အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) - သွေးသောက်မည်တော့ မဟုတ်တန်ရာ
မြွေကြီး အသက်ရှင်နေသေးသည်ကို မြင်လျှင် ရန်ယွမ်က အော်ဟစ်လိုက်၏။
"လောင်လျန်"
လျန်မင်သည် ရန်ယွမ်လုပ်ဆောင်လိုသည်ကို နားလည်သွားသဖြင့် ကောင်းကင်သို့ လက်ဝါးမြှောက်လိုက်၏။
နောက်တစ်စက္ကန့်တွင် မြွေကြီး၏ခန္ဓာကိုယ်၌ စိုက်ဝင်နေသော သံချောင်းများပေါ်သို့ မိုးကြိုးအချို့ ကျရောက်လာလေသည်။
ဂျိန်း။ ဂျုန်း။ ဂျိန်း။ ဂျုန်း။
ယခင်က မြွေကြီး၏အရေပြားကို ခြစ်ရာပင် မထင်စေနိုင်ခဲ့သော မိုးကြိုးများသည် ယခုအခါ သံချောင်းများကို လျှပ်ကူးပစ္စည်းအဖြစ် အသုံးချကာ မြွေကြီး၏အသွေးအသားများကို တိုက်ရိုက်လောင်ကျွမ်းစေတော့၏။
မကြာမီ လေထုထဲတွင် အသားကျွမ်းနံ့များ ပျံ့လွင့်လာလေသည်။ မကြာမီပင် မြွေကြီးသည် လှုပ်ရှားမှုရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့၏။
ဝုန်း။
မြွေကြီး၏ ဧရာမခန္ဓာကိုယ်ကြီး လဲကျသွားချိန်တွင် မြေပြင်သည် အနည်းငယ်တုန်ခါသွားပြီး ဖုန်မှုန့်များ ပျံ့လွင့်ကာ သူတို့သုံးဦးကို အသက်ရှူကျပ်သွားစေ၏။
ရန်ယွမ်က နှာခေါင်းကို အုပ်ကာ ခပ်ဖွဖွ ချောင်းဆိုးလိုက်၏။
"အဟွတ်... အဟွတ်..."
မြွေကြီးနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ဝေ့ပိုင်က မျက်နှာရှေ့၌ လက်ကို ယမ်းလိုက်ရင်း ပြောလိုက်၏။
"အဟွတ်... အဟွတ်... အား... သန္ဓေပြောင်းသားရဲတွေရဲ့ အသားနံ့က တကယ့်ကို ပြင်းထန်လွန်းတာပဲ..."
ရန်ယွမ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
"အခြားသန္ဓေပြောင်းသားရဲတွေ သွေးနံ့မရခင် ပုံဆောင်ခဲအမြုတေကို အမြန်ထုတ်ယူလိုက်..."
ဝေ့ပိုင်က ခေါင်းညိတ်ကာ မြွေကြီး၏အလောင်းဆီသို့ လျှောက်သွားလိုက်၏။
သူသည် လေဓားတစ်လက်ကို ဖန်တီးကာ မြွေကြီး၏ဦးခေါင်းကို ဖြည်းညှင်းစွာ ခွဲလိုက်သည်။ ငါးမိနစ်ခန့် ကြာပြီးနောက် သူသည် မြွေဦးခေါင်းထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကာ အခြားနှစ်ဦးရှိရာသို့ လျှောက်ပြန်လာခဲ့၏။
သူက ပုံဆောင်ခဲအမြုတေကို အသင်းဖော်များအား ပြသရင်း ပြောလိုက်၏။
"ဒီပုံဆောင်ခဲက တော်တော်ကြီးတာပဲ... ဒါကြောင့်လည်း ဒီသန္ဓေပြောင်းသားရဲကို သတ်ရတာ ဒီလောက်ခက်ခဲနေတာ ဖြစ်ရမယ်..."
ရန်ယွမ်က ထိုပုံဆောင်ခဲအမြုတေကို ကြည့်ကာ ပြောလိုက်၏။
"ဒါကို မင်းပဲ သိမ်းထားလိုက်တော့... ငါတို့တာဝန်က အဆင့်နှစ်ပုံဆောင်ခဲပဲ လိုတာ... "
“ဒါပေမဲ့ ဒါက အဆင့်သုံးပုံဆောင်ခဲ ဖြစ်နေတယ်... နောက်မှ ငါတို့တာဝန်သွားအပ်ရင် ပိုပြီးတော့ ဆုလာဘ်တွေ အများကြီး ရနိုင်တယ်..."
ထိုသို့ပြောပြီးနောက် သူတို့သုံးဦးသည် ထွက်ခွာသွားကြလေ၏။ ကျူးလင်သည် ခေတ္တမျှ စောင့်ဆိုင်းပြီးမှ သစ်ပင်နောက်ကွယ်မှ ထွက်လာခဲ့သည်။ စောစောကတိုက်ပွဲကြောင့် ထူးထူးလည်း နိုးနေပြီဖြစ်၏။
မီးကျွမ်းနေသော မြွေကြီး၏အလောင်းရှေ့တွင် ရပ်လျက် ကျူးလင်သည် သူမ၏နတ်ဘုရားအာရုံဖြင့် မြွေကြီး၏အလောင်းကို ခေတ္တမျှ စစ်ဆေးကြည့်ရှုလိုက်သည်။
ထူးထူးက သူ၏သခင်မကို ကြည့်ကာ မေးလိုက်၏။
"ဘယ်လိုလဲ သခင်မလေး..."
ကျူးလင်က ခေါင်းခါလိုက်ရင်း ပြောလိုက်၏။
"ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်သွားပြီ..."
ထိုစကားကို ကြားသောအခါ ထူးထူး၏မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်၏။
"ဒါဆို... သူတို့ အခုလေးတင် ထုတ်ယူသွားတဲ့ ပုံဆောင်ခဲက ဝိညာဉ်သားရဲအမြုတေနဲ့ အတူတူပဲလား..."
ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"အင်း... သူတို့သုံးယောက်ရဲ့ အထက်ဒန်တျန်ထဲမှာလည်း အဲဒီလိုပုံဆောင်ခဲမျိုး ရှိနေတယ်...”
“ဒီကမ္ဘာမှာ ကျင့်ကြံဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့... ဝိညာဉ်စွမ်းအင်ရဲ့ အရင်းအမြစ်က ကောင်းကင်နဲ့ မြေပြင်ကနေ မဟုတ်ဘဲ အခြားသက်ရှိတွေဆီက ဖြစ်နေတာပဲ..."
မျက်မှောင်ကြုတ်နေသော သူမ၏မျက်နှာကို ကြည့်ကာ ထူးထူးက မေးလိုက်၏။
"သခင်မလေး... ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ..."
ကျူးလင်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
"တကယ်လို့ ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအင်ရဲ့ တစ်ခုတည်းသော အရင်းအမြစ်က အခြားသက်ရှိတွေ ဖြစ်နေမယ်ဆိုရင် ငါ့အတွက် ကျင့်ကြံဖို့က အရမ်းခက်ခဲလိမ့်မယ်...”
“ငါ့ရဲ့ကိုယ်ကျိုးအတွက်နဲ့ အခြားသက်ရှိတွေကို မသတ်ဖြတ်နိုင်ဘူး... အဲဒါက မလိုအပ်ဘဲ ဝဋ်ကြွေးတွေ ခံရစေနိုင်သလို ငါ့ရဲ့ကပ်ဘေးမိုးကြိုးစွမ်းအားကိုလည်း တိုးမြင့်စေလိမ့်မယ်..."
စစ်မှန်သော နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် သူမ၏ ကပ်ဘေးမိုးကြိုးသည် အလွန်အမင်း အစွမ်းထက်ပြီးသားဖြစ်၏။
တကယ်လို့ သူမက ဝဋ်ကြွေးများ ပိုမိုပြုလုပ်မိခဲ့လျှင် အစ်ကိုဖြစ်သူက မည်မျှပင်ကူညီပါစေ ကပ်ဘေးမိုးကြိုးကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ပေ။
သူမသည် ဤကဲ့သို့သော မိစ္ဆာကျင့်စဉ်မျိုးကို တကယ်ပင် မကျင့်ကြံနိုင်ချေ။
သူမ၏စကားကို ကြားသောအခါ ထူးထူးက မြွေကြီးကို ကြည့်ရင်း တွေးတောလိုက်လေ၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က ပြောလိုက်၏။
"ဝိညာဉ်စွမ်းအင်ဆိုတာ အကြောင်းမဲ့ ပေါ်လာနိုင်တာ မဟုတ်ဘူး... သက်ရှိတွေဆီက မဟုတ်တဲ့ အခြားဝိညာဉ်စွမ်းအင် အရင်းအမြစ်တစ်ခု ရှိကိုရှိရမယ်..."
သူမ စဉ်းစားခန်းဝင်နေစဉ် ထူးထူးက မြွေကြီးကို အနီးကပ်ကြည့်ရန် သူမ၏ပခုံးပေါ်မှ ခုန်ဆင်းသွားလေ၏။
ထူးထူးက သူ၏ ခြေသည်းကိုသုံးကာ ခြေသည်းတစ်ချက်တည်းဖြင့် မြွေကြီး၏ခန္ဓာကိုယ်ကို အလွယ်တကူ ခွဲလိုက်၏။
မြွေကြီး၏ဝမ်းဗိုက် ကွဲထွက်သွားသည်နှင့်တစ်ပြိုင်နက် ပူနွေးသောသွေးများ မြေပြင်ပေါ်သို့ စီးကျလာလေတော့သည်။
လေထုထဲတွင် ရုတ်တရက် ပြင်းထန်သော ဝိညာဉ်စွမ်းအင်တစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသဖြင့် ကျူးလင်သည် စဉ်းစားနေရာမှ ထလာခဲ့၏။
သူမက မော့ကြည့်လိုက်ရာ ထိုဝိညာဉ်စွမ်းအင်၏ အရင်းအမြစ်မှာ မြွေကြီး၏သွေးများ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်၏။
"ထူးထူး... ဒီသွေးတွေကို သိမ်းထားလိုက်..."
"ဟုတ်ကဲ့ပါ သခင်မလေး..."
ယုန်ကလေးက မိမိ၏ဝိညာဉ်နန်းတော်ထဲမှ လွတ်နေသော ကျောက်စိမ်းပုလင်းအများအပြားကို ထုတ်ယူကာ မြွေကြီး၏သွေးများကို ဖြည့်သွင်းလိုက်လေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ယုန်ကလေးက မြွေကြီး၏သွေးအားလုံးကို သိမ်းဆည်းပြီးနောက် ပြောလိုက်၏။
"သခင်မလေး... သိမ်းလို့ပြီးပါပြီ..."
ကျူးလင်က မြွေကြီး၏အနီးသို့ တိုးသွားပြီး မီးကျွမ်းနေသော အလောင်းပေါ်သို့ သူမ၏လက်ညှိုးနှင့် လက်ခလယ်ကို တင်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူမက ပြောလိုက်၏။
"သူ့ရဲ့ အထက်ဒန်တျန်ထဲက ဝိညာဉ်စွမ်းအင်တွေ ကွယ်ပျောက်သွားပြီ ဆိုပေမဲ့... အသားနဲ့ သွေးထဲမှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကတော့ ကျန်ရှိနေသေးတယ်...”
“အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိတဲ့ ဝိညာဉ်သားရဲတွေထက်တောင် ပိုပြီးပြင်းထန်သေးတယ်...”
“ဒါက ငါတို့အတွက် ကောင်းမွန်တဲ့ အာဟာရဖြစ်သလို ကောင်းမွန်တဲ့ အစားထိုး ဝိညာဉ်စွမ်းအင် အရင်းအမြစ်တစ်ခု ဖြစ်စေနိုင်တယ်..."
ထူးထူးက သူမကို ကြည့်ကာ သံသယစိတ်ဖြင့် မေးလိုက်၏။
"သခင်...သခင်ကမလေးက သွေးသောက်မလို့တော့ မဟုတ်ဘူးမလား..."
ယုန်ကလေး၏စကားကို ကြားသောအခါ ကျူးလင်က ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်၏။
"ငါမသောက်ပါဘူး... သွေးထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေလို့ ဒါကို မန္တန်စာရွက်တွေ ဖန်တီးတဲ့နေရာမှာ အသုံးပြုနိုင်တယ်...”
“ဒီသွေးတွေ ရှိရင် ငါ့ရဲ့သွေးကိုသုံးပြီး မန္တန်စာရွက် ဖန်တီးဖို့ မလိုတော့ဘူး...”
“ဒါပေမဲ့ နှမြောစရာကောင်းတာက ဒီဝိညာဉ်သားရဲရဲ့ ကျင့်စဉ်အဆင့်က နိမ့်လွန်းတော့ သူ့သွေးနဲ့ ဖန်တီးနိုင်တဲ့ မန္တန်စာရွက်တွေက အဆင့်နိမ့် မန္တန်စာရွက်တွေပဲ ဖြစ်လိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ကျူးလင်က ခေတ္တမျှ တွေးတောနေ၏။
"ငါတို့ အရင်ဆုံး ဒီမြွေကြီးကို အစိတ်စိတ်အမွှာမွှာ ခွဲလိုက်ကြရအောင်..."
ထူးထူးက ခေါင်းညိတ်လိုက်ပြီး သူတို့ စတင်လုပ်ကိုင်ကြတော့၏။ တစ်နာရီခန့် ကြာပြီးနောက် ကျူးလင်သည် မြေပြင်ပေါ်တွင် ဖြန့်ခင်းထားသော ပစ္စည်းများကို ကြည့်ကာ ပြောလိုက်၏။
"မထင်မှတ်ထားဘဲ ဒီမြွေကြီးရဲ့ ခန္ဓာကိုယ်က ရတနာတစ်ခု ဖြစ်နေတာပဲ... သူ့ခန္ဓာကိုယ်ရဲ့ နေရာတိုင်းနီးပါးကို အသုံးချလို့ ရနိုင်တယ်...”
“တကယ်လို့ အခြားပစ္စည်းတွေသာ ထပ်ရှာတွေ့နိုင်မယ်ဆိုရင် ဆေးလုံးတွေ ဖော်စပ်ဖို့ ဒါမှမဟုတ် ဝိညာဉ်လက်နက်တွေ သွန်းလုပ်ဖို့တောင် ရနိုင်တယ်..."