရဲ့လား။ အစ်ကိုကြီး... အခု ကျွန်မတို့ ပုန်ကန်တဲ့ တပ်တွေကို မောင်းထုတ်လိုက်နိုင်ပြီဆိုတော့ ဆိုလွန်နဲ့ နင်ပင်းကို ပြန်ခေါ်ဖို့ လူတွေကို မြန်မြန် လွှတ်သင့်တယ်။ ထျန်းရွှေမြို့က မြို့သခင် မရှိဘဲ ဒီလောက်ကြာကြာ နေလို့မရဘူးလေ”

ဆိုဟန်ရီ၏ နဖူးကြောများ ထောင်ထလာ၏။ သူက ဒေါသတကြီး ကြုံးဝါးလိုက်သည်။ “မင်းက အမြဲတမ်း အဲဒီအမှိုက်ကောင် ဘက်ကပဲ။ သူ့မှာ ဘာအရည်အချင်း ၊ ဘာကိုယ်ကျင့်တရားများ ရှိနေလို့လဲ။ ဘာလို့ သူက ထျန်းရွှေမြို့ကို လွယ်လွယ်ကူကူ ယူပြီး ဒီက သခင် ဖြစ်လာရမှာလဲ”

ထိုစကားကို ကြားသည့်အခါ ယန်ဟုန်ရီ လှည့်ကြည့်လာ၏။ သူမက ခင်ပွန်းဖြစ်သူအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်မိသည်။

ဆိုဟန်ရီက အထိတ်တလန့်ဖြင့် အမြန် ရှင်းပြလိုက်သည်။ “ကိုယ်ဆိုလိုတာက ထျန်းရွှေမြို့ကို ညီအစ်ကိုတွေ အများကြီးရဲ့ သွေးတွေနဲ့ ကာကွယ်ထားရတာ။ ဆိုလွန်လို အမှိုက်ကောင်ကို ဒီမြို့ကို ဖျက်ဆီးခွင့် ပေးလို့မရဘူးလို့ ပြောတာပါ”

ယန်ဟုန်ရီက လေးနက်စွာ သတိပေးလိုက်၏။ “အစ်ကိုကြီး... မွေးစားအဖေက ကျွန်မတို့ကို ပြုစုပျိုးထောင်ပေးခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ဆိုမိသားစုက ကျွန်မတို့အပေါ် ကျေးဇူးကြီးမားတယ်”

ဆိုဟန်ရီ၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း ဘာမှဆက် မပြောတော့ချေ။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် မိုင်တစ်ရာကျော် အကွာရှိ ရာထူးကြီး စစ်သည်တော်များ၏ ပုန်ကန်သူတပ်စခန်း၌ အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ၏ အစောင့်အရှောက်ဖြင့် ပင်မစခန်းအတွင်းသို့ ဝင်ရောက်လာ၏။

**--**--**--**--**--**--**--**

မင်းသားငယ် ကျိလီ၏ နန်းဆောင်မှ ဆိုလွန် ထွက်ခွာလာချိန်၌ သေရည်မူးနေလေပြီ။ ရဲ့ကျင်းယွီက သူ့ကို ရထားလုံးပေါ် တက်နိုင်ရန် လက်မောင်းမှ ကိုင်ကာ တွဲကူပေးခဲ့ရ၏။

အိမ်ပြန်ရောက်ပြီးနောက် ဆိုနင်ပင်းက ထုံးစံအတိုင်း ဖယောင်းတိုင်မီးရောင်အောက်၌ စောင့်နေသည်။ သူမ၏ လှပသည့် မျက်နှာထက်၌ မျှော်လင့်ချက်များ အပြည့်ဖြင့် အပြုံးတစ်ခု ရှိနေ၏။

ဆိုလွန်က ညင်သာစွာ မေးလိုက်သည်။ “အစ်မ ဘာလို့ မနားသေးတာလဲ”

ဆိုနင်ပင်းက အနည်းငယ် စိတ်မကောင်းဖြစ်နေသည့်ဟန်ဖြင့် ညည်းညူလိုက်၏။ “မောင်လေး ဘာလို့ အရက်တွေ သောက်လာတာလဲ။ မောင်လေးအတွက် အစ်မ အမူးပြေ ဟင်းချိုတစ်ခွက် လုပ်ပေးမယ်”

ဆိုလွန်က ပြုံးလျက် ခေါင်းခါလိုက်သည်။ “မလိုပါဘူး အစ်မ။ ကျွန်တော် မမူးပါဘူး။ အစ်မ ခုနက ဘာတွေ တွေးနေတာလဲ။ ပျော်နေတဲ့ပုံပဲ”

ဆိုနင်ပင်းက ဝမ်းသာအားရ ပြုံးလိုက်၏။ “မောင်လေး ထျန်းရွှေမြို့သခင် ဖြစ်လာတာနဲ့ အစ်မတို့ ပြန်လို့ရပြီလေ။ အဲဒီအကြောင်း တွေးမိရင် အစ်မ မပျော်ဘဲ မနေနိုင်ဘူး။ အစ်မတို့ တော်ဝင်မြို့တော်မှာ နေလာတာ ခုနစ်နှစ်ရှိပြီ။ ဒါပေမဲ့ ဒီနေရာက အစ်မနဲ့ သက်ဆိုင်တယ်လို့ မခံစားရသေးဘူး”

သူမ၏ မျက်လုံးတို့က အရောင်တောက်လာသည်။ “အစ်မ ခုလေးတင် ထျန်းရွှေမြို့က သတင်းရတယ်။ ရာထူးကြီး စစ်သည်တော် ဆယ့်ကိုးယောက်က ပုန်ကန်ပြီး ပုန်ကန်သူစစ်သည် သုံးသောင်းက မြို့ကို ဝိုင်းထားကြတာတဲ့။ ဒါပေမဲ့ အစ်ကိုကြီးက သူတို့ကို တစ်ရက်တည်းနဲ့ အနိုင်ယူလိုက်တယ်။ အခု မြို့က လုံခြုံသွားပြီဆိုတော့ မောင်လေးလည်း မြို့သခင်ရာထူးကို ချောချောမွေ့မွေ့ ဆက်ခံနိုင်ပြီပေါ့။ အစ်မတို့ သုံးယောက် ဖေဖေ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ ဆိုမိသားစုရဲ့ နှစ်တစ်ရာ အမွေအနှစ်ကိုလည်း အစ်မတို့ မဖျက်ဆီးခဲ့ဘူးလေ”

ဆိုလွန် အံ့အားသင့်သွားရ၏။ လူတစ်သောင်းဖြင့် သုံးသောင်းကို ရင်ဆိုင်ကာ ဆိုဟန်ရီက ပုန်ကန်သူတပ်များကို တစ်ရက်တည်းဖြင့် အနိုင်ယူပြီး မြို့ကို ကယ်တင်နိုင်ခဲ့သည်လော။ သူ၏ မွေးစားအစ်ကို၌ အမှန်တကယ်ပင် အံ့မခန်း စစ်ရေးစွမ်းရည်များ ရှိနေပုံရသည်။

ဆိုလွန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လေးနက်စွာ ပြောလိုက်၏။ “အစ်မ... အစ်မရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးချင်ပေမယ့် ဆိုဟန်ရီက အခုချိန်မှာ ကျွန်တော်တို့ကို ပြန်လာစေချင်မှာ မဟုတ်ဘူး”

ဆိုနင်ပင်းက ညင်သာစွာ ဆူပူလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ အစ်ကိုကြီးက မောင်လေးအပေါ် အမြဲတမ်း ကောင်းချင်မှ ကောင်းလိမ့်မယ်။ ဒါပေမဲ့ သူက အစ်မတို့အိမ်ကို သူ့နှလုံးသားအပြည့်နဲ့ ကာကွယ်ပေးထားတာ။ အစ်မပြောမယ်... မောင်လေး ထျန်းရွှေမြို့ရဲ့ မြို့သခင် ဖြစ်လာတဲ့အခါ အစ်ကိုကြီးကို လေးစားရမယ်။ သူ့ကို တကယ့် အစ်ကိုအရင်းတစ်ယောက်လို ဆက်ဆံပါ။ မဟုတ်ရင်တော့...”

ဆိုလွန်က နောက်ပြောင်သလို ပြုံးစစဖြင့် မေးလိုက်၏။ “မဟုတ်ရင် ဘာဖြစ်မလဲ အစ်မ”

ဆိုနင်ပင်းက သူမ၏ ဖြူဖွေးသည့် လက်လေးကို ဆန့်ထုတ်ကာ ဆိုလွန်၏ နားရွက်ကို ညင်သာစွာ ဆွဲလိမ်ရင်း ချွဲနွဲ့စွာ ပြောလိုက်သည်။ “မဟုတ်ရင် အစ်မ ဒေါသထွက်ပြီး မောင်လေးနားရွက်ကို ဆွဲလိမ်ပစ်မှာပေါ့”

အနည်းငယ် မူးယစ်နေသဖြင့် ဆိုလွန်က သူမ၏ လက်သေးသေးလေးကို ဖမ်းဆုပ်ကာ ဆွဲဖက်လိုက်၏။

ဆိုနင်ပင်း လန့်သွားပြီး အမြန် ရုန်းထွက်လိုက်သည်။ သူမက သူ့ကို စိုက်ကြည့်ရင်း ရှက်သွေးဖြာသွား၏။ “မောင်လေး သိပ်ရဲတင်းလာပြီပဲ။ တစ်ယောက်ယောက် မြင်သွားရင် အစ်မတော့ ရှက်လွန်းလို့ အခန်းအပြင်တောင် ထွက်ရဲမှာ မဟုတ်တော့ဘူး။”

ထို့နောက် သူမက မျက်စောင်းထိုးလိုက်သည်။ “မောင်လေးက ရိုးသားတဲ့ပုံ ပေါက်ပေမဲ့ တကယ်တော့ တော်တော် ဆိုးတာပဲ။ ကဲ... စောစော သွားအိပ်တော့။ မနက်ဖြန် ဘုရင်မင်းမြတ်နဲ့ တွေ့ဖို့ နန်းတော်ထဲ ဝင်ရဦးမယ်”

**--**--**--**--**--**--**--**

နောက်တစ်နေ့ မွန်းတည့်ချိန်၌ ဆိုလွန် အသစ်စက်စက် ဝတ်ရုံကောင်းကို ဝတ်ဆင်ထားလျက် ရှိနေ၏။

ဘုရင်မင်းမြတ်နှင့် တွေ့ဆုံရန်နှင့် အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို လက်ခံရယူရန်အတွက် တော်ဝင်အကယ်ဒမီမှ အခြား ကျောင်းသား ရှစ်ဦးနှင့်အတူ တော်ဝင်နန်းတော်ထဲသို့ ဝင်ရောက်လာသည်။

မှန်၏။ ရှစ်ဦးသာ ရှိသည်။ လျှို့ဝှက်ဆန်းကြယ်သည့် မြို့စားကြီး၏ သမီး ထူလင်းတိကို မည်သည့်နေရာ၌မှ မတွေ့ရချေ။ ဆိုလွန် အံ့အားသင့်သွား၏။ ဘုရင်မင်းမြတ်၏ တံဆိပ်ချီးမြှင့်ပွဲကိုပင် သူမက လာရောက်ခြင်း မရှိပေ။ သူမက အမှန်တကယ်ပင် ကိုယ့်မင်းကိုယ့်ကြမ္မာ ရပ်တည်နိုင်သူ တစ်​ယောက်ပင်။

သူတို့၏ တွေဝေမှုကို မြင်သွားသောအခါ ကျိမင်က ဝင်ရောက် ရှင်းပြလိုက်၏။ “သခင်မလေး ထူလင်းတိက လျှို့ဝှက်တာဝန်တစ်ခု သွားရမှာမို့လို့ သူ့ရဲ့ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ကြိုယူသွားတယ်”

ထိုသို့ဖြစ်ရပေမည်။ ထူလင်းတိ၏ နောက်ခံသည် အလွန်တရာ ဩဇာကြီးမားလှ၏။ တော်ဝင်အကယ်ဒမီ၏ ထိပ်တန်း အလှမယ် ဖြစ်သော်လည်း ဆိုလွန် သူမကို တစ်ကြိမ်တစ်ခါမှပင် မတွေ့ခဲ့ဖူးချေ။

အခြား အလှမယ် ဖြစ်သည့် သူ၏ စေ့စပ်ထားသူ ကွေ့ချင်းရှောင်းကိုလည်း တစ်ခါမှ မတွေ့ဖူးပြန်ချေ။

သို့သော် အစီအစဉ်အတိုင်းသာ ဖြစ်လာပါက ဆိုလွန် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လအနည်းငယ်အတွင်း သူတို့ လက်ထပ်ရမည် ဖြစ်၏။

ကွေ့ချင်းရှောင်းနှင့် လက်ထပ်ရန် လင်ဟိုင်မြို့သို့ သွားရမည့် ခရီးစဉ်မှာ မျှော်လင့်ထားသည်ထက် ပိုမို စောစီးလာမည်ဟုပင် ဆိုလွန် ခံစားနေရသည်။

**--**--**--**--**--**--**--**

မိန်းမစိုးတစ်ဦး၏ ဦးဆောင်မှုနောက်ကို လိုက်လျက် ဆိုလွန် နုလန်ဘုရင့်နိုင်ငံ၏ တော်ဝင်နန်းတော်အတွင်းသို့ ဝင်သွားလိုက်သည်။

ဤနန်းတော်သည် ကမ္ဘာမြေပေါ်ရှိ တားမြစ်မြို့တော်ထက် ပို၍ ကြီးမားသော်လည်း တောက်ပမှု သို့မဟုတ် ဖမ်းစားနိုင်မှု မရှိပေ။ ပတ်ဝန်းကျင် အငွေ့အသက်မှာ တိတ်ဆိတ်ကာ လေးနက်တည်ကြည်နေ၏။

အဆောက်အအုံ အများစုကို မှောင်မိုက်ကာ မှိုင်းညို့သော အရောင်များဖြင့် ဆေးသုတ်ထားသဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် အသွင်အပြင်မျိုး ရှိနေသည်။ ဤသည်မှာ နုလန်ဘုရင့်နိုင်ငံ၏ ရန်လိုသည့် သဘာဝနှင့် ကိုက်ညီနေ၏။

နန်းတော်မြေနေရာမှာ အလွန်ကျယ်ဝန်းသော်လည်း အဆောက်အအုံ များများစားစား မရှိနေပေ။ ထိုအစား အဆောက်အအုံတိုင်းမှာ ကြီးမားခမ်းနားလှပြီး အဆောက်အအုံများကြား၌ ကျယ်ဝန်းသည့် ကွင်းပြင်ကြီးများ ရှိနေသည်။

ဧရာမ နဂါးတိုင်ကြီးများကိုလည်း နေရာတိုင်း၌ တွေ့မြင်နိုင်နေသေးသည်။ တိုင်တစ်ခုစီမှာ နန်းတော်များထက်ပင် ပို၍ မြင့်မားနေ၏။ ဤကမ္ဘာ၌ နဂါးများသည် နတ်ဘုရားများကဲ့သို့ အမြင့်ဆုံးနှင့် မေးခွန်းထုတ်စရာမလိုသည့် အဆင့်အတန်း၌ ရှိနေကြောင်း ဤအချက်က ပြသနေသည်။

မိန်းမစိုးက ဆိုလွန်နှင့် အခြားသူများကို ခန်းမတစ်ခုဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားရင်း အမိန့်ပေးလိုက်၏။ “ဒီမှာ စောင့်နေကြ”

ဆိုလွန်နှင့် အခြားသူများက ခေါင်းငုံ့ကာ အသံတစ်ချက်မှ မထွက်ဘဲ တိတ်ဆိတ်စွာ စောင့်နေလိုက်ကြသည်။

အခြားသူများအတွက်မူ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရရှိခြင်းမှာ ဂုဏ်ကျက်သရေတစ်ခုမျှသာ ဖြစ်၏။ သို့သော် ဆိုလွန်အတွက်မူ တံဆိပ်ရရုံသာမက ထျန်းရွှေမြို့သခင် ဘွဲ့ကိုပါ လက်ခံရရှိမည် ဖြစ်သည်။

ဤရာထူးအတွက် သူ၏ အသက်ကိုပါ စွန့်စားထားရ၏။ ကျိနင်နှင့် သေရေးရှင်ရေး တိုက်ပွဲတစ်ခုကိုပင် ဆင်နွှဲရပြီး ဤဖြစ်စဉ်အတွင်း၌ မျက်လုံးနှင့် အသက်ကိုပါ ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့သည်။

ယခုအခါ ရည်မှန်းချက်နှင့် ခြေတစ်လှမ်းအကွာ၌ ရပ်နေရသဖြင့် ဆိုလွန် စိတ်လှုပ်ရှားနေမိ၏။

ထိုအခိုက်၌ပင် မိန်းမစိုးက အသံကျယ်ကြီးဖြင့် အော်ဟစ်ကြေညာလိုက်သည်။ “ဘုရင်မင်းမြတ် ကြွရောက်လာပါပြီ...”

ထို့နောက် အပြင်ဘက်မှ ပုံရိပ်တစ်ခု ဝင်ရောက်လာ၏။ ထိုသူမှာ နုလန်ဘုရင့်နိုင်ငံ၏ အုပ်စိုးသူ ၊ ကမ္ဘာပေါ်ရှိ ကြီးမြတ်သော အရှင်သခင်ကြီး ငါးပါးထဲမှ တစ်ပါးဖြစ်သည့် ဘုရင်ကျိပိုင်ပင်။

ချက်ချင်းပင် ခန်းမအတွင်းရှိ လေထုမှာ လေးလံကာ ထိတ်လန့်ဖွယ်ကောင်းလာတော့သည်။

အပိုင်း ၁၃၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters