အခန်း ၁၃၇
Vol. 14 Ch. 137
အပိုင်း ၁၃၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ကျိနင် ခါးသီးစွာ ပြောလိုက်သည်။ “သူ့ကိုဖိနှိပ်ဖို့ နည်းလမ်းပေါင်းစုံ ငါ သုံးခဲ့တယ်။ ဒါပေမဲ့ သူက အစိုးရတစ်ရပ်လုံးနဲ့ တော်ဝင်မိသားစု တစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ ခေတ်ပြိုင်နိုင်ငံရေး စာစီစာကုံးတစ်ပုဒ်ကို ရေးခဲ့တယ်။”
“အနုပညာစာမေးပွဲမှာ သူ့ကို ကျရှုံးအောင်လုပ်ဖို့ စာမေးပွဲစစ်ဆေးသူ အားလုံးကို ငါ အပိုင်ကိုင်ထားပေမဲ့ သူက နှစ်တစ်ထောင်အတွင်း တွေ့ရခဲတဲ့ လက်ရာမွန်ဖြစ်သော ကံကြမ္မာတေးသွားကို တီးခတ်သွားတယ်။”
“သူက မြင့်မြတ်နတ်နဂါးကျောင်းတော်က မဟာဆရာသခင် ဘိုင်ရွန်ကို အပြည့်အဝ အနိုင်ယူသွားပြီး သူ့ကို ဖိနှိပ်ဖို့ ကြိုးစားတဲ့ ငါ့လုပ်ရပ်တွေကို လုံးဝ ရယ်စရာ ဖြစ်သွားစေတယ်။ နောက်ဆုံး လေးပစ်စာမေးပွဲမှာ သူ့ကို မျက်ကန်းဖြစ်အောင် ငါ လုပ်ပစ်ခဲ့တယ်။ ဒါပေမဲ့ သူက အံ့ဖွယ်တစ်ခု ဖန်တီးပြီး မျက်လုံးမမြင်ရဘဲ မြားတိုင်းကို အတိအကျ မှန်အောင် ပစ်ပြသွားတယ်။”
ဆိုဟန်ရီ အံကြိတ်လိုက်၏။ “ဒါ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။”
ကျိနင် သက်ပြင်းချလိုက်သည်။ “သူနဲ့ယှဉ်ရင် ငါ လုံးဝ ရှုံးသွားတာ။ ရွှေဒင်္ဂါး တစ်သိန်းခွဲ ရှုံးသလို အရိုးတွေလည်း ကျိုးရပြီး လူတိုင်းရှေ့မှာ အရှက်ခွဲခံရတယ်။ ဒါကြောင့် ငါ သွေးနှစ်ကြိမ် အန်ပေမဲ့ ထျန်းရွှေမြို့ဆီ တောင်တန်းတွေနဲ့ မြစ်တွေကို ဖြတ်ပြီး မိုင်ထောင်ချီ လာခဲ့တာပဲ။ မြို့ကို နောက်ဆုံး တိုက်ခိုက်ဖို့ ကြီးကြပ်ဖို့ လက်ရွေးစင်စစ်သည် ငါးထောင်လည်း ခေါ်လာတယ်။ ဒီမှာ အကြီးမားဆုံး ရှုံးနိမ့်သူအနေနဲ့ ငါက ဘာအတွက် လိမ်ပြောစရာ လိုတော့မှာလဲ။”
ထိုအခိုက် ကျိနင် အမှန်တရားကို ပြောနေကြောင်း ဆိုဟန်ရီ သဘောပေါက်သွား၏။ သူ၏ စိတ်ထဲ၌ အလွန်တုန်လှုပ်သွားပြီး ကမ္ဘာ့အမြင်တစ်ခုလုံး ပြောင်းပြန်လန်သွားသည်။
ဆိုလွန်သည် အသုံးမကျသည့် အချောင်သမားတစ်ဦး ဖြစ်စဉ်က ဆိုဟန်ရီသည် သူ့ကို နေ့တိုင်း ဆဲဆိုကြိမ်းမောင်းနေသော်လည်း ထိုအခြေအနေကို လျှို့ဝှက်စွာ သဘောကျနေ၏။
ဆိုလွန် အသုံးမကျသည့်အတွက် နှိုင်းယှဉ်သောအခါ သူ့ကို ပို၍ အထင်ကြီးစရာ ဖြစ်စေသောကြောင့်ပင်။ ထို့ကြောင့် ဆိုလွန် အရည်အချင်းမဲ့လေ ဆိုဟန်ရီတစ်ယောက် ဆိုမိသားစုအပေါ် ပို၍ သစ္စာရှိလေ ဖြစ်သည်။
သို့သော် ယခုအခါ ဆိုလွန်သည် အသုံးမကျသူ မဟုတ်တော့ပေ။ ထိုအစား ရန်သူများကို အငိုက်ဖမ်းရန် ငတုံးတစ်ဦးအဖြစ် ဟန်ဆောင်နေသည့် ပါရမီရှင်တစ်ဦး ဖြစ်နေ၏။
ဆိုဟန်ရီ ထိုအချက်ကို လုံးဝ လက်မခံနိုင်ပေ။
ဆိုလွန်သည် မည်သို့ ပါရမီရှင် ဖြစ်နိုင်မည်နည်း။ မည်သို့ ထူးချွန်နေနိုင်မည်နည်း။ ဆိုမိသားစု၌ ထူးချွန်သည့် အရည်အချင်းရှိသူဟူ၍ သူ ဆိုဟန်ရီ တစ်ယောက်တည်းသာ ရှိသင့်သည် မဟုတ်ပါလော။
ကျိနင်က သူ့အား စိုက်ကြည့်လိုက်သည်။ “ငါ့အစ်ကို ကျိလီက အရည်အချင်းရှိတဲ့ လူတွေကို အရမ်း လိုချင်နေတာ။ ဆိုလွန်အတွက် သူ ဘာတန်ဖိုး ပေးလဲဆိုတာ နင် သိလား။”
ဆိုဟန်ရီ ခေါင်းရမ်းလိုက်၏။ “ဟင့်အင်း... မသိဘူး။”
ကျိနင် လေးနက်စွာ ပြောလိုက်သည်။ “အနာဂတ် ဝန်ကြီးချုပ်ရာထူးနဲ့ သူ့ယောက်ဖ နေရာလေ။ တစ်နည်းပြောရရင် ငါ့အစ်ကိုက ငါ့ကို ဆိုလွန်နဲ့ လက်ထပ်စေချင်နေတာ။”
ထိုစကားကို ကြားသည့်အခါ ဆိုဟန်ရီ့ရင်ထဲ၌ ပြင်းထန်သော မနာလိုမှုနှင့် မုန်းတီးမှုတို့ ချက်ချင်း ပြည့်နှက်သွား၏။
ဆိုဟန်ရီသည် စကားကို ကြမ်းတမ်းစွာ ပြောဆိုတတ်ပြီး ဂရုမစိုက်သကဲ့သို့ ပြုမူတတ်သော်လည်း သူ၏ ရင်ထဲ၌မူ တော်ဝင်သွေးနွယ်ဝင်ဖြစ်သည့် မင်းသမီးကျိနင်၏ ရှေ့မှောက်၌ သိမ်ငယ်နေသကဲ့သို့ ခံစားနေရသည်။
သို့သော် ယခုအခါ ကျိနင်က ထိုအသုံးမကျသော ဆိုလွန်ကို လက်ထပ်ရမည်ဖြစ်ကြောင်း တကယ်ပင် ပြောနေ၏။
ကျိနင်က စိတ်မသက်မသာ ရယ်မောလျက် ခေါင်းရမ်းလိုက်သည်။ “ဒါပေမဲ့ ဆိုလွန်က ကမ်းလှမ်းချက်ကို သေချာပေါက် ငြင်းမယ်ဆိုတာ ငါ သိတယ်။ သူ့အကြောင်း ငါ ကောင်းကောင်းသိတယ်။ သူက အရမ်း မာနကြီးတာ။ မိန်းမတွေကို ရူးသွပ်သွားစေနိုင်တဲ့ ယောက်ျားမျိုး ဖြစ်ပေမဲ့ ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ ငါ ဒီလောက်ဝေးတဲ့ နေရာကနေ အမြန်ပြေးလာရတာ။”
သူမက လေးနက်စွာ ဆက်ပြောလိုက်၏။ “ကောင်းကင်တစ်ခုမှာ နေနှစ်စင်း မရှိနိုင်သလို ပြည်သူတွေအတွက်လည်း သခင်နှစ်ဦး မရှိနိုင်ဘူး။ ထျန်းရွှေမြို့က သခင်တစ်ယောက်တည်းပဲ ရှိရမယ်။ ဆိုလွန်က တစ်မြို့လုံးကို တုန်လှုပ်သွားစေပြီး သူ့ရဲ့ အံ့ဖွယ်သတင်းတွေက မြို့ဆီ မြန်မြန် ရောက်လာလိမ့်မယ်။ ဒီလောက် အရည်အချင်းရှိပြီး ထူးချွန်တဲ့ မြို့သခင်ကို ပြည်သူတွေနဲ့ စစ်တပ်က ထောက်ခံကြမှာပဲလို့ နင် မတွေးမိဘူးလား။”
ဆိုဟန်ရီတစ်ယောက် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ကျိနင် ခက်ထန်စွာ ပြောလိုက်သည်။ “နင်သာ သူ့လက်အောက်မှာ အမှုထမ်းဖို့ ဆန္ဒရှိပြီး နင့်ရဲ့ စစ်ရေးအာဏာကို လွှဲပြောင်းပေးကာ သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ထောက်ခံမယ်ဆိုရင် သဘာဝကျကျ အဆင်ပြေသွားမှာပေါ့။ ဒါပေမဲ့ နင် ဒါကို လက်ခံမှာလား။ နင် ပြန်တိုက်ဖို့ ကြိုးစားတဲ့ အခိုက်အတန့်မှာတင် သေရမယ့်သူက နင်ပဲဆိုတာ ငါ အာမခံတယ်။”
ဆိုဟန်ရီက အံကြိတ်ကာ လက်သီးဆုပ်လိုက်၏။ “မဖြစ်နိုင်ဘူး... အဲဒီ အသုံးမကျတဲ့ကောင်က ကျုပ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ အခုချိန်မှာ ထျန်းရွှေမြို့က စစ်သည်တွေနဲ့ ပြည်သူအားလုံးက ကျုပ်ကို နတ်ဘုရားတစ်ပါးလို လေးစားနေကြတာ။”
ကျိနင်က လှောင်ပြုံး ပြုံးလိုက်သည်။ “ဟက်...။ မဟုတ်ဘူး။ မြို့တော်က ဆိုလွန်ရဲ့ အံ့ဖွယ်သတင်းတွေကို ကြားလိုက်တာနဲ့ သူတို့က ဆိုလွန်ကို နတ်ဘုရား ပူးကပ်နေတယ်လို့ ထင်ကြလိမ့်မယ်။”
ဆိုဟန်ရီက နှာခေါင်းရှုံ့လိုက်၏။ “ဟမ့်... မင်းသမီး... ပြောစရာရှိတာကို ရှင်းရှင်းသာ ပြောပါ။”
ကျိနင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ “ဆိုလွန်ကို သတ် ၊ မြို့သခင်နေရာကို ကိုယ်တိုင်ယူ ၊ ပြီးတော့ ဆိုနင်ပင်းကို လက်ထပ်လိုက်။”
ထိုစကားများက ဆိုဟန်ရီ၏ အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံး လိုအင်ဆန္ဒများကို ရိုက်ခတ်သွားပြီး သူ၏ တစ်ကိုယ်လုံးကို ထိန်းမရအောင် တုန်ယင်လာစေ၏။
“နင် မြို့သခင် ဖြစ်လာရင် ငါတို့ရဲ့ စည်းကမ်းချက်ကို လက်ခံရမယ်။ တောင်ပိုင်း လူရိုင်းလွင်ပြင်ကို တိုက်ခိုက်ဖို့ နိုင်ငံတော်ရဲ့ စစ်ဘက်ဆိုင်ရာ ခံတပ်တစ်ခုအဖြစ် မြို့ကို ပြောင်းပြီး ငါတို့တပ်ဖွဲ့တွေကို ဒီမှာ တပ်စွဲခွင့်ပြုရမယ်။”
ဆိုဟန်ရီက မဲ့ပြုံး ပြုံးလိုက်၏။ “ကျုပ်က မင်းသမီးရဲ့ တပ်တွေကို ဒီမှာ တပ်စွဲခွင့်ပြုလိုက်ရင် ထျန်းရွှေမြို့က ကျုပ်အပိုင် ဖြစ်နေပါဦးမလား။”
ကျိနင်က ပခုံးတွန့်လိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မြို့က နင့်အပိုင်မှ မဟုတ်တာ။ အခု နင်က မြို့စောင့်တပ်ရဲ့ တပ်မှူးကြီးနဲ့ တူနေပေမဲ့ တကယ်တော့ နင်က ဆိုမိသားစုရဲ့ ကျွန်တစ်ယောက်သာသာပဲ။ မြို့စားကြီးဘွဲ့ ၊ မြို့သခင်ရာထူးနဲ့ ဆိုနင်ပင်းကို လက်ထပ်ရတာက နင့်သစ္စာရှိမှုကို ဝယ်ယူဖို့ မလုံလောက်ဘူးလား။”
ဆိုဟန်ရီ၏ ရင်မှာ ပြင်းထန်စွာ ခုန်လာပြီး အသက်ရှူရန်ပင် ခက်ခဲသွားရ၏။ ထို့နောက် ဆိုနင်ပင်း ပြင်းထန်စွာ ရိုက်ခဲ့သည့် ပါးရိုက်ချက်ကို သတိရသွားသည်။ ကျိနင် ပြောသည်မှာ မှန်သည်။
အပေါ်ယံ၌ သူသည် ဆိုမိသားစု၏ မွေးစားသားသာ ဖြစ်သော်လည်း တကယ်တမ်း၌မူ သာမန်ကျွန်တစ်ဦးကဲ့သို့သာ ဆက်ဆံခံရ၏။
“ကျုပ် မြို့သခင် ဖြစ်လာရင်တောင် မင်းသမီးတို့ရဲ့ ရုပ်သေးရုပ် သက်သက်ပဲ ဖြစ်နေမှာပေါ့။”
ကျိနင်က ပြုံးလိုက်၏။ “နင်က မင်းသားကျိလီကို အထင်သေးနေတာပဲ။ နင့်မှာ ကြီးမားတဲ့ စစ်ရေးပါရမီ ရှိနေတာ မဟုတ်ဘူးလား။ တောင်ပိုင်းလူရိုင်းတွေကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ နင်က ကြီးမားတဲ့ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလား။”
“အဲဒီအချိန်ရောက်ရင် နင်က စစ်သည်တစ်သောင်းကိုပဲ ကွပ်ကဲရတော့မှာ မဟုတ်ဘူး။ တစ်သိန်း ဒါမှမဟုတ် နှစ်သိန်းလောက်ကို ကွပ်ကဲရမှာ။ နင့်အနာဂတ်က မြို့သခင် ဒါမှမဟုတ် မြို့စားကြီးနေရာထက် အများကြီး ပိုကြီးမားလာလိမ့်မယ်။ စစ်တပ်ထဲမှာ ထိပ်တန်း တပ်မှူးကြီး နေရာကို နင် ရလိမ့်မယ်။”
ထိုစကားကို ကြားသော် ဆိုဟန်ရီ၏ အသက်ရှူသံတို့က ပြင်းထန်လာသည်။
ကျိနင် မျက်ခုံးပင့်လိုက်၏။ “ထူလင်းထော်က ဘာလို့ မြို့စားကြီး ဖြစ်လာတာလဲ။ အံ့မခန်း စစ်ရေးစွမ်းဆောင်နိုင်လို့ စစ်နတ်ဘုရားတစ်ပါးအဖြစ် ဂုဏ်ပြုခံရတာလေ။ နင့်ရဲ့ ကိုယ်ပိုင် စစ်ရေးပါရမီကို နင် သိထားတယ်လို့ ငါ ယုံတယ်။”
ဆိုဟန်ရီ ခေါင်းငုံ့လိုက်သည်။ “ဒါပေမဲ့... ကျုပ် မွေးစားဖခင်က ကျုပ်အပေါ် ကြီးမားတဲ့ ကျေးဇူးရှိတယ်။”
ကျိနင်က လှောင်ပြုံး ပြုံးလိုက်၏။ “ဒီလောကမှာ စစ်မှန်တဲ့ သစ္စာတရားဆိုတာ မရှိဘူး။ သစ္စာတရားဆိုတာ သစ္စာဖောက်ဖို့ ပေးရမယ့်တန်ဖိုး မလုံလောက်လို့သာ တည်ရှိနေတာ။”
ဆိုဟန်ရီ မျက်နှာပျက်သွားသည်။ “ကျုပ်သာ ဆိုမိသားစုကို သစ္စာဖောက်ရင် လူတိုင်းက ကျုပ်ကို ပြစ်တင်ရှုတ်ချကြလိမ့်မယ်။”
ကျိနင် ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး။ ပြည်သူတွေက နင့်ကို ပြစ်တင်ရှုတ်ချမှာ မဟုတ်ဘူး။ အဲဒီအစား နင်က ဆိုမိသားစုရဲ့ ကယ်တင်ရှင် ဖြစ်လာလိမ့်မယ်။ နင် အလုပ်သုံးခုပဲ လုပ်ဖို့ လိုတယ်။”
“ပထမ ၊ လုပ်ကြံသူကြောင့် ဒဏ်ရာရသွားသလို ဟန်ဆောင်ပါ။ နင် ရှုံးနိမ့်ပြီး ဆုတ်ခွာသွားတဲ့အချိန်မှာ ငါတို့က အခွင့်အရေးယူပြီး တိုက်ခိုက်မယ်။ ပြီးတော့ မြို့က ငါတို့လက်ထဲ ကျရောက်သွားမယ်။ ဒုတိယ ၊ ဒီကိုလာမယ့်လမ်းမှာ ဆိုလွန်ကို ချုံခိုတိုက်ခိုက်ပြီး သတ်ပစ် ၊ ပြီးရင် မင်းသားကျိလီရဲ့ လူတွေ သတ်သွားသလိုမျိုး ဟန်ဆောင်လိုက်။”
“တတိယ ၊ နင့်စစ်တပ်ကို ဦးဆောင်ပြီး သူပုန်တပ်ဖွဲ့တွေကို အနိုင်ယူ၊ မြို့ကို ပြန်သိမ်းပြီး သူရဲကောင်းတစ်ယောက်အနေနဲ့ ပြန်လာခဲ့။ အဲဒီအခါကျရင် နင် မြို့သခင် ဖြစ်လာဖို့က လုံးဝ တရားမျှတသွားလိမ့်မယ်။”
ထိုစကားကို ကြားသည့်အခါ ဆိုဟန်ရီ သွားဖြီးပြလိုက်သည်။ “မင်းသမီးက ကျုပ်ကို လူမိုက်လို့ ထင်နေတာလား။ မြို့ ရှုံးသွားတာနဲ့ ကျုပ်က မင်းသမီးတို့အတွက် လုံးဝ တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။ ကျုပ် ဆိုလွန်ကို သတ်ခဲ့တာကိုသာ ဖော်ထုတ်လိုက်ရင် ဆိုးဆိုးရွားရွား သေရလိမ့်မယ်။”
ကျိနင်က မျက်ခုံးပင့်လိုက်၏။ “လွတ်လပ်တဲ့ မြို့သခင်ဖြစ်လာဖို့ ဆိုမိသားစုကို သစ္စာဖောက်မယ်လို့ နင်က ဒီတိုင်းကြီး ကြေညာလိုက်မှာမို့လို့လား။”
ဆိုဟန်ရီ သက်ပြင်းချလိုက်သည်။ “ဟူး... အဲဒီလိုသာ လုပ်ရင် ကိုယ့်ကိုယ်ကိုယ် ပျက်စီးဖို့နဲ့ အရှက်ကွဲဖို့ လုပ်သလိုပဲ ဖြစ်သွားမှာပေါ့။”
ကျိနင် နှာခေါင်းရှုံ့လိုက်၏။ “ဟမ့်... ဒါလည်း မကောင်းဘူး။ ဟိုဟာလည်း မကောင်းဘူး။ နင်က ဆိုလွန်အပေါ် သစ္စာမရှိချင်သလို သူ့ကို သေတွင်းထဲလည်း ပို့ချင်တယ်။ ဒါပေမဲ့ ကိုယ့်လက်ကိုတော့ မပေချင်ဘူး။ ပြစ်မှုတော့ ကျူးလွန်ချင်တယ်၊ ဒါပေမဲ့ သူတော်စင်အဖြစ်လည်း အမြင်ခံချင်သေးတယ်။ လောကကြီးမှာ ဒီလောက် လွယ်ကူတဲ့ကိစ္စ ဘယ်မှာရှိလို့လဲ။”
ဆိုဟန်ရီက ကျိနင်အား စိုက်ကြည့်လိုက်သည်။ “အိပ်မက်မက်မနေနဲ့။ မင်းသမီး ပြောတဲ့အတိုင်းသာ လုပ်ရင် ကျုပ်တကယ် ဆိုးဆိုးရွားရွား သေရလိမ့်မယ်။ မင်းသမီးလို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က မလုပ်ရဲတာ ဘာများ ရှိဦးမှာလဲ။”
ကျိနင်က အေးစက်စွာ ပြောလိုက်၏။ “နင် သဘောမတူရင်လည်း ဆိုးဆိုးရွားရွား သေရမှာပဲ။ ဒါ့အပြင် နင်က လူသိရှင်ကြားနဲ့ တရားဝင် ကွပ်မျက်ခံရလိမ့်မယ်။”
ဆိုဟန်ရီက ခေါင်းမော့လိုက်သည်။ “ရယ်စရာပဲ။ ကျုပ်က မြို့ကို ကာကွယ်နေတာ လုံးဝ တရားမျှတတယ်။ ဘယ်သူက ကျုပ်ကို ပြစ်မှုတွေအတွက် အပြစ်တင်နိုင်မှာလဲ။ ကျုပ်ကိုသာ တကယ် တရားဝင် ကွပ်မျက်နိုင်မယ်ဆိုရင် မင်းသမီးရဲ့ စစ်တပ်ကို သူပုန်တွေလို ဟန်ဆောင်ပြီး ခိုးဝင်လာစရာ မလိုသလို ကျုပ်နဲ့ လာပြီး ညှိနှိုင်းစရာလည်း မလိုဘူး။”
ကျိနင် မျက်မှောင်ကျုံ့လိုက်၏။ “နင်က တန်ဖိုးရှိနေလို့ ငါ လာညှိနှိုင်းတာ။ ဒါပေမဲ့ ငါသာ နင့်ကို လူသိရှင်ကြား တရားဝင် သတ်ချင်ရင် ချက်ချင်းကို သတ်ပစ်လို့ရတယ်။”
ဆိုဟန်ရီက ရယ်ချင်ဟန်ဖြင့် လက်ယမ်းပြလိုက်သည်။ “အိပ်မက်သာ ဆက်မက်နေလိုက်”
ကျိနင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ “တော်ဝင်မြို့တော်မှာ နင် အတူအိပ်ခဲ့တဲ့ အမျိုးသမီးက ဘယ်သူလဲဆိုတာ သိရဲ့လား။”
အလွန်ကောင်းမွန်လှသည့် ထိုညကို ချက်ချင်း သတိရသွားကာ ဆိုဟန်ရီ မျက်မှောင်ကျုံ့သွားရသည်။
ကျိနင်က သူ့အား စိုက်ကြည့်လျက် ဆက်ပြောလိုက်၏။ “သူမ နာမည်က ကျူးလီအာ။ တော်ဝင်အကယ်ဒမီမှာ နင် ရှိနေတုန်းက နင့်ကို သဘောကျတဲ့ အထက်တန်းလွှာ တစ်ယောက်လေ။ အခု မှတ်မိပြီလား။”
ထိုစကားကို ကြားသော် ဆိုဟန်ရီ ချက်ချင်း မှတ်မိသွားသည်။ အတိတ်က တော်ဝင်အကယ်ဒမီ၌ ထိုကဲ့သို့သော အထက်တန်းလွှာ မိန်းကလေးတစ်ဦး တကယ်ပင် ရှိခဲ့၏။
သူမ၌ ကြီးမားသည့် မျက်လုံးများ ၊ အလွန်လှပသော ခန္ဓာကိုယ်နှင့် အလွန်နူးညံ့သည့် အကြည့်တို့ ရှိသည်။ ထိုအချိန်က ဆိုဟန်ရီသည် သာမန်အရပ်သားအနွယ်မှသာ ဖြစ်သော်လည်း သူ၏ ထူးချွန်သည့် စာမေးပွဲရလဒ်များနှင့် ရုပ်ရည်ချောမောမှုတို့ကြောင့် ကျူးလီအာ အပါအဝင် မိန်းကလေးများစွာက သူ့ကို သဘောကျကြ၏။
ကျိနင် မဲ့ပြုံး ပြုံးလိုက်သည်။ “အခု သူက ဘယ်သူ့ရဲ့ ကိုယ်လုပ်တော် ဖြစ်နေပြီလဲဆိုတာ နင် သိလား။”
အပိုင်း ၁၃၇ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team