← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အပိုင်း ၁၃၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ရှိနေကြသည့် သူများအားလုံးက ပြိုင်တူပင် ရိုသေကျိုးနွံစွာ နှုတ်ခွန်းဆက်သလိုက်ကြ၏။ “ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်။”

ဆိုလွန်၏ ဦးဆောင်မှုအောက်၌ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို လက်ခံရယူမည့် ကျောင်းသား ကိုးဦးမှာ ခေါင်းငုံ့ကာ ညီညာစွာ ဒူးထောက်လိုက်ကြသည်။

သားရေဘွတ်ဖိနပ်တစ်ရံက ရှေ့သို့ လှမ်းလာပြီး သူတို့၏ အရှေ့တည့်တည့်၌ ရပ်တန့်သွား၏။

ခေတ္တအကြာ၌ ဘုရင်ကျိပိုင်က သူ၏ အတွေးများထဲမှ နိုးထလာသည့်ဟန်ဖြင့် ဩဇာပါပါ အမိန့်ပေးလိုက်သည်။ “ထကြ။”

ကျောင်းသားကိုးဦးလုံး မတ်တပ်ရပ်လိုက်ကြသော်လည်း မျက်လွှာချထားကြဆဲပင်။ မည်သူကမှ ဘုရင်မင်းမြတ်ကို မော့မကြည့်ရဲကြပေ။

ဘုရင်ကျိပိုင်က လေးနက်သည့် လေသံဖြင့် အမိန့်ပေးလိုက်သည်။ “ခေါင်းမော့ကြ။ မင်းတို့ကို ငါ သေချာကြည့်မယ်။”

သူ၏ အသံမှာ အနည်းငယ် အက်ကွဲနေသော်လည်း စူးရှသည့် သတ္တုသံတစ်သံ ပါဝင်နေကာ ကြားရသူတိုင်း၏ ရင်ထဲ၌ နက်ရှိုင်းသော ခံစားချက်တစ်ခုကို ချန်ရစ်ထားနိုင်စွမ်း ရှိနေ၏။

ဤသည်မှာ ဆိုလွန်အတွက် ဘုရင်မင်းမြတ်၏ မျက်နှာကို ပထမဆုံးအကြိမ် ဖူးတွေ့ရခြင်းပင်။ ဘုရင်ကျိပိုင်၌ ချောမောသည့်ရုပ်ရည်မျိုး မရှိပေ။

သူ၌ ချိုင့်ဝင်နေသည့် မျက်လုံးများနှင့် ချွန်ထက်မြင့်မားသော နှာတံတစ်ခု ရှိသည်။ အခြားဘုရင်များနှင့် မတူဘဲ သူ၏ ဆံပင်များက တိုတောင်းနေပြီး မုတ်ဆိတ်မွေးများမှာ တစ်ဝက်ခန့် ဖြူနေ၏။

သူ၏ မျက်နှာမှာ ခိုင်မာပြတ်သားသည့်ဟန် ရှိသော်လည်း အေးစက်ကာ မှိုင်းညို့သော ခံစားချက်တစ်ခုကိုပါ ပေးစွမ်းနေ၏။ အထူးသဖြင့် သူ၏ နက်ရှိုင်းသည့် မျက်လုံးများက ကြည့်မိသူတိုင်းကို ထိတ်လန့်ရိုသေသွားစေနိုင်သည်။

သို့သော် သူ၏ အကြည့်များမှာ အမြဲတမ်းလိုလို တွေဝေနေပြီး နေ့ခင်းအိပ်မက် မက်နေသကဲ့သို့ သို့မဟုတ် အခြားတစ်ခုခုကို တွေးတောနေသကဲ့သို့ ဖြစ်နေတတ်၏။

လက်ရှိအချိန်၌ အာရုံစိုက်ရန် ခက်ခဲနေပုံရသဖြင့် ဂရုမစိုက်တတ်သည့် အသွင်အပြင်မျိုးလည်း ရှိနေသည်။ ပြတ်သားမှုနှင့် ဂရုမစိုက်မှုဟူသည့် ဆန့်ကျင်ဘက် စရိုက်လက္ခဏာ နှစ်ခုက ကျိပိုင်၏ မျက်နှာထက်၌ တစ်ချိန်တည်းမှာပင် ပေါ်လွင်နေ၏။

နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံး၌ ဘုရင်ကျိပိုင်ကို ခက်ထန်သူအဖြစ်သာမက တစ်ခါတစ်ရံ၌ ရက်စက်ပြီး ကြင်နာမှုကင်းမဲ့သူအဖြစ်ပါ လူသိများကြသည်။

ကလေးဘဝကတည်းက စိတ်အပြောင်းအလဲ မြန်ကာ ခန့်မှန်းရခက်သည့် အတွေးများရှိကြောင်း ယခင်ဘုရင်ကြီးက မှတ်ချက်ချခဲ့ဖူး၏။ မင်းသားများ နန်းပုလ္လင်အတွက် ယှဉ်ပြိုင်ခဲ့ကြစဉ်က ကျိပိုင်၌ ခိုင်မာသည့် နောက်ခံအင်အား မရှိသောကြောင့် မည်သူကမှ သူ့ကို မျက်နှာသာမပေးခဲ့ကြချေ။

အထက်တန်းလွှာအားလုံးက ကြင်နာတတ်ခြင်း ၊ သတ္တိရှိခြင်း ၊ ဉာဏ်ပညာကြီးမားခြင်း စသည့် ပြီးပြည့်စုံသော ဘုရင်တစ်ပါး၏ စံပြအရည်အချင်းများနှင့် ပြည့်စုံသည့် မင်းသားကျိလန်ကိုသာ ထောက်ခံခဲ့ကြသည်။

သို့သော်လည်း နောက်ဆုံး၌ နန်းပုလ္လင်ကို သိမ်းပိုက်နိုင်ခဲ့သူမှာ ကျိပိုင်ပင်။ သွေးချောင်းစီးမှုများမှတစ်ဆင့် တော်ဝင်သရဖူကို ဆွတ်ခူးရယူနိုင်ခဲ့သည်။

နန်းတက်ပြီးနောက် အစပိုင်း၌ အထက်တန်းလွှာများနှင့် သူ၏ ဆက်ဆံရေးမှာ အလွန် တင်းမာခဲ့၏။ သူတို့ကို ပြန်လည်ရင်ဆိုင်ရန်အတွက် ကျိပိုင်က အရည်အချင်းရှိသည့် အရပ်သားများကို ချက်ချင်း မြေတောင်မြှောက်ပေးကာ အထက်တန်းလွှာများနှင့် တန်းတူအဆင့်အထိ မြှင့်တင်ပေးခဲ့သည်။

ထိုအခါ အာဏာများ ဆုံးရှုံးသွားမည်ကို စိုးရိမ်လာကြသည့် အထက်တန်းလွှာများမှာ ဘုရင်မင်းမြတ်ကို အလျင်အမြန်ပင် ဖားယားကာ အစေခံလာကြ၏။

နန်းသက် နှစ်ဆယ်အတွင်း၌ ဘုရင်ကျိပိုင်က နိုင်ငံ၏ တောင်ပိုင်း စစ်ရေးချဲ့ထွင်မှုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။ သူ၏ တပ်မတော်မှာ တောင်တစ်သောင်း တောင်တန်းအထိ ရောက်ရှိသွားပြီး လူရိုင်းများကိုပင် အလယ်ပိုင်းဒေသမှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့၏။

နိုင်ငံရေးအရလည်း အရပ်သား ပညာတတ်များကို အပြင်းအထန် ထောက်ခံပေးကာ အကျင့်ပျက်ခြစားနေသည့် အထက်တန်းလွှာ လူတန်းစား နေရာ၌ ဖြည်းဖြည်းချင်း အစားထိုးခဲ့သည်။

ဤသည်မှာ အုပ်ချုပ်သူ လူတန်းစားကို သွေးသစ်လောင်းပေးလိုက်ခြင်းဖြစ်ပြီး နိုင်ငံကို တစ်နေ့ထက်တစ်နေ့ ပို၍ အင်အားကြီးမားလာစေ၏။ ထို့အတွက်ကြောင့် ရန်သူများပင်လျှင် ကျိပိုင်သည် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးသော ဘုရင်များထဲမှ တစ်ပါးဖြစ်ကြောင်း ဝန်ခံခဲ့ကြရသည်။

**--**--**--**--**--**--**--**

ဘုရင်မင်းမြတ်က ဆိုလွန်၏ အရှေ့၌ ရပ်သွား၏။

အမြဲတမ်းလိုလို တွေဝေနေတတ်သည့် သူ၏ အကြည့်များက နောက်ဆုံး၌ စူးရှလာသည်။ သူက ဆိုလွန်၏ မျက်နှာကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “မင်းက ဆိုလွန်လား...။”

ဆိုလွန်က ရိုသေကျိုးနွံစွာ ပြန်ဖြေလိုက်သည်။ “မှန်လှပါ ဘုရင်မင်းမြတ်။”

ကျိပိုင်က ဆိုလွန်၏ မျက်လုံးများကို စိုက်ကြည့်နေသော်လည်း ဘာမှဆက်မပြောချေ။ သူ၏ မျက်နှာထက်၌ တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန် လျင်မြန်စွာ ဖြတ်ပြေးသွားပြီးနောက် အကြည့်လွှဲသွား၏။

ဘုရင်မင်းမြတ်က မိန်းမစိုးခေါင်းဆောင်အား အမိန့်ပေးလိုက်သည်။ “စကြမယ်။”

မိန်းမစိုး ကိုးဦး ရှေ့သို့ ထွက်လာကြ၏။ သူတို့ တစ်ဦးစီ၏ လက်ထဲ၌ အထက်တန်းလွှာစစ်သည်တော် တံဆိပ်တစ်ခုစီ တင်ထားသည့် ဗန်းတစ်ချပ်စီ ပါလာသည်။

ပုံမှန်အားဖြင့် အထက်တန်းလွှာစစ်သည်တော် တံဆိပ် ချီးမြှင့်ပွဲသည် အလွန်တရာ ခမ်းနားကြီးကျယ်လေ့ရှိ၏။ ဘုရင်မင်းမြတ် ကိုယ်တိုင် တော်ဝင်အကယ်ဒမီသို့ သွားရောက်ရသည်။

ကျောင်းသားများ ၊ ရာထူးကြီး အစိုးရအရာရှိများနှင့် စစ်တပ်မှ တပ်မှူးများမှာ ကျောင်းတော်၏ ရင်ပြင်ကျယ်ကြီး၌ စုဝေးကြရ၏။ ထို့နောက် လူအများ၏ စောင့်ကြည့်မှုအောက်၌ ဘုရင်မင်းမြတ်က တံဆိပ်များကို ချီးမြှင့်လေ့ရှိသည်။

သို့သော် ဘုရင်ကျိပိုင်မှာ ဇိမ်ခံမှုများနှင့် ကြွားဝါမှုများကို မနှစ်မြို့ချေ။ လူစုလူဝေးကြီး၏ အရှေ့၌ ထွက်ပေါ်ရခြင်းကိုလည်း သဘောမကျပေ။ ထို့အတွက်ကြောင့် တံဆိပ်ချီးမြှင့်ပွဲကို အလွန် ရိုးရှင်းစွာသာ ကျင်းပသည်။

ဘုရင်မင်းမြတ်က ကျောင်းသားတစ်ဦးစီ၏ ရင်ဘတ်၌ တံဆိပ်များကို တစ်ခုချင်းစီ တပ်ဆင်ပေးလိုက်၏။

ကျောင်းသားတစ်ဦးစီက တံဆိပ်ကို လက်ခံရယူစဉ် ဒူးတစ်ဖက် ထောက်ကာ ပြတ်သားစွာ သစ္စာဆိုလိုက်ကြသည်။ “ဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိပါ့မယ်။”

ဆိုလွန်မှာ အဆင့်တစ်ဖြစ်သဖြင့် တံဆိပ်ကို နောက်ဆုံးမှ လက်ခံရယူရသူ ဖြစ်၏။

ဘုရင်မင်းမြတ်က တံဆိပ်ကို တပ်ဆင်ပေးပြီးနောက် ဆိုလွန်သည်လည်း ဒူးတစ်ဖက် ထောက်ကာ လေးနက်စွာ သစ္စာဆိုလိုက်သည်။ “ဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိပါ့မယ်။”

တံဆိပ်များအားလုံးကို ချီးမြှင့်ပြီးသွားသည့်နောက် ဘုရင်မင်းမြတ်က အထက်တန်းလွှာစစ်သည် ကိုးဦးကို စူးစိုက်စွာ ကြည့်လိုက်၏။ သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခပ်လေးလေး သတိပေးလိုက်သည်။ “မင်းတို့ထဲက တချို့ မြို့စားဘွဲ့ ဆက်ခံကြမယ်။ တချို့ကတော့ မဟုတ်ဘူး။ ဒါပေမဲ့ နောင်မှာ ဘာပဲလုပ်လုပ် ကိုယ်ကျိုး ၊ မိသားစုအကျိုးတင်မကဘဲ တိုင်းပြည်အကျိုးကိုပါ ထည့်တွေးဖို့ ငါမျှော်လင့်တယ်။”

ဘုရင်ကျိပိုင်က ဘယ်သောအခါမှ လိမ်ညာပြောဆိုလေ့မရှိသလို အနှစ်သာရမရှိသည့် ခမ်းနားသော စကားလုံးများကို သုံးနှုန်းရသည်ကိုလည်း မနှစ်မြို့ချေ။ သူသည် အမှန်တရားကိုသာ ပြောဆိုလေ့ရှိ၏။

ဆိုလွန် အနည်းငယ် အံ့အားသင့်သွားရသည်။ ဘုရင်တစ်ပါးဖြစ်လျက်နှင့် ယဉ်ကျေးသည့် နိဂုံးချုပ်စကားတစ်ခွန်းကိုပင် မပြောချေ။ ဤဘုရင်မှာ အမှန်တကယ်ပင် ထူးခြားသော ကိုယ်ရည်ကိုယ်သွေး ရှိသူတစ်ဦး ဖြစ်၏။

ဘုရင်မင်းမြတ်က လက်ဝှေ့ယမ်းပြလိုက်သည်။ “ကောင်းပြီ။ သွားကြတော့။”

အထက်တန်းလွှာစစ်သည် ကိုးဦးက ဒူးတစ်ဖက် ထပ်မံထောက်ကာ အရိုအသေပေးပြီးနောက် နောက်သို့ဆုတ်ကာ ထွက်ခွာလာကြသည်။

ထိုအခိုက်၌မှာပင် ဘုရင်ကျိပိုင်က ရုတ်တရက် လှမ်းပြောလိုက်၏။ “ဆိုလွန်... မနက်ဖြန် နန်းတော်ညီလာခံတက်ဖို့ ပြင်ထား။ ညီလာခံပြီးရင် မင်းကို မြို့စားဘွဲ့နဲ့ ရာထူး တရားဝင် ချီးမြှင့်မယ်။”

ဆိုလွန် အံ့အားသင့်သွားရသည်။ ထို့နောက် အလျင်အမြန်ပင် ပြန်လည်လျှောက်တင်လိုက်၏။ “နားလည်ပါပြီ ဘုရင်မင်းမြတ်။ ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူက အလျင်အမြန်ပင် ဒူးတစ်ဖက်ပြန်ထောက်ကာ အရိုအသေပေးလိုက်သည်။

**--**--**--**--**--**--**--**

မြို့စားအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ဆိုလွန်က သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်းကို ထိုသတင်းကောင်းအား ဝမ်းသာအားရ ဖောက်သည်ချလိုက်၏။

ဆိုနင်ပင်း၏ လှပသည့် မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ သူမက ဝမ်းသာလုံးဆို့နေသည့် အသံဖြင့် ပြောလိုက်၏။ “မောင်လေး... အစ်မတို့ နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ်။ ထျန်းရွှေမြို့ကို ပြန်ရတော့မယ်။”

ဆိုနင်ပင်း တစ်ယောက်တည်း သာမကချေ။ အိမ်စေများမှစ၍ အိမ်တော်စောင့်များအထိ မြို့စားအိမ်တော်ရှိ လူတိုင်း အလွန် စိတ်လှုပ်ရှားနေကြသည်။

တော်ဝင်မြို့တော်၌ သူတို့သည် တော်ဝင်မိသားစု၏ ဖိအားများကို အမြဲတစေ ရင်ဆိုင်နေရသည့် သာမန် အထက်တန်းလွှာများသာ ဖြစ်ကြ၏။

နေ့ရက်တိုင်း၌ အလွန် သတိထားကာ နေထိုင်ရသည်။ ထျန်းရွှေမြို့သို့ ပြန်ရောက်သွားသည်နှင့် သူတို့သည် ကိုယ်ပိုင်နယ်မြေ၏ အကြွင်းမဲ့ သခင်များ ဖြစ်လာကြမည် မဟုတ်လော။

ဆိုနင်ပင်း ပြောသည်မှာ မှန်၏။ တော်ဝင်မြို့တော်ရှိ ထျန်းရွှေမြို့စားအိမ်တော်မှာ မည်မျှပင် ကြီးမားနေပါစေ သူတို့၏ အိမ်အစစ် မဟုတ်ပေ။ ထျန်းရွှေမြို့သာလျှင် သူတို့၏ အိမ်အစစ် ဖြစ်သည်။

စိတ်လှုပ်ရှားလွန်းသဖြင့် မစောင့်ဆိုင်းနိုင်တော့သည့် ဆိုနင်ပင်းက အိမ်စေများကို ခရီးဆောင်အိတ်များ စတင်ပြင်ဆင်ရန် ချက်ချင်း ညွှန်ကြားလိုက်၏။ သူမ ထျန်းရွှေမြို့သို့ အခုချက်ချင်းကို ပြန်ချင်နေလေပြီ။

သို့သော်လည်း ဆိုလွန်၏ မျက်လုံးထဲ၌ မှိုင်းညို့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံး၌ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်၏။

အခြားသူများ သတိမထားမိချိန်၌ ရဲ့ကျင်းယွီက ဆိုလွန်အား စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးလိုက်သည်။

“သခင်လေး ဘာတွေ စိုးရိမ်နေတာလဲ။ ဘုရင်မင်းမြတ်ကိုယ်တိုင် နှုတ်က မိန့်ပြီးပြီလေ။ မနက်ဖြန်ဆို သခင်လေးက တရားဝင် ထျန်းရွှေမြို့စားကြီး ၊ တိုင်းပြည်ရဲ့ သခင်တစ်ပါးနဲ့ ထျန်းရွှေမြို့သခင် ဖြစ်လာတော့မှာပဲကို။”

ဆိုလွန်က မျက်မှောင်ကျုံ့လိုက်၏။ “ဒီမှာ ဖြစ်ပျက်မယ့် ကိစ္စတွေအတွက် စိုးရိမ်နေတာ မဟုတ်ဘူး အစ်မ။ ကျွန်တော် စိုးရိမ်နေတာက... ဆိုဟန်ရီပဲ။”

ရဲ့ကျင်းယွီက အံ့အားသင့်စွာ မေးလိုက်သည်။ “သခင်လေးဆိုဟန်ရီလား။ သူ ပုန်ကန်သူတပ်တွေကို အခုလေးတင် အနိုင်ယူလိုက်တာ မဟုတ်ဘူးလား။”

ဆိုလွန်က လေးနက်စွာ ပြော၏။ “အဲဒါကြောင့်ပဲ သူက ကျွန်တော်တို့ကို ကြိုဆိုချင်မှ ကြိုဆိုလိမ့်မယ်။ အခုချိန်မှာ ထျန်းရွှေမြို့က ကျွန်တော်တို့အပိုင် မဟုတ်တော့ဘဲ ဆိုဟန်ရီအပိုင် ဖြစ်နေလောက်ပြီ။”

ရဲ့ကျင်းယွီ ခေတ္တမျှ အံ့အားသင့်သွားသော်လည်း ပြတ်သားစွာ ငြင်းဆန်လိုက်သည်။ “မဖြစ်နိုင်ဘူး။ သခင်လေးဆိုဟန်ရီက နည်းနည်း မာနကြီးရင်ကြီးမယ်။ ဒါပေမဲ့ ဆိုမိသားစုအပေါ် သူ့သစ္စာရှိမှုက မေးခွန်းထုတ်စရာ မလိုပါဘူး။ သခင်လေး... အရမ်းတွေးပူနေပြီ။”

ဆိုလွန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ “ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်...။”

မိဘမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာရပြီး လူအများ၏ အေးစက်သော အကြည့်များကို ခံစားခဲ့ရသောကြောင့် ဆိုလွန်၌ အခြားသူများကို အဆိုးရွားဆုံး အတွေးများဖြင့် ဆုံးဖြတ်တတ်သည့် အကျင့်တစ်ခု ရှိနေပြီ ဖြစ်သည်။ သူသည် လူ့သဘာဝနှင့် ပတ်သက်၍ အလွန် အဆိုးမြင်တတ်သူတစ်ဦး ဖြစ်လာလေပြီ။

အပိုင်း ၁၃၃ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters