← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အပိုင်း ၁၃၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လွန်ခဲ့သော ၃ ရက်၌ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက ထျန်းရွှေမြို့အပြင်ဘက်ရှိ သူပုန်တပ်စခန်းတွင်းသို့ ဝင်ရောက်လာပြီး အေးစက်စွာ ဆူပူကြိမ်းမောင်းလိုက်၏။

“နင်တို့က တကယ်ကို အသုံးမကျတဲ့ အမှိုက်ကောင်တွေပဲ။ နင်တို့ရဲ့ စစ်သည်သုံးသောင်းကို လက်နက်တပ်ဆင်ပေးဖို့ ရွှေဒင်္ဂါး တစ်သိန်းတောင် အကုန်ခံတာကို ဆိုဟန်ရီကို တစ်ရက်တည်းနဲ့ ရှုံးသွားတယ်ပေါ့။”

မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသော်လည်း သူမ၏ ထူးခြားသည့် အသံက မည်သူဖြစ်ကြောင်း ဖော်ပြနေ၏။ မင်းသမီး ကျိနင်ပင်။

နူဒန်နှင့် အခြား သူပုန်သခင်များ အလန့်တကြား ဖြစ်သွားကြ၏။ သူတို့က အလိုအလျောက် ဒူးထောက်ရန် ပြင်လိုက်သော်လည်း ကျိနင်က တားဆီးလိုက်သည်။

နူဒန်က စိုးရိမ်တကြီး ပြောလိုက်၏။ “သခင်မလေး... ကျွန်တော်တို့ တကယ်ကို မသိတာပါ။ ဆိုဟန်ရီက သူ့စစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းကို လျှို့ဝှက် ဖျောက်ထားတယ်။ သူ့လူ သောင်းချီရှိတာတောင် ခွန်အားတွေကို ဖုံးကွယ်ထားလိမ့်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ မထင်ထားမိဘူး။”

“နေ့လယ်ဘက်မှာ နာရီပေါင်းများစွာ တိုက်ခိုက်ပြီး သူ့စစ်တပ်က တောင့်ခံထားဖို့ အရမ်းပင်ပန်းနေပြီလို့ ကျွန်တော်တို့ ထင်မိတာ။ ကျွန်တော်တို့ သတိလက်လွတ် ဖြစ်သွားတဲ့အတွက် သူ့ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက အောင်မြင်သွားတာပါ။”

ကျိနင် အေးစက်စွာ ပြောလိုက်သည်။ “အရည်အချင်းမရှိတာက အရည်အချင်းမရှိတာပဲ။ ဆင်ခြေတွေ လာမပေးနဲ့။ ဒီတစ်ကြိမ်တော့ ငါ စစ်မှန်တဲ့ လက်ရွေးစင်စစ်သည် ငါးထောင် ခေါ်လာတယ်။ သူတို့က နင်တို့ရဲ့ အမှိုက်တွေလို မဟုတ်ဘူး။ သုံးရက်အတွင်း မြို့ကို မသိမ်းနိုင်ရင် နင်တို့ အသက်ရှင်ခွင့် မရှိတော့ဘူး။”

ထိုည၌ မင်းသမီး၏ လျှို့ဝှက် လက်ရွေးစင် ငါးထောင်က နူဒန်နှင့် အခြား သူပုန်သခင်များ၏ တပ်ဖွဲ့များနှင့် တိတ်တဆိတ် ပူးပေါင်းလိုက်ကြ၏။

နောက်တစ်နေ့၌ ကျန်ရစ်သည့် သူပုန်နှစ်သောင်းက ပြန်လည်စုစည်းကာ မြို့ဆီသို့ ချီတက်လာပြီး နောက်တစ်ကြိမ် လုံးဝ ဝန်းရံလိုက်ကြပြန်သည်။

သို့သော် သုံးရက် ကုန်ဆုံးသွားသော်လည်း ထျန်းရွှေမြို့ကြီးမှာ ခိုင်မာစွာ ရပ်တည်နေဆဲ ဖြစ်ပြီး မကျဆုံးသေးချေ။

ထိုသုံးရက်၌ ကျိနင်၏ လက်ရွေးစင်များနှင့် သူပုန်တပ်တို့သည် အသက်ပေါင်းများစွာကို စတေးကာ အပြင်းအထန် တိုက်ခိုက်ကြ၏။ သူတို့က မြို့ရိုးများကို ဖောက်ထွင်းနိုင်ရန်အတွက် အရူးအမူး အသက်စွန့်ကြသည်။

သူမ၏ လျှို့ဝှက်တပ်ဖွဲ့မှာ အစွမ်းထက်လှပြီး မြို့ရိုးပေါ်သို့ပင် အကြိမ်အနည်းငယ်မျှ တက်ရောက်နိုင်လိုက်သေး၏။

သို့သော် နဂါးစစ်သည်တော်များ ဖြစ်ကြသည့် ဆိုဟန်ရီနှင့် ယန်နူတို့ နှစ်ဦးစလုံးမှာ အလွန်တရာ ရဲရင့်လွန်းလှသည်။ လက်ရွေးစင်များက မြို့ရိုးများဆီသို့ ငါးကြိမ်တိုင်တိုင် တက်ရောက်သော်လည်း တပ်မှူးနှစ်ဦး ဦးဆောင်သော သေရမည်ကို မကြောက်သည့် စစ်သည်ရာပေါင်းများစွာ၏ သတ်ဖြတ်ခြင်းကို ငါးကြိမ်စလုံး ခံရ၏။

တိုက်ခိုက်သူများ၏ အရှိန်အဟုန်မှာ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီးနောက် တဖြည်းဖြည်း လျော့ကျလာကာ လုံးဝ ကုန်ဆုံးသွားလေပြီ။

တတိယမြောက်နေ့ တိုက်ပွဲ၌ နှစ်ဖက်စလုံးတွင် အကျအဆုံး များပြား၏။ ဆိုဟန်ရီ၏ ကာကွယ်ရေးတပ်မှာ လူတစ်ဝက်ခန့် ဆုံးရှုံးရပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။

သူပုန်တပ်မှာလည်း မင်းသမီး၏ လက်ရွေးစင် ငါးထောင် ပါဝင်သည့်တိုင် တစ်ဝက်ကျော် ဆုံးရှုံးရ၏။ ယခုအခါ သူပုန်သခင်များ၌ လူတစ်သောင်းခန့်သာ ကျန်ရှိတော့ပြီး လျှို့ဝှက် လက်ရွေးစင်များမှာလည်း နှစ်ထောင်ခန့်သာ ကျန်ရှိတော့သည်။

နောက်ဆုံး၌ နှစ်ဖက်စလုံး၏ နောက်ဆုံးသွေးစက်နှင့် ခွန်အားများ ကုန်ခန်းသွားပြီ ဖြစ်၏။ သူပုန်များက ထပ်မံ၍ မတိုက်ခိုက်နိုင်တော့သလို မြို့စောင့်တပ်များကလည်း မြို့တံခါးအပြင်ဘက်သို့ ခြေတစ်လှမ်းမျှပင် ထွက်မလာနိုင်တော့ချေ။

အခြေအနေမှာ တင်းမာသွားသည်။ သူပုန်များသည် ကိုယ်ပိုင်နယ်မြေများမှ လူများကို ထပ်မံစုဆောင်းရာ အင်အား နှစ်သောင်းကျော်အထိ ပြန်လည်ရောက်ရှိလာပြီး ဆိုဟန်ရီအား လက်နက်ချရန် ဖိအားပေးသည့်အနေဖြင့် တင်းကျပ်စွာ ဝိုင်းရံထားလိုက်ကြ၏။

ထိုနှစ်ရက်၌ ကျိနင်သည် ဆိုဟန်ရီအား သတ်ဖြတ်ရန် လုပ်ကြံသူ သုံးဖွဲ့ကိုလည်း စေလွှတ်သေးသည်။ သို့သော် တစ်ဖွဲ့သာ ပြန်လည်ရောက်ရှိလာပြီး ကျန်ရှိသူများမှာ ဆိုဟန်ရီနှင့် ယန်နူတို့၏ ဓားချက်များအောက်၌ သေဆုံးသွားကြ၏။

နဂါးစစ်သည်တော်တစ်ဦးကို လုပ်ကြံရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည်။ ထို့ပြင် သူ၏ဘေး၌ အခြားနဂါးစစ်သည်တော်တစ်ဦးဖြစ်သည့် ယန်နူနှင့် အဆင့်မြင့်စစ်သည် အများအပြားကလည်း ကာကွယ်ပေးထားကြသေး၏။

ပုံမှန်အားဖြင့် ဉာဏ်များတတ်သည့် မင်းသမီးပင် ရုတ်တရက် အကြံအိုက်သွားလေပြီ။

**--**--**--**--**--**--**--**

မြို့အတွင်း၌မူ ဆိုဟန်ရီသည် အပြင်ဘက်ရှိ သူပုန်တပ်ကို လုံးဝ လျစ်လျူရှုထားသည်။

ရန်သူ့ဘက်၌ လူအင်အား ပိုများနေသော်လည်း အချိန်က သူ့ဘက်တွင် ရှိနေ၏။ မြို့ထဲ၌ တစ်နှစ်စာအတွက် လုံလောက်သည့် ရိက္ခာများ ရှိနေသည်။ ထို့ပြင် စစ်သည်များနှင့် ပြည်သူများမှာ လုံးဝ စည်းလုံးညီညွတ်နေကြ၏။

သူတို့ ပင်ပန်းနေကြသော်လည်း စိတ်ဓာတ်များက တက်ကြွနေဆဲပင်။ ဆိုဟန်ရီ သွားလေရာ နေရာတိုင်း၌ လူတိုင်းက သူ့ကို ထောက်ခံအားပေးကြပြီး သူ၏ အမိန့်တိုင်းကို လိုက်နာကြသည်။

သို့သော်လည်း အပြင်ဘက်ရှိ သူပုန်တပ်မှာမူ စစ်ပွဲကို ကြာရှည်စွာ ဆင်နွှဲနိုင်စွမ်း မရှိချေ။ သူတို့၌ အဆောက်အအုံများ မရှိသဖြင့် တဲများထဲ၌သာ အိပ်ကြရ၏။

ရိက္ခာများကိုလည်း ကိုယ်ပိုင်နယ်မြေများမှ သယ်ယူရသည်။ သူပုန်သခင် ဆယ့်ကိုးဦးသည် ပုံမှန်အားဖြင့် တပ်သား တစ်သောင်းကိုသာ ထောက်ပံ့နိုင်စွမ်း ရှိ၏။

အစကတည်းက လူနှစ်သောင်းကို ဆင့်ခေါ်ခြင်းက သူတို့ကို အဆင်မပြေဖြစ်စေခဲ့သည်။ ဒေသခံပြည်သူ့စစ်များကို ကြာရှည်စွာ ဝိုင်းရံထားစေရန် ဖိအားပေးခြင်းက သူတို့၏ ဘဏ္ဍာရေးကို ပျက်စီးစေ၏။

ထို့ကြောင့် မင်းသမီး၏ ရွှေများ ရှိနေလျှင်ပင် သူပုန်များက အချိန်ကြာရှည်စွာ တောင့်ခံနိုင်မည် မဟုတ်ပေ။ နောက်ဆုံး၌ သူတို့ ကိုယ်တိုင် ပြိုကွဲသွားမည် သို့မဟုတ် ဆိုဟန်ရီ၏ ထပ်မံချေမှုန်းခြင်းကို ခံရမည်သာ။

နေ့ရောညပါ နှစ်ရက်ဆက်တိုက် မအိပ်ရသေးသော်လည်း ဆိုဟန်ရီသည် အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မခံစားရချေ။ ထိုအစား သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

တပ်ဖွဲ့များနှင့် မြို့ကို လှည့်လည်စစ်ဆေးသည့်အခါ အဆုံးမရှိသော လူအုပ်ကြီးက သူ့ကို ဝိုင်းဝန်းအားပေးကြ၏။ စစ်သည်များက သူ့ကို အလေးပြုကာ ဒူးပင် ထောက်ကြသည်။ ဤလုံးဝ စိုးမိုးထားနိုင်သည့် အာဏာ၏ ခံစားချက်မှာ အလွန်တရာ အံ့မခန်း ကောင်းမွန်လှ၏။

မြို့စားအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ဆိုဟန်ရီ ရေမိုးချိုးကာ အဝတ်အစားလဲလှယ်လိုက်ပြီး မြို့သခင်၏ ပလ္လင်ထက်၌ မျက်လုံးများကို မှိတ်ကာ ထိုင်နေလိုက်သည်။

ယခုအခါ သူသည် မြို့၏ စစ်မှန်သည့် သခင်တစ်ပါး ဖြစ်နေလေပြီ။ အသုံးမကျသည့် ဆိုလွန်မှာ အလကားပင်။ ဆိုဟန်ရီ၏ ခေါင်းညိတ်ခွင့်ပြုချက် မပါဘဲ သာမန်အစောင့်တစ်ယောက်ပင် လှုပ်ရှားဝံ့မည် မဟုတ်ချေ။

အဘယ်ကြောင့် အမှိုက်တစ်စက မြို့သခင် ဖြစ်နေရမည်နည်း။ သူသည်သာလျှင် မြို့ကို ထိန်းချုပ်ထားသူ ဖြစ်၏။

ထိုသို့ သူ့ကိုယ်သူ ပြောနေသော်လည်း သူ၏ ရင်ထဲ၌ ခါးသီးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် အမြင့်ဆုံး စစ်ဘက်ဆိုင်ရာ တပ်မှူးဖြစ်သော်လည်း အမှန်တကယ် မြို့သခင် မဖြစ်သေးပေ။ ထျန်းရွှေမြို့စားကြီးနှင့် ထျန်းရွှေမြို့သခင်ဟူသည့် ဘွဲ့တံဆိပ်များက သူ့ကို မှော်ပညာသဖွယ် ဆွဲဆောင်နေ၏။

ကိုယ်ရံတော်တစ်ဦးက ဆိုဟန်ရီ၏ စိတ်ကူးယဉ်အိပ်မက်ကို ဖြတ်တောက်လိုက်သည်။ “သခင်လေး... အပြင်မှာ မိတ်ဆွေတစ်ယောက် တွေ့ခွင့်တောင်းနေတယ်။”

ဆိုဟန်ရီ မျက်မှောင်ကျုံ့လိုက်၏။ “မိတ်ဆွေ... မိန်းမလား ၊ ယောက်ျားလား။ အသက်ကြီးလား ၊ ငယ်လား။”

ကိုယ်ရံတော်က ခေါင်းငုံ့လိုက်သည်။ “မိန်းကလေးပါ။ မျက်နှာဖုံး တပ်ထားတယ်။”

ဆိုဟန်ရီ ရင်တစ်ချက် ခုန်သွား၏။ မည်သူဖြစ်ကြောင်းကို သူ ခန့်မှန်းမိလိုက်သည်။ သူ သူမကို မတွေ့သင့်သော်လည်း အံ့ဩစရာကောင်းလောက်အောင် သူ၏နှုတ်မှ စကားတစ်ခွန်း ထွက်သွားသည်။ “သူ့ကို ဝင်လာခိုင်းလိုက်။ ငါ့ရဲ့ စာကြည့်ဆောင် အနီး ခြေလှမ်းတစ်ရာအတွင်း ဘယ်သူမှ မရှိစေနဲ့။”

“အမိန့်တော်အတိုင်းပါ သခင်လေး။”

ခဏအကြာ၌ အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးက ဆိုဟန်ရီ၏ ရှေ့မှောက်၌ ပေါ်လာ၏။ သူမက မျက်နှာဖုံးကို တိုက်ရိုက် ခွာချလိုက်ရာ လှပသော်လည်း ဖြူရော်နေသည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။

ထိုသူမှာ မင်းသမီး ကျိနင်ပင်။ သွေးနှစ်ကြိမ် အန်ထားပြီး မြို့ဆီသို့ မိုင်ထောင်ချီ ခရီးနှင်လာကာ နှစ်ရက်ဆက်တိုက် မအိပ်ဘဲ နေထားရသဖြင့် သူမမှာ အလွန်အမင်း ပိန်ချုံးကာ ဖြူရော်နေပြီး အားနည်းနေပုံပေါ်၏။

ဆိုဟန်ရီက ထိုင်ခုံပေါ်၌ မောက်မာစွာ ထိုင်နေလျက် ပြောလိုက်သည်။ “မင်းသမီး... ကျုပ်တို့ နောက်ဆုံးတွေ့ပြီးကတည်းက နေကောင်းမယ် ထင်တယ်။”

သူက အရိုအသေပေးမည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြချေ။ အောင်နိုင်သူတစ်ဦး၏ မာနတို့ဖြင့် လုံးဝ ပြည့်နှက်နေ၏။

ကျိနင်က သူ့အား စိုက်ကြည့်လိုက်သည်။ “ဆိုဟန်ရီ... နင် သေရတော့မှာတောင် ဒီမှာ ဂုဏ်ယူဝင့်ကြွားစွာ ထိုင်နေသေးတယ်။ တကယ်ကို ရယ်စရာကောင်းတာပဲ။”

ဆိုဟန်ရီက ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ဟားဟား... ကျုပ်က သေရတော့မယ်။ အပြင်က စနစ်တကျမရှိတဲ့ လူအုပ်စုကြောင့်လား။ သူတို့ ဒီဝိုင်းရံမှုကို တစ်လလောက် တောင့်ခံနိုင်ရင် ကျုပ် တကယ် အံ့ဩမိမှာပဲ။ ကျုပ်က အောင်ပွဲကို ဆုပ်ကိုင်ထားပြီးသား။”

သူက ကျိနင်အား ငုံ့ကြည့်လျက် ဆက်ပြောသည်။ “မင်းသမီးရဲ့ အကူအညီ ပါတာတောင် အင်အားလေးသောင်းနီးပါးလောက်ရှိတဲ့ စစ်တပ်က ကျုပ်ရဲ့ ချေမှုန်းမှုကို နှစ်ကြိမ်တောင် ခံရပြီ။ မင်းသမီးရဲ့ လျှို့ဝှက် လက်ရွေးစင်တပ်ကလည်း သိပ်ပြီး အထင်ကြီးစရာ မကောင်းပါဘူး။”

ကျိနင်ကမူ သူ၏ မောက်မာမှုအပေါ် အလွန်အမင်း ရွံရှာသွားမိ၏။ သူမ အေးစက်စွာ ပြောလိုက်သည်။ “ဆိုဟန်ရီ... နင့်ကို သတ်မယ့်သူက ငါ မဟုတ်ဘူး။ ဆိုလွန်က နင့်ကို သတ်လိမ့်မယ်။”

ဆိုဟန်ရီက လှောင်ပြုံး ပြုံးလိုက်၏။ “ဆိုလွန်...။ အဲဒီ အသုံးမကျတဲ့ အချောင်သမားလား။ သူက အလကားကောင်ပဲ။”

ကျိနင်က ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး...။ ဆိုဟန်ရီ ၊ နင်က တကယ်ကို စစ်ရေးနဲ့ သိုင်းပညာဘက်မှာ ပါရမီရှင်ပါပဲ။ ဒါပေမဲ့ ဆိုလွန်နဲ့ ယှဉ်လိုက်ရင် နင်က ဘာမှမဟုတ်တော့ဘူး။ စာပေအရည်အချင်းပဲဖြစ်ဖြစ် ၊ စစ်ရေးဗျူဟာပဲဖြစ်ဖြစ် ၊ မွေးရာပါ ဆွဲဆောင်မှုပဲဖြစ်ဖြစ် နင်က သူ့ရဲ့ တစ်ဝက်လောက်တောင် ပါရမီမရှိဘူး။”

ဆိုဟန်ရီ အလွန်အမင်း ဒေါသထွက်ကာ ရယ်မောလိုက်၏။ “ဟားဟား... အဲဒီ အချောင်သမားကလေ...။ မိန်းမတွေနဲ့ ပျော်ပါးတာကလွဲပြီး သူ ဘာလုပ်တတ်သေးလို့လဲ။ သူ့မှာ တကယ့် ဗဟုသုတလည်း မရှိဘူး။ ကြက်တစ်ကောင်ကိုတောင် ချည်နှောင်နိုင်စွမ်းမရှိလောက်အောင် အားနည်းတယ်။ သူသာ ကျုပ် မွေးစားဖခင်ရဲ့ သား မဟုတ်ရင် လမ်းဘေးမှာ သေနေတာ ကြာပြီ။”

အတိတ်က ဆိုဟန်ရီသည် ဆိုလွန်ကို မနှစ်မြို့သော်လည်း ထိုကဲ့သို့ ရိုင်းစိုင်းသည့် စကားများကို အပြင်သို့ ထုတ်ပြောမည် မဟုတ်ချေ။ သို့သော် ယခု နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိပြီးနောက် ကျိနင်က ဆိုလွန်အား ချီးကျူးနေသည်ကို ကြားလိုက်ရခြင်းက သူ့အား လုံးဝ ရွံရှာမုန်းတီးစွာ ပြောဆိုမိစေရန် တွန်းပို့လိုက်ခြင်းပင်။

ကျိနင်က လေးနက်စွာ ပြောလိုက်သည်။ “တော်ဝင်အကယ်ဒမီ ကျောင်းဆင်းစာမေးပွဲမှာ ဆိုလွန်က ပထမရသွားတယ်။ သူက မြို့စားဘွဲ့ကို ချောချောမွေ့မွေ့ ဆက်ခံပြီး မြို့သခင်အဖြစ် တရားဝင် ဖြစ်လာတော့မယ်။ သူ ဒီကို မကြာခင် ရောက်လာလိမ့်မယ်။ နင့်ရဲ့ နေ့ကောင်းရက်မြတ်တွေ ပြီးဆုံးသွားပြီ။”

မင်းသမီးကျိနင်၏ အပြောကိုကြားသော် ဆိုဟန်ရီက ရုတ်တရက် အော်ဟစ်ရယ်မောလိုက်၏။ “ဟားဟား... ရယ်စရာပဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဆိုလွန်မှာ ဘာပညာ ၊ ဘာစွမ်းရည်မှ မရှိဘူး။ သာမန်လေးကိုတောင် သူ မဆွဲနိုင်တာ။ သူက အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ မင်းသမီးက လိမ်ချင်တယ်ဆိုရင်တောင် ပိုကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လောက် စဉ်းစားသင့်တယ်။”

အပိုင်း ၁၃၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters