← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အပိုင်း ၁၃၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုဟန်ရီ၏ တစ်ကိုယ်လုံး အေးစက်သွားရ၏။

ကျိနင်က အေးစက်စွာ ပြောလိုက်သည်။ “မြို့စားကြီး ကျိထင်...”

“ကျိထင် ဘယ်သူလဲဆိုတာ ငါ့ထက် နင် ပိုသိတယ်။ ဒါ့အပြင် ကျူးလီအာက သူ အချစ်ရဆုံး မိန်းမပဲ။ ဒါပေမဲ့ အဲဒီမိန်းမ အခု ကိုယ်ဝန်ရှိနေပြီ။ မြို့စားကြီး ကျိထင်က မိန်းမတစ်ယောက်ကို ကိုယ်ဝန်ရစေနိုင်တဲ့ စွမ်းရည် ဆုံးရှုံးသွားတာ ကြာပြီ။ ဒါကြောင့် သူ့ဗိုက်ထဲက ကလေးက နင့်ကလေးပဲ။”

“အခုချိန်မှာ သိသာချင်မှ သိသာမယ်။ ဒါပေမဲ့ ဗိုက်ကြီးလာတဲ့အခါ ကျိထင် အရူးမီးဝိုင်း ဖြစ်သွားမယ်လို့ မထင်ဘူးလား။ သူ့ကို ချိုတပ်ထားတယ်ဆိုတာ သိသွားတာနဲ့တင် နင့်ကို သတ်ပစ်မှာ မဟုတ်လား။”

ဆိုဟန်ရီမှာ ရေခဲတိုက်ထဲ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်မှ နွေးထွေးမှုအားလုံး ပျောက်ကွယ်သွားပြီး အဆက်မပြတ် တုန်ယင်လာရသည်။

ကျိနင်က ဆက်ပြောလိုက်သည်။

“တော်ဝင်မိသားစုဝင် မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်တယ်။ ပြီးတော့ ဘုရင်မင်းမြတ် အချစ်ရဆုံး ညီတော်ကို ချိုတပ်ပေးတယ်... ဒါတွေက နင့်ခေါင်းကို ဆယ်ကြိမ်လောက် ဖြတ်ဖို့ လုံလောက်တယ် မဟုတ်လား။”

ဆိုဟန်ရီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွား၏။ သူ၏ မျက်လုံးများ၌ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်သွားပြီး အော်ဟစ်လိုက်သည်။

“ခင်ဗျား... ကျုပ်ကို ထောင်ချောက်ဆင်တာပဲ။ ခင်ဗျားကို သတ်မယ်... သတ်ပစ်မယ်...”

ကျိနင်က ခေါင်းမော့ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “နင် ငါနဲ့ ငါ့လူတွေကို အလွယ်လေး ချေမွပစ်လို့ ရတယ်။ ဒါပေမဲ့ နင် ရဲလို့လား။”

အမှန်ပင် ဖြစ်၏။ ဆိုဟန်ရီ မရဲပေ။ သူ့အား သတ္တိဆယ်ဆ ပေးလျှင်ပင် သူ လုပ်ရဲမည် မဟုတ်ပေ။

ဆိုဟန်ရီက အော်ဟစ်လိုက်၏။ “ဒါ မဖြစ်နိုင်ဘူး။ ဒီလျှို့ဝှက်ချက်ကိုသုံးပြီး ကျုပ်ကို ဖျက်ဆီးပစ်လို့ ရနေတာတောင် မင်းသမီး ဘာလို့ မလုပ်တာလဲ။ ဘာလို့ ကျုပ်ကို သတ်ဖို့ လုပ်ကြံသူတွေကို လွှတ်ရတာလဲ။”

ကျိနင်က ပြန်ဖြေလိုက်သည်။ “အဲဒါက အရမ်း နှေးလွန်းလို့လေ။ မြို့စားကြီး ကျိထင် နင့်ကို သတ်မယ့်အချိန်ကို စောင့်နေရတာ ကြာတယ်။ ဆိုလွန်က နောက်ဆယ်ရက်အတွင်း ထျန်းရွှေမြို့ကို ပြန်ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျမှ နင့်ကို သတ်တာက အဓိပ္ပာယ်မရှိတော့သလို ဆိုလွန်အတွက်ပဲ အကျိုးရှိသွားလိမ့်မယ်။”

ကျိနင်ပြောသည်မှာ မှန်ပေသည်။ လုံးဝ ယုတ္တိရှိလှ၏။ ဆိုဟန်ရီ လုံးဝ မျှော်လင့်ချက်မဲ့သွားရသည်။ သူ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းသည် ယခုအခါ မြွေဟောက်တစ်ကောင်ကဲ့သို့ အဆိပ်ပြင်းသည့် နှလုံးသားရှိသော ဤမိန်းမ၏ လက်ထဲ၌ ကျရောက်သွားလေပြီ။

ကျိနင်က အေးစက်စွာ ပြောသည်။ “ငါ နင့်ကို အချိန်မရွေး သေတွင်းထဲ ပို့လို့ရတယ်။ ဘာလို့ မပို့တာလဲဆိုတော့ နင်က တန်ဖိုးရှိနေလို့ပဲ။ လာ... မင်းသားကျိလီရဲ့ တပ်ဖွဲ့ထဲ ဝင်လိုက်။ အနာဂတ် မြို့စားကြီး။ အနာဂတ် တပ်မှူးကြီး ဖြစ်လာလိုက်...”

ကျိနင်၏ စကားများ၌ လှည့်စားလိုသည့် သွေးဆောင်မှုတို့ဖြင့် ပြည့်နှက်နေ၏။

“ဒဏ်ရာရသွားသလို ဟန်ဆောင်ပြီး ထျန်းရွှေမြို့ကနေ ဆုတ်ခွာ။ ဆိုလွန်ကို သတ်။ နင့်စစ်တပ်ကို ဦးဆောင်ပြီး ထျန်းရွှေမြို့ကို ပြန်လာ။ အဲဒီအချိန်ရောက်ရင် နင်က ဆိုနင်ပင်းရဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာလိမ့်မယ်။ နင်က ထျန်းရွှေမြို့ရဲ့ ကယ်တင်ရှင်နဲ့ ဆိုမိသားစုရဲ့ သူရဲကောင်း ဖြစ်လာလိမ့်မယ်။”

“နင့်ရှေ့မှာ လမ်းနှစ်သွယ် ရှိတယ်။ တစ်ခုက သေလမ်း။ နောက်တစ်ခုက...။ ဟက်... ဘယ်လမ်းကို ရွေးရမလဲဆိုတာ နင် သေချာသိတယ်။”

ဆိုဟန်ရီ၏ အသံမှာ တုန်ယင်နေ၏။ “ကျုပ် မယုံဘူး။ ကျုပ် ဒါကို လုပ်ရင်တောင် မင်းသမီးက ကျုပ်ကို သစ္စာဖောက်ပြီး အချိန်မရွေး သေတွင်းထဲ ပို့ပစ်လို့ ရနေတာပဲ။”

ကျိနင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါ ဖြေရှင်းရ လွယ်တယ်။ အခုကစပြီး နင့်အနားမှာ ငါ အမြဲတမ်း နေမယ်။ ငါ နင့်ကို လုပ်ကြံဖို့ ကြံစည်နေတယ်လို့ ခံစားရရင် ငါ့ကို ချက်ချင်း သတ်ပစ်လို့ရတယ်။ ငါ့ကို ဓားစာခံအဖြစ် ထားရင် နင် စိတ်အေးရမှာပါ။”

ဆိုဟန်ရီ ချက်ချင်းပင် သွေးဆောင်ခံလိုက်ရသည်။ ထိုသည်က အမှန်တကယ်ပင် ခိုင်မာသည့် အာမခံချက်တစ်ခု ဖြစ်၏။

ကျိနင်က ဆက်ပြောသည်။ “တော်ဝင်မိသားစုက နင့်ကို ထျန်းရွှေမြို့စားကြီးနဲ့ မြို့သခင်အဖြစ် တရားဝင် ဘွဲ့နှင်းအပ်တဲ့နေ့ကျရင် နင့်အနားကနေ ငါ ထွက်သွားပေးမယ်။ ဘယ်လိုလဲ။”

ဤအစီအစဉ်က လုံးဝ စိတ်ချရ၏။ ဆိုဟန်ရီ၏ ရင်ခုန်သံတို့ တစ်ဖန် မြန်ဆန်လာပြီး လွန်ကဲသည့် သွေးဆောင်မှုကို ခံစားလိုက်ရသည်။

“ခွမ်းးး”

ရုတ်တရက် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ မြေအိုးပန်းကန်လုံးတစ်လုံး ကြမ်းပြင်ပေါ် ကျကွဲသွားသည့် အသံနှင့် တူ၏။

ဆိုဟန်ရီက ထိတ်လန့်တကြားဖြင့် တံခါးကို ဆွဲဖွင့်လိုက်သည်။

“ဘယ်သူလဲ။”

သူ၏ ဇနီး ယန်ဟုန်ရီ အပြင်ဘက်၌ ရပ်နေသည်ကို သူ ချက်ချင်း မြင်လိုက်ရ၏။ ယန်ဟုန်ရီ၏ မျက်နှာ၌ သွေးရောင် လုံးဝ ကင်းမဲ့နေပြီး သူမ၏ လှပသည့် မျက်လုံးများ၌ လုံးဝ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။

သူမသည် ဆိုဟန်ရီကို အမြဲတမ်း ကိုးကွယ်ယုံကြည်ကာ လေးစား၏။ ဆိုလွန်နှင့် ယှဉ်ပြိုင်နေရသည့်အတွက် သူ ဒေါသထွက်နေရုံမျှသာဟု ထင်ထား၏။ ခင်ပွန်းဖြစ်သူက ဤမျှလောက်အထိ အကြင်နာကင်းမဲ့ပြီး ရက်စက်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ တွေးမထားပေ။

နဂါးစစ်သည်တော်တစ်ဦးအနေဖြင့် ဆိုဟန်ရီသည် ပုံမှန်အားဖြင့် ခြေလှမ်းတစ်ရာအတွင်းရှိ မည်သည့်အသံကိုမဆို ကြားနိုင်စွမ်း ရှိ၏။ သို့သော် သူ၏ စိတ်တို့ ဖရိုဖရဲ ဖြစ်နေပြီး အစောင့်များကိုလည်း ခြေလှမ်းတစ်ရာအကွာ၌ နေရန် စောစောက အမိန့်ပေးထားသည်။ ထို့ကြောင့် ဇနီးဖြစ်သူ ချဉ်းကပ်လာသည်ကို လုံးဝ သတိမထားမိလိုက်ပေ။

သူ၏ အရုပ်ဆိုးဆုံးသော အခြမ်းကို ဇနီးဖြစ်သူ မြင်တွေ့သွားရခြင်းက သူ့ကို အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားစေ၏။

ယန်ဟုန်ရီက ဆိုဟန်ရီအား နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် လှည့်ကာ အပြင်ဘက်ဆီသို့ အပြင်းအထန် ပြေးထွက်သွားသည်။

ကျိနင်က သတိပေးလိုက်၏။ “အဲဒီမိန်းမ မြို့သခင်အိမ်တော်ကနေ လွတ်သွားရင်...။”

ဆိုဟန်ရီက ထိတ်လန့်နေသည့် အသံဖြင့် အော်ဟစ်လိုက်သည်။ “ကျုပ်ကို ဘာလုပ်စေချင်တာလဲ။ သူ့ကို သတ်ရမှာလား။ သူက ကျုပ်မိန်းမ... ကျုပ် ငယ်သူငယ်ချင်းရဲ့ သွေးသောက်ညီမလေးလေ။”

ကျိနင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“လုပ်ကြံသူတွေက ဆိုဟန်ရီကို တိုက်ခိုက်တယ်။ သူ့ရဲ့ သစ္စာရှိဇနီး ယန်ဟုန်ရီက အဆိပ်လူးဓားကို ခန္ဓာကိုယ်နဲ့ ကာကွယ်ပေးရင်း သေဆုံးသွားတယ်။ ဒါက လူတိုင်းရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေမယ့် အလွန်ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာလိမ့်မယ်။”

ဆိုဟန်ရီ၏ တစ်ကိုယ်လုံး တုန်ယင်သွား၏။

ကျိနင်က ဆက်ပြောသည်။

“ယောက်ျားစစ်စစ် တစ်ယောက်က မိန်းမ ဘယ်တော့မှ မရှားဘူး။ ဒါ့အပြင် သူသာ မသေရင် နောင်ကျ နင် ဆိုနင်ပင်းကို ဘယ်လိုလုပ် လက်ထပ်မလဲ။ နင် သူ့ကို ကွာရှင်းပြီး သူ့မိသားစုဆီ ပြန်ပို့လို့မှ မရတာ။ ဒါကို မင်းသားကျိလီအပေါ် နင့်ရဲ့ ပထမဆုံး သစ္စာပြမှုအနေနဲ့ သဘောထားလိုက်။”

ဆိုဟန်ရီမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။

တစ်ချိန်တည်းမှာပင် ယန်ဟုန်ရီက ထွက်ပေါက်ဆီသို့ အစွမ်းကုန် ပြေးသွားနေ၏။ ပထမဆုံးပန်းတိုင်မှာ ယန်နူကို ရှာဖွေရန် ဖြစ်သည်။

ထျန်းရွှေမြို့မှ ထွက်ပြေးစဉ် ကာကွယ်ပေးရန် သူ့ကို အကူအညီတောင်းမည်။ ထို့နောက် ဆိုလွန်အား အရာအားလုံးကို ပြောပြရန် တော်ဝင်မြို့တော်ဆီသို့ အမြင့်ဆုံးအမြန်နှုန်းဖြင့် မြင်းစီးသွားမည်။

ကျိနင်က ပေါ့ပါးစွာ ပြောလိုက်သည်။

“သူ အိမ်တော်ကနေ လွတ်သွားတာနဲ့ နင် ပျက်စီးပြီး မြှုပ်နှံစရာ နေရာတောင် မရှိဘဲ သေရလိမ့်မယ်။ သူ အဲဒီတံခါးကနေ ပြေးထွက်သွားတာနဲ့ တစ်ယောက်ယောက်က သူ့ကို မြင်သွားလိမ့်မယ်။ ပြီးရင် နင် ဘာမှ ပြန်ပြင်လို့ ရတော့မှာ မဟုတ်ဘူး။”

ဆိုဟန်ရီ အံကို ခက်ထန်စွာ ကြိတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် လျှပ်စီးတစ်တန်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး အလွန်ရက်စက်သည့် လက်ဝါးရိုက်ချက်တစ်ခုဖြင့် ရိုက်ချလိုက်သည်။

ချက်ချင်းပင် ယန်ဟုန်ရီ၏ နူးညံ့သည့် ခန္ဓာကိုယ်လေးမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လေထဲလွင့်ထွက်သွားကာ သွေးများ ပန်းထွက်သွား၏။ ယန်ဟုန်ရီ ခက်ခဲစွာ ရုန်းကန်ရင်း နှိုင်းယှဉ်၍မရနိုင်သည့် နာကျင်မှုများဖြင့် ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်သည်။

“အစ်ကိုကြီး... အစ်ကို လမ်းမှားနေပြီ... မြန်မြန် သတိထားပါဦး... သတိထားပါဦး...”

ထိုနောက်ဆုံးစကားများကို ပြောပြီးနောက် ယန်ဟုန်ရီ မျက်လုံးများ မှိတ်ကျသွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်သွားတော့သည်။ ယန်ဟုန်ရီမှာ တံခါးဝနှင့် တစ်လှမ်းသာ ကွာဝေးတော့၏။

ဆိုဟန်ရီ သူ၏ ကိုယ်ပိုင်လက်များကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ သူ အပြေးအလွှား သွားကာ ဇနီးဖြစ်သူအား ရင်ခွင်ထဲပွေ့ချီထားရင်း ထိန်းမရသိမ်းမရ ငိုကြွေးလိုက်၏။

“ကျုပ်ကို အပြစ်မတင်ပါနဲ့... အပြစ်မတင်ပါနဲ့... မင်းက ကျုပ်ကို ဒီလိုလုပ်ဖို့ ဖိအားပေးတာ... မင်းက ဖိအားပေးတာပါ...”

ဤအချိန်မှစ၍ ထျန်းရွှေမြို့၏ ကယ်တင်ရှင် ၊ ဆိုမိသားစု၏ မဏ္ဍိုင်ဟု လူသိများသည့် အမျိုးသား... ဆိုဟန်ရီ လုံးဝ ပျက်စီးသွားလေပြီ။

ကျိနင်ကမူ ထိုအရာအားလုံးကို ခံစားချက်ကင်းမဲ့စွာ စောင့်ကြည့်နေ၏။ ရုတ်တရက် သူမ၏ လှပသည့် မျက်လုံးများထဲ၌ ခဏတာမျှ ခြောက်ခြားသွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“အခု နင် နောက်ထပ် လူတစ်ယောက်ကို ရှင်းပစ်ရမယ်။ ထျန်းရွှေမြို့စောင့်တပ်ရဲ့ ဒုတပ်မှူးကြီး နင့်ဆရာ ယန်နူပဲ။ ယန်နူက သူ့တူမ ယန်နိုင်အာ ကိစ္စနဲ့ပတ်သက်ပြီး ဆိုလွန်ကို ဒေါသထွက်ပြီး သတ်လုနီးပါး ဖြစ်တာ မှန်တယ်။ ဒါပေမဲ့ သူက ဆိုမိသားစုအပေါ် လုံးဝ သစ္စာရှိနေသေးတဲ့ ရိုးသားဖြောင့်မတ်သူ တစ်ယောက်ပဲ။ သူသာ မသေရင် ထျန်းရွှေမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ နင့်အတွက် အရမ်း ခက်ခဲလိမ့်မယ်။”

ကျိနင်က ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

“ဒါက ထူးကဲတဲ့ ဝိုင်တစ်ပုလင်းပဲ။ ယန်နူက ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ကြီးမားတဲ့ စွမ်းဆောင်မှုတွေ လုပ်ထားတယ်။ သူ့တပည့်အနေနဲ့ နင်က ရိုသေမှုပြပြီး ဆရာဖြစ်သူကို ဝိုင်ကောင်းကောင်း တစ်ခွက်လောက် ငှဲ့ပေးသင့်တာပေါ့။ ဒါပေမဲ့ ဒီအရက်က အရမ်း ပြင်းတယ်။ သောက်လိုက်တာနဲ့ ချက်ချင်း နာကျင်မှုမရှိဘဲ သေသွားလိမ့်မယ်။”

ဆိုဟန်ရီ သူမအားကို စိုက်ကြည့်လိုက်၏။ သူ လူတစ်ယောက်ကို မြင်နေရခြင်း မဟုတ်တော့ပေ။ သူ့ဆီ လျှာနှစ်ခွထုတ်ပြနေသည့် အလွန်လှပသော အဆိပ်ပြင်းမြွေတစ်ကောင်ကို မြင်နေရခြင်း ဖြစ်သည်။

သူ၏ တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ အဆုံးအစမရှိ အောက်သို့ ပြုတ်ကျနေသည့် အမှောင်ချောက်ကမ်းပါးတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။

ထိုည၌ သူပုန်တပ်ဖွဲ့များ ငှားရမ်းထားသည့် ညအမှောင်အဖွဲ့မှ လုပ်ကြံသူများသည် မြို့သခင်အိမ်တော်ကို လာရောက်တိုက်ခိုက်ကြသည်။

ထျန်းရွှေမြို့စောင့်တပ်၏ ဒုတပ်မှူးကြီး ယန်နူသည် လုပ်ကြံသူတစ်ဦး၏ နှလုံးတည့်တည့် ထိုးသွင်းခြင်းခံရကာ အသက်ပါ ဆုံးရှုံးသွားရသည်။

သခင်မ ယန်ဟုန်ရီသည် ခင်ပွန်းဖြစ်သူအတွက် ရည်ရွယ်ထားသည့် ဓားချက်ကို ကာကွယ်ရန် သူမကိုယ်သူမ စတေးသွား၏။ သူမ သတိလစ်သွားပြီး ကံကြမ္မာမှာ မသေချာတော့ပေ။

တပ်မှူး ဆိုဟန်ရီသည် အသက်စွန့်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး နဂါးစစ်သည်တော်အဆင့် လုပ်ကြံသူ သုံးဦးကို သတ်ဖြတ်နိုင်၏။ သို့သော် သူသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သတိလစ် မေ့မြောသွားသည်။

ထိုဆိုးရွားလှသည့် သတင်းဆိုးကြီးက ထျန်းရွှေမြို့ကို မိုးကြိုးတူကြီးတစ်ခုကဲ့သို့ ရိုက်ခတ်သွားသည်။

နောက်တစ်နေ့၌ သူပုန်တပ်ဖွဲ့သည် အကြီးအကျယ် တိုက်ခိုက်လာ၏။ အဓိက ခေါင်းဆောင်မှု မဏ္ဍိုင်များကို ဆုံးရှုံးလိုက်ရသဖြင့် ထျန်းရွှေမြို့စောင့်တပ်သည် အကြိမ်ကြိမ် ဆုတ်ခွာရသည်။ နာရီအနည်းငယ်ကြာ ခုခံပြီးနောက် မြို့ရိုးကြီးများသည် ရန်သူ့လက်ထဲ လုံးဝ ကျရောက်သွားပြီး မရေမတွက်နိုင်သည့် သူပုန်စစ်သည်များ ထျန်းရွှေမြို့ထဲသို့ အလုံးအရင်း ဝင်ရောက်လာကြသည်။

သစ္စာရှိသည့် မြို့စောင့်တပ်သားများသည် သတိလစ်နေသော ဆိုဟန်ရီနှင့် သူ၏ အပြင်းအထန် ဒဏ်ရာရနေသည့် ဇနီး ယန်ဟုန်ရီတို့ကို ကာကွယ်ပေးကာ မြောက်ဘက်တံခါးမှတစ်ဆင့် ထျန်းရွှေမြို့မှ ထွက်ပြေးလွတ်မြောက်သွားကြ၏။

ထိုအချိန်မှစ၍ ထျန်းရွှေမြို့မကြီးသည် ရန်သူ့လက်ထဲ လုံးဝ ကျရောက်သွားပြီ ဖြစ်သည်။ နူဒန်က တပ်ဖွဲ့များကို စေလွှတ်ကာ ပုန်ကန်မှု စတင်ပြီး လဝက်အကြာမှာပင် ဤသို့ ဖြစ်ပွားသွားခြင်း ဖြစ်၏။

ထျန်းရွှေမြို့ ကျဆုံးပြီး ချက်ချင်းပင် သတင်းပို့သူ ဒါဇင်ပေါင်းများစွာသည် အမြန်ဆုံး စစ်မြင်းများကို စီးကာ မတူညီသည့် ဦးတည်ရာ နှစ်ခုဆီသို့ အပြေးအလွှား ထွက်ခွာသွားကြသည်။

သူတို့သည် စစ်သတင်းများကို ပေးပို့ရန် လီတစ်ထောင်ခရီးကို အရေးတကြီး နှင်လိုက်ကြ၏။ ဦးတည်ရာ တစ်ခုမှာ တော်ဝင်မြို့တော်ဆီသို့ ဖြစ်သည်။

အခြားတစ်ခုမှာ မြောက်ဘက် လင်ဟိုင်မြို့ရှိ ဘုရင့်နိုင်ငံ၏ နယ်စားပယ်စားများထဲမှ တစ်ဦးဖြစ်သော ဆိုလွန်၏ အနာဂတ်ယောက္ခမ မြို့စားကြီး ကွေ့ရှင်းဖူထံသို့ ဖြစ်သည်။

ဤအရာအားလုံးသည် ဆိုလွန် ရာထူးဆက်ခံပြီးနောက် ထျန်းရွှေမြို့သခင်အဖြစ် တရားဝင် ဖြစ်လာသည့် ဒုတိယမြောက်နေ့မှာ ဖြစ်ပျက်သွားခြင်းပင်...။

အပိုင်း ၁၃၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters