← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အပိုင်း ၁၃၅

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

တိကျစွာ ဆိုရလျှင် ပဒေသရာဇ်သခင်တိုင်းသည် နုလန်ဘုရင့်နိုင်ငံ၏ မိတ်ဖက်များ ဖြစ်ကြ၏။ သူတို့သည် တော်ဝင်မိသားစုအကျိုးအတွက် ကိုယ်ပိုင်နယ်မြေများနှင့် စစ်တပ်များကို ပံ့ပိုးပေးထားသောကြောင့် သူတို့၏ အာဏာမှာ ဘုရင်မင်းမြတ်၏ ဘွဲ့တံဆိပ်ချီးမြှင့်မှု တစ်ခုတည်းမှ လာခြင်းမဟုတ်ဘဲ ကိုယ်ပိုင် အထက်တန်းလွှာ မိသားစုများထံမှ ဆင်းသက်လာခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် သူတို့သည် မိတ်ဖက်များအဖြစ်ရော သခင်နှင့် ကျွန်အဖြစ်ပါ ဆက်ဆံရေးတစ်ရပ်ကို ထိန်းသိမ်းထားရန် လိုအပ်နေသည်။

ဘုရင်ကျိပိုင်၏ ညာဘက်လက်ကို ကိုင်ကာ ခေါင်းငုံ့လိုက်ပြီး သူ၏ ကျိုးနွံမှုကို ပြသရန်အတွက် ဘုရင်မင်းမြတ်၏ လက်အား ညင်သာစွာ နမ်းရှိုက်လိုက်၏။ ဘုရင်မင်းမြတ်၏ လက်အား နမ်းရှိုက်ပြီးနောက် ဆိုလွန်က လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော် ဆိုလွန်... တော်ဝင်မိသားစုအတွက် သေတဲ့အထိ တိုက်ပွဲဝင်သွားပါ့မယ်။ အရှင်မင်းမြတ်အပေါ်ကိုလည်း ရာသက်ပန် သစ္စာစောင့်သိပါ့မယ်။”

ယခုအချိန်၌ သူ၏ ရင်ထဲ၌ အရာတစ်ခုကိုသာ ခံစားနေရ၏။ ဘုရင်ကျိပိုင်၏ လက်မှာ ရေခဲတမျှ အေးစက်နေသည်...။

ဘုရင်ကျိပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ထတော့။”

ဆိုလွန် မတ်တပ်ရပ်လိုက်၏။ ယခုမှစ၍ သူသည် နိုင်ငံတော်၏ ပဒေသရာဇ်သခင် နှစ်ဆယ့်တစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ထျန်းရွှေမြို့စားကြီးနှင့် ထျန်းရွှေမြို့သခင် ဖြစ်လာလေပြီ။

အနည်းဆုံး ဥပဒေအရ ဆိုရလျှင် ထျန်းရွှေမြို့၏ မိုင်ငါးရာကျယ်ဝန်းသည့် နယ်မြေ ၊ ရာထောင်ချီသော ပြည်သူများနှင့် သောင်းချီသည့် စစ်သည်များအားလုံးမှာ သူ၏ ပိုင်ဆိုင်မှုများ ဖြစ်သွားလေပြီ။

ဘုရင်မင်းမြတ်က သူ့အား မြို့စားကြီးဝတ်ရုံနှင့် အဖိုးတန်ဓားတစ်လက်ကိုသာ ချီးမြှင့်ခဲ့သော်လည်း မြို့သခင်၏ တရားဝင် တံဆိပ်တုံးကြီးကိုမူ ပေးအပ်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုတံဆိပ်တုံးကြီးမှာ ဘုရင်မင်းမြတ်က ချီးမြှင့်ခြင်း မဟုတ်ဘဲ ဆိုမိသားစု၏ ခေါင်းဆောင်များက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ခြင်းကြောင့် ဖြစ်၏။

ဤသည်က ဘုရင်မင်းမြတ်အနေဖြင့် ပဒေသရာဇ်သခင်တစ်ပါး၏ အမွေဆက်ခံမှုအပေါ် တိုက်ရိုက် ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်းကို ပြသနေသည်။

ဘုရင်ကျိပိုင် မျက်မှောင်ကျုံ့လိုက်သည်။

“ဆိုလွန်... မင်းက တော်ဝင်မြို့တော်မှာ မနေချင်ဘူးဆိုတော့ ဒီမှာ မင်းတို့မိသားစုကို ချီးမြှင့်ထားတဲ့ မြို့စားအိမ်တော်ကို ငါကိုယ်တော် ပြန်သိမ်းမယ်။”

ထိုစကားများက ဆိုလွန်တစ်ယောက်တည်းကိုသာမက တက်ရောက်လာကြသည့် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကိုပါ အံ့အားသင့်သွားစေ၏။

ထျန်းရွှေမြို့စားကြီးအတွက် အိမ်တော်နှစ်ခု ရှိသည်။ ထျန်းရွှေမြို့ရှိ အိမ်တော်မှာ မြို့စားအိမ်တော်အပြင် မြို့သခင်၏ အိမ်တော်လည်း ဖြစ်၏။ အခြားတစ်ခုမှာမူ လက်ရှိ ဆိုလွန် နေထိုင်နေသည့် တော်ဝင်မြို့တော်ရှိ အိမ်တော်ပင်။

တော်ဝင်မြို့တော်ရှိ မြို့စားအိမ်တော်ကို လွန်ခဲ့သည့် မျိုးဆက်များစွာကတည်းက တော်ဝင်မိသားစုမှ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနေရာမှာ အချိန်ကြာမြင့်စွာ အလွတ်ကြီး ဖြစ်နေခဲ့၏။

ဖခင်ဖြစ်သူ မြို့စားကြီးဆိုလုံ စစ်ထွက်ရာမှ ပြင်းထန်စွာ ဒဏ်ရာရကာ ရောဂါဆိုးတစ်ခု ကူးစက်ခံရချိန်၌ ကုသမှုခံယူရန်အတွက် တော်ဝင်မြို့တော်သို့ လာရောက်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူတို့က တော်ဝင်မြို့တော်ရှိ အိမ်တော်၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြခြင်းပင်။

ယခု ဆိုလွန် ထျန်းရွှေမြို့သို့ ပြန်မည့်အချိန်၌ ဘုရင်မင်းမြတ်က အိမ်တော်ကို ရုတ်တရက် ပြန်သိမ်းချင်နေ၏။ ဤသည်က လူတိုင်းအား အံ့အားသင့်သွားစေသည်။

ပုံမှန်အားဖြင့် အထက်တန်းလွှာတစ်ဦး၏ အိမ်တော်ကို အမှားတစ်ခုခုလုပ်မိ၍ ဘွဲ့ရုပ်သိမ်းခံရမှသာ ပြန်လည်သိမ်းဆည်းလေ့ ရှိ၏။ ဘုရင်ကျိပိုင်က အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ရသနည်း။

သူသည် ဆိုလွန်အား ထျန်းရွှေမြို့သို့ ပြန်သွားစေရန် အသည်းအသန် မောင်းထုတ်နေခြင်းလော။ သို့မဟုတ် လောင်းကစားရုံ၌ ကျိနင်နှင့် အလောင်းအစားလုပ်ရာ၌ ဆိုလွန်က တော်ဝင်မိသားစုကို ရက်ရက်စက်စက် အရှက်ခွဲခဲ့သည့်အတွက် မကျေမနပ် ဖြစ်နေခြင်းလော။

အချုပ်အားဖြင့်ဆိုရလျှင် မြို့စားအိမ်တော်ကို ပြန်လည်သိမ်းဆည်းခြင်းက ဘုရင်မင်းမြတ်ကို သဘောထားသေးသိမ်သူအဖြစ် မြင်စေသည်။ ဤသည်မှာ ဘုရင်တစ်ပါး လုပ်ဆောင်သင့်သည့် အရာမျိုး မဟုတ်ချေ။

သို့သော်လည်း ဘုရင်ကျိပိုင်သည် ရဲတင်းပြီး ခန့်မှန်းရခက်သည့် နည်းလမ်းများဖြင့် မကြာခဏ ပြုမူလေ့ရှိ၏။ သူ၏ လုပ်ရပ်များကို ပုံမှန်စံနှုန်းများဖြင့် ဆုံးဖြတ်၍မရပေ။ သူလုပ်ဆောင်သည့် လှုပ်ရှားမှုတိုင်း၌ နက်နဲသည့် အဓိပ္ပာယ်တစ်ခု ရှိနေသည်။ မေးခွန်းမှာ ထိုအရာကို နားလည်နိုင်မည်လော ဆိုသည်ပင်။ အကယ်၍ နားမလည်နိုင်ပါက အန္တရာယ်ရှိနေပြီ ဖြစ်၏။

ဘုရင်ကျိပိုင်က ခက်ထန်စွာ ပြောလိုက်သည်။

“ယန်ဝူကျီ... ပြည်ထဲရေးဌာနကို အကြောင်းကြားဖို့ မမေ့နဲ့။ ထျန်းရွှေမြို့စားအိမ်တော်ကို ငါးရက်အတွင်း ပြန်သိမ်းခိုင်းလိုက်။”

ဝန်ကြီးချုပ် ယန်ဝူကျီက ရိုသေစွာ ပြောလိုက်သည်။

“အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်။”

ဘုရင်မင်းမြတ်၏ လုပ်ရပ်မှာ တော်ဝင်မြို့တော်ရှိ သူ၏ လွတ်မြောက်ရာလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်ထားကြောင်း ဆိုလွန် သဲ့သဲ့လေး ခံစားလိုက်ရ၏။

ဘုရင်မင်းမြတ်က သူ့အား သီးခြားလမ်းကြောင်းတစ်ခုပေါ်သို့ အတင်းအကျပ် တွန်းပို့နေသကဲ့သို့ပင်။ ထိုလမ်းကြောင်းမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုမူ သူ စဉ်းစား၍ မရသေးချေ။

သို့သော် တစ်ခုကိုတော့ သူ သေချာပေါက် သိနေသည်။ သူ တော်ဝင်မြို့တော်၌ ဆက်နေ၍ မရတော့ပေ။ ဘုရင်မင်းမြတ်က သူ့အား ငါးရက်အတွင်း ထွက်ခွာရန် အချိန်ကန့်သတ်ချက် ပေးထားပြီ ဖြစ်၏။

ဘုရင်ကျိပိုင်က အေးစက်စွာ ပြောလိုက်သည်။

“ကောင်းပြီ။ မင်း သွားလို့ရပြီ ဆိုလွန်။ အချိန်ရောက်ရင် နှုတ်ဆက်နေစရာ မလိုဘူး။ ထျန်းရွှေမြို့ကို တိုက်ရိုက်သာ ပြန်တော့။ တော်ဝင်အမိန့်ပြန်တမ်း ဒါမှမဟုတ် အရေးကြီးတဲ့ စစ်ရေးကိစ္စ မရှိဘဲ တော်ဝင်မြို့တော်ကို ပြန်လာခွင့်မရှိဘူး။ ပြီးတော့ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေ ဒါမှမဟုတ် တော်ဝင်မိသားစုဝင်တွေနဲ့ လျှို့ဝှက် မိတ်ဖွဲ့တာမျိုးကိုလည်း တားမြစ်ထားတယ်။”

ဘုရင်မင်းမြတ်သည် အလွန် ထူးခြားလှ၏။ သူသည် မည်သည့် လျှို့ဝှက်အကြံအစည်မှ မရှိသည့် ရိုးရှင်းသူတစ်ဦးအလား အလွန် တိုက်ရိုက်ကျကျ ပြောဆိုတတ်၏။ သို့သော်လည်း သူ၏ ဘေး၌ အချိန်ကြာမြင့်စွာ ရှိနေခဲ့သူများသာလျှင် ဘုရင်မင်းမြတ်၏ နိုင်ငံရေးအကြံအစည်များမှာ မယုံနိုင်လောက်အောင် နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း သိကြသည်။

ဆိုလွန် ခေါင်းငုံ့လိုက်သည်။

“အမိန့်တော်အတိုင်း နာခံပါ့မယ် အရှင်မင်းမြတ်။”

ထို့နောက် ဦးညွှတ်အရိုအသေပေးကာ ပင်မခန်းမကြီးထဲမှ ပြန်လည်ထွက်ခွာလာ၏။

မိန်းမစိုးအချို့က ချီးမြှင့်ထားသည့် မြို့စားကြီးဝတ်ရုံနှင့် အဖိုးတန်ဓားတို့ကို ကိုင်ဆောင်ကာ သူနှင့်အတူ တော်ဝင်နန်းတော်မှ ထွက်ခွာလာပြီး မြို့စားအိမ်တော်သို့ ပြန်လာကြသည်။

မြို့စားအိမ်တော်သို့ ပြန်ရောက်ပြီးနောက် အစ်မဖြစ်သူ ဆိုနင်ပင်းက စိတ်မရှည်နိုင်စွာဖြင့် ဆိုလွန်အား ရွှေချည်ထိုး ထျန်းရွှေမြို့စားကြီးဝတ်ရုံကို ဝတ်ဆင်ပေးသည်။ ရွှေရောင်သရဖူကို သူ၏ ခေါင်းပေါ်၌ တင်ပေးကာ အဖိုးတန်ဓားကိုလည်း ခါး၌ ချည်နှောင်ပေးလိုက်၏။

ဆိုနင်ပင်း ပြုံးလိုက်သည်။

“အရမ်း ခမ်းနားပြီး ဆွဲဆောင်မှုရှိတာပဲ မောင်လေး။ နင်ကတော့ ကမ္ဘာပေါ်က မိန်းမပျိုလေးတွေ အားလုံးရဲ့ နှလုံးသားကို သေချာပေါက် သိမ်းပိုက်နိုင်တော့မှာပဲ။ နင်က အစ်မတို့ ဆိုမိသားစုရဲ့ နှစ်ရာနဲ့ချီတဲ့ သမိုင်းတစ်လျှောက်မှာ အချောမောဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ပဒေသရာဇ်သခင် ဖြစ်လာမှာ သေချာတယ်။”

ဆိုလွန်ကမူ အစ်မဖြစ်သူ စိတ်ကြိုက် ပြင်ဆင်ပေးနေမှုကို ငြိမ်ခံနေပြီး သူမအတွက် ဟန်အမျိုးမျိုး ပေးနေလိုက်၏။ အစေခံများ ၊ အိမ်စေမိန်းကလေးများနှင့် အိမ်တော်စောင့် စစ်သည်များက သူတို့၏ ဘေး၌ ဝိုင်းအုံနေကြသည်။

သူတို့သည်လည်း ဆိုလွန်ကို ဝိုင်းရံကာ လက်ခုပ်တီးပြီး အားပေးနေကြ၏။ အိမ်စေမိန်းကလေး အများအပြား၏ မျက်လုံးများ၌ ဝမ်းသာမျက်ရည်များ ရစ်သိုင်းနေကြသည်။ ဆိုလွန် ရုတ်တရက် ပြောင်းလဲသွားပြီး ရင့်ကျက်လာကာ ယခင်ကလို သူတို့ကို မစနောက်တော့သည့် အချက်တစ်ခုတည်းကိုသာ သူတို့ နှမြောနေကြသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ထျန်းရွှေမြို့စားအိမ်တော်၏ လေထုမှာ နာကျင်ဖွယ်ကောင်းလောက်အောင် တင်းမာနေခဲ့၏။ အသက်ရှူရန်ပင် ခက်ခဲနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆိုမိသားစုမှာ မရေရာဘဲ အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေတစ်ခု၌ ရှိနေခဲ့သောကြောင့်ပင်။

သို့သော် ယနေ့၌မူ အိမ်တော်တစ်ခုလုံးသည် လှိုက်လှဲသည့် ရယ်မောသံများနှင့် ရွှင်လန်းဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေလေပြီ။

တကယ်တမ်းဆိုရလျှင် ဤနေ့မှာ ဆိုနင်ပင်း၏ အပျော်ရွှင်ရဆုံး နေ့ရက်ပင် ဖြစ်၏။ ဆိုလွန် နောက်ဆုံး၌ အခက်အခဲအားလုံးကို ကျော်လွှားကာ ထျန်းရွှေမြို့သခင် ရာထူးကို ဆက်ခံနိုင်ပြီ ဖြစ်သည်။

ဆိုမိသားစု၏ ရာစုနှစ်ချီ သက်တမ်းရှိသည့် သွေးဆက်မျိုးဆက်မှာ သူမလက်ထက်၌ ပျက်စီးသွားမည် မဟုတ်တော့ပေ။ ဆိုလွန်သည် အခြေအနေကို ပြောင်းပြန်လှန်ကာ သူတို့ မိသားစုအား ပျက်စီးကိန်းမှ ကယ်တင်ပေးလိုက်နိုင်လေပြီ။

လက်ရှိ ဆိုလွန်မှာ မူလ ဆိုလွန်မဟုတ်သည့် အချက်နှင့် ပတ်သက်၍မူ သူမ လုံးဝ ဂရုမစိုက်ပေ။ ထိုအကြောင်းကို သူမ စဉ်းစားပင် မစဉ်းစားဖူးချေ။ သူမ၏ ရင်ထဲ၌ ဤဆိုလွန်သည် မောင်လေးတစ်ယောက်နှင့် မိသားစုဝင်တစ်ယောက်သာမက သဲ့သဲ့လေးပြောရလျှင်... ချစ်သူတစ်ဦးပင် ဖြစ်နေ၏။

သူမသည် ထိုအချက်ကို အပြည့်အဝ ဝန်ခံရန် သို့မဟုတ် လက်ခံရန် မဝံ့မရဲ ဖြစ်နေခြင်းသာ ဖြစ်သည်။

ဆိုလွန် သက်ပြင်းချလိုက်သည်။

“အစ်မ... ဘုရင်မင်းမြတ်က ဒီမြို့စားအိမ်တော်ကို ပြန်သိမ်းဖို့ အမိန့်ထုတ်လိုက်တယ်။ သူက ကျွန်တော်တို့ကို ထွက်သွားဖို့ ငါးရက် အချိန်ပေးထားတယ်။ ပြီးတော့ တော်ဝင်အမိန့်ပြန်တမ်း မပါဘဲ တော်ဝင်မြို့တော်ကို ပြန်လာခွင့်မရှိဘူးလို့လည်း ဆိုတယ်။”

ဆိုနင်ပင်းက ပခုံးတွန့်လိုက်သည်။

“သူ ပြန်သိမ်းချင်လည်း သိမ်းပါစေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာက အေးစက်စက်ကြီးမလို့ အစ်မ မကြိုက်ပါဘူး။ ထျန်းရွှေမြို့ကသာ အစ်မတို့ရဲ့ တကယ့်အိမ် ၊ အစ်မတို့ရဲ့ အမြစ်ပဲ။ ငါးရက်တောင် မလိုပါဘူး။ သုံးရက်အတွင်း ပစ္စည်းတွေသိမ်းပြီး ထျန်းရွှေမြို့ကို ပြန်ကြတာပေါ့။”

ထို့နောက် ပျော်ရွှင်နေသည့် ဆိုနင်ပင်းက အစေခံများနှင့် အိမ်စေမိန်းကလေးများကို ထိုညမှာပင် ပစ္စည်းများ စတင်သိမ်းဆည်းကာ ရထားလုံးများ ပြင်ဆင်ထားရန် အမိန့်ပေးလိုက်၏။ ပြန်သွားရန်အတွက် သူမ အလွန်အမင်း စိတ်လောနေသည်။

ဤညတွင်းချင်းပင် ထွက်ခွာကာ ထျန်းရွှေမြို့သို့ ပြန်သွားချင်စိတ် ပေါက်နေမိ၏။

ဆိုနင်ပင်းက ကျယ်လောင်စွာ ပြောလိုက်သည်။

“သုံးရက်နေရင် ငါတို့ ထျန်းရွှေမြို့ကို ပြန်ကြမယ်။ ငါတို့ အိမ်ပြန်ရတော့မယ်။”

ချက်ချင်းပင် အိမ်တော်စောင့် စစ်သည်များ ၊ အိမ်စေမိန်းကလေးများနှင့် အစေခံများအားလုံးက ညီညာစွာ အားပေးဟစ်ကြွေးလိုက်ကြ၏။

သူတို့သည် ဖိအားများကြား၌ အချိန်ကြာမြင့်စွာ နေခဲ့ရသည်။ ယခု အိမ်ပြန်ရတော့မည် ဖြစ်သည့်အတွက် နောက်ဆုံး၌ လွတ်လပ်စွာ ဟစ်ကြွေးနိုင်ကြပြီ ဖြစ်၏။

သူတို့အားလုံးက ပြောင်းရွှေ့ရန် ပြင်ဆင်ရင်း ထိုညမှာပင် ဝမ်းသာအားရ ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။

အစ်မဖြစ်သူ ဆိုနင်ပင်း ထွက်သွားကာ မျက်စိအောက်မှ ပျောက်ကွယ်သွားသည်နှင့် ဆိုလွန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွား၏။

သူ ခြံဝင်းထဲသို့ လမ်းလျှောက်ထွက်လာပြီး လင်းလက်နေသည့် လရောင်ကို မျက်နှာမူကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ၏ မျက်လုံးများထဲရှိ ပူလောင်နေသော နာကျင်မှုကို လရောင်ဖြင့် ကုသချင်နေသကဲ့သို့ပင်။

အမြင်အာရုံမှာ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော်လည်း မျက်လုံးများမှာ ထိခိုက်ထားဆဲဖြစ်ပြီး မကြာခဏဆိုသလို ပူလောင်သည့် နာကျင်မှုကို ခံစားနေရဆဲ ဖြစ်၏။

ရဲ့ကျင်းယွီ ပြုံးလိုက်သည်။

“သခင်မလေး ဒီလောက် ပျော်နေတာကို မမြင်ရတာ ကြာပြီပဲ။”

သူမက ဆိုလွန်၏ အနောက်သို့ လျှောက်လာပြီး မျက်လုံးများကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။

“သခင်လေး... တကယ်ပါပဲ... ဘာကို စိတ်ပူနေတာလဲ။”

ရဲ့ကျင်းယွီ၏ ရင်သားများ သူ၏ ကျောပြင်ပေါ်သို့ နူးညံ့စွာ ဖိကပ်လာမှုကို ခံစားလိုက်ရပြီးနောက် ဆိုလွန် အနောက်သို့ ညင်သာစွာ မှီချလိုက်ပြီး လေးလံစွာ ပြောလိုက်သည်။

“အစ်မ ကျင်းယွီ... ကျွန်တော်တို့ ထျန်းရွှေမြို့ကို ပြန်လို့မရဘူး။ ကျွန်တော်တို့ အိမ်ပြန်လို့ မရဘူး။”

ရဲ့ကျင်းယွီ မျက်လုံးပြူးသွားသည်။

“ရှင်...”

ဆိုလွန် ခေါင်းရမ်းလိုက်သည်။

“ကျွန်တော် အရင်ကတည်းက သဲ့သဲ့လေး ခံစားမိပေမဲ့ ဒီနေ့ ဘုရင်မင်းမြတ်ရဲ့ အမိန့်ပြန်တမ်းက အဲဒါကို အပြည့်အဝ အတည်ပြုပေးလိုက်တာပဲ။ ကျွန်တော်တို့ ထျန်းရွှေမြို့ကို ပြန်လို့မရဘူး။”

“ပြီးတော့ တော်ဝင်မြို့တော်က ဒီမြို့စားအိမ်တော်လည်း မရှိတော့ဘူး။ ဒါကြောင့် ငါးရက်နေရင် ကျွန်တော်တို့ အိမ်ခြေရာမဲ့တွေ ဖြစ်သွားတော့မယ်။ အစ်မနင်ပင်းကို ပြောဖို့ ကျွန်တော့်မှာ ခွန်အားမရှိဘူး ဖြစ်နေတာ။ သူ့မျက်နှာပေါ်က အပြုံးကို ကျွန်တော် မဖျောက်ဖျက်ပစ်ချင်ဘူး။ အဲဒီလို ပြုံးဖို့ဆိုတာ သူ့အတွက် အတော်လေး ရှားရှားပါးပါးမို့လို့လေ။”

ရဲ့ကျင်းယွီက စိုးရိမ်တကြီး ပြောလိုက်သည်။

“ဘာကိုဆိုလိုတာလဲ... သခင်လေး။”

ဆိုလွန် မျက်မှောင်ကျုံ့လိုက်၏။ “ကျွန်တော်တို့က ဝဲဂယက်တစ်ခုထဲကို ခြေလှမ်းဝင်မိသွားပြီ။ မင်းသားကျိလီရဲ့ အကြံအစည်က ပထမအလွှာလေးပဲ ရှိသေးတယ်။ ဒီအနောက်မှာက အောက်ခြေမရှိတဲ့ ပိုနက်ရှိုင်းတဲ့ ဝဲဂယက်တစ်ခု ရှိနေသေးတယ်။”

“ဘာလို့လဲဆိုတော့ ဒါက ဘုရင်မင်းမြတ်ရဲ့ အကြံအစည်မို့လို့ပဲ။ သူက ကျွန်တော့်ကို နောက်ထပ် လမ်းကြောင်းတစ်ခုပေါ် အတင်းအကျပ် ရောက်သွားစေချင်နေတာ။ ဒါပေမဲ့ ဒီလမ်းကြောင်းက ရှင်သန်နိုင်ခြေ လုံးဝ မရှိသလောက်ကို နည်းပါးတဲ့ ထောင်ချောက်တစ်ခုပဲ။ ကျွန်တော်နဲ့ ကျွန်တော့်လူတွေကို ရက်ရက်စက်စက် သေဆုံးသွားစေဖို့ ရည်ရွယ်ထားတာ။”

ရဲ့ကျင်းယွီက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘယ်လမ်းကြောင်းလဲ။ ဘာလမ်းကြောင်းများလဲ သခင်လေး။”

ဆိုလွန်က ခေါင်းခါလိုက်၏။

“ကျွန်တော် အစ်မကို ပြောပြလို့ မရဘူး။ အရမ်း အန္တရာယ်များလွန်းတယ်။ လူတိုင်းက ဘုရင်ကျိပိုင်ကို ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးလူလို့ ပြောကြတယ်။ ဒီနေ့ သူက အရိပ်အမြွက်လေး တစ်ခုပဲ ထုတ်ပြခဲ့တာတောင် အဲဒါက ဘယ်လောက် မှန်သလဲဆိုတာကို ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း သိမြင်သွားစေတယ်။”

“သူက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ နိုင်ငံတစ်ဝန်းလုံးက အရပ်ဘက်အရာရှိတွေ ၊ စစ်ဘက်တပ်မှူးတွေ ဒါမှမဟုတ် အထက်တန်းလွှာ ပဒေသရာဇ်သခင်တွေထဲက ဘယ်သူမှ သူ့ကို မယှဉ်နိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး။”

ဆိုလွန် အသက်ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရဲ့ကျင်းယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

“ကျွန်တော်တို့ရဲ့ အိမ်တော်စောင့် စစ်သည်တွေကို ဓားတွေ ၊ လှံတွေ သွေးထားခိုင်းလိုက်ပါ။ တခြားဘာမှ သိမ်းဆည်းနေစရာ မလိုဘူး၊ စစ်မြင်းတွေကိုပဲ ပြင်ဆင်ထား။ ကျွန်တော်တို့... တိုက်ခိုက်ရလိမ့်မယ်။”

ဆိုလွန် တီးတိုး ပြောလိုက်သည်။

“ဒါ့အပြင် ဒဏ္ဍာရီလာ မင်းသမီးကျိယန်လည်း မီးလျံမြို့တော်က မြင့်မြတ်နတ်နဂါးကျောင်းတော်ကနေ မကြာခင် ပြန်ရောက်လာတော့မယ်။”

အပိုင်း ၁၃၅ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters