← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အပိုင်း ၁၄၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အစေခံများက သူတို့၏ ရင်တွင်းဖြစ်များကို အသံကျယ်ကျယ် အော်ဟစ်လိုက်ကြသည်။ “မှန်တယ်... မှန်တယ်။ သခင်လေးနဲ့ သခင်ကြီး ဆိုဟန်ရီတို့က ထျန်းရွှေမြို့ကို သေချာပေါက် ပြန်သိမ်းနိုင်မှာပဲ။ ငါတို့ သေချာပေါက် အိမ်ပြန်ရမှာ။”

ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ “တော်ဝင်မြို့တော်မှာ နေတဲ့အချိန် မောင်လေးက မြို့စားကြီး ကျိထင်ကို နင်တို့ကို ကာကွယ်ပေးဖို့ အကူအညီတောင်းထားတယ်။ နင်တို့ အနိုင်ကျင့် မခံရစေရဘူး။ မောင်လေးနဲ့ အစ်ကိုကြီးတို့ ထျန်းရွှေမြို့ကို ပြန်သိမ်းပြီးတာနဲ့ နင်တို့ကို အိမ်ပြန်ခေါ်ဖို့ ချက်ချင်း လူလွှတ်လိုက်မယ်။”

အစေခံများနှင့် အိမ်ဖော်မလေးများအားလုံးက ရှိုက်ကြီးတငင် ခေါင်းညိတ်လိုက်ကြသည်။ “ဟုတ်ကဲ့ပါ...”

အစေခံတစ်ဦးက မျက်ရည်ဝဲသွားသည်။ “သခင်မလေး... ဂရုစိုက်ပါဦး။ သခင်လေး ဆိုလွန်ကိုလည်း သေချာဂရုစိုက်ပေးပါဦး။”

“ကျွန်တော်မျိုးမတို့ကို လုံးဝ မေ့မပစ်ပါနဲ့နော်။ တော်ဝင်မြို့တော်မှာ သခင်မလေးရဲ့ အခေါ်ကို စောင့်နေပါ့မယ်။ ကျွန်တော်မျိုးမတို့ကိုသာ စွန့်ပစ်သွားရင် လေလွင့်နေတဲ့ မိဘမဲ့တွေ ဖြစ်သွားပါလိမ့်မယ်။”

ထိုသည်ကို ကြားသည့်အခါ ဆိုနင်ပင်းသည် သူမ၏ ခံစားချက်များကို ဆက်၍ မထိန်းထားနိုင်တော့ဘဲ ငိုကြွေးလိုက်မိ၏။ သူမ မျက်ရည်များကို သုတ်လိုက်သည်။ “စစ်သည်တွေ အားလုံး အဆင်သင့်ဖြစ်ပြီလား။”

ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့။ စစ်သည် တစ်ရာက လေးနဲ့မြားတွေ အလုံအလောက်နဲ့ အဆင်သင့်ဖြစ်နေပါပြီ။ လူတစ်ယောက်ကို မြင်းနှစ်ကောင်စီ ရှိပြီး သူတို့ရဲ့ ဓားတွေလည်း ထက်မြက်နေပါတယ်။ ကျွန်မတို့ အချိန်မရွေး ထွက်ခွာပြီး တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။”

ဆိုနင်ပင်းက လေးနက်စွာ အမိန့်ပေးလိုက်၏။ “ကောင်းပြီ။ စစ်သည်တိုင်း ဇက်ကြိုးကို ကိုင်ထားရမယ်။ မောင်လေး ပြန်ရောက်တာနဲ့ အစ်ကိုကြီး ဆိုဟန်ရီနဲ့ သွားဆုံဖို့ တော်ဝင်မြို့တော်ကနေ ချက်ချင်း ထွက်ခွာကြမယ်။”

ရဲ့ကျင်းယွီက အသံကျယ်ကျယ်ဖြင့် ဆင့်ခေါ်လိုက်သည်။ “စစ်သည်တွေ အားလုံး... ဘယ်လက်က ဓားကိုကိုင်ပြီး ညာလက်က ဇက်ကြိုးကို ကိုင်ထားကြ။ သခင်လေး ပြန်ရောက်တာနဲ့ သခင်ကြီး ဆိုဟန်ရီကို သွားရှာဖို့ ချက်ချင်း ထွက်မယ်။”

စစ်သည်များအားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။ “အမိန့်အတိုင်းပါ...။”

**--**--**--**--**--**--**--**

အချိန်အနည်းငယ် ကြာပြီးနောက် ဆိုလွန်တစ်ယောက် စစ်ဝတ်စုံကို ဝတ်ဆင်ကာ မြို့စားအိမ်တော်အတွင်းသို့ ဝင်ရောက်လာ၏။ ခြံဝင်းထဲရှိ မျက်ရည်ကျနေသည့် အစေခံများကို သူ မြင်လိုက်ရသည်။

မြို့စားကြီး ကျိထင်၏ အိမ်တော်မှ ခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး ဤအစေခံများကို ကာကွယ်ပေးရန် မြို့စားကြီးအား အကူအညီတောင်းခံထားခြင်း ဖြစ်၏။

ဆိုလွန်က အစေခံများအား ကြည့်ကာ လေးနက်စွာ မိန့်ဆိုလိုက်သည်။ “မင်းတို့ နေဖို့ နေရာတစ်ခုနဲ့ စီမံခန့်ခွဲဖို့ ဆိုင်တစ်ဆိုင်ကို ငါ ရှာပေးထားတယ်။ မြို့စားကြီး ကျိထင်က မင်းတို့ကို ကာကွယ်ပေးဖို့ သဘောတူထားတဲ့အတွက် ဘယ်သူမှ မင်းတို့ကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ တော်ဝင်မြို့တော်မှာ စိတ်အေးအေးနဲ့ စောင့်နေကြပါ။ ငါ ထျန်းရွှေမြို့ကို ပြန်သိမ်းပြီးတာနဲ့ မင်းတို့ကို ချက်ချင်း အိမ်ပြန်ခေါ်မယ်။”

အိမ်တော်ထိန်းများနှင့် အစေခံများအားလုံးက ပြန်ဖြေလိုက်ကြသည်။ “ဟုတ်ကဲ့ပါ သခင်လေး။”

ဆိုလွန်က လက်ဟန်ပြလိုက်သည်။ “သွားကြတော့။ ဒီမိန်းမစိုးက မင်းတို့ကို အိမ်သစ်ဆီ ခေါ်သွားပေးလိမ့်မယ်။”

မိန်းမစိုးက ဝင်ရောက်ခေါ်ဆောင်လိုက်သည်။ “ငါ့နောက်ကို လိုက်ခဲ့ကြ။ ဒီလောက် သဘောကောင်းတဲ့ သခင်မျိုး ရထားတာ မင်းတို့ ကံကောင်းတာပဲ။”

ထို့နောက် မြို့စားကြီး ကျိထင်၏ မိန်းမစိုးက ဆိုလွန်ကို ဦးညွှတ်လိုက်သည်။ “သခင်လေး ဆိုလွန်... မကြာခင်မှာ ထျန်းရွှေမြို့ကို အောင်မြင်စွာ ပြန်သိမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”

ဆိုလွန်က ခေါင်းညိတ်ပြလိုက်သည်။ “အင်း... ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

အိမ်တော်ထိန်းမှ ဦးဆောင်ပြီး ဒါဇင်ပေါင်းများစွာသော အစေခံများနှင့် အိမ်ဖော်မလေးများတို့က ဒူးထောက်၍ မြေကြီးပေါ်သို့ ခေါင်းသုံးကြိမ် ဦးချလိုက်ကြ၏။

အိမ်တော်ထိန်းက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။ “သွားကြမယ်... မငိုကြနဲ့တော့။ ဒါကို မှတ်ထား... သခင်လေးက ထျန်းရွှေမြို့ကို သေချာပေါက် ပြန်သိမ်းနိုင်လိမ့်မယ်။ ပြီးတော့ ငါတို့ သေချာပေါက် အိမ်ပြန်ကြရမယ်။”

ထို့နောက် ရွှေဒင်္ဂါးအိတ်များကို သယ်ဆောင်ကာ ဒါဇင်ပေါင်းများစွာသော အစေခံတို့သည် အိမ်တော်ထိန်းနှင့် မြို့စားကြီး ကျိထင်၏ လူများနောက်သို့ လိုက်ကာ မြို့စားအိမ်တော်ထဲမှ ထွက်ခွာသွားကြပြီး သူတို့၏ သခင်များကို ချန်ရစ်သွားကြသည်။

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီက နှင်းကဲ့သို့ဖြူဖွေးနေသည့် မြင်းတစ်ကောင်ကို ဆိုလွန်ထံ ယူဆောင်လာပေးသည်။

ဆိုလွန်သည်လည်းမတ်မတ်ရပ်ကာ သူ၏ ရှေ့ရှိ အပြည့်အဝ တပ်ဆင်ထားသော မိသားစုစစ်သည် တစ်ရာကို ကြည့်လိုက်၏။

တင်းကျပ်သည့် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဆိုနင်ပင်းက ဆိုလွန်ထံ လျှောက်လာပြီး မျက်မှောင်ကျုံ့လိုက်သည်။ “မောင်လေး... မိသားစုစစ်သည်တွေက ငါတို့ အစ်ကိုကြီးနဲ့ သွားဆုံသင့်တယ်လို့ ထင်နေကြတယ်။ နင်ကရော ဘယ်လိုထင်လဲ။”

ဆိုလွန်က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ဆိုဟန်ရီကို သွားရှာမယ်လို့ ဘယ်သူပြောလဲ။ ငါ့နောက်ကိုသာ လိုက်ခဲ့... ဘယ်သွားမလဲဆိုတာ မမေးနဲ့။”

သူ၏ စကားများကြောင့် မိသားစုစစ်သည်များအားလုံးတို့က အံ့ဩသွားကြ၏။

ဆိုလွန်က ထပ်မံ၍ အော်ဟစ်လိုက်သည်။ “ငါ့နောက်ကိုသာ လိုက်ခဲ့။ ဘယ်သွားမလဲဆိုတာ မမေးနဲ့။”

မိသားစုစစ်သည်များက ပြန်လည်အော်ဟစ်လိုက်ကြ၏။ “ဟုတ်ကဲ့ပါ။”

မြို့စားအိမ်တော်ကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆိုလွန် ရှေ့သို့သွားရန် ဇက်ကြိုးကို ခါယမ်းလိုက်၏။ “သွားကြမယ်။ မြို့ပြင်ကို ထွက်မယ်။”

ထိုသို့ဖြင့် စစ်သည် တစ်ရာနှင့် စစ်မြင်း နှစ်ရာတို့က တော်ဝင်မြို့တော်၏ လမ်းမများတစ်လျှောက် ဒုန်းစိုင်းပြေးသွားကြသည်။ သူတို့၏ မြင်းခွာသံများက တိတ်ဆိတ် မှောင်မိုက်နေသည့် အရုဏ်ဦးကို ဖြိုခွင်းလိုက်ပြီး လျှပ်စီးတန်းသဖွယ် အမြန်ပြေးထွက်သွားကြ၏။

လမ်းတစ်လျှောက်ရှိ ပြတင်းပေါက်များစွာ ပွင့်လာပြီး ဆိုလွန်နှင့် သူ၏လူများ ထွက်ခွာသွားသည်ကို သနားကြင်နာမှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့၏ စိတ်ထဲ၌ ဆိုလွန် တစ်ကြိမ် ထွက်သွားသည်နှင့် တော်ဝင်မြို့တော်သို့ အသက်ရှင်လျက် ပြန်မလာနိုင်တော့သလို ထျန်းရွှေမြို့သို့လည်း အသက်ရှင်လျက် ပြန်ရောက်မည်မဟုတ်ဟု တွေးနေကြ၏။

အခြားသော အထက်တန်းလွှာများကလည်း မျှဝေခံစားနေရသည့် ဝမ်းနည်းမှုမျိုးဖြင့် တွေးလိုက်ကြသည်။

‘ဆိုမိသားစုတော့ ဒီနေ့ ပြီးဆုံးသွားပြီပဲ။’

**--**--**--**--**--**--**--**

ဆိုလွန် သူ၏ မိသားစုစစ်သည် တစ်ရာကျော်ကို ဦးဆောင်ကာ တော်ဝင်မြို့တော်၏ အရှေ့ဘက်ဂိတ်တံခါးမှ ထွက်ခွာလာ၏။ ရုတ်တရက် တစ်စုံတစ်ယောက်က သူတို့၏ လမ်းကို ပိတ်ရပ်လိုက်သည်။

ကျိလီ၏ အနား၌ ခစားရသည့် မိန်းမစိုးကြီး လီချန်လျန်ပင်။

လီချန်လျန်က လမ်းပိတ်ရပ်လိုက်သည်။ “ကျွန်တော့်သခင်က သခင်လေး ဆိုလွန်ကို စကားပြောဖို့ လေးလေးနက်နက် ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။”

ဆိုလွန်ကမူ သူ၏မြင်းကို မရပ်တန့်ဘဲ လီချန်လျန်နှင့်အတူ ရှေ့ရှိ ရထားလုံးတစ်စီးဆီသို့ မြင်းစီးသွားလိုက်၏။

ကျိလီက ရထားလုံးထဲမှ ထွက်လာကာ ဆိုလွန်အား စိုက်ကြည့်လိုက်သည်။ “ထျန်းရွှေမြို့က ရန်သူ့လက်ထဲ ကျသွားပြီ။ ဒါပေမဲ့ မင်း လွတ်အောင် ပြေးနိုင်တယ်။ ဘာလို့ ငါ့ဆီမှာ နေပြီး မကူညီရတာလဲ။”

ဆိုလွန်က တိတ်ဆိတ်နေပြီး ရှေ့သို့ ဆက်သွားနေ၏။

ကျိလီက အေးစက်စွာ ဆက်ပြောသည်။ “လောကကြီးက ကျယ်ပြောလှပေမဲ့ မင်း ပုန်းအောင်းဖို့ နေရာ မရှိတော့ဘူး။ တော်ဝင်မြို့တော်ကနေ ထွက်သွားတာနဲ့ မင်း သေလမ်းကိုပဲ တွေ့ရလိမ့်မယ်။ ငါ့အောက်မှာ အမှုထမ်းဖို့ ဒီမှာ ဆက်နေတာက မင်း အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော လမ်းပဲ။”

ကျိလီ၏ အသံက ခြိမ်းခြောက်နေသည့်ဟန် မပေါ်ဘဲ တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်ခြင်းပင်။

သို့သော် သူ၏ စကားများက တော်ဝင်မြို့တော် အပြင်ဘက်၌ သေစေနိုင်သည့် ထောင်ချောက်များက ဆိုလွန်ကို စောင့်ကြိုနေကြောင်း ရှင်းရှင်းလင်းလင်း သိစေသည်။

ကျိလီက သက်ပြင်းချလိုက်သည်။ “အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိပါသေးတယ်။ ထျန်းရွှေမြို့က ဆုံးရှုံးသွားပြီဆိုတော့ ခေါင်းမာပြီး ဆုပ်ကိုင်မထားပါနဲ့တော့။ အရေးအကြီးဆုံးက မင်းနဲ့ မင်းရဲ့ အစ်မ ဆိုနင်ပင်းတို့ အသက်ရှင်နေဖို့ပဲ။ အခု မင်း ထွက်သွားရင် မင်း သေရုံသာမကဘူး... မင်းလူတွေ အကုန်လုံးလည်း သေရလိမ့်မယ်။ ငါ့မှာ တခြား ရွေးချယ်စရာ မရှိပေမဲ့ မင်းမှာ ရွေးချယ်ခွင့် ရှိသေးတယ်။”

ဆိုလွန်က ကျိလီကို ကြည့်လိုက်ပြီး သူ၏ စကားများထဲရှိ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို နားလည်လိုက်၏။ တော်ဝင်မြို့တော်၏ အပြင်ဘက် မိုင်တစ်ရာအတွင်း၌ သူသည် အဆုံးမရှိသော လိုက်လံဖမ်းဆီးမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ရင်ဆိုင်ရပေလိမ့်မည်။

သူနှင့် မိသားစုစစ်သည် တစ်ရာသာ ရှိသဖြင့် ထိုအဆုံးမရှိသည့် သတ်ဖြတ်မှုကြီးမှ သူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ တစ်ခုတည်းသော ရလဒ်မှာ လုံးဝ ပျက်စီးသွားပြီး ဆိုမိသားစု နိဂုံးချုပ်သွားခြင်းသာ ဖြစ်လိမ့်မည်။

ကျိလီ၏ အမြင်အရ သူ၏အောက်၌ အမှုထမ်းရန် တော်ဝင်မြို့တော်၌ ဆက်နေခြင်းကသာ အသက်ရှင်ရန် တစ်ခုတည်းသော လမ်းဖြစ်၏။ ထိုအရာက တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပုံရသည်။

ဆိုလွန်၏ မျက်လုံးတို့က အရောင်တောက်လာသည်။ “အရှင်မင်းသား ကျိလီ... ကျွန်တော်တို့ လောင်းကြေးတစ်ခု လုပ်ရင် ဘယ်လိုလဲ။”

ကျိလီက မျက်ခုံးပင့်လိုက်၏။ “ပြောပါဦး။”

ဆိုလွန်က လေးနက်စွာ ပြောလိုက်သည်။ “ကျွန်တော့်ကို ငါးလ အချိန်ပေးပါ။ ငါးလအတွင်း ထျန်းရွှေမြို့ကို ကျွန်တော် ပြန်သိမ်းနိုင်ရင် ကျွန်တော် နိုင်တယ်။ ကျရှုံးရင် ကျွန်တော် ရှုံးတယ်။”

ကျိလီက မျက်မှောင်ကျုံ့လိုက်သည်။ “မင်း နိုင်ရင် ဘာဖြစ်ပြီး... မင်း ရှုံးရင်ရော ဘာဖြစ်မလဲ။”

ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်တော် ရှုံးရင် ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ အားလုံးကို စွန့်လွှတ်ပြီး အရှင်မင်းသားကို ခန္ဓာရော စိတ်ပါနှစ်ပြီး အမှုထမ်းပါ့မယ်။ အရှင်မင်းသားရဲ့ ဘယ်ရန်သူကိုမဆို... အဲဒီရန်သူက တိုင်းပြည်ရဲ့ အုပ်ချုပ်သူဖြစ်နေရင်တောင်မှ တိုက်ခိုက်ဖို့ ကူညီပေးပါ့မယ်။”

ကျိလီ၏ မျက်လုံးတို့က စူးရှစွာ ကျဉ်းမြောင်းသွား၏။ “ ဆိုလွန်... မောင်မင်း အတည်ပြောနေတာလား။”

ထို့နောက် ကျိလီက မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ “ကောင်းပြီ။ မင်းကို ငါးလ အချိန်ပေးမယ်။ ငါးလအတွင်း ထျန်းရွှေမြို့ကို မင်း ပြန်မသိမ်းနိုင်ရင် မင်း ငါ့လူ ဖြစ်ရမယ်။”

ထို့နောက် ကျိလီက ရထားလုံးထဲသို့ ပြန်ဝင်သွားသည်။ “ဆိုလွန်... ဒီငါးလအတွင်းမှာ မင်းကို သတ်ဖို့ ငါ ဘယ်သူ့ကိုမှ စေလွှတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ထျန်းရွှေမြို့ကို မင်း ပြန်မသိမ်းနိုင်အောင် ငါ့မှာရှိတဲ့ စွမ်းအားအားလုံးသုံးပြီး တားဆီးမယ်။ မင်းကို သတ်ဖို့ ကြိုးစားမယ့် တခြားလူတွေကိုတော့ ငါ မထိန်းချုပ်နိုင်ဘူး။ ငါ ဒီလောင်းကြေးကို အလေးအနက်ထား ဆောင်ရွက်မယ်။”

ထို့နောက် ကျိလီ၏ ရထားလုံးက ထွက်ခွာသွားလေတော့၏။

ဆိုလွန်၌ အချိန်ငါးလနှင့် စစ်သည် တစ်ရာခန့်သာ ရှိပြီး နယ်မြေမရှိသလို စစ်တပ်ကြီးလည်း မရှိပေ။ သောင်းနှင့်ချီသည့် သူပုန်စစ်သည်များ စောင့်ကြပ်နေသော ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခြင်းက ကောင်းကင်ဘုံသို့ သွားရသကဲ့သို့ ခက်ခဲပေလိမ့်မည်။

ထိုအရာက စာမေးပွဲ၌ ပထမနေရာရရန်ထက် များစွာ ပို၍ ခက်ခဲနေသည်။ မျှော်လင့်ချက် အရိပ်အယောင်လေးကိုပင် မမြင်ရချေ။

ဆိုလွန်က အော်ဟစ်လိုက်သည်။ “ထွက်မယ်။”

မိသားစုစစ်သည်များကို ဦးဆောင်ကာ တော်ဝင်မြို့တော်မှ မြင်းကို ဒုန်းစိုင်းစီးထွက်လာပြီး အမည်မသိ လမ်းကြောင်းတစ်ခုအတိုင်း အရှေ့ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ထွက်ခွာသွားလိုက်သည်။

**--**--**--**--**--**--**--**

လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်ဖြင့် သွားနေကြရာ မကြာမီမှာပင် သူတို့ မြို့ပြင် ဆယ်မိုင်ခန့်သို့ ရောက်ရှိလာကြသည်။

ရုတ်တရက် ရှေ့ရှိ ကျယ်ဝန်းသော လမ်းမကြီးပေါ်၌ နှင်းကဲ့သို့ ဖြူဖွေးနေသည့် မြင်းတစ်ကောင် ပေါ်လာ၏။ ထိုမြင်းပေါ်၌ စီးနင်းလာသူမှာ မိန်းမပျိုလေးတစ်ဦးပင်။

သူမ၏ အလှတရားက လောကကြီး၏ စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို စုဆောင်းထားသကဲ့သို့ လောကီစံနှုန်းများနှင့် တိုင်းတာ၍ မရနိုင်ပေ။

သူမက အလွန်လှပလွန်းလှသဖြင့် ကျိနင်နှင့် ဆိုနင်ပင်းတို့ကဲ့သို့ အလွန်လှပသည့် မိန်းမချောလေးများပင် သူမနှင့် မယှဉ်သာချေ။

ဆိုလွန်၏ ဘဝတစ်လျှောက်လုံး ၊ အတိတ်၌ဖြစ်စေ လက်ရှိမှာဖြစ်စေ ဤမျှ ပြိုင်ဘက်ကင်းလှပသော မိန်းမတစ်ဦးကို ဆိုလွန် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သူမက နှင်းရောင် ပိတ်ပါးလွှာဂါဝန်ကို ဝတ်ဆင်ထားပြီး လက်ထဲ၌ ရိုးရှင်းသော ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။ တော်ဝင်မြို့တော်ဆီသို့ တစ်ယောက်တည်း ခရီးနှင်လာခြင်း ဖြစ်သည်။

သူမ၏ မျက်နှာက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးပြီး အေးစက်နေကာ မျက်လုံးများက ရေကဲ့သို့ ကြည်လင်နေ၏။ သူမ၌ အထီးကျန်ဆန်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် အငွေ့အသက် ရှိနေသဖြင့် အထိအတွေ့ မခံနိုင်သူတစ်ဦးနှင့် တူနေသည်။

သူမ ပေါ်လာမှုက သူမ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို နောက်ခံကားချပ်တစ်ခုမျှသာ ဖြစ်သွားစေ၏။ အသက်ဝင်နေသည့် ပန်းချီကားတစ်ချပ်နှင့် တူနေသည်။

သူမ၏ အလှတရားက အလွန်တရာ ဆွဲဆောင်မှုရှိလွန်းလှသဖြင့် လေထုကိုပင် အေးခဲသွားစေသကဲ့သို့ ထင်မှတ်စေရ၏။

သူမကို ယခင်က မမြင်ဖူးသော်လည်း မည်သူဖြစ်သည်နည်းကို ဆိုလွန် ချက်ချင်း မှတ်မိလိုက်၏။

သူမက ဘုရင်ကျိပိုင်၏ တစ်ဦးတည်းသော သွေးသားရင်းဖြစ်ပြီး မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အထက်မြက်ဆုံးသော ဆက်ခံသူ မင်းသမီး ကျိယန်ပင်။

သူမ၏ အဆင့်အတန်းက အလွန် မြင့်မားသော်လည်းပဲ တော်ဝင်မြို့တော်သို့ မြင်းတစ်ကောင်ဖြင့် တစ်ယောက်တည်း ပြန်လာနေ၏။

ဆိုလွန်၏ တပ်ဖွဲ့များ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ မင်းသမီး ကျိယန်က သူမ၏ ဇက်ကြိုးကို ညင်သာစွာ ဆွဲလိုက်ပြီး သူတို့ကို ဖြတ်သွားခွင့်ပြုရန် လမ်းဘေးသို့ ဆင်းပေးလိုက်သည်။ ဆိုလွန်နှင့် သူ၏ မြင်းစီးသူရဲ တစ်ရာတို့သည် သူမကို အရှိန်ဖြင့် ဖြတ်ကျော်သွားကြ၏။

စက္ကန့်အနည်းငယ်မျှ သူတို့၏ မျက်လုံးချင်း ဆုံသွားကြသည်။ ထိုအခိုက်အတန့်၌ သူမ၏ မျက်လုံးများက အာကာသထဲရှိ ကြယ်များကဲ့သို့ တောက်ပပြီး ကျယ်ပြောလှသည်ဟု ဆိုလွန် တွေးလိုက်မိ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆိုလွန်၏ တပ်ဖွဲ့များ ပျောက်ကွယ်သွားပြီး လေထုထဲ၌ ဖုန်မှုန့်များသာ ကျန်ရစ်ခဲ့သည်။

မင်းသမီး ကျိယန်၌ အညစ်အကြေး တစ်စက်မျှပင် မစွန်းထင်းပေ။ သူမက မြင်းကို လမ်းပေါ်သို့ ညင်သာစွာ ပြန်လှည့်လိုက်ပြီး တော်ဝင်မြို့တော်ဆီသို့ သူမ၏ ခရီးကို ဆက်နှင်သွားလိုက်၏။

အစ်မဖြစ်သူ ဆိုနင်ပင်းက ဆိုလွန်၏ အနားသို့ ကပ်၍ မြင်းစီးလာကာ တိုးညှင်းစွာ မေးမြန်းလိုက်သည်။ “မောင်လေး... အစ်မတို့ ဘယ်ကို သွားနေကြတာလဲ။”

ဆိုလွန်က ခေါင်းမော့လိုက်သည်။ “လင်ဟိုင်မြို့ကို သွားနေတာ။ ကွေ့ချင်းရှောင်းကို လက်ထပ်မယ်။ တစ်ချိန်တည်းမှာပဲ ယောက္ခမလောင်းဖြစ်တဲ့ သခင်ကြီး ကွေ့ရှင်းဖူ ကျွန်တော်တို့အပေါ် နှစ် နှစ်ဆယ်တိတိ တင်နေတဲ့ ကျေးဇူးကြွေးကြီးကို ပြန်တောင်းမယ်။ သူ့ဆီကနေ စစ်သည်တွေ ၊ ငွေတွေနဲ့ နယ်မြေကို ကျွန်တော်တို့ ငှားမယ်။”

ဆိုနင်ပင်းက မျက်နှာပျက်သွား၏။ “ဒါက... ဒါက အရမ်း ခက်လိမ့်မယ်။ လူတွေက ကောင်းနေတဲ့အချိန် ပိုကောင်းအောင် လုပ်ပေးဖို့ပဲ ဝါသနာပါကြပြီး ဒုက္ခရောက်နေချိန်မှာ ကူညီပေးတာ ရှားတယ်။ ကွေ့ရှင်းဖူက အစ်မတို့အပေါ် ကြီးမားတဲ့ ကျေးဇူးကြွေး တင်နေရင်တောင်မှ အဲဒီအတိုင်းပဲ ဖြစ်လိမ့်မယ်။”

ဆိုလွန်က လက်သီးဆုပ်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ငှားမယ်လို့ ပြောရင် မငှားလို့ မရဘူး။ လက်ထပ်မယ်လို့ ပြောရင် လက်မထပ်လို့ မရဘူး။”

ဆိုလွန်၏ စကားများက လုံးဝ ယုံကြည်ချက်အပြည့်ဖြင့် ရှိနေ၏။

ငါးလအတွင်း ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်မည့် သူ၏ ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်သည့် အစီအစဉ်သည် သူ၏ စေ့စပ်ထားသူမှ စတင်ကာ လင်ဟိုင်မြို့၌ အစပြုတော့မည် ဖြစ်လေ၏။

အပိုင်း ၁၄၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဖတ်စရာမရှိဖြစ်နေသလား။ စာစဥ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်လေ။

ဂုဏ်ရောင်လွှမ်းမည့် အပြန်ခရီး။

Fmc စာစဥ်တွေထဲမှာ ဒီစာစဥ်လေး အတော်မိုက်တယ်ပြောရမယ်။ ပြတ်သားတယ်။ အားရ​တယ်။ သူ့ ဇာတ်အိမ်ကလည်း စိတ်ဝင်စားစရာလေးပဲ။

ဇာတ်အိမ်အကျဥ်းချု​ပ်ကို ပြောရရင် တော်ဝင်မျိုးနွယ်ကြီးတစ်ခုက ပျက်စီးသွားတယ်။ အဲမျိုးနွယ်စုကြီးရဲ့ သခင်မလေးဖြစ်တဲ့ ဝိန်းယွီက စေ့စပ်ထားတဲ့ သတို့သားလောင်းဆီကို အကူအညီတောင်းဖို့ မိုင်ထောင်ချီခရီးကို စတင်ခဲ့တယ်။ ဒါပေမဲ့ လမ်းခရီးမှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် ကျွန်ကုန်သည်တွေရဲ့ အဖမ်းကိုခံလိုက်ရတယ်။ အဲနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် လူကောင်ကြီးပြီး ရက်စက်ပုံပေါ်ပေမဲ့ ကြင်နာတတ်တဲ့ လူမိုက်ရှောင်လိရဲ့ အိမ်ကို ရောက်သွားတယ်ပေါ့။ နောက်ဆက်ပြီး ဘာဖြစ်မလဲ။

ဒီစာစဥ်ရဲ့ အကောင်းဆုံး အားသာချက်က ဇာတ်အိမ်လို့ကို ပြောရမယ်။ ကလဲ့စားချေတာတွေကို တဝကြီးဖတ်ရမှာ ဖြစ်သလို စောင်လည်း ကိုက်ရဦးမယ်။ မြုပ်ကွက်တွေအများကြီးနဲ့ ဖတ်မဝဖြစ်စေမဲ့ စာစဥ်ကောင်း တစ်ပုဒ်လေးပါပဲဗျ။

အားနည်းချက်အနေနဲ့ ဘာသာပြန်အရေးအသား တစ်ခုပဲရှိပါမယ်ဗျ။

Free ပေးထားသလောက် စမ်းဖတ်ကြည့်သင့်ပြီး ကြိုက်နှစ်သက်ရင် ဝယ်ယူဖတ်ရှုအားပေးသင့်တဲ့ စာစဥ်ကောင်းတစ်ခုပါပဲဗျ။

End ဖို့လည်း အပိုင်း ၄၀ လောက်ပဲ လိုပါတော့တယ်ဗျ။ mmxianxia မှာ ဖတ်ရှုနိုင်သလို Telegram Channel မှာလည်း ဖတ်ရှုနိုင်ပါတယ်ပြီ။

Mmxianxia – https://mmxianxia.com/novels/the-road-to-glory/

Telegram channel – https://t.me/OrchidSarPayFreeChannel

All Chapters