အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) - ကျင့်ကြံသူများ ရှိနေကြသည်လော
စကားပြောပြီးနောက် ကျူးလင်သည် မြေပြင်မှ ထလိုက်ကာ အနီးဆုံးသစ်ပင်ဆီသို့ လမ်းလျှောက်သွားပြီး ထိုင်ချလိုက်၏။ သူမက မျက်လုံးများကို မှိတ်လိုက်ပြီး နောက်တစ်စက္ကန့်၌ တရားထိုင်ခြင်းအခြေအနေသို့ ဝင်ရောက်သွားလေသည်။
ထူးထူးက သူမကို ခေတ္တမျှ ကြည့်နေပြီးနောက် ထင်းရှာရန် ထွက်သွားလေ၏။ မနက်ခင်းအချိန်ဖြစ်ကာ နေရောင်ခြည်က တောက်ပစွာ ကျရောက်နေသော်လည်း ကျူးလင်၏ ခန္ဓာကိုယ်အပူချိန်က ဒဏ်ရာဟောင်းနှင့် ဒဏ်ရာသစ်များ ပေါင်းစုံနေမှုကြောင့် ကျဆင်းနေဆဲပင်။
မကြာမီမှာပင် ထူးထူးသည် ထင်းပုံတစ်ပုံနှင့်အတူ ပြန်ရောက်လာ၏။
ယုန်လေးက ၎င်း၏သခင်မကို ကြည့်လိုက်ရာ မျက်နှာသွေးရောင် ပြန်လည်ကောင်းမွန်လာသည်ကို တွေ့လိုက်ရလေသည်။ ထူးထူးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ကျူးလင်ကို နွေးထွေးစေရန် အနီးတွင် မီးပုံငယ်တစ်ခုကို အမြန်ဖိုပေးလိုက်တော့သည်။
ကျူးလင်သည် တရားထိုင်နေစဉ် အချိန်မည်မျှကုန်လွန်သွားသည်ကို သတိမထားမိခဲ့ပေ။
သူမ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ တောက်ပသော နေမင်းကြီးမှာ ပျောက်ကွယ်နေပြီဖြစ်ပြီး ၎င်းအစား ကောင်းကင်ယံ၌ ဝိုင်းစက်သော လရောင်နီနီကြီးက လင်းထိန်နေပြီဖြစ်သည်။
သူမက ပတ်ဝန်းကျင်ကို ခေတ္တမျှ ကြည့်ရှုလိုက်ပြီးနောက် အောက်သို့ ငုံ့ကြည့်လိုက်ရာ ထူးထူးက သူမ၏ပေါင်ပေါ်တွင် ခြေကားယားလက်ကားယားဖြင့် အိပ်ပျော်နေသည်ကို တွေ့လိုက်ရလေသည်။
ကျူးလင်သည် ယုန်လေး၏ဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း လမင်းကြီးကို မော့ကြည့်နေခဲ့၏။ သူမ သိရသလောက် အနီရောင်လမင်းသည် မိစ္ဆာနတ်ဘုရား ပေါ်ထွန်းလာခြင်း၏ သင်္ကေတတစ်ခုပင်။
ယနေ့ မိစ္ဆာနတ်ဘုရားနှင့် တွေ့ဆုံပြီးနောက် သူမ ဤကမ္ဘာငယ်လေးသို့ ရောက်ရှိလာခြင်းမှာ တိုက်ဆိုင်မှုတစ်ခု ဟုတ်မဟုတ် စဉ်းစားမိလာလေ၏။
သူမ အတွေးထဲနစ်မျောနေစဉ် တောအုပ်ထဲမှ လွင့်ပျံလာသော တိုးညှင်းသည့်အသံအချို့ကို ကြားလိုက်ရ၏။ သူမက ထူးထူးကို ပွေ့ချီကာ မတ်တတ်ရပ်လိုက်ပြီး အသံလာရာအရပ်သို့ လမ်းလျှောက်သွားလိုက်သည်။
သူမသည် မိနစ်နှစ်ဆယ်ကျော်ခန့် လမ်းလျှောက်ပြီးနောက် ရပ်တန့်ကာ သစ်ပင်တစ်ပင်နောက်တွင် ပုန်းကွယ်လိုက်သည်။
သူမ ပုန်းကွယ်နေသည့်နေရာနှင့် မဝေးလှသောနေရာတွင် လူတစ်စုသည် မြွေကြီးတစ်ကောင်နှင့် တိုက်ခိုက်နေကြလေသည်။
မြွေကြီး၏ တောက်ပသော သတ္တုရောင် အစိမ်းရောင်အကြေးခွံများကို ကြည့်ကာ ထိုမြွေကြီးတွင် အဆိပ်ရှိနိုင်ကြောင်း ကျူးလင်က ကောက်ချက်ချလိုက်၏။
လေထုထဲရှိ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုအချို့ကို သတိပြုမိသွားသဖြင့် ကျူးလင်၏မျက်ဝန်းများမှာ လင်းလက်သွား၏။
သူမက ထိုဝိညာဉ်စွမ်းအင်၏ခြေရာများကို လိုက်ကြည့်လိုက်ရာ မြွေကြီးကို တိုက်ခိုက်နေသော လူသုံးယောက်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း တွေ့ရှိလိုက်လေသည်။
‘သူတို့ဆီကနေ ဘာကြောင့် ဝိညာဉ်စွမ်းအင်တွေ ထွက်ပေါ်နေရတာလဲ။ ဒါမှမဟုတ်... သူတို့က ကျင့်ကြံသူတွေများလား။ ဒါပေမဲ့ လေထုထဲမှာ ဝိညာဉ်စွမ်းအင်ရော နတ်ဘုရားစွမ်းအင်ပါ မရှိဘူးလေ။ သူတို့က ဘယ်လို ကျင့်ကြံနိုင်တာလဲ'
ဝိညာဉ်စွမ်းအင်၏အရင်းအမြစ်ကို တွေးတောနေစဉ် ကျူးလင်သည် ထိုလူသုံးယောက်ထဲမှတစ်ယောက်က လက်ဝါးကိုဖြန့်ကာ မြွေကြီးဆီသို့ ချိန်ရွယ်လိုက်သည်ကို မြင်လိုက်ရ၏။
နောက်တစ်စက္ကန့်၌ သူ၏လက်ဝါးထဲမှ လေဓားသွားများစွာ ပစ်လွှတ်လိုက်လေသည်။ ကျူးလင်သည် ထိုလေဓားသွားများကို မမြင်နိုင်သော်လည်း လေထုထဲရှိ ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုကိုမူ ရှင်းလင်းစွာ အာရုံခံသိရှိနိုင်ပေသည်။
သူမက ထိုလူကို ကြည့်လိုက်ရာ သူ၏ဝိညာဉ်စွမ်းအင်အရင်းအမြစ်မှာ လောကဘုံခြောက်ပါးမှ ကျင့်ကြံသူများကဲ့သို့ အောက်ဒန်တျန်မှမဟုတ်ဘဲ အထက်ဒန်တျန်မှဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
ဝိညာဉ်စွမ်းအင်က သူ၏လက်ဝါးဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် စီးဆင်းသွားပြီးနောက် လေဓားသွားအသွင်ဖြင့် ထုတ်လွှတ်လိုက်ခြင်းပင်။
'
“ဒီလူ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပုံက တော်တော်လေး လက်တွေ့ကျတယ် လေဓားသွားတွေ ဖန်တီးဖို့အတွက် ဝင်္ကပါတွေ လက်ကွက်တွေနှင့် မန္တန်တွေမှမလိုအပ်ဘူးပဲ”
“ဒီအဆင့်အထိ ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်တယ်ဆိုတော့ ဒီကမ္ဘာရဲ့ ကျင့်ကြံသူတွေ တိုက်ခိုက်ရေးအတွေ့အကြုံ တော်တော်လေး များတယ်ထင်တယ်”
သူမက ထိုလူကို သေချာစွာ ထပ်မကြည့်ရသေးခင်မှာပင် နောက်လူတစ်ယောက်၏ လက်ချောင်းများဆီမှ မိုးကြိုးသွားတစ်ချက် ပစ်လွှတ်ထွက်ပေါ်လာကာ မြွေကြီးကို ထိမှန်သွားလေ၏။
ဖြောင်း။ ဝုန်း။
မြွေကြီး၏ခေါင်းကို မိုးကြိုးသွား ထိမှန်သွားခဲ့သော်လည်း ၎င်းက ခေါင်းကို တစ်ချက်ခါရမ်းလိုက်ရုံသာ ရှိပြီး ဒေါသတကြီးဖြင့် ပါးစပ်ကို ဟောင်းလောင်း ဖွင့်လိုက်လေသည်။
"ရှီး..."
ဒေါသထွက်နေသော မြွေကြီးကို မြင်လိုက်ရသဖြင့် သူတို့ထဲမှတစ်ယောက်က စိုးရိမ်တကြီး အော်ပြောလိုက်၏။
"မကောင်းတော့ဘူး... ငါတို့ သူ့ကို ဘာဒဏ်ရာမှ မပေးနိုင်ဘူး။ အစ်ကိုရန်... ငါတို့ ဆုတ်ခွာကြမလား။"
ရန်ယွမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ပြောလိုက်၏။
"အခု ငါတို့ ဆုတ်ခွာဖို့ လမ်းမရှိတော့ဘူး။ သူက ငါတို့အပေါ်ကို ဒေါသတွေ ပုံချဖို့ သတ်မှတ်ထားပြီးပြီ။ ငါတို့ ဆုတ်ခွာမယ်ဆိုရင်တောင် သေလမ်းပဲ ရှိတော့မယ်။"
ဝေ့ပိုင်က ရူးသွပ်နေသော မြွေကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်ယွမ်ကိုကြည့်ကာ မေးလိုက်၏။
"အစ်ကိုရန်... ခင်ဗျားမှာ ဘာအစီအစဉ်ရှိလဲ။"
ရန်ယွမ်က အခြားလူတစ်ယောက်ကို လှည့်ကြည့်ကာ မေးလိုက်၏။
"လောင်လျန်... မင်း သူ့ကို ဆယ်စက္ကန့်လောက် အာရုံလွှဲထားပေးနိုင်မလား။"
လျန်မင်က အဖြေတစ်ခုအနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရန်ယွမ်က ဝေ့ပိုင်ကိုကြည့်ကာ ပြောလိုက်၏။
"ရှောင်ပိုင်... မင်းက လောင်လျန်ကို ကူညီပေးလိုက်။"
ဝေ့ပိုင်သည် မြွေကြီးကို စိုက်ကြည့်နေရင်း မေးလိုက်၏။
"အစ်ကိုရန်... ခင်ဗျား ဘာလုပ်မလို့လဲ။"
"မြွေကင် လုပ်မလို့။"
ရန်ယွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
စကားပြောပြီးနောက် သူသည် တစ်မီတာခန့် အရှည်ရှိသော ထက်မြက်ပြီး သေးသွယ်သည့် သတ္တုတုတ်ချောင်းများစွာကို စတင်ဖန်တီးလိုက်လေသည်။ ရန်ယွမ်က လှုပ်ရှားလိုက်ပြီဖြစ်ကြောင်း မြင်သောအခါ လျန်မင်က မြွေကြီး၏နောက်ဘက်သို့ ပြေးသွားပြီး ဝေ့ပိုင်ကမူ မြွေကြီး၏ဘယ်ဘက်သို့ ပြေးသွားခဲ့၏။
လျန်မင်က အချိန်မဖြုန်းတော့ဘဲ မြွေကြီး၏ခေါင်းကို ချိန်ရွယ်လျက် မိုးကြိုးသွားငါးခုထက်မက ဆင့်ခေါ်လိုက်၏။
ဖြောင်း။ ဝုန်း။ ဝုန်း။ ဝုန်း။
မြွေကြီးမှာ လျန်မင်၏တိုက်ခိုက်မှုကြောင့် အာရုံဝေဝါးသွားချိန်တွင် ဝေ့ပိုင်က သူ၏ခြေအောက်၌ လေကိုဆင့်ခေါ်ကာ အပေါ်သို့ မြင့်မားစွာ ခုန်တက်သွားလေ၏။
သူ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားသောအခါ မြွေကြီးဆီသို့ လေဓားသွားများကို ရက်စက်စွာ ပစ်လွှတ်လိုက်သည်။
ရှဲ... ရှဲ... ရှဲ...
လေဓားသွားများက မြွေကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ပတ်ဝန်းကျင်တစ်ခွင်ရှိ ဖုန်မှုန့်များကို လွင့်ပျံသွားစေ၏။
ဖုန်မှုန့်များထူထပ်လှသဖြင့် ဝေ့ပိုင်က သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်လေသည်။
"ရှီး..."
မြွေကြီး၏ ဒေါသတကြီး မြည်ဟီးသံကို ကြားလိုက်ရသဖြင့် ဝေ့ပိုင်က အော်ပြောလိုက်၏။
"အစ်ကိုရန်... ခင်ဗျား မပြီးသေးဘူးလား။ မြွေကြီးက ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မတတ် ဖြစ်နေပြီ။"
ရန်ယွမ်က ဝေ့ပိုင်ကို ပြန်မဖြေဘဲ နောက်ဆုံးသတ္တုတုတ်ချောင်း ဖန်တီးရန်ကိုသာ အာရုံစိုက်နေခဲ့၏။ နောက်ဆုံးသတ္တုတုတ်ချောင်း အသင့်ဖြစ်သွားချိန်တွင် သူက ခေါင်းမော့ကာ အော်ပြောလိုက်လေသည်။
"ဆုတ်။"
ဤသည်ကို ကြားသောအခါ လျန်မင်နှင့် ဝေ့ပိုင်တို့က မြွေကြီးအား တိုက်ခိုက်နေခြင်းကို တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြပြီး ချက်ချင်းပင် ဆုတ်ခွာသွားကြ၏။ နောက်တစ်စက္ကန့်၌ ရန်ယွမ်သည် သတ္တုတုတ်ချောင်းများကို ထိန်းချုပ်ကာ မြွေကြီးဆီသို့ ပစ်လွှတ်လိုက်လေသည်။
စွပ်... စွပ်... စွပ်...
"ရှီး... ရှီး..."
ဝုန်း... ဝုန်း... ဝုန်း...
မြွေကြီးသည် ၎င်း၏ခန္ဓာကိုယ်အနှံ့ သတ္တုတုတ်ချောင်းများဖြင့် ထိုးစိုက်ခံလိုက်ရသဖြင့် နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်တုံးကြီးများကို ဖျက်ဆီးပစ်လေတော့သည်။