← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) - လမ်းလျှောက်နေသော အလောင်းကောင်များ

"သခင်... သခင်မလေး။ သခင်မလေး... နိုးပါတော့"

ကျူးလင်သည် သူမ၏မျက်နှာပေါ်သို့ နူးညံ့သောခြေဖဝါးကလေးတစ်ခု လာထိသည်ကို ခံစားလိုက်ရကာ မျက်မှောင်ကြုတ်လိုက်မိ၏။

သူမ၏တစ်ကိုယ်လုံးမှာ တောင်ကြီးတစ်လုံးဖြင့် ဖိကြိတ်ခံထားရသကဲ့သို့ နာကျင်နေပြီး မျက်လုံးဖွင့်ရန်ပင် အားမရှိတော့ချေ။

သူမ၏မျက်ခွံများ လှုပ်ရှားလာသည်ကို မြင်သောအခါ ထူးထူးက အလောတကြီး ထပ်မံခေါ်လိုက်ပြန်၏။

"သခင်မလေး"

သူမသည် ခက်ခဲစွာပင် နှုတ်ခမ်းကိုဟလိုက်ပြီး အက်ရှရှလေသံဖြင့် အားနည်းစွာ ပြောလိုက်၏။

"အင်း... ငါကြားပါတယ်"

သူမသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏မျက်လုံးများရှေ့တွင် နူးညံ့သည့် ပန်းရောင်ခြေဖဝါးနှစ်ဖက်ကိုသာ မြင်လိုက်ရသည်။

သူမက လက်ကိုမြှောက်ကာ လက်ဖဝါးခန့်သာရှိသော ယုန်ဖြူလေးကို ပွေ့ချီလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။

ဒဏ်ရာများကို မတော်တဆ ထိခိုက်မိသွားသဖြင့် နာကျင်မှုကြောင့် သူမက ခပ်တိုးတိုးညည်းတွားလိုက်ရင်း မေးလိုက်၏။

"ထူးထူး... နင်က ဘာလို့ ဒီလောက်တောင် ပျာပျာသလဲ ဖြစ်နေရတာလဲ ပြီးတော့ ငါသင်ပေးထားတာတွေကို မေ့သွားပြီလား"

ထူးထူးသည် ၎င်း၏သခင်မကိုကြည့်ရင်း အားမလိုအားမရ ဖြစ်နေသည်။ ထူးထူး၏ခြေလက်လေးဖက်သည် လေထဲတွင် ယမ်းခါနေပြီး ကျူးလင်ကိုကြည့်ကာ ပျာပျာသလဲ ပြောလိုက်၏။

"သခင်မလေး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပါဦး"

ကျူးလင်သည် ယုန်ဖြူလေးထံမှ အကြည့်လွှဲကာ မျက်တောင်ပင့်ကြည့်လိုက်ရာ သူမတို့ထံသို့ လျှောက်လာနေသော အလောင်းကောင်တစ်စုကို မြင်လိုက်ရသည်။

ထိုအလောင်းကောင်များကို ဖုံးလွှမ်းထားသော မိစ္ဆာစွမ်းအင်များကို မြင်လိုက်ရသောအခါ သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

သူမသည် ဘေးနားရှိ မြေပြင်ပေါ်၌ရှိနေသော ဓားကိုကောက်ကိုင်လိုက်ပြီး မြေပြင်မှ ခက်ခဲစွာ ထရပ်လိုက်သည်။

ဓားကိုဆုပ်ကိုင်ထားရင်း လျှောက်သွားနေသော အလောင်းကောင်များကို တည်ငြိမ်စွာ အကဲခတ်နေလေသည်။ ဤသို့သော အလောင်းကောင်မျိုးမှာ လောကဘုံခြောက်ပါးတွင် မထူးဆန်းလှပေ။

လုံလောက်သော မိစ္ဆာစွမ်းအင်ရှိပါက မည်သည့်အရာကိုမဆို ရုပ်သေးရုပ်အဖြစ် ပြုလုပ်နိုင်သည်။

ရုပ်သေးဆရာက ပိုမိုအစွမ်းထက်လေလေ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည့် ရုပ်သေးအရေအတွက်က ပိုများလေလေပင်။

ထို့ပြင် ရုပ်သေးရုပ်ထဲသို့ မိစ္ဆာစွမ်းအင် ပိုမိုထည့်သွင်းပေးနိုင်လေ ရုပ်သေးရုပ်က ပိုအစွမ်းထက်လာလေဖြစ်သည်။

ကျူးလင်သည် အလောင်းကောင်များကို ဖုံးလွှမ်းထားသော မိစ္ဆာစွမ်းအင်ပမာဏကို တည်ငြိမ်စွာ ကြည့်လိုက်၏။

ခဏအကြာတွင် သူမက ထူးထူးကိုကြည့်ကာ ပြောလိုက်သည်။

"ဒါက အဆင့်နိမ့် ရုပ်သေးရုပ်တွေပဲဟာ နင်က မြင့်မြတ်သားရဲတစ်ကောင် ဖြစ်ပြီးတော့ ဒီရုပ်သေးရုပ်တွေကို မြင်တာနဲ့ ကြောက်နေတုန်းပဲလား”

၎င်း၏ပွင့်ချပ်လေးသဖွယ် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး ဝမ်းနည်းပက်လက် ပြောလိုက်၏။

"သခင်မလေးကလည်း... ကျွန်တော်က အထောက်အကူပြုအမျိုးအစား မြင့်မြတ်သားရဲဆိုတာ မေ့သွားပြီလား”

“ကျွန်တော့်ရဲ့ စွမ်းရည်နဲ့ဆို အဆင့်နိမ့်ရုပ်သေးတစ်ရုပ်ကိုတောင် မသတ်နိုင်ဘူးလေ။ ဒီလောက်အများကြီးကို တစ်ပြိုင်နက်တည်း မြင်ရတော့ ဘယ်လိုလုပ် မကြောက်ဘဲ နေမလဲ"

ကျူးလင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"နင်ကတော့ ဆင်ခြေပေးတဲ့နေရာမှာ အတော်ဆုံးပဲ"

ထို့နောက် သူမ၏ဓားကိုကြည့်ကာ ပြောလိုက်ပြန်သည်။

"ပင်းကျန့်... ငါက လောလောဆယ် တိုက်ခိုက်နိုင်တဲ့အခြေအနေမှာ မရှိဘူး ဒါကြောင့် ဒီရုပ်သေးတွေကို နင့်ကိုပဲ လွှဲလိုက်မယ်"

ပင်းကျန့်က အသံတစ်ချက်ပြုကာ ပြန်ထူးလိုက်ပြီး ကျူးလင်က မျက်လုံးမှိတ်လိုက်၏။

သူမပြန်ဖွင့်လိုက်သောအခါ သူမ၏နက်မှောင်သော သူငယ်အိမ်များသည် ရေခဲပြာရောင်သို့ ပြောင်းလဲသွားပြီး မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ဝင်ရောက်လာလေသည်။

ထူးထူးက သူမ၏စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ကာ ပြောလိုက်၏။

"ပင်းကျန့်... သခင်မလေးရဲ့ ကိုယ်ထဲမှာရော အပြင်မှာရော ဒဏ်ရာတွေ အပြည့်ပဲနော် သတိထားဦး၊ ပြီးတော့ နင့်ရဲ့ စိတ်လှုပ်ရှားမှုကိုလည်း ထိန်းဦး။"

ယခုအခါ ကျူးလင်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ပင်းကျန့်က ထူးထူးကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် လျှာသပ်လိုက်သည်။

သူက လက်ဖမိုးဖြင့် နှုတ်ခမ်းပေါ်က သွေးစများကို သုတ်လိုက်ပြီး ပြောလိုက်၏။

"သိပါတယ်ကွာ စကားများလိုက်တာ။"

သူ၏စကားဆုံးသည်နှင့် သူ့ပုံရိပ်မှာ ဝေဝါးသွားပြီး ပေသုံးဆယ်ခန့်အကွာတွင် ပေါ်လာလေသည်။

သူသည် လမ်းလျှောက်နေသော အလောင်းကောင်များကို ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဓားကိုမြှောက်ကာ ခေါင်းဖြတ်ပစ်လိုက်သည်။

ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် လမ်းလျှောက်နေသော အလောင်းကောင် သုံး‌ကောင်၏ခေါင်းများသည် လည်ပင်းမှ ချက်ချင်း ပြတ်ထွက်သွားလေတော့သည်။

နက်မှောင်သော သွေးများနှင့် ပုပ်ဟောင်နေသော အသားများ ဓားပေါ်သို့ မထိခင်မှာပင် ပင်းကျန့်က မြေပြင်ကိုကန်ကာ နောက်သို့ ပေအနည်းငယ် ခုန်ဆုတ်လိုက်သည်။

သူသည် သူ၏မူလကိုယ်ထည်ပေါ်သို့ ပုပ်‌ဟောင်နေသော အသားစများနှင့် သွေးမည်းများ မပေကျံအောင် ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်ခြင်းပင်။

သူ၏ကိုယ်ထည်ပေါ်တွင် သွေးမည်းအချို့ ကျန်နေသေးသည်ကို မြင်သောအခါ ပင်းကျန့်မှာ မူးမေ့လဲမတတ် ရွံရှာသွားလေသည်။

ထူးထူးက ပင်းကျန့်၏ရွံရှာနေသော မျက်နှာပေးကို ကြည့်ပြီး ပြောလိုက်၏။

"ပင်းကျန့်... ရုပ်သေးတွေ ဆယ်ခုကျော် ကျန်သေးတယ်လေ မြန်မြန်လုပ်ပါ။ သခင်မလေး နားရအောင်"

ပင်းကျန့်က ထူးထူး၏သတိပေးမှုကို ကြားသောအခါ နှုတ်ခမ်းကိုမဲ့လိုက်ပြီး ပြောလိုက်သည်။

"ပြောရတာတော့ လွယ်တာပေါ့။ ဒီရွံစရာကောင်းတဲ့ဟာတွေ ပေနေတာ နင့်ခန္ဓာကိုယ်မှ မဟုတ်တာ။"

ထူးထူးက ၎င်း၏နီရဲသော မျက်လုံးအစုံကို ဝေ့ဝဲလိုက်ပြီး ပြောလိုက်၏။

"ညည်းမနေနဲ့တော့ အလုပ်စလုပ်တော့"

ယုန်လေး ပြောလိုက်သည်ကို ကြားသောအခါ ပင်းကျန့်မှာ ထူးထူးဆီသို့ ပြေးသွားပြီး ၎င်း၏ပါးစပ်ကလေးအား ဆွဲဖြဲပစ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။

ယုန်ကလေးက ပင်းကျန့်ကိုပြောဆိုနေစဉ် တစ်မီတာခန့်သာ ဝေးတော့သော အလောင်းကောင်နှစ်ကောင်က ပါးစပ်ကို အကျယ်ကြီးဟကာ ကျူးလင်၏သွယ်လျသော လည်ပင်းကို ကိုက်ရန် ပြင်လိုက်ကြသည်။

၎င်းတို့က ပါးစပ်ကို ဟလိုက်သဖြင့် ပုပ်ဟောင်နေသော အသားနံ့များက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

ပင်းကျန့်က အသက်ကိုအောင့်ထားလိုက်ကာ ဓားကိုအမြန်မြှောက်ပြီး ၎င်းတို့၏ခေါင်းများကို ဖြတ်ချလိုက်လေသည်။

ထိုရွံစရာကောင်းလှသော အနံ့အသက်ကို ထပ်မံမခံစားနိုင်တော့သဖြင့် ကျန်ရှိနေသော အလောင်းကောင်များကို အမြန်ဆုံး ရှင်းလင်းရန် ဆုံးဖြတ်လိုက်၏။

တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုသော ပင်းကျန့်သည် အရှိန်မြှင့်ကာ ကျန်ရှိသော အလောင်းကောင်များဆီသို့ ပြေးဝင်သွားပြီး သုံးချက်အတွင်းမှာပင် အားလုံးကို ခေါင်းဖြတ်ပစ်လိုက်လေသည်။

ဗုန်း... ဗုန်း...

လမ်းလျှောက်နေသော အလောင်းကောင်များ အားလုံး သေဆုံးသွားသည်ကို မြင်သောအခါ ထူးထူးက ပြောလိုက်၏။

"ရုပ်သေး ဆယ်ခုကျော်ကို ရှင်းတာ သုံးမိနစ်တောင် ကြာတယ်ပေါ့ ပင်းကျန့်... မင်းရဲ့ လက်ရည်တွေ ကျဆင်းနေပြီပဲ"

ဓားဝိညာဉ်တစ်ယောက်အနေဖြင့် ပင်းကျန့် အမုန်းဆုံးစကားနှစ်လုံးမှာ ‘လက်ရည်ကျခြင်း’ပင် ဖြစ်သည်။

သူက မျက်နှာအပျက်ပျက်ဖြင့် ထူးထူးဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။

"နင်တော့ သေဖို့သာပြင်... မကောင်းတဲ့ ယုန်စုတ်။"

ပင်းကျန့်က ယုန်ကိုဖမ်းရန် လက်လှမ်းလိုက်သော်လည်း ထူးထူးက ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"အား... သခင်မလေးရေ... ကယ်ပါဦး။ ပင်းကျန့်က ကျွန်တော့်ကို သတ်တော့မယ်"

ပင်းကျန့်သည် ထူးထူး၏ရုတ်တရက် အော်သံကြောင့် အံ့အားသင့်ကာ ကြောင်အသွား၏။

သူမတုံ့ပြန်ရသေးခင်မှာပင် ကျူးလင်၏အသိစိတ် ပြန်လည်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ကျူးလင် အပြည့်အဝနိုးမလာခင် သူမ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာရန်မှတစ်ပါး သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။

မျက်လုံးများ မမှိတ်ခင်လေးတွင် ပင်းကျန့်က ထူးထူးကို စိုက်ကြည့်လိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ကျူးလင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းကောင်များကို ကြည့်လိုက်၏။

သူမသည် ဓားကိုမြှောက်ကာ လက်အင်္ကျီဖြင့် သွေးမည်းများကို သုတ်လိုက်သည်။

ဓားပေါ်တွင် သွေးမည်းများ မရှိတော့သည်ကို မြင်မှသာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်လေသည်။

ထို့နောက် ကျူးလင်က ထူးထူးကို ချီလိုက်ပြီး ပြောလိုက်၏။

"နင် ပင်းကျန့်နဲ့ အဆင်ပြေအောင် နေသင့်တယ်နော်"

ထူးထူးက ခေါင်းလေးငုံ့ကာ လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ပါ သခင်မလေး"

All Chapters