← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အပိုင်း ၁၃၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန် တော်ဝင်မြို့တော်၌ ရာထူးဆက်ခံပြီးနောက် လေးရက်မြောက်နေ့ ဖြစ်၏။

မနက်ဖြန်၌ ပြည်ထဲရေးဌာနက ထျန်းရွှေမြို့စားအိမ်တော်ကို တရားဝင် ပြန်လည်သိမ်းဆည်းတော့မည် ဖြစ်သည်။ အိမ်တော်အတွင်းရှိ လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားကာ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ နောက်ဆုံး၌ ထျန်းရွှေမြို့ရှိ အိမ်သို့ ပြန်ရတော့မည်ဖြစ်သောကြောင့်ပင်။

ဆိုလွန် တစ်ယောက်တည်းသာ ဤနေ့အတွက် အစွမ်းကုန် ပြင်ဆင်နေသည်။ သူက မိသားစုစစ်သည်များကို အပြည့်အဝ တပ်ဆင်ပေးရန် အကောင်းဆုံး လက်နက်များနှင့် စစ်မြင်းများကို ငွေအမြောက်အမြား အကုန်အကျခံကာ ဝယ်ယူလိုက်၏။

သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အိပ်၍ပင် မရပေ။ နောက်ဆုံး၌ အိမ်ပြန်ရမည့် နေ့ဖြစ်သည့် မနက်ဖြန်ကို သူမ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေ၏။

သို့သော် မွန်းလွဲပိုင်း၌ ထျန်းရွှေမြို့ဘက်မှ အရေးပေါ် စစ်သတင်းများ အပြေးအလွှား ရောက်ရှိလာသည်။

“ထျန်းရွှေမြို့ ရန်သူ့လက်ထဲ ကျသွားပြီ။ ဆိုဟန်ရီရဲ့ တပ်ဖွဲ့တွေ အကုန် ချေမှုန်းခံလိုက်ရပြီး သူ ဘာဖြစ်သွားမှန်း မသိရတော့ဘူး။”

ထိုစစ်သတင်းက ပျော်ရွှင်နေသည့် မြို့စားအိမ်တော်ကို ငရဲပြည်သို့ ချက်ချင်း ဆွဲချသွား၏။ ဆိုနင်ပင်း လုံးဝ ကြက်သေသေသွားရသည်။ အိမ်တော်တစ်ခုလုံး နက်ရှိုင်းသည့် မျှော်လင့်ချက်မဲ့ခြင်းထဲသို့ ကျဆင်းသွားရသည်။

သူတို့၏ အိမ်ဖြစ်သည့် ထျန်းရွှေမြို့မှာ ရန်သူ့လက်ထဲ ကျရောက်သွားလေပြီ။ တစ်ချိန်တည်းမှာပင် တော်ဝင်မိသားစုက တော်ဝင်မြို့တော်ရှိ သူတို့၏ မြို့စားအိမ်တော်ကို ပြန်လည်သိမ်းဆည်းတော့မည်။ လက်ရှိအချိန်၌ သူတို့ လုံးဝ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး ဘာဆိုဘာမှ မကျန်တော့ပေ။

သို့သော် ဆိုလွန်ကမူ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေ၏။

ရှောင်လွှဲ၍မရနိုင်သည့် ကပ်ဘေးကြီးက နောက်ဆုံး၌ ကျရောက်လာလေပြီ။ မျှော်လင့်ချက်မဲ့သွားမည့်အစား တောက်လောင်နေသော တိုက်ခိုက်လိုစိတ်များက သူ၏ အတွင်းမှနေ၍ ကောင်းကင်အထိ ထိုးတက်လာသည်။

သူ လိုချင်သည့် ထျန်းရွှေမြို့သည် အခြားသူများ ပေးသနားသောအရာ မဟုတ်သလို ဆိုဟန်ရီ ပေးသည့်အရာ ၊ သို့မဟုတ် ဆိုလွန်အစစ်အဖြစ် ဟန်ဆောင်ကာ ရယူထားသောအရာမျိုး မဟုတ်ကြောင်း သူ အရင်က ပြောခဲ့ဖူးသည်။ သူကိုယ်တိုင် တိုက်ခိုက်ရယူသည့် မြို့မှသာ သူ၏ စစ်မှန်သော ထျန်းရွှေမြို့ ဖြစ်လာပေမည်။

သူ၏ နားထဲ၌ စစ်စည်တီးသံများကို ကြားနေရသကဲ့သို့ ခံစားလိုက်ရ၏။ သူ့၌ အချိန်ဘယ်လောက် ကျန်သေးသနည်း။ ငါးလ... မှန်သည်။ ငါးလ ဖြစ်၏။

အကယ်၍ နယ်စားတစ်ဦးက ပုန်ကန်မှုကို မနှိမ်နင်းနိုင်လျှင် တော်ဝင်မိသားစုက နယ်မြေပြန်လည်သိမ်းပိုက်ရန် တပ်များ စေလွှတ်ကူညီပေလိမ့်မည်။ သို့သော် တော်ဝင်မိသားစုကသာ ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်လိုက်လျှင် ထိုမြို့က ဆိုမိသားစုပိုင် ဖြစ်တော့မည် မဟုတ်ပေ။

ကြက်တစ်ကောင်ကိုပင် မချည်နှောင်နိုင်လောက်အောင် အားနည်းလွန်းသည့်အခြေအနေမှ ကျောင်းဆင်းစာမေးပွဲများ၌ ထိပ်ဆုံးကျောင်းသားတစ်ဦး ဖြစ်လာရန် သူ့အတွက် ငါးလပင် မကြာခဲ့ပေ။ ဤတစ်ကြိမ်၌လည်း သူ့၌ ငါးလ ရှိသေး၏။ သူ အစကနေ ပြန်စပြီး အားကောင်းသော တပ်ဖွဲ့တစ်ခုကို တည်ဆောက်ကာ ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ရမည်။

သူ နောက်တစ်ကြိမ် ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်တော့မည် ဖြစ်ပြီး ဤခံစားချက်က ကောင်းမွန်လှ၏။

ဒုန်းးး ဒုန်းးး ဒုန်းးး ဒုန်းးး

စစ်စည်သံများက ဆိုလွန်၏ နှလုံးသားထဲ၌ ပြင်းထန်စွာ မြည်ဟည်းနေပြီး ပိုပို၍ မြန်ဆန်လာ၏

**--**--**--**--**--**--**--**

ဘုရင်ကျိပိုင် ထျန်းရွှေမြို့ ကျသွားပြီဖြစ်ကြောင်း သတင်းကို ရရှိသည့်အခါ စာရေးနေသော ကလောင်ကို ခေတ္တရပ်လိုက်ပြီး မှေးမှိန်သည့် အပြုံးတစ်ခုကို ပြသလိုက်၏။

“ထျန်းရွှေမြို့ နောက်ဆုံးတော့ ကျသွားပြီလား။ ကျိနင် နောက်ဆုံးတော့ ယူနိုင်သွားပြီပေါ့။”

သူ ပြတင်းပေါက်ဆီ လျှောက်သွားကာ မှောင်မိုက်နေသည့် ညဥ့်ယံရှိ မြောက်ဘက်ဆီသို့ ငေးကြည့်လိုက်၏။ သူ၏ သမီးတော် မင်းသမီး ကျိယန် မကြာမီ ပြန်လာတော့မည်။ သူမက သူ၏ တစ်ဦးတည်းသော သွေးသားရင်းချာ ဖြစ်၏။

“ဒီခမ်းနားတဲ့ စစ်တုရင်ပွဲကြီး နောက်ဆုံးတော့ စပြီပဲ။ ကျိယန်... ငါ့သမီး... သမီးအတွက် အရမ်း ထူးချွန်တဲ့ ယောက်ျားတစ်ယောက်ကို ဖေဖော် ရွေးပေးထားတယ်။ သူ သမီးကို စိတ်မပျက်စေဘူးလို့ မျှော်လင့်တယ်။ အဖေ့ကိုလည်း စိတ်မပျက်စေလောက်ဘူးလို့ မျှော်လင့်တယ်။”

ဘုရင်ကျိပိုင် အနည်းငယ် တုန်ယင်သွားပြီး သူ၏ ဝတ်ရုံကို တင်းတင်းကျပ်ကျပ် ဆွဲခြုံလိုက်၏။ သူ ပြတင်းပေါက်မှ ထွက်ခွာလာကာ အိပ်ဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ နွေနှောင်းပိုင်း ဖြစ်သော်လည်း လေတိုက်ခတ်မှု ပိုမိုပြင်းထန်လာပြီး ညလေထုထဲ၌ အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေသည်။

**--**--**--**--**--**--**--**

ထျန်းရွှေမြို့စားအိမ်တော်ရှိ လူများအတွက်မူ ကောင်းကင်ကြီး ပြိုကျသွားလေပြီ။ ထျန်းရွှေမြို့ကို ရန်သူတို့ သိမ်းပိုက်သွားပြီ ဖြစ်၏။ သူတို့ ပြန်၍ မရနိုင်တော့ပေ။ ပြန်သွားပါက အသတ်ခံရပေလိမ့်မည်။

တော်ဝင်မြို့တော်ရှိ သူတို့၏ မြို့စားအိမ်တော်ကိုလည်း ပြန်လည်သိမ်းယူတော့လေမည်။ ထို့အပြင် မနက်ဖြန်၌ တော်ဝင်မြို့တော်မှ ထွက်ခွာရမည်ဟု ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထား၏။ လက်ရှိအချိန်၌ ထျန်းရွှေမြို့သခင်ဟူသည့် အခွံသက်သက် ဘွဲ့အမည်တစ်ခုမှလွဲ၍ ဆိုမိသားစု၌ ဘာမှ မကျန်ရှိတော့ပေ။

လောကကြီးက ကျယ်ပြောလှသော်လည်း ဆိုမိသားစုက မည်သည့် နေရာ၌ ခိုလှုံခွင့် ရနိုင်မည်နည်း။

အိမ်တော်ရှိ လူများသည် သူတို့၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးထားပြီး မြင်းရာပေါင်းများစွာနှင့် ရထားလုံး ဒါဇင်ပေါင်းများစွာကို ပြင်ဆင်ထားပြီး ဖြစ်၏။ သူတို့ မူလက အရုဏ်တက်ချိန်၌ ထျန်းရွှေမြို့သို့ ထွက်ခွာရန် စီစဉ်ထားခဲ့သည်။ သို့သော် ယခုအခါ လောကကြီးထဲ၌ သူတို့အတွက် နေစရာ နေရာမရှိတော့သကဲ့သို့ ခံစားနေရ၏။

ဆိုနင်ပင်းသည်လည်း နေရာ၌ နာရီဝက်ခန့် ကြောင်အစွာဖြင့် မလှုပ်မယှက် ရပ်နေမိ၏။ သူတို့၏ ပျော်ရွှင်မှုက ဤမျှ တိုတောင်းပြီး ရက်အနည်းငယ်သာ ခံပေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။

ယခုအခါ အိပ်မက်ဆိုးက ယခင်ကထက်ပင် ပိုမိုဆိုးရွားစွာ ပြန်လည်ရောက်ရှိလာလေပြီ။ သို့သော် သူမကိုယ်သူမ အမြန်ဆုံး တည်ငြိမ်အောင် အတင်းအကျပ် ဖိအားပေးလိုက်သည်။

‘အခြေအနေက ဒီထက် ပိုဆိုးလာနိုင်သေးလို့လား။’

ဖခင် ကွယ်လွန်သွားသော ည သို့မဟုတ် ဆိုလွန် သေဆုံးသွားပြီဟု သူမ ထင်ထားခဲ့သည့် ညနှင့် နှိုင်းယှဉ်ပါက ယနေ့ည၏ သတင်းဆိုးက ဘာမှမဟုတ်ပေ။ သူမက မိသားစု၌ အကြီးဆုံး ဖြစ်သည်။ အစ်မအကြီးဆုံး ဖြစ်သည့်အတွက် တည်တည်ငြိမ်ငြိမ် ရှိနေရမည်။ ဆိုလွန် ရှိနေသေးသရွေ့ ဆိုမိသားစု ပြိုကွဲသွားမည် မဟုတ်ပေ။

ဆိုနင်ပင်းက မျက်မှောင်ကျုံ့လိုက်၏။ “မောင်လေး ဘယ်မှာလဲ။”

ရဲ့ကျင်းယွီ သက်ပြင်းချလိုက်သည်။ “သခင်လေး အပြင်ထွက်သွားတယ်။ တော်ဝင်မြို့တော်မှာ ကျန်နေတဲ့ ကျွန်မတို့ မိသားစုဝင်တွေကို ကာကွယ်ပေးဖို့ အကူအညီတောင်းဖို့ မြို့စားကြီး ကျိထင်ဆီ သွားတာ။”

သူမက စိုးရိမ်ဟန်ဖြင့် ဆက်ပြောသည်။ “မိသားစုစစ်သည် ခေါင်းဆောင်တွေ သခင်မလေးနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်တဲ့။”

ဆိုနင်ပင်းက ခေါင်းညိတ်လိုက်၏။ “ဝင်လာခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့။”

**--**--**--**--**--**--**--**

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် စစ်သည်ခေါင်းဆောင် ငါးဦး အစည်းအဝေးခန်းမ၌ စုရုံးလာကြ၏။

စစ်သည်ခေါင်းဆောင် ဆိုမုက လက်သီးဆုပ်လိုက်သည်။ “ဆိုမိသားစု သေရေးရှင်ရေး အကျပ်အတည်းတစ်ခုနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်နေရပြီ။ တစ်ချက်လေး ပေါ့ဆသွားတာနဲ့တင် အားလုံး ရက်ရက်စက်စက် အသတ်ခံရလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ်ခြေလှမ်းကို မြန်မြန် ဆုံးဖြတ်ရမယ်။”

အရုဏ်တက်ချိန်၌ ပြည်ထဲရေးဌာနက မြို့စားအိမ်တော်ကို သိမ်းယူတော့မည်ဖြစ်ပြီး သူတို့ တော်ဝင်မြို့တော်မှ ထွက်ခွာရမည်။ မည်သည်ကို ဆက်လုပ်သင့်သနည်း။ ဤကျယ်ပြောလှသည့် လောကကြီး၌ သူတို့ကို လက်ခံမည့် နေရာ ရှိသေးရဲ့လော။ ယခု ထျန်းရွှေမြို့ ကျသွားပြီဖြစ်ရာ သူတို့ မည်သည့်နေရာသို့ သွားသင့်သနည်း။

ဆုံးဖြတ်ချက်တစ်ခုကို အမြန် ချမှတ်ရမည် ဖြစ်၏။

ဆိုနင်ပင်းက လေးနက်စွာ မေးလိုက်သည်။ “ရှင်တို့ရဲ့ ဆန္ဒကို ပြောပါ။ ကျွန်မတို့ ဘယ်သွားသင့်လဲ။”

ဆိုမု၏ မျက်လုံးတို့က အရောင်တောက်လာ၏။ “သခင်ကြီး ဆိုဟန်ရီကို ရှာသင့်တယ်။ သခင်ကြီးက ခိုးကြောင်ခိုးဝှက် အတိုက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့သာ မြို့ကျသွားတာလို့ သတင်းမှာ ပါတယ်။ မဟုတ်ရင် သူ့သိုင်းပညာစွမ်းရည်နဲ့ဆို သေချာပေါက် ရှုံးမှာ မဟုတ်ဘူး။”

နေရာရှိ လူအားလုံးတို့က သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ “မှန်တယ်။”

ယခင်က အင်အားသုံးသောင်းရှိသည့် သူပုန်တပ်ဖွဲ့က မြို့ကို လာရောက်တိုက်ခိုက်စဉ်က ဆိုဟန်ရီက သူတို့ကို တစ်ရက်တည်းနှင့် အနိုင်ယူခဲ့သည်။ ရန်သူများက ညစ်ပတ်သော လှည့်ကွက်များသုံးကာ သူ့ကို ပြင်းထန်စွာ ဒဏ်ရာမရစေခဲ့လျှင် ထျန်းရွှေမြို့ ကျဆုံးသွားမည် မဟုတ်ပေ။

ဆိုမုက တက်ကြွစွာ ပြောလိုက်သည်။ “သတင်းကောင်းတစ်ခုက သခင်ကြီး အနည်းဆုံး အသက်ရှင်နေသေးတာပဲ။ မြို့စောင့်တပ်တွေက သူ့ကို လွတ်အောင် ကူညီပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ သွားပြီး သူနဲ့ ဆုံသင့်တယ်။ သူ ဒဏ်ရာ သက်သာသွားတာနဲ့ မြို့ကို ပြန်သိမ်းလို့ ရပြီ။”

အခြား စစ်သည်ခေါင်းဆောင်တစ်ဦးကလည်း ခေါင်းညိတ်လိုက်သည်။ “သဘောတူတယ်။ သခင်လေးဆိုလွန်ရဲ့ အရည်အချင်းနဲ့သာဆိုရင် သခင်ကြီးနဲ့ ပူးပေါင်းပြီး မြို့ကို ပြန်သိမ်းနိုင်လိမ့်မယ်။”

ဆိုနင်ပင်းက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ “အစ်ကိုကြီးကို သွားရှာသင့်တယ်လို့ သဘောတူရင် လက်ထောင်ပါ။”

ချက်ချင်းပင် စစ်သည်ခေါင်းဆောင် ငါးဦးလုံး လက်ထောင်လိုက်ကြ၏။

ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ “ကောင်းပြီ။ ရှင်တို့အမြင်တွေကို မောင်လေးကို ပြောပြပေးမယ်။ ပြီးရင် သူ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရအောင်။”

ရဲ့ကျင်းယွီက သတိပေးသည့်ဟန်ဖြင့် ဝင်ပြောလိုက်သည်။ “သခင်ကြီးနဲ့ သွားဆုံမယ်ဆိုရင် အစေခံတွေနဲ့ အိမ်ဖော်မလေးတွေကို ခေါ်သွားလို့ မရဘူး။ လက်နက်တွေနဲ့ ရိက္ခာခြောက်တွေကလွဲပြီး တခြား ဘာမှ သယ်သွားလို့ မရဘူး။”

ဆိုနင်ပင်း ဝမ်းနည်းသွားရသည်။ “ကျန်နေတဲ့ ရွှေဒင်္ဂါးတွေ အကုန်ယူပြီး အစေခံတွေနဲ့ အိမ်ဖော်မလေးတွေကို ခွဲပေးလိုက်ပါ။ သူတို့ကို တော်ဝင်မြို့တော်မှာ နေစရာ တစ်နေရာရာ ရှာခိုင်းလိုက်။ မောင်လေးနဲ့ အစ်ကိုကြီး မြို့ကို ပြန်သိမ်းပြီးတာနဲ့ သူတို့ကို ချက်ချင်း လာခေါ်မယ်။”

**--**--**--**--**--**--**--**

တစ်နာရီ ကြာပြီးနောက် ထျန်းရွှေမြို့စားအိမ်တော်၏ အစေခံများနှင့် အိမ်ဖော်မလေးများသည် မျက်ရည်များဖြင့် ခြံဝင်းထဲ၌ စုရုံးနေကြ၏။

ရှေ့ဆက်ရမည့်ခရီးက အလွန်အန္တရာယ်များလွန်းလှပြီး သူမတို့ကိုယ်သူမ ကာကွယ်ရန် သိုင်းပညာစွမ်းရည်များ မရှိသည့်အတွက် တော်ဝင်မြို့တော်၌သာ ကျန်ရစ်ခဲ့ရမည်သာ။

သူတို့သည် တစ်သက်လုံး ရှာဖွေ၍ရနိုင်သည်ထက် ပိုများသည့် ရွှေဒင်္ဂါးများကို ကိုင်ဆောင်ထားရသော်လည်း သူတို့၏ ရင်ထဲ၌ ဟာတာတာ ဖြစ်နေကြ၏။

ဆိုမိသားစု၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြပြီး သူတို့၏ အိမ်အဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့သည်။ ထို့ပြင် သူတို့၌ အကောင်းဆုံးသခင် ရှိခဲ့၏။

ဆိုလွန်က အရင်က လှပသော အိမ်ဖော်မလေးတိုင်းကို ပရောပရည်လုပ်တတ်သည့် မယုံနိုင်လောက်အောင် မိန်းမလိုက်စားသူ တစ်ဦးဖြစ်ခဲ့သော်လည်း သူ၏ အစေခံများအပေါ် အမြဲတမ်း ကြင်နာတတ်သူ ဖြစ်သည်။

ယခုအခါ သူတို့၌ အိမ်မရှိတော့ပေ။ ငွေရှိနေလျှင်ပင် သူတို့သည် ခြေဦးတည့်ရာ သွားနေရသော လေလွင့်သူများသာ ဖြစ်သွားလေပြီ။

အိမ်တော်ထိန်းကြီးက လက်ယမ်းလိုက်သည်။ “ဘာလို့ ငိုနေကြတာလဲ။ တိတ်ကြတော့။ သခင်မလေး ပေးသွားတဲ့ ငွေတွေကို ဖြစ်သလို မသုံးပစ်ကြနဲ့။ အိမ်တစ်လုံးရှာပြီး အရင်လိုပဲ အတူတူ နေကြမယ်။ ပြီးတော့ သခင့် အတွက် တော်ဝင်မြို့တော်မှာ သတင်းတွေ စုဆောင်းပေးကြမယ်။ သခင်တို့ မြို့ကို သေချာပေါက် ပြန်သိမ်းနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် အိမ်ပြန်ကြမယ်။”

အပိုင်း ၁၃၉ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters