အခန်း ၃
Vol. 1 Ch. 3
အခန်း (၃) - အရာအားလုံး ပြောပြပါ
ကျူးလင်သည် ယုန်လေး၏ နာခံမှုရှိသော အမူအရာကို ကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။
သူမရှိနေသည့်နေရာနှင့် မနီးမဝေးတွင် တောက်ပသော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံများပါသော သံလွှဲနှစ်ခု ရှိနေသည်။
လွှဲနှင့် မလှမ်းမကမ်းတွင် သဲများဖြည့်ထားသည့် နှစ်မီတာခန့် ကျယ်ဝန်းသော သေတ္တာတစ်လုံးလည်း ရှိနေပေသည်။
ထို့နောက် သူမသည် ခေါင်းမော့ကြည့်လိုက်ရာ ပတ်ဝန်းကျင်တွင် မြင့်မားသော အဆောက်အအုံများကို တွေ့လိုက်ရ၏။
ကျူးလင်သည် ထိုအဆောက်အအုံများ၏ ထူးခြားသော ပုံစံနှင့် အမြင့်ကြောင့် အံ့ဩသွားမိသည်။
သူမက အပေါ်သို့ မော့ကြည့်လိုက်ရာ ကြီးမားဝိုင်းစက်နေသော လနီကြီးတစ်စင်းကို မြင်လိုက်ရလေသည်။
ကျူးလင်၏ ပခုံးပေါ်တွင် ထိုင်နေသော ထူးထူးသည်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေ၏။
မြင့်မြတ်သားရဲတစ်ကောင်ဖြစ်သည့် ထူးထူးမှာ ကျောက်စိမ်းယုန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။
အချမ်းသာဆုံး မျိုးနွယ်စုများထဲမှ တစ်ခုတွင် မွေးဖွားလာခဲ့သော်လည်း ထိုသို့ ပိတ်လှောင်ထားသကဲ့သို့ ခံစားရသော ဗိသုကာလက်ရာမျိုးကို ထူးထူး ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ထိုအဆောက်အအုံများကို ကြည့်ရုံနှင့်ပင် ယုန်လေးမှာ ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။
ယုန်လေးက ငေးငိုင်နေသော သူ၏သခင်မလေးကို ပြန်ကြည့်ကာ မေးလိုက်၏။
"သခင်မလေး... သခင်မလေးရဲ့အခြေအနေ ဘယ်လိုရှိလဲဟင်"
ကျူးလင်က သတိပြန်ဝင်လာကာ ယုန်လေး၏ အမွေးပွပွလေးများကို ပွတ်သပ်ပေးရင်း တည်ငြိမ်စွာ ပြောလိုက်၏။
"အင်း... ငါ့ရဲ့ နတ်ဘုရားအမြုတေက အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီးတော့ အခု သာမန်လူတစ်ယောက် ဖြစ်သွားပြီ”
“ကျင့်ကြံမှုက နည်းနည်းလေးပဲ ကျန်တော့တယ်... ဝိညာဉ်နန်းတော်လည်း ပျက်စီးသွားပြီ"
ထိုသို့ ပြောပြီးနောက် သူမသည် မှင်သက်သွားကာ ယုန်လေးကို အံ့ဩတကြီး ကြည့်ရင်း မေးလိုက်၏။
"ထူးထူး... နောက်ဆုံး ကပ်ဘေးလျှပ်စီးဒဏ်ကနေ ငါ ဘယ်လိုလုပ် အသက်ရှင်ခဲ့တာလဲ"
သူမ၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် ထူးထူး၏ နီရဲသော မျက်လုံးများ၌ မျက်ရည်များ ပြည့်လျှံလာသည်။
ယုန်လေးက ငိုကြွေးရင်း ပြောလိုက်၏။
"စီနီယာအစ်ကိုရွှမ်းနဲ့ စီနီယာအစ်ကိုဟော်ယန်တို့က ကျွန်တော်တို့ကို ကယ်ဖို့အတွက် အသက်ပေးသွားကြတာပါ"
ကျူးလင်သည် နောက်တစ်ကြိမ် မှင်သက်သွားပြီး ခဏမျှ တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။
သူမသည် အသက်ပင်မရှူနိုင်အောင် ငိုကြွေးနေသော ထူးထူးကို ကြည့်နေမိသည်။
ယုန်လေး အနည်းငယ် တည်ငြိမ်သွားသောအခါ ကျူးလင်က ပြောလိုက်၏။
"ထူးထူး... ငါ့ကို အကြောင်းစုံ ပြောပြ"
ထူးထူးက မျက်ရည်များကို အမွေးပွပွ လက်သည်းလေးများဖြင့် သုတ်လိုက်ရင်း ပြောလိုက်၏။
"နောက်ဆုံး ကပ်ဘေးလျှပ်စီးက သခင်မလေးကိုယ်ပေါ်ကို ကျရောက်တော့မယ့် အချိန်မှာ... ကောင်းကင်ဘုံရဲ့ ပြင်းထန်တဲ့ ဖိအားကြောင့် အက်ကြောင်းထင်နေတဲ့ သခင်မလေးရဲ့ နတ်ဘုရားအမြုတေက ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့တယ်”
“အဲဒီအချိန်မှာပဲ ဝိညာဉ်နန်းတော်ပေါ်မှာ သခင်မလေး ချမှတ်ထားတဲ့ တားမြစ်ချက်တွေလည်း ပျက်ပြယ်သွားခဲ့တာ”
“စီနီယာအစ်ကိုရွှမ်းနဲ့ စီနီယာအစ်ကိုဟော်ယန်တို့က အခွင့်အရေးရတာနဲ့ ဝိညာဉ်နန်းတော်ထဲကနေ အမြန်ထွက်လာကြတယ်"
မျက်လုံးထဲက မျက်ရည်တွေကို သုတ်ရင်း ထူးထူးက ဆက်ပြောလေသည်။
"သူတို့ ဝိညာဉ်နန်းတော်ထဲက ထွက်လာချိန်မှာ စီနီယာအစ်ကိုဟော်ယန်က ကျွန်တော်တို့အတွက် ကပ်ဘေးလျှပ်စီးကို ခုခံပေးခဲ့တယ်”
“ဒါပေမဲ့ နတ်ဘုရားကပ်ဘေးလျှပ်စီးရဲ့ စွမ်းအားက မြင့်မြတ်သားရဲတွေ ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်တော့... သူ့ရဲ့ ကိုယ်ခန္ဓာနဲ့ ဝိညာဉ်ဟာ ဘာမှမကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ရတယ်”
“ကပ်ဘေးလျှပ်စီးကို တားဆီးဖို့ တခြားနည်းလမ်း မရှိတော့တာကို တွေ့တော့ စီနီယာအစ်ကိုရွှမ်းက ကျွန်တော်တို့ကို ဟင်းလင်းပြင်အက်ကြောင်းထဲ ပစ်ထည့်ပေးလိုက်ပြီး သူ့ရဲ့ နောက်ဆုံးကျန်တဲ့ နတ်ဘုရားစွမ်းအင်ကို သုံးပြီး ကျွန်တော်တို့ကို ဒီကို ပို့ပေးခဲ့တာ”
“ဟင်းလင်းပြင်အက်ကြောင်း မပိတ်ခင်မှာပဲ စီနီယာအစ်ကိုရွှမ်းရဲ့ ကိုယ်ပေါ်ကို လျှပ်စီး ကျရောက်သွားတာကို ကျွန်တော် မြင်လိုက်ရတယ်..."
"စီနီယာအစ်ကိုရွှမ်းနဲ့ စီနီယာအစ်ကိုဟော်ယန်တို့က... သူတို့... သူတို့တွေ ကျွန်တော့်မျက်စိရှေ့တင်ပဲ သေဆုံးပြီး ပျောက်ကွယ်သွားကြတာ... ဟီး... ဟီး..."
ထိုသို့ ပြောပြီးနောက် ယုန်လေး၏ မျက်ရည်များသည် မိုးရေစက်များကဲ့သို့ ကျဆင်းလာကာ သေးငယ်သော ကိုယ်လုံးလေးမှာလည်း တုန်ယင်နေလေတော့သည်။
ကျူးလင်သည် သူမ၏ ရင်ဘတ်ကို ဖိလိုက်ရာ နက်ရှိုင်းသော နာကျင်မှုကို ခံစားလိုက်ရ၏။
ဟော်ယန်နှင့် ရွှမ်းတို့သည် သူမ လူမှန်းသိတတ်စကတည်းက ဘေးနားတွင် ရှိနေခဲ့သည့် ပဋိညာဉ်သားရဲများ ဖြစ်ကြသည်။
သူမ၏ အသိစိတ် မဝင်ခင်ကတည်းကပင် သူမနှင့်အတူ ရှိနေခဲ့ကြခြင်း ဖြစ်သည်။
သူတို့ သေဆုံးသွားသောအခါ သူမနှင့် ချိတ်ဆက်ထားသော ဝိညာဉ်ကြိုးမှာ အတင်းအဓမ္မ ဖြတ်တောက်ခံလိုက်ရပြီး သူမ၏ ဝိညာဉ်တွင် အမာရွတ်များ ကျန်ရစ်ခဲ့သည်။
ထိုကဲ့သို့သော အမာရွတ်မျိုးသည် မည်သည့်အခြေအနေမျိုးတွင်မဆို ဘယ်တော့မှ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ထာဝရ ကျန်ရှိနေပေလိမ့်မည်။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က တိုးညှင်းစွာ ပြောလိုက်၏။
"သူတို့က ငါတို့ကို ကယ်ဖို့အတွက် အသက်ပေးခဲ့ကြတာ... ဒါကြောင့် သူတို့ရဲ့ အနစ်နာခံမှုကို အလဟဿ မဖြစ်စေရဘူး"
ထို့နောက် ကျူးလင်က ထူးထူးကို ကြည့်ကာ ပြောလိုက်သည်။
"ကဲပါ... အခု မငိုနဲ့တော့နော်"
"ဟုတ်ကဲ့"
ထူးထူးက နာခံစွာ ခေါင်းညိတ်ပြပြီး မျက်ရည်များကို သုတ်လိုက်၏။
ယုန်လေး ငိုသံရပ်သွားသောအခါ ကျူးလင်က ပြောလိုက်၏။
"ယာယီနေထိုင်ဖို့ ဘေးကင်းတဲ့ နေရာတစ်ခု အရင်ရှာကြရအောင်”
“ငါ့ရဲ့ ဒဏ်ရာတွေကို အမြန်ဆုံး ကုသနိုင်မယ့် နည်းလမ်းကိုလည်း ရှာဖို့ လိုအပ်တယ်"
“ငါ့ရဲ့ ဝိညာဉ်နန်းတော် ပျက်စီးသွားတာ နှမြောစရာပဲ... လဲစရာ အဝတ်အစားတောင် တစ်စုံမှ မကျန်တော့ဘူး"
သူ၏ သခင်မလေး မျက်မှောင်ကြုတ်သွားသည်ကို တွေ့သောအခါ ထူးထူးသည် ဝိညာဉ်နန်းတော်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။
"သခင်မလေး... ဒီမှာပါ"
ကျူးလင် ငုံ့ကြည့်လိုက်ရာ ယုန်လေး၏ ခြေဖဝါးပေါ်တွင် ရေခဲပန်းပွင့်ပုံစံ ဆွဲသီးလေးတစ်ခု တင်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ရေခဲပန်းပွင့်ဆွဲသီးလေးကို ယူလိုက်ပြီး မေးလိုက်၏။
"ဒီဆွဲသီးက နင့်ဆီမှာ ဘယ်လိုလုပ် ရှိနေတာလဲ"
ထူးထူးက ပြန်ပြောလေသည်။
"ဒါက ကျွန်တော်တို့ ကောင်းကင်တိုင်လုံးဆီ မထွက်ခွာခင် တစ်ရက်အလိုမှာ ကောင်းကင်ဧကရာဇ်က ပေးခဲ့တာပါ”
“သခင်မလေး လောကဘုံခြောက်ပါးကနေ ထွက်ခွာသွားတဲ့အခါ ဒါကို သခင့်ဆီ ပေးလိုက်ဖို့ သူက မှာထားခဲ့ပါတယ်။"
ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲသီးကို ကြည့်ရင်း ဝမ်းနည်းစွာ ပြုံးလိုက်ကာ ပြောလိုက်၏။
"ငါ့အစ်ကိုက အရာရာမှာ တော်ပေမဲ့... လျှို့ဝှက်ချက်တွေ ထားရတာကိုတော့ သိပ်ဝါသနာပါတာပဲ။"
သူမ၏ ဝမ်းနည်းနေသော ပုံစံကို ကြည့်ပြီး ထူးထူးက မေးလိုက်၏။
"သခင်လေး... ဒီဆွဲသီးက ဘာအတွက် သုံးတာလဲဆိုတာ သခင် သိလား။"
ကျူးလင်သည် သူမ၏ ဆံပင်တွင် ချည်ထားသော အနီရောင်ကြိုးလေးကို ဖြည်လိုက်ပြီး ရေခဲပန်းပွင့်ဆွဲသီးကို ထိုကြိုးလေးနှင့် သီကာ လည်ပင်းတွင် ဆွဲလိုက်၏။
သူမက ရေခဲပန်းပွင့်ဆွဲသီးကို ထိတွေ့ရင်း ပြုံးကာ ပြောလိုက်သည်။
"ဒါက ငါ့ရဲ့ ကိုယ်ပွားစစ်စစ်ပဲ။ ငါ မွေးဖွားလာတုန်းက ဒီဆွဲသီးထဲကနေ ထွက်လာခဲ့တာ... ငါ့အစ်ကိုက ဒီဆွဲသီးကို အမြဲတမ်း သိမ်းထားပေးခဲ့တာလေ။”
“ဒီဆွဲသီးမှာ ထူးခြားတဲ့ စွမ်းအား မရှိဘူးဆိုပေမဲ့ ငါ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့ ကူညီပေးနိုင်သလို သိုလှောင်အိတ်လိုမျိုးလည်း အသုံးဝင်တယ်။ “
“ငါ့ရဲ့ လက်ရှိ အခြေအနေအတွက်တော့ ဒါက ငါ့အစ်ကို ပေးနိုင်တဲ့ အကောင်းဆုံးအရာပဲ။"
သူမစကားကို ကြားသောအခါ ထူးထူး၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်၏။
"သခင်မလေး... ဆွဲသီးထဲမှာ ဘာတွေ ရှိလဲဆိုတာ မကြည့်ဘူးလား။”
“ကောင်းကင်ဧကရာဇ်က ဒီဆွဲသီးကို ပေးကတည်းက သခင်မလေးအတွက် တစ်ခုခု ပြင်ဆင်ထားပေးမှာ သေချာပါတယ်။"
ကျူးလင် ခေါင်းညိတ်ပြလိုက်ပြီး ဝိညာဉ်အာရုံဖြင့် ဆွဲသီးအတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်၏။
ထူးထူး ပြောသကဲ့သို့ပင် သူမ၏ အစ်ကိုဖြစ်သူမှာ သူမအတွက် တစ်စုံတစ်ခုကို အမှန်တကယ် ပြင်ဆင်ပေးထားခဲ့သည်။
ဆွဲသီးအတွင်းရှိ ဟင်းလင်းပြင်မှာ အလွန်အမင်း မကျယ်ဝန်းသော်လည်း နေရာအနှံ့တွင် ရတနာများစွာဖြင့် ပြည့်နှက်နေပေသည်။
ဆွဲသီးအတွင်းရှိ ပစ္စည်းများကို စစ်ဆေးပြီးနောက် ကျူးလင်သည် ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို လောင်းချလိုက်၏။
ဆေးလုံးကို မျိုချလိုက်ပြီးနောက် ကျောက်စိမ်းပုလင်းလေးကို ဆွဲသီးထဲသို့ ပြန်ထည့်လိုက်သည်။
မကြာမီတွင်ပင် သူမ၏ ကိုယ်ခန္ဓာမှ နာကျင်မှုများမှာ လျော့ပါးသွားပြီး သူမ၏ မျက်နှာတွင်လည်း သွေးရောင် ပြန်လည် လွှမ်းမိုးလာလေတော့သည်။