အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) - မိုးကြိုးဘေးဒဏ်
ကောင်းကင်ပြင်တစ်ခွင်၌ မည်းမှောင်နေသော မိုးတိမ်များ အုံ့မှိုင်းနေကာ ကြည်လင်နေသော ကောင်းကင်ယံကို အမှောင်ထုအဖြစ် ပြောင်းလဲပစ်လိုက်၏။
ဤထူးဆန်းသော ဖြစ်စဉ်သည် လူ့လောက၊ နတ်သက်ကြွေလောကနှင့် နတ်ဘုရားလောကတို့၌ တစ်ပြိုင်နက် ဖြစ်ပေါ်နေခြင်းပင်။
မိုးတိမ်များကြားမှ ရံဖန်ရံခါ လက်ခနဲ ဖြစ်သွားသော လျှပ်စီးတန်းများကို ကြည့်ကာ လူသားတို့သည် သူတို့၏ ဝိညာဉ်အတွင်းပိုင်းအထိ ထိတ်လန့်တုန်လှုပ်နေကြလေသည်။
"ကောင်းကင်ဘုံ အမျက်ထွက်နေပြီ။ ကောင်းကင်ဘုံ အမျက်ထွက်နေပြီ။"
ထိုလူသားတို့သည် နေရာတွင်ပင် ဒူးထောက်ကာ ကောင်းကင်ဘုံ၏ ကရုဏာတော်ကို အသနားခံနေကြပြီး မိုးတိမ်များ ဖုံးလွှမ်းနေသော ကောင်းကင်ပြင်ကို တည့်တည့်ပင် မကြည့်ဝံ့ကြချေ။
နတ်သက်ကြွေလောကတွင်မူ အဆင့်မြင့် ကျင့်ကြံသူ အများအပြားသည် သူတို့၏ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကြ၏။
နတ်ဂိုဏ်းများမှ တပည့်များ၊ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် သာမန်လူများသည် ကောင်းကင်ယံကို မော့ကြည့်နေကြသည်။
သူတို့၏ မျက်နှာပေါ်တွင် အမူအရာအမျိုးမျိုး ရှိနေသော်လည်း အများစုမှာ ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းနေလေသည်။
နတ်သက်ကြွေလောက၏ ရှည်လျားသော သမိုင်းတစ်လျှောက်တွင် ယခုကဲ့သို့ မိုးတိမ်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
နတ်သက်ကြွေလောက၏ အင်အားအကြီးဆုံးဂိုဏ်း၏ ခန်းမဆောင်ကြီးအတွင်း၌ နတ်ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများအားလုံးနီးပါး မျက်နှာအပျက်ပျက်ဖြင့် စုရုံးနေကြ၏။
အဓိကထိုင်ခုံတွင် ထိုင်နေသော အဘိုးအိုတစ်ဦးက ဧည့်သည်များကို ကြည့်ကာ မေးလိုက်လေသည်။
"တာအိုရောင်းရင်းတို့။ အခု ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက် သိကြသလား။"
သူ့အောက်တွင် ထိုင်နေသော အသက်အကြီးဆုံး အဘိုးအိုက မျက်နှာမော့ကာ ခန်းမအတွင်းရှိ လူအားလုံးကို ကြည့်လိုက်ပြီးနောက် အဓိကထိုင်ခုံမှ အဘိုးအိုကို ပြန်ကြည့်လိုက်သည်။ သူက မိမိ၏ ရှည်လျားသော မုတ်ဆိတ်ဖြူကို သပ်လိုက်ပြီး ပြောလိုက်၏။
"ဂိုဏ်းချုပ်မော့။ ကျုပ်ဆီမှာ မှန်းဆချက်တစ်ခုတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါက သိပ်တော့ မသေချာဘူး။"
ဂိုဏ်းချုပ်မော့က အဘိုးအိုကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်စူး။ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောပါဦး။"
ဂိုဏ်းချုပ်စူးက သူ၏ မုတ်ဆိတ်ဖြူကို နောက်တစ်ကြိမ် သပ်လိုက်ပြီးနောက် ကောင်းကင်ယံ၌ မြင့်မားစွာ တွဲလောင်းကျနေဆဲဖြစ်သော မည်းမှောင်သည့် မိုးတိမ်များကို ကြည့်လိုက်၏။ ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင် သူက လေးလံသော လေသံဖြင့် ပြောလိုက်လေသည်။
"နတ်ဘုရားလောကမှာ မိုးကြိုးဘေးဒဏ်ကို ကျော်ဖြတ်နေတဲ့ နတ်ဘုရားတစ်ပါး ရှိနေတယ်။"
ခန်းမဆောင်ကြီးအတွင်း ထိုင်နေသူအားလုံးသည် သူပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် အလန့်တကြား ဖြစ်သွားကြပြီး ပြင်ပရှိ မည်းမှောင်နေသော မိုးတိမ်များကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ယခုကဲ့သို့ အတိုင်းအတာကြီးမားလှသော မိုးကြိုးဘေးဒဏ်မျိုးကို သူတို့ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
သူတို့၏ မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်သော အမူအရာများ ရှိနေကြပြီး နှလုံးသားထဲတွင်လည်း ကြောက်ရွံ့မှုများ စိမ့်ဝင်လာခဲ့သည်။
လူ့လောကနှင့် နတ်သက်ကြွေလောကတို့တွင် ဖုံးလွှမ်းနေသော ကြောက်ရွံ့ထိတ်လန့်မှုများနှင့် မတူဘဲ ဤအချိန်တွင် အမှောင်လောက သုံးခု၏ အုပ်စိုးသူများသည် မိစ္ဆာလောက၌ တည်ငြိမ်စွာ စုရုံးနေကြ၏။
သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့စိုးရိမ်မှုများ မရှိဘဲ စိတ်လှုပ်ရှားမှုနှင့် သွေးဆာနေသည့် အမူအရာများကိုသာ မြင်တွေ့နိုင်လေသည်။
အကယ်၍ ထိုနတ်ဘုရားသည် မိုးကြိုးဘေးဒဏ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားပါက နတ်ဘုရားများ၏ နယ်မြေကို သိမ်းပိုက်ရန် သူတို့၏ အစီအစဉ်သည် မစတင်မီမှာပင် ပျက်စီးသွားမည်ကို ထိုအုပ်စိုးသူ သုံးဦးလုံး သိထားကြ၏။
အကယ်၍ ထိုနတ်ဘုရားသာ ကျရှုံးသွားပါက သူတို့အတွက် နတ်ဘုရားနယ်မြေများကို သိမ်းပိုက်နိုင်ရန် အခွင့်အရေး ပိုများလာမည်ပင်။
အုပ်စိုးသူ သုံးဦးလုံး အတူတကွ ထိုင်နေကြပြီး သူတို့၏ အစီအစဉ်များကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
တောက်ပသော အနာဂတ် ဖြစ်လာမလား သို့မဟုတ် မှောင်မိုက်သော လမ်းခရီး ဖြစ်မလား ဆိုသည်မှာ မိုးကြိုးဘေးဒဏ် ခံယူနေသော ထိုနတ်ဘုရား၏ ကံကြမ္မာပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေပေသည်။
အမှောင်လောက သုံးခု၏ အစီအစဉ်ကို သိရှိထားသော နတ်ဘုရားများသည် သူတို့၏ စစ်တပ်အားလုံးနီးပါးကို စုရုံးစေပြီး ကောင်းကင်တိုင်ရှိ အကာအကွယ်အတားအဆီးကို ကောင်းကင်ဧကရာဇ်သည် အဝေးရှိ အစီအရင်ကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်ထားသည်။
သူ၏ အကြည့်သည် အစီအရင်ထက်မှ မခွာဘဲ ခန့်ညားထည်ဝါလှသော လေသံဖြင့် ကံကြမ္မာနတ်မင်းကို ခေါ်လိုက်၏။
"ကြယ်တာရာအရှင် စီမင်း။ ဘယ်လိုလဲ။ အခု သူမရဲ့ ကံကြမ္မာကို မင်း မြင်နိုင်ပြီလား။"
သူက တည်ငြိမ်စွာ မေးလိုက်သည်။
စီမင်းသည် ရှေ့သို့ တစ်လှမ်းတိုးကာ ကောင်းကင်ဧကရာဇ်ကို အလေးပြုလိုက်၏။ ထို့နောက် စီမင်းသည် ခါးကို မတ်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းကင်ဧကရာဇ်ကို တင်ပြလိုပါတယ်။ ကျွန်တော်မျိုးဟာ စစ်မှန်သောနတ်ဘုရားမ ကျူးလင်ရဲ့ ကံကြမ္မာကို အခုထိ မမြင်နိုင်သေးပါဘူး ဘုရား။"
ကောင်းကင်ဧကရာဇ်၏ နောက်ကွယ်ရှိ တိမ်တိုက်စင်မြင့်ပေါ်တွင် ရပ်နေကြသော နတ်ဘုရားအားလုံးသည် အစီအရင်ကို တည်ငြိမ်စွာ ကြည့်နေကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင်မူ စိုးရိမ်မှုများ ရောယှက်နေသည့် မျှော်လင့်ချက်များ ရှိနေကြ၏။
သူမသည် ကောင်းကင်ဧကရာဇ်အပြင် စစ်မှန်သော နတ်ဘုရားအဖြစ် မွေးဖွားလာသည့် တစ်ဦးတည်းသော နတ်ဘုရားမ ဖြစ်ပေသည်။
အကယ်၍ သူမသည် ဤဘေးဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး မိစ္ဆာနတ်ဘုရားနှင့်အပြိုင် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာမည်ပင်။
ထိုအခါ သူမသည် သတ္တဝါအားလုံး၏ ကံကြမ္မာကို ကျော်လွန်ကာ လောကဘုံခြောက်ပါးကို ကယ်တင်နိုင်မည်ဖြစ်ပြီး မိစ္ဆာနတ်ဘုရားကိုလည်း အပြတ်အသတ် သတ်ဖြတ်နိုင်မည် ဖြစ်သည်။
အကယ်၍ သူမ ကျရှုံးသွားခဲ့လျှင်မူ လောကဘုံခြောက်ပါးသည် ပရမ်းပတာခေတ်အတွင်းသို့ ကျရောက်သွားပေလိမ့်မည်။
အစီအရင်၏ အလယ်ဗဟိုတွင် ကျူးလင်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေ၏။
သူမ၏ စွမ်းအင်ကြောများ ပြတ်တောက်နေပြီး နတ်ဘုရားအမြုတေမှာလည်း အက်ကွဲကြောင်းများ ထင်နေပြီ ဖြစ်သည်။
သူမသည် လက်ထဲတွင် ရှည်လျားသော ဓားကို ကိုင်ထားရင်း မည်းမှောင်နေသော မိုးတိမ်များကို မကြောက်မရွံ့ မော့ကြည့်လိုက်ပြီးနောက် ဓားကို ပို၍ တင်းတင်းဆုပ်ကိုင်လိုက်သည်။
သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာရာ လက်ဖမိုးဖြင့် ပေါ့ပေါ့ပါးပါးပင် သုတ်လိုက်လေသည်။
ကျူးလင်နှင့် မလှမ်းမကမ်းတွင် ရပ်နေသော ယုန်ဖြူလေးတစ်ကောင်သည် သူမကို သူ၏ နီရဲသော မျက်လုံးများဖြင့် စိုးရိမ်တကြီး ကြည့်နေ၏။ ထူးထူးက သူ၏ လက်သီးငယ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အော်ဟစ်လိုက်သည်။
"သခင်မ... သခင်မ တောင့်ခံထားရမယ်နော်။"
ကျူးလင်၏ စိတ်ဝိညာဉ်နန်းတော်အတွင်း၌ ပိတ်မိနေသော မီးချီလင်တစ်ကောင်သည် အက်ကွဲနေသော စိတ်ဝိညာဉ်နန်းတော်၏ ကောင်းကင်ယံကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်၏။
"သခင်မ။ ကျွန်တော်မျိုးတို့ကို အပြင်ပေးထွက်ပါဦး။ ကျွန်တော်မျိုးတို့ သခင်မကို ကာကွယ်ပေးနိုင်ပါတယ်။"
မီးချီလင်၏ ဘေးတွင် ရပ်နေသော ရေခဲချီလင်ကလည်း အလျင်အမြန် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"သခင်မ။ ကျွန်တော်မျိုးတို့ကို ကူညီခွင့်ပေးပါဦး။"
ကျူးလင်က သူတို့ကို ပြန်မဖြေဘဲ မည်းမှောင်နေသော မိုးတိမ်များကိုသာ စိုက်ကြည့်နေဆဲပင်။ သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ငါ ဒီဘေးဒဏ်ကို ကျော်ဖြတ်နိုင်မလား မသေချာဘူး။ ငါတို့ကြားက ချုပ်ဆိုထားတဲ့ ပဋိညာဉ်စည်းကမ်းတွေကို ငါ ပြင်လိုက်ပြီ”
“ငါ သေသွားခဲ့ရင်တောင် နင်တို့အားလုံး ငါ့ရဲ့ စိတ်ဝိညာဉ်နန်းတော်ထဲမှာ ဘာမှဖြစ်မှာ မဟုတ်ဘူး”
“နင်တို့ရဲ့ အင်အားတွေ ပြန်ပြည့်လာတဲ့အခါ စိတ်ဝိညာဉ်နန်းတော်ထဲကနေ ထွက်သွားပြီး လွတ်လွတ်လပ်လပ် နေထိုင်ကြ”
“ငါ နင်တို့အားလုံးကို စိတ်ပျက်အောင် လုပ်မိပြီ တောင်းပန်ပါတယ်ဟာ"
သူမ၏ စိတ်ဝိညာဉ်နန်းတော်အတွင်းရှိ ပဋိညာဉ်ခံ သားရဲများအားလုံးသည် သူမ ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် မျက်လုံးများ နီရဲလာကြသည်။
ကျူးလင်သည် သူမ၏ စိတ်ဝိညာဉ်နန်းတော်အတွင်း၌ ကာကွယ်ရေးအစီအရင်တစ်ခု ထားရှိခဲ့သောကြောင့် သူမ၏ ပဋိညာဉ်ခံသားရဲများသည် အပြင်သို့ ထွက်မရနိုင်ကြချေ။
နောက်ဆုံး မိုးကြိုးဘေးဒဏ်သည် ကျူးလင်ထံသို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် ကျဆင်းလာသည်ကို မြင်လိုက်ရသောအခါ ထူးထူးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သခင်မ... သတိထားဦး"
ကျူးလင်သည် ထူးထူး၏ အော်သံကို ကြားသည်နှင့် နောက်ဆုံး မိုးကြိုးဘေးဒဏ်ကို ခုခံရန် ပြင်ဆင်လိုက်၏။
သူမ၏ ဝိညာဉ်ရေးရာ ကိရိယာများ၊ အဆောင်လက်ဖွဲ့များနှင့် နတ်ဘုရားစွမ်းအင်များအားလုံး ကုန်ခမ်းသွားပြီ ဖြစ်သည်။
သူမတွင် ကျန်ရှိနေသည်မှာ သူမ၏ ဓားနှင့် နှလုံးသားထဲမှ မကျေနပ်ချက်များသာ ဖြစ်သည်။
သူမသည် နီးကပ်လာသော မိုးကြိုးဘေးဒဏ်ကို မော့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
"လာစမ်း ပင်းကျန့် ဒါ နောက်ဆုံးတစ်ခုပဲ ငါတို့ အသက်ရှင်ရမယ်"
သူမ၏ ဓားသည် သူမ၏ စကားကို တုံ့ပြန်သည့်အလား တိုးညှင်းသော တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။
ကျူးလင်က သူမ၏ ဓားကို မြှောက်ကာ လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်ပြီး ဓားအသိစိတ်ကို ဆင့်ခေါ်လိုက်၏။ သူမသည် မိုးကြိုးဘေးဒဏ်ထံသို့ ခုန်ဝင်လိုက်ပြီး ဓားကို အောက်သို့ ခုတ်ချလိုက်လေသည်။
ဝုန်း။
သူမ၏ ဓားအသိစိတ်သည် မိုးကြိုးဘေးဒဏ်နှင့် ထိပ်တိုက်တွေ့သွားပြီး နတ်ဘုရားလောက တစ်ခုလုံးတွင် ကြီးမားသော စွမ်းအင်ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။
ဝုန်း။
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် နတ်ဘုရားကာကွယ်ရေး အစီအရင်သည် အပိုင်းပိုင်းပြတ်သွား၏။
မြေပြင်များ အက်ကွဲကုန်ပြီး နတ်ဘုရားလောကရှိ နတ်ဘုရားအားလုံးသည် ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကို ခုခံနိုင်ရန် အစွမ်းကုန် ကြိုးစားကြရလေသည်။
ကျူးလင်သည် နောက်ဆုံး မိုးကြိုးဘေးဒဏ်နှင့်အတူ ပါလာသော ကောင်းကင်ဘုံ၏ စွမ်းအားကို အံကြိတ်ကာ တောင့်ခံထား၏။
မိုးကြိုးဘေးဒဏ်သည် စွမ်းအားများ လျော့ပါးမသွားသေးသည်ကို မြင်လိုက်ရသောအခါ ဤနောက်ဆုံး တိုက်ခိုက်မှုကို သူမ တောင့်ခံနိုင်မည် မဟုတ်ကြောင်း သိလိုက်ရသည်။
သူမသည် ပြတ်သားသော အကြည့်များဖြင့် သူမ၏ နတ်ဘုရားအမြုတေအတွင်းရှိ နောက်ဆုံးလက်ကျန် နတ်ဘုရားစွမ်းအင်များကို ဆွဲထုတ်ကာ ပင်းကျန့်ဓားအတွင်းသို့ ထည့်သွင်းလိုက်၏။
သူမ၏ နတ်ဘုရားအမြုတေပေါ်ရှိ အက်ကွဲကြောင်းများ ပိုမိုကြီးမားလာချိန်တွင် သူမ၏ ဓားအသိစိတ်သည်လည်း ပိုမို အားကောင်းလာပြီး သူမက ပြောလိုက်သည်။
"ငါ အသက်ရှင်ရမယ်"
ဒါသည် သူမ၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။
လောကဘုံခြောက်ပါး၏ အသက်နှင့် သေခြင်းတရားသည် ဤတိုက်ခိုက်မှုတစ်ခုတည်းပေါ်တွင် မူတည်နေ၏။
ကျူးလင်သည် ကောင်းကင်ဘုံ၏ စွမ်းအားကို ရင်ဆိုင်ရန် မိုးကြိုးဘေးဒဏ်ထံသို့ အပြေးဝင်သွားသည်။
သူမ၏ ဤတိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုများထက် ပိုမိုစွမ်းအားကြီးမားပြီး ဟင်းလင်းပြင်ကိုပင် ခွဲထုတ်ပစ်နိုင်စွမ်း ရှိလေသည်။
"သခင်မ"
ထူးထူးသည် ပွင့်သွားသော ဟင်းလင်းပြင်အက်ကွဲကြောင်းကို မြင်လိုက်ရပြီး သူမထံသို့ ပြေးသွား၏။
ဘုန်း။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မည်သည့်အရာမျှ ကျန်ရစ်မနေတော့ချေ။
ခေတ္တအကြာတွင် အရပ်မျက်နှာအနှံ့မှ အလင်းတန်းများစွာ ရောက်ရှိလာကြသည်။
နတ်ဘုရားများ၊ မိစ္ဆာများ၊ နတ်ဆိုးများနှင့် တစ္ဆေများအားလုံး အလင်းတန်းများကြားမှ တစ်ပြိုင်နက်တည်း ပေါ်လာကြ၏။
ကောင်းကင်တိုင်အတွင်းရှိ အခြေအနေကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်နှာထက်တွင် အမျိုးမျိုးသော အမူအရာများ ရှိနေကြသည်။
မိစ္ဆာဘုရင်သည် ကောင်းကင်တိုင်မှ အက်ကွဲကြောင်းကို ကြည့်ကာ ရုတ်တရက် ရူးသွပ်သလို ရယ်မောလိုက်၏။
"သူမ ကျရှုံးသွားပြီ။ ဟားဟားဟား။ သူမ ကျရှုံးသွားပြီ။"
မိစ္ဆာဘုရင်၏ ရယ်သံ ရပ်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် အမှောင်မျိုးနွယ် သုံးခုစလုံးမှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အမှောင်မျိုးနွယ် သုံးခုက ပျော်ရွှင်နေကြချိန်တွင် နတ်ဘုရားများ၏ မျက်နှာထက်၌မူ ဝမ်းနည်းမှုများ ရှိနေသော်လည်း အမူအရာကတော့ တည်ငြိမ်နေဆဲပင်။
ကောင်းကင်ဧကရာဇ်သည် ကောင်းကင်တိုင်သို့ ပျံသန်းသွားပြီး ခေတ္တရှာဖွေလိုက်ပြီးနောက် မြေပြင်ပေါ်မှ ကျိုးပဲ့နေသော ကျောက်စိမ်းအပိုင်းအစအချို့ကို ကောက်ယူလိုက်သည်။
ထိုကျောက်စိမ်းအပိုင်းအစများကို တင်းတင်းဆုပ်ကိုင်ထားရင်း သူ၏ နှလုံးသားတစ်ခုလုံး လေးလံသွားခဲ့၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"အဆင့်မြင့်နတ်ဘုရား မင်ယဲ့။ စစ်ပွဲအတွက် ပြင်ဆင်လိုက်တော့။"
စစ်နတ်ဘုရားသည် လက်သီးဆုပ်ကာ ကောင်းကင်ဧကရာဇ်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
"မှန်လှပါ ကောင်းကင်ဧကရာဇ်။"
ပြောပြီးနောက် အဆင့်မြင့်နတ်ဘုရား မင်ယဲ့နှင့် အခြားနတ်ဘုရားများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားများနှင့် အမှောင်မျိုးနွယ် သုံးခုကြား ဖြစ်ပွားတော့မည့် စစ်ပွဲအတွက် ပြင်ဆင်ရန် နတ်ဘုရားလောကသို့ ပြန်သွားကြလေသည်။
ကောင်းကင်ဧကရာဇ်သည် သူ၏ လက်ဖဝါးပေါ်ရှိ ကျောက်စိမ်းအပိုင်းအစများကို ကြည့်ကာ ခေါင်းမော့လိုက်ပြီးနောက် အမှောင်မျိုးနွယ် သုံးခုဘက်မှ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
လောကဘုံခြောက်ပါးသည် ၎င်း၏ ကံကြမ္မာကို ရှောင်လွှဲ၍ မရနိုင်သော်လည်း သူ့ညီမလေးမှာမူ သူမ၏ ကံကြမ္မာမှ လွတ်မြောက်နိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။
သူသည် ကျောက်စိမ်းအပိုင်းအစများကို သူ၏ စိတ်ဝိညာဉ်နန်းတော်အတွင်း သိမ်းဆည်းလိုက်ပြီး ကောင်းကင်တိုင်ပေါ်ရှိ အက်ကွဲကြောင်းများကို ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။
"လင်အာ။ အဲဒီမှာ မင်း သူတို့နဲ့ တွေ့နိုင်ပါစေလို့ အကိုတော် ဆုတောင်းပါတယ်”
“လောကဘုံခြောက်ပါးကိုတော့ အကိုတော့်ကိုပဲ ထားရစ်ခဲ့လိုက်ပါ။ အခုကစပြီး မင်း ကိုယ့်အတွက်ကိုယ်ပဲ ရှင်သန်လိုက်ပါတော့။"
ပြောပြီးသည်နှင့် ကောင်းကင်ဧကရာဇ်သည် ဝတ်ရုံကို တစ်ချက်ခါလိုက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး နတ်ဘုရားလောကသို့ ပြန်သွားလေသည်။
သူ့တွင် လုပ်စရာများစွာ ရှိနေပြီး အရေးကြီးဆုံးမှာ သူ၏ ညီမလေးအတွက် လောကဘုံခြောက်ပါးကို ကာကွယ်ပေးရန်ပင် ဖြစ်တော့သည်။