← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) - ငှက်သုံးကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်ခြင်း

ကျူးလင်က သူမ၏ ယုန်လေးကို မေးခွန်းထုတ်လိုသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သော်လည်း ပါးစပ်က ဝါးနေရသဖြင့် စကားမပြောနိုင်ခဲ့ပေ။

ထူးထူးက ဟင်းခတ်အမွှေးအကြိုင်ပုလင်းကို ၎င်း၏ စိတ်ဝိညာဉ်နန်းတော်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး ပြောလိုက်၏။

"အရင်တုန်းက ခရီးတစ်ခုသွားရင်း အဘိုးအိုတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်လာဖို့ဆိုရင် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ စားဖိုမှူးရဲ့ ကျွမ်းကျင်မှုက မရှိမဖြစ်လိုအပ်တယ်လို့ သူက ပြောခဲ့တာပဲ။ သူပြောခဲ့တာက တကယ်ကို မှန်နေတာကိုး။"

ထူးထူးပြောသည်ကို ကြားပြီးနောက် ကျူးလင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ကျူးလင် ညစာစားပြီးသွားသောအခါ ထူးထူးက သံချောင်းကို သိမ်းဆည်းလိုက်ပြီး ပြောလိုက်၏။

"သခင်မလေး၊ ဒီနေ့ကစပြီး ကျွန်တော်တို့ အတူတူ ဟင်းချက်သင်ကြရအောင်ဗျာ။"

ကျူးလင်က နှုတ်ခမ်းကို သုတ်လိုက်ကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အင်း... အဲဒီလို လုပ်ကြတာပေါ့"

ယခု စားသောက်ပြီးသွားပြီဖြစ်ရာ ကျူးလင်သည် တရားထိုင်ခြင်းကို ဆက်လုပ်ခဲ့ပြီး အသစ်ရရှိထားသော ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ သူမ၏ သွေးကြောများကို ပြုပြင်ကုစားနေခဲ့၏။

ထူးထူးကမူ ဆက်လက်အိပ်စက်နေခဲ့သည်။ ညအချိန်ကာလမှာ မည်သည့်ပြဿနာမျှမရှိဘဲ ဖြည်းညင်းစွာ ကုန်ဆုံးသွားလေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျူးလင်သည် သူမ၏ သွေးကြောများနှင့် ဒန်တျန်အတွင်း၌ စူးရှပူလောင်သော ခံစားချက်ကို ခံစားလိုက်ရသည်။

သူမက မျက်မှောင်အနည်းငယ် ကြုတ်သွားကာ သူမ၏ သွေးကြောများအတွင်းရှိ အမည်းရောင်မီးတောက်ကို နှိမ်နင်းရန် နတ်ဘုရားစွမ်းအင်ကို အသုံးပြုလိုက်၏။

တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ထင်လိုက်သဖြင့် သူမက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်လေသည်။

သူမက မျက်လုံးဖွင့်ကာ မော့ကြည့်လိုက်သောအခါ နေရောင်ခြည်၏ ပထမဆုံးအလင်းတန်းက သယ်ဆောင်လာသည်မှာ ခရမ်းရောင် ဝိညာဉ်စွမ်းအင်မဟုတ်ဘဲ အမည်းရောင် မိစ္ဆာစွမ်းအင်များ ဖြစ်နေကြောင်းကို သတိပြုမိသွားခဲ့သည်။

နေရောင်ခြည်ထဲတွင် ပါဝင်နေသော မိစ္ဆာစွမ်းအင်များကို ကြည့်ကာ ကျူးလင်က တွေးလိုက်၏။

'ငါ့သွေးကြောတွေထဲမှာ အမည်းရောင်မီးတောက်တွေ ရုတ်တရက် ထွက်ပေါ်လာတာ အံ့ဩစရာမရှိပါဘူးလေ။ ဒီအရာတွေက ပထမဆုံး နေရောင်ခြည် အလင်းတန်းကနေ ရောက်လာတာကိုး။ နောင်ကျရင် တရားထိုင်တဲ့အခါ ငါ ပိုပြီး ဂရုစိုက်သင့်တယ်။'

ကျူးလင်သည် ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ချက်ချင်းထုတ်ယူကာ ပြန်လည်နာလန်ထူစေသော ဆေးလုံးတစ်လုံးကိုယူ၍ မြိုချလိုက်သည်။

အချိန်အတန်ကြာပြီးနောက် သူမ၏ သွေးကြောများနှင့် ဒန်တျန်အတွင်းရှိ နာကျင်မှုသည် တဖြည်းဖြည်း သက်သာသွားလေ၏။

သူမက ကျောက်စိမ်းပုလင်းငယ်ကို ရေခဲပန်းပွင့်ဆွဲကြိုးထဲသို့ အေးဆေးတည်ငြိမ်စွာ ပြန်လည်သိမ်းဆည်းလိုက်ပြီး နောက်ထပ် ဘာဆက်လုပ်ရမည်ကို တွေးတောနေခဲ့သည်။

သူမ တွေးတောနေစဉ် အဝေးမှ ဟိန်းဟောက်သံများနှင့် အော်ဟစ်သံများကို သဲ့သဲ့လေး ကြားလိုက်ရသည်။

အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ ကျူးလင်သည် သတ္တုသေတ္တာအချို့ သူမရှိရာဆီသို့ ရွေ့လျားလာနေသည်ကို တွေ့လိုက်ရ၏။

ဤသတ္တုသေတ္တာများသည် သူမ ဤကမ္ဘာသစ်သို့ ပထမဆုံးရောက်လာစဉ်က မြင်တွေ့ခဲ့ရသည့် အရာများနှင့် အလွန်ဆင်တူလေသည်။

သူမက ထူးထူးကို ပွေ့ချီကာ ပင်းကျန့်ကို ကောက်ကိုင်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူမက မျက်လုံးကိုမှိတ်ကာ ကောင်းကင်မျက်လုံး နည်းစနစ်ကို အသုံးပြုလိုက်၏။

သူမက မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူမ၏ သူငယ်အိမ်များသည် တောက်ပသော ငွေရောင်အဖြစ် ပြောင်းလဲသွားပြီး ကီလိုမီတာ သုံးဆယ်အကွာအဝေးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်စွမ်း ရှိသွားလေသည်။

ကျူးလင်က ထိုသတ္တုသေတ္တာများ၏ နောက်ဘက်သို့ ကြည့်လိုက်ရာ သတ္တုသေတ္တာများကို လိုက်လံဖမ်းဆီးနေသော လမ်းလျှောက်နေသည့် ဖုတ်ကောင်အုပ်စုကြီးကို တွေ့လိုက်ရသည်။

အချို့သော လမ်းလျှောက်နေသည့် ဖုတ်ကောင်များသည် ပိုမိုအား‌ကောင်းသော မိစ္ဆာစွမ်းအင်များဖြင့်ပင် ဖုံးလွှမ်းနေ၏။

ထိုဖုတ်‌ကောင်များသည် ပိုမိုမြန်ဆန်စွာ လမ်းလျှောက်နိုင်ကြပြီး အခြားသူများကဲ့သို့ တောင့်တင်းနေခြင်း မရှိပေ။

စက္ကန့်အနည်းငယ်ခန့် တွေးတောပြီးနောက် ကျူးလင်သည် တောအုပ်ထဲသို့ ဝင်သွားကာ သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။

သူမသည် စိမ်းလန်းစိုပြည်သော သစ်ရွက်များအကွယ်တွင် ပုန်းအောင်းနေခဲ့ပြီး သတ္တုသေတ္တာများနှင့် လမ်းလျှောက်နေသည့် ဖုတ်‌ကောင်အုပ်စုငယ်လေး နီးကပ်လာသည်ကို အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ပထမဆုံး သတ္တုသေတ္တာသည် သူမရှိရာနေရာကို ဖြတ်ကျော်သွားခဲ့သည်။

ပုန်းအောင်းနေသည့် နေရာမှနေ၍ ထိုသတ္တုသေတ္တာများထဲတွင် လူများ၊ သေတ္တာများနှင့် အိတ်များ ပြည့်နှက်နေသည်ကို သူမက ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်လေသည်။

သတ္တုသေတ္တာတစ်ခုစီတွင် လူလေးယောက်မှ ခြောက်ယောက်အထိ ရှိကြသည်။ ဒုတိယသတ္တုသေတ္တာက သူမကို ဖြတ်ကျော်သွားချိန်တွင် လမ်းလျှောက်နေသည့် ဖုတ်‌ကောင်များထဲမှ တစ်ကောင်က နောက်ဆုံးသတ္တုသေတ္တာ၏ ခေါင်မိုးပေါ်သို့ ရုတ်တရက် ခုန်တက်သွား၏။

"ကျစ်။ ဒါ မြန်နှုန်းမြှင့်ထားတဲ့ ဖုတ်ကောင်ပဲ။"

နောက်ဆုံးသတ္တုသေတ္တာဆီမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခုကို ကျူးလင် ကြားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် အမျိုးသားသုံးဦးက ပြတင်းပေါက်မှ ၎င်းတို့၏ သတ္တုသေတ္တာ ခေါင်မိုးပေါ်ရှိ ခုန်တက်လာသော ဖုတ်ကောင်ကို ၎င်းတို့၏ လက်နက်များဖြင့် စတင်ပစ်ခတ်ကြလေသည်။

ဒိုင်း။ ဒိုင်း။ ဒိုင်း။

ကျယ်လောင်သော သေနတ်သံများက ပိုမိုများပြားသော လမ်းလျှောက်နေသည့်ဖုတ်‌ကောင်များကို ဆွဲဆောင်သွားခဲ့ပြီး ၎င်းတို့ထဲမှ တစ်ယောက်က ထပ်မံကျိန်ဆဲလိုက်၏။

"ကျစ်။ ကားကို ဒီထက်ပိုမြန်မြန်မောင်းစမ်း။ ဟိုဘက်ဒီဘက် ကွေ့ပြီး အဲဒီဖုတ်ကောင်ကို အောက်ပြုတ်ကျအောင် လုပ်လိုက်။"

ယာဉ်မောင်းက ထိုအမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"မရဘူးကွ။ ငါ ကားကို အရမ်းမြန်မြန်မောင်းလိုက်ရင် ကားက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲဒီအခါကျရင် ငါတို့အားလုံး ဖုတ်ကောင်တွေရဲ့ ညစာဖြစ်သွားလိမ့်မယ်။"

"ကျစ်။ ဆက်ပစ်နေစမ်းပါ။ ဖုတ်ကောင်က ခေါင်မိုးကို ဖျက်ဆီးတာမျိုး အဖြစ်မခံနဲ့။"

ယာဉ်မောင်းပြောသည်ကို ကြားလိုက်ရသဖြင့် ထိုအမျိုးသားက ထပ်မံကျိန်ဆဲလိုက်ကာ မြန်နှုန်းမြင့်ဖုတ်ကောင်ကို ဆက်လက်ပစ်ခတ်နေခဲ့သည်။

၎င်းတို့သည် မြန်နှုန်းမြင့်ဖုတ်ကောင်နှင့် တိုက်ခိုက်နေစဉ်တွင် ၎င်းတို့နောက်ရှိ ဖုတ်ကောင်အုပ်စုကြီးသည် သေနတ်သံများကြောင့် ဆွဲဆောင်ခံရကာ ပို၍ပို၍ ကြီးမားလာလေသည်။

'ဖုတ်ကောင်တွေဟုတ်လား။ ကားတဲ့လား။ ဒါဆိုရင် ဒီကမ္ဘာသစ်မှာ အဲဒီရုပ်သေးရုပ်တွေကို ဖုတ်ကောင်တွေလို့ ခေါ်ပြီး အဲဒီသတ္တုသေတ္တာကိုတော့ ကားလို့ ခေါ်တာပေါ့လေ။'

ကျူးလင်က ဖုတ်ကောင်အုပ်စုကြီးကို တွေးတောဟန်ဖြင့် ကြည့်လိုက်၏။

ယခုလေးတင် ထိုဖုတ်ကောင်များကို သူမ ကြည့်လိုက်စဉ်က အချို့သော ဖုတ်ကောင်များ၏ အထက်ဒန်တျန်တွင် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည့် ပုံဆောင်ခဲတစ်ခု ရှိနေသည်ကို သူမ တွေ့ရှိခဲ့ရသည်။

ဖုတ်ကောင်ကို ဖုံးလွှမ်းထားသော မိစ္ဆာစွမ်းအင်က ပို၍ထူထပ်လေလေ ပုံဆောင်ခဲအတွင်း ပါဝင်နေသော ဝိညာဉ်စွမ်းအင်က ပို၍သန့်စင်ပြီး ကြွယ်ဝလေလေဖြစ်ကြောင်းကိုလည်း သူမ တွေ့ရှိခဲ့ရလေသည်။

'ဒီဖုတ်ကောင်တွေမှာ မြွေကြီးဆီမှာ ရှိခဲ့တဲ့ ပုံဆောင်ခဲမျိုး ရှိနေတာလား။ ဒီလိုသာဆိုရင် ငါ ဒီဖုတ်ကောင်တွေဆီကနေ အဲဒီပုံဆောင်ခဲမျိုး ရနိုင်တာပဲ။”

“ဒီဆိုးယုတ်တဲ့ အရာတွေကို ဖယ်ရှားနိုင်သလို ငါလည်း ကုသိုလ်ကံတွေ စုဆောင်းနိုင်တယ်”

“ဒီကမ္ဘာကြီးကိုလည်း ဆိုးယုတ်တဲ့ အရာတွေကနေ ကယ်တင်ပေးနိုင်တယ်။ ဒါက ငှက်သုံးကောင်ကို ခဲတစ်လုံးတည်းနဲ့ ပစ်လိုက်တာပဲ။”

ဤအရာကို တွေးမိသောအခါ ကျူးလင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

သူမက အိပ်ပျော်နေသော ယုန်လေးကို ကြည့်လိုက်ကာ တွေးတောလိုက်သည်။ ထို့နောက် ယုန်လေးကို သူမ၏ အဝတ်အစားများထဲသို့ ထည့်သွင်းလိုက်၏။ သူမက ဓားကို ကိုင်ဆောင်ထားကာ ကားများ ထွက်သွားသည်အထိ စောင့်ဆိုင်းနေပြီးမှ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်လေသည်။

ကျူးလင်က သူမ၏ ဓားရှည်ကို ပွတ်သပ်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။

"ပင်းကျန့်၊ ငါတို့ လေ့ကျင့်ခန်း နည်းနည်းလုပ်ကြရအောင်။"

စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် ပင်းကျန့်သည် ရွံရှာဖွယ်ကောင်းသော ထိုဖုတ်ကောင်များကို မထိတွေ့လိုသဖြင့် တုန်ခါနေကာ တိုးညှင်းသော တဝီဝီအသံများကို ပြုလုပ်လာ၏။

ပင်းကျန့်၏ ဆန္ဒပြမှုကို ဂရုမစိုက်ဘဲ ကျူးလင်သည် ဖုတ်ကောင်အုပ်စုငယ်၏ နောက်သို့ လိုက်သွားခဲ့သည်။ တိုက်ပွဲကို အသားပေးသော နတ်ဘုရားတစ်ပါးအနေဖြင့် သူမသည် တိုက်ပွဲထဲသို့ ဝင်ရောက်သွားသည့်အခါတိုင်း အမြဲတမ်း စိတ်လှုပ်ရှားနေတတ်လေသည်။

ပင်းကျန့်ကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီးနောက် ကျူးလင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အထက်ဒန်တျန်တွင် ပုံဆောင်ခဲတစ်ခုရှိနေသော ဖုတ်ကောင်အချို့ကို တွေ့လိုက်ရသည်။

ပုံဆောင်ခဲမရှိသော အခြားဖုတ်ကောင်များကိုမူ သူမဂရုမစိုက်ချေ။

ခေါင်းထဲတွင် ပုံဆောင်ခဲရှိနေသော အနီးဆုံးဖုတ်ကောင်ထံသို့ ခုန်သွားလိုက်ကာ သူမက ဖုတ်ကောင်၏ အထက်ဒန်တျန်ထဲသို့ ဓားဖြင့်ထိုးသွင်းလိုက်ပြီး ဖုတ်ကောင်၏ ခေါင်းထဲမှ ဓားကို ပြန်ဆွဲထုတ်လိုက်ချိန်တွင် ပုံဆောင်ခဲကိုပါ တစ်ပါတည်း တူးထုတ်လိုက်လေသည်။

ဖြန်း... ချွင်...

All Chapters