အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) - သေလောက်အောင် လန့်သွားရခြင်း
ကျူးလင်နှင့် ယုန်ကလေးမှာ အတန်ကြာအောင် ကြောင်အမ်းအမ်းဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြ၏။
ဆိုင်ထဲသို့ လှမ်းကြည့်လိုက်သောအခါ ဆိုင်အတွင်းရှိ လူများအားလုံး သူတို့အကြည့်ကြောင့် ထိတ်လန့်သွားသည်ကို မြင်လိုက်ရသည်။
သူတို့၏မျက်လုံးထဲတွင် သွေးများဖြင့် ရွှဲနစ်နေသော ကျူးလင်မှာ ငရဲမှ တက်လာသည့် မိစ္ဆာတစ်ကောင်နှယ်ပင်။
ထူးထူး၏ နီရဲသောမျက်လုံးများနှင့် ပေါင်းစပ်လိုက်သောအခါ ထိုသူနှစ်ဦးမှာ ယခုအချိန်တွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေတော့၏။
ထိုလူများ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုများကို မြင်သောအခါ ကျူးလင်က မတတ်သာသည့်လေသံဖြင့် ဆိုလိုက်၏။
"ကဲ... ဒီညတော့ တခြားနေရာတစ်ခုခုပဲ ရှာရတော့မယ် ထင်တယ်"
ထူးထူးက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"ဒါက ကျွန်တော်တို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပုံရတယ်"
ထိုလူများမှာ ထူးထူးက ခေါင်းညိတ်ပြပြီး ပွင့်ချပ်လွှာလေးသဖွယ် နှုတ်ခမ်းလေး လှုပ်ကာ စကားပြောနေသည်ကို မြင်သောအခါ ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ရုတ်တရက် အော်ဟစ်သံများကြောင့် လန့်သွားသော ကျူးလင်က ရင်ဘတ်ကိုဖိကာ ပြောလိုက်သည်။
"ဒီကမ္ဘာက လူသားတွေက သိပ်ကြောက်ဖို့ကောင်းတာပဲ။ သူတို့ အော်လိုက်တာနဲ့တင် လူကို သေလောက်အောင် လန့်သွားစေနိုင်တာပဲ"
ထူးထူးကလည်း ကျူးလင်၏စကားကို ထောက်ခံသည့်အနေဖြင့် ၎င်း၏အမွေးပွပွ လက်ကလေးများဖြင့် ရင်ဘတ်ကို ဆုပ်ကိုင်လျက် ပြောလိုက်၏။
"ကျွန်တော်လည်း သေလောက်အောင် လန့်သွားတာပဲ။ အခုထိတောင် နှလုံးက တဒိန်းဒိန်း ခုန်နေတုန်းပဲဗျ"
ထိုလူများ၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် သူတို့နှစ်ဦးမှာ ရင်ဘတ်ကလေးများကို ဖိရင်း ကုန်စုံဆိုင်အတွင်းမှ ထွက်ခွာလာခဲ့ကြ၏။
သူတို့ထွက်သွားသည်ကို မြင်မှသာ ဆိုင်အတွင်းရှိ လူတိုင်းမှာ သက်ပြင်းချနိုင်တော့သည်။
အချို့သော အသည်းငယ်သည့် အမျိုးသမီးများမှာ မြေပြင်ပေါ်သို့ လဲကျ၍ ငိုရှိုက်ကြသည်။
အမျိုးသားများမှာမူ ကျူးလင် ပြန်လာပြီး သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် ကုန်စုံဆိုင်၏ လုံခြုံရေးကို စစ်ဆေးရန် အလုပ်ရှုပ်နေကြလေသည်။
ကျူးလင်နှင့် ထူးထူးတို့သည် ဆိုင်မှ ထွက်လာပြီးနောက် လမ်းလျှောက်နေသော ဖုတ်ကောင်များကို ရှောင်ကွင်းကာ ဂရုတစိုက် လျှောက်လှမ်းလာခဲ့ကြ၏။
ဖုတ်ကောင်များမှာ အလွန်နှေးကွေးသဖြင့် ၎င်းတို့ကို ရှောင်တိမ်းရန် လွယ်ကူလှပေသည်။
လမ်းလျှောက်အလောင်းကောင် အရေအတွက်ကို ကြည့်ရင်း ကျူးလင်က မနေနိုင်ဘဲ ဆိုလိုက်၏။
"ဒီရုပ်သေးတွေရဲ့ အရေအတွက်ကို ကြည့်ရတာ ဒီနေရာတင်ကို အနည်းဆုံး ရာနဲ့ချီ ရှိနေနိုင်တယ်။ တခြားနေရာတွေမှာလည်း ဒီထက်မက ရှိနေဦးမလား မသိဘူး"
ထူးထူးက ကျူးလင်၏ ပါးပြင်ကိုပုတ်ကာ ခေါင်းလေးကို ခါယမ်းပြီး မတတ်သာသည့်လေသံဖြင့် ဆိုလေသည်။
"သခင်မလေး... ဒီရုပ်သေးတွေရဲ့ အရေအတွက်ကို စိုးရိမ်နေရမှာ မဟုတ်ဘူး။ ဒီရုပ်သေးတွေရဲ့ ပိုင်ရှင်က ဘယ်သူလဲ ဆိုတာကိုပဲ စိတ်ပူရမှာ"
ယုန်ကလေး၏စကားကို ကြားသောအခါ ကျူးလင်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
"ဒီရုပ်သေးတွေမှာ ပိုင်ရှင်မရှိဘူး။ ငါ အစောက စစ်ဆေးကြည့်ပြီးပြီ။ ဖန်တီးသူရဲ့ အရိပ်အယောင် လုံးဝမရှိဘူး"
သူမ၏စကားကို စဉ်းစားပြီးနောက် ထူးထူးက ဆိုသည်။
"ဒါဆိုရင်... ဒီရုပ်သေးတွေကို လုပ်တဲ့သူက သခင်မလေးတောင် ရှာမတွေ့နိုင်အောင် စွမ်းအားကြီးတဲ့သူ ဖြစ်ရမယ်"
ကျူးလင်က ပြုံးလိုက်ပြီး ပြောလိုက်၏။
"ငါ့ရဲ့ နတ်ဘုရားအမြုတေ ပျက်စီးသွားပြီးတဲ့နောက်မှာ ငါက ကျင့်စဉ်အနည်းငယ်ပဲ ရှိတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ဒီရုပ်သေးတွေရဲ့ ပိုင်ရှင်ကို ရှာဖို့ဆိုတာ ငါ့အတွက် မလွယ်ကူလှဘူး"
ထူးထူးက ၎င်း၏အမွေးပွပွ လက်နှစ်ဖက်ဖြင့် သူမ၏ပါးကို ကိုင်ကာ ခေါင်းလေးဖြင့် သူမ၏ပါးပြင်ကို ပွတ်သပ်ရင်း မေးလိုက်သည်။
"သခင်မလေး... သခင်မလေးရဲ့ နတ်ဘုရားအမြုတေကို ပြန်ကုစားလို့ မရဘူးလား"
ကျူးလင် ခေတ္တမျှ စဉ်းစားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"နတ်ဘုရားအမြုတေ အသစ်တစ်ခု ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”
“ငါက စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးအဖြစ် မွေးဖွားလာခဲ့တာကိုး။”
“ဒါပေမဲ့ ပြဿနာက ဒီကမ္ဘာမှာ နတ်ဘုရားစွမ်းအင်တွေ၊ ဝိညာဉ်စွမ်းအင်တွေ ဒါမှမဟုတ် မိစ္ဆာစွမ်းအင်တွေ မရှိဘူး။ “
“ငါ နိုးလာကတည်းက ဒီကမ္ဘာမှာ ခံစားမိတာဆိုလို့ မကောင်းဆိုးဝါးစွမ်းအင်တွေပဲ ရှိတယ်။ “
“ငါ အလိုရှိရင် မကောင်းဆိုးဝါးအမြုတေ တစ်ခုတော့ ဖန်တီးလို့ရတယ်။ ဒါပေမဲ့ ငါ အောင်မြင်သွားတဲ့အခါမှာ ငါက နောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်သွားလိမ့်မယ်။ အဲဒီလို ဖြစ်သွားရင် ဘုံ (၆) ပါးကို ပြန်သွားလို့ရော ဘာထူးမှာလဲ"
သူမ၏စကားကို ကြားပြီးနောက် ယုန်ကလေး၏ နားရွက်ရှည်ကြီးများမှာ လျော့ရဲကျသွားကာ ဝမ်းနည်းစွာ မေးလိုက်၏။
"ဒါဆို... ဒါဆိုရင်... ကျွန်တော်တို့ ပြန်သွားလို့ မရတော့ဘူးလား"
ကျူးလင်က ယုန်ကလေး၏ နူးညံ့သော အမွေးများကို သပ်ပေးကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
သူတို့ ခေတ္တမျှ လမ်းလျှောက်ခဲ့ကြသော်လည်း အနားယူရန် သင့်တော်သောနေရာကို မတွေ့သေးချေ။ ခေတ္တ စဉ်းစားပြီးနောက် ကျူးလင်က ဆိုလိုက်သည်။
"ဘယ်နေရာဖြစ်ဖြစ် အတူတူပဲ ဆိုမှတော့ ဒီည အဲဒီမှာပဲ အနားယူကြတာပေါ့"
ထူးထူးက သူမ ကြည့်ရာသို့ လိုက်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် မြင့်မားသော အဆောက်အအုံတစ်ခုကို မြင်လိုက်ရ၏။
ထိုအဆောက်အအုံ၏ အခြေအနေမှာ သူတို့တည်းခိုရန် အဆင်ပြေပုံရပေသည်။ ယုန်ကလေးက ၎င်း၏သခင်မကို ကြည့်ကာ မေးလိုက်သည်။
"သခင်မလေး... တံခါးကို ဘယ်လို ဖွင့်ရမလဲ သိလား"
ကျူးလင်က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
"တံခါးဖွင့်လို့ မရရင်လည်း အဆောက်အအုံပေါ် တက်ကြတာပေါ့။ အမိုးပေါ်က အနားယူဖို့ ကောင်းတဲ့နေရာ ဖြစ်မှာပါ။ အဲဒီမှာ ငါတို့ လကို ကြည့်ရင်း ညလေညင်း ခံလို့ ရတယ်"
ထူးထူးက ကျူးလင်၏စကားကို စဉ်းစားပြီး ခေါင်းညိတ်ကာ ဆိုလေသည်။
"ဟုတ်ကဲ့... ဒီအဆင့်နိမ့် ရုပ်သေးတွေကတော့ အပေါ်ကို တက်နိုင်မှာ မဟုတ်ပါဘူး။ ဒီညတော့ အဲဒီမှာ အနားယူဖို့ လုံလုံလောက်လောက် ဘေးကင်းမှာပါ"
အမိုးပေါ်တွင် အနားယူရန် သဘောတူပြီးနောက် ကျူးလင်က ပင်းကျန့်ကို ကြည့်ကာ မေးလိုက်၏။
"ပင်းကျန့်... ငါတို့ကို အပေါ်ကို ပို့ပေးနိုင်မလား"
ပင်းကျန့်က အဖြေအဖြစ် စက္ကန့်အနည်းငယ်မျှ တုန်ခါသွားသည်။ ပင်းကျန့်၏ အဖြေကို ရရှိပြီးနောက် ကျူးလင်က သက်ပြင်းချကာ ဆိုလိုက်၏။
"မင်းက အသုံးမကျတာ မဟုတ်ဘူး ဆိုတာ ငါ သိပါတယ်။ ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအင် တကယ်ကို မရှိဘူး ဆိုတာလည်း ငါ နားလည်ပါတယ်"
ပင်းကျန့်၏ ဓားအိမ်ကို အကြိမ်အနည်းငယ် ပွတ်သပ်ပြီးနောက် ကျူးလင်သည် သူမ၏ရေခဲပန်းဆွဲသီးကို စစ်ဆေးကာ အဆောက်အအုံပေါ် တက်ရန် အထောက်အကူ ဖြစ်စေမည့်အရာတစ်ခုခုကို ရှာဖွေလိုက်သည်။
သူမ အတန်ကြာ ရှာဖွေခဲ့သော်လည်း သူမ၏အစ်ကိုကြီး ပြင်ဆင်ပေးထားသော နတ်ဘုရားလက်နက် ကိရိယာအားလုံးမှာ အသုံးပြုနိုင်ရန် ဝိညာဉ်စွမ်းအင် သို့မဟုတ် နတ်ဘုရားစွမ်းအင်များ လိုအပ်နေ၏။
အသုံးဝင်မည့်အရာ တစ်ခုမှ မတွေ့သဖြင့် သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မြေပြင်ပေါ်မှ စက္ကူအပိုင်းအစတစ်ခုကို ကောက်ယူလိုက်သည်။
ထူးထူးက ညစ်ပတ်နေသော စက္ကူစကို ကြည့်ကာ မေးလိုက်၏။
"သခင်မလေး... အဲဒီစက္ကူစကို ဘာလို့ ကောက်လိုက်တာလဲ"
ကျူးလင်က ပြန်ဖြေလိုက်သည်။
"ငါတို့ အဆောက်အအုံပေါ် တက်ဖို့ ကူညီပေးနိုင်တာ ဘာမှ မရှိဘူး။ ပြီးတော့ ပင်းကျန့်ကိုလည်း သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ အလဟဿ အကုန်မခံစေချင်ဘူး။ ဒါကြောင့် လေညင်းလက်ဖွဲ့ တစ်ခုလောက် လုပ်ကြည့်မလို့ပါ"
စကားပြောနေစဉ်အတွင်းမှာပင် သူမ၏လက်ညှိုးကို ဓားသွားပေါ်တွင် အသာအယာ တင်လိုက်၏။
ကျူးလင်က သူမ၏လက်ညှိုးကို အသာအယာ ညှစ်လိုက်ရာ လက်ချောင်းထိပ်မှ သွေးများ ထွက်လာသည်။
ထို့နောက် သူမက မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ စက္ကူကို လှန်လိုက်ပြီး စက္ကူ၏ ကျောဘက်တွင် သူမ၏သွေးဖြင့် ရေးဆွဲလိုက်၏။
ထူးထူးသည် ကျူးလင်က သူမ၏သွေးကို အသုံးပြု၍ အဆင့်နိမ့် လေညင်းလက်ဖွဲ့ကို ဖန်တီးနေသည်ကို ကြည့်ကာ ဝမ်းနည်းစွာ ဆိုလိုက်သည်။
"သခင်မလေး... သခင်မလေးရဲ့ သွေးတွေက အရမ်းအဖိုးတန်တာလေ။ ဒီလိုအဆင့်နိမ့် လက်ဖွဲ့တစ်ခု လုပ်ဖို့အတွက် ဘာလို့ အသုံးပြုရတာလဲ"