← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) - မီးနှင့် ရေစွမ်းအင် ပုံဆောင်ခဲအမြုတေ

လူအများရှေ့တွင် အဆူခံလိုက်ရသဖြင့် ထိုအမျိုးသမီးမှာ အလွန်ဒေါသထွက်ကာ ရှက်ရွံ့သွားလေသည်။ သို့သော်လည်း ခေါင်းဆောင်ဖြစ်သူ၏ အေးစက်စက် မျက်လုံးများကို မြင်လိုက်ရသောအခါ အဖွဲ့သားများနှင့် ပြန်လည်ငြင်းခုံရန် မဝံ့ရဲတော့ချေ။

သူမသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး သူမ၏ နွယ်ပင်များထဲသို့ စွမ်းအင်များ ပိုမိုစီးဆင်းစေလိုက်၏။ ချက်ချင်းပင် သူမ၏ ပါးလျသော နွယ်ပင်နှစ်ပင်မှာ အရှိန်မြန်လာပြီး အဆုံးတွင် မြန်နှုန်းမြင့်ဖုတ်ကောင်၏ ခြေထောက်ကို ဖမ်းဆွဲမိသွားတော့သည်။

နွယ်ပင်များကြောင့် စိတ်တိုသွားသော ဖုတ်ကောင်သည် ၎င်း၏ ချွန်ထက်သော လက်သည်းများဖြင့် ဖြတ်တောက်ရန် ကြိုးစားသော်လည်း ကျည်ဆန်များကို ရှောင်တိမ်းနေရသဖြင့် အလုပ်များနေလေသည်။ ဖုတ်ကောင်မှာ ပို၍ ဒေါသထွက်လာကာ ကျယ်လောင်စွာ ထပ်မံဟိန်းဟောက်လိုက်၏။

"ဂရောင်း... ဂရောင်း..."

ထိုအမျိုးသမီး၏ မျက်လုံးများ အရောင်လက်သွားကာ အော်ပြောလိုက်သည်။

"ငါ ဖမ်းမိပြီ။"

စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် သူမ၏ အဖွဲ့သားများသည် ဖုတ်ကောင်အား လျင်မြန်စွာ တိုက်ခိုက်လိုက်ကြလေသည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ဖုတ်ကောင်၏ ခြေထောက်ကို သူမ၏ နွယ်ပင်များက ဖမ်းဆွဲထားသော်လည်း ကျည်ဆန်အားလုံးကို လွယ်ကူစွာ ရှောင်တိမ်းနေနိုင်ဆဲပင်။

ခေါင်းဆောင်ဖြစ်သူက ကျည်ဆန်များ သိပ်မကျန်တော့ကြောင်း တွေးလိုက်မိပြီးနောက် ပြောလိုက်၏။

"မင်းရဲ့နွယ်ပင်တွေနဲ့ အဲ့ကောင်ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်။ ဖုတ်ကောင်ကို ချုပ်ထား။"

မိန်းက‌လေးဖြစ်သူ၏ စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ဤတာဝန်ပြီးဆုံးပါက ရိက္ခာမည်မျှရနိုင်မည်ကို သတိရသွားသောအခါ အံကို တင်းတင်းကြိတ်၍ နွယ်ပင်များထဲသို့ စွမ်းအင်များ ပိုမိုထည့်သွင်းလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် နွယ်ပင်များမှာ ထူထဲလာပြီး ဖုတ်ကောင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်လိုက်တော့သည်။

"ဂရောင်း..."

နွယ်ပင်များဖြင့် ရစ်ပတ်ခံရသော ဖုတ်ကောင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ဖုတ်ကောင်သည် ရုန်းထွက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်လေသည်။ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသော ဖုတ်ကောင်ကို မြင်သောအခါ အမျိုးသားလေးယောက်သည် ဖုတ်ကောင်၏ ခေါင်းကို သနားညှာတာမှု ကင်းမဲ့စွာဖြင့် ပစ်ခတ်လိုက်ကြသည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

သေနတ်သံများ တိတ်ဆိတ်သွားပြီးနောက် မြေပြင်ပေါ်ရှိ မလှုပ်မယှက်ဖြစ်နေသော ဖုတ်ကောင်ကို ကြည့်လိုက်ကြ၏။

ခေါင်းဆောင်ဖြစ်သူသည် ခါးမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး အခြားလက်တစ်ဖက်တွင် သေနတ်ကို အသင့်ကိုင်ဆောင်ကာ ဖုတ်ကောင်ဆီသို့ လျှောက်သွားလေသည်။

သူသည် ဖုတ်ကောင်၏ ဘေးတွင် ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်ကာ ဖုတ်ကောင်၏ နဖူးကို ခွဲဖွင့်ပြီး လက်မအရွယ်အစားရှိသော အကြည်ရောင်ပုံဆောင်ခဲအမြုတေကို တူးထုတ်လိုက်သည်။

သူမ၏ ခေါင်းဆောင်က ပုံဆောင်ခဲအမြုတေကို တူးထုတ်လိုက်သည်ကို မြင်သောအခါ မိန်းမဖြစ်သူသည် နွယ်ပင်များကို ရုတ်သိမ်းလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျကာ အပြင်းအထန် မောဟိုက်နေတော့၏။

"ဘယ်လိုနေလဲ အစ်ကိုကြီး။"

အမျိုးသားများထဲမှ တစ်ယောက်က ခေါင်းဆောင်ဖြစ်သူထံ လျှောက်သွားရင်း မေးလိုက်သည်။

ခေါင်းဆောင်ဖြစ်သူက ပုံဆောင်ခဲအမြုတေကို ဖုတ်ကောင်၏ အဝတ်အစားများဖြင့် သုတ်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်လေသည်။ သူက ပုံဆောင်ခဲအမြုတေကို သိမ်းဆည်းလိုက်ပြီး ပြောလိုက်၏။

"ဒါက အဆင့်နှစ် ဖုတ်ကောင်ပဲ။"

ဤသို့ ပြောပြီးနောက်မှသာ သူတို့ရောက်လာစဉ်က ဤမြန်နှုန်းမြင့်ဖုတ်ကောင်နှင့် တိုက်ခိုက်နေသော အခြားမိန်းမတစ်ယောက် ရှိနေခဲ့သည်ကို သူ သတိရသွားတော့သည်။

ရှေးဟောင်းဝတ်စုံနှင့် မိန်းကလေးကို ရှာဖွေရန် လှည့်ကြည့်လိုက်သော်လည်း သူမကို မတွေ့ရတော့ချေ။

သူသည် မျက်မှောင်အနည်းငယ် ကြုတ်သွားကာ မေးလိုက်သည်။

"ဟို ရှေးဟောင်းဝတ်စုံနဲ့ မိန်းကလေး ဘယ်ထွက်သွားလဲ မင်းတို့ထဲက တစ်ယောက်ယောက် မြင်လိုက်ကြလား။"

အဖွဲ့သားလေးယောက်လုံးက ခေါင်းခါ၍ တုံ့ပြန်လိုက်ကြ၏။ အဖွဲ့ခေါင်းဆောင်သည် ထိုနေရာတွင် ခေတ္တမျှ ရပ်နေလိုက်ပြီးနောက် သူ၏ သေဆုံးသွားသော အဖွဲ့သား၏ အလောင်းက ဖုတ်ကောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်ကိုသာ မြင်လိုက်ရလေသည်။

သူသည် သေနတ်ကို မြှောက်လိုက်ပြီး ထိုအဖွဲ့သား၏ ခေါင်းကို သနားညှာတာမှု ကင်းမဲ့စွာဖြင့် ပစ်ခတ်လိုက်တော့သည်။

ဒိုင်း... ဒုတ်...

နဖူးအလယ်တည့်တည့်တွင် အပေါက်ကြီးတစ်ခုနှင့်အတူ ဆင့်ကဲပြောင်းလဲလုနီးပါး ဖုတ်ကောင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခေါင်းဆောင်ဖြစ်သူက အေးစက်စက် ပြောလိုက်၏။

"ငါတို့ ပြန်ပြီး တာဝန်ပြီးဆုံးကြောင်း အစီရင်ခံကြစို့။"

သူတို့အဖွဲ့သားဟောင်း၏ အလောင်းကို ခြေဖြင့် ကန်ဖယ်လိုက်ပြီးနောက် အဖွဲ့ခေါင်းဆောင်သည် ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်ပြီး ကျန်လူများကလည်း ကားထဲသို့ အမြန်ဝင်လိုက်ကြသည်။

ကားမောင်းထွက်သွားပြီးနောက် ကျူးလင်သည် ပခုံးပေါ်တွင် ထူထူကို တင်ထားလျက် တောအုပ်ထဲမှ ထွက်လာလေသည်။

အဝေးတွင် တဖြည်းဖြည်း သေးငယ်သွားသော ကားကို ကြည့်ကာထူထူက မေးလိုက်၏။

"သခင်မလေး... သူတို့ လုသွားတာကို ဒီအတိုင်း ကြည့်နေလိုက်တော့မလို့လား။"

ယုန်လေး၏ စကားကို ကြားသောအခါ ကျူးလင်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဒါက ပုံဆောင်ခဲ သေးသေးလေးတစ်ခု ပါပဲလေ။"

ထူထူက နှုတ်ခမ်းဆူလိုက်ပြီး ပြောလိုက်၏။

"ဒါပေမဲ့ အဲ့ဒီလူသားတွေက အခြေခံ ယဉ်ကျေးမှုတောင် မရှိကြဘူး။ သခင်မလေးရဲ့ ပစ်မှတ်ကို လုယူရုံတင်မကဘူး နောက်ကနေတောင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သေးတယ်။ ပင်းကျန့်သာ အချိန်မီ မတုံ့ပြန်နိုင်ရင် သခင်မလေး သူတို့ကြောင့် ဒဏ်ရာရသွားလောက်တယ်။"

ပင်းကျန့်သည် ယုန်လေးထံမှ အလွန်ရှားပါးသော ချီးကျူးစကားကို ရရှိသွားသဖြင့် အောင်ပွဲခံသည့်အနေဖြင့် အသံပြုလိုက်လေသည်။

ထူထူက ဓားကို ကြည့်ကာ ၎င်း၏ မျက်လုံးနီနီလေးများကို လှန်ပြလိုက်ပြီး ဘာမှဆက်မပြောတော့ချေ။

ကျူးလင်က ယုန်လေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

"အဲ့ဒီဖုတ်ကောင်ကို သူတို့ကိုယ်တိုင် သတ်ခဲ့တာပဲလေ။ ဒီလုပ်ငန်းစဉ်မှာ သူတို့ရဲ့ သူငယ်ချင်းတစ်ယောက်တောင် ဆုံးရှုံးခဲ့ရသေးတယ်။ အဲ့ဒီပုံဆောင်ခဲက သူတို့ အသက်စွန့်ပြီး တိုက်ခိုက်ပြီးမှ ရလာတာဆိုတော့ သူတို့နဲ့ပဲ ထိုက်တန်ပါတယ်။ ပြီးတော့ ငါတို့ဆီမှာ သူတို့ထက်များတဲ့ ပုံဆောင်ခဲတွေ ရှိနေသေးတာပဲ။"

စကားပြောပြီးနောက် ကျူးလင်သည် သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲမှ ပုံဆောင်ခဲ ခြောက်ခုကို ထုတ်ယူလိုက်သည်။ ထူထူက သူမ၏ လက်ဖဝါးပေါ်ရှိ ပုံဆောင်ခဲများကို ကြည့်ကာ မေးလိုက်သည်။

"သခင်မလေး... ဘာဖြစ်လို့ အနီရောင်ပုံဆောင်ခဲတစ်ခုနဲ့ အပြာရောင်ပုံဆောင်ခဲတစ်ခု ပါနေရတာလဲ။"

ကျူးလင်သည် စောစောက ဖုတ်ကောင်များနှင့် တိုက်ပွဲကို ပြန်လည်အမှတ်ရသွားပြီး ပြောလိုက်၏။

"ငါ မှတ်မိသလောက်ဆိုရင် ဖုတ်ကောင်တစ်ကောင်က မီးစွမ်းအင်ကို သုံးနိုင်ပြီးတော့ နောက်တစ်ကောင်က ရေစွမ်းအင်ကို သုံးနိုင်တယ်။ အနီနဲ့ အပြာရောင် ပုံဆောင်ခဲတွေက အဲ့ဒီဖုတ်ကောင်နှစ်ကောင်ဆီက ဖြစ်ရမယ်။"

"ဒါဆို အနီရောင်ပုံဆောင်ခဲက မီးစွမ်းအင်ပုံဆောင်ခဲဖြစ်ပြီး အပြာရောင်ပုံဆောင်ခဲက ရေစွမ်းအင်ပုံဆောင်ခဲပေါ့။"

ထူထူက ထပ်မံမေးမြန်းလိုက်သည်။

"အဲ့လိုပဲဖြစ်မယ်"

ကျူးလင်က သူမ၏ လက်ဖဝါးပေါ်ရှိ ပုံဆောင်ခဲများကို ကြည့်ရင်း ပြန်ဖြေလိုက်၏။

"သခင်မလေး ဒါတွေကို စုပ်ယူလို့ရလား။"

ထူထူက သူမ၏ လက်ဖဝါးပေါ်ရှိ ပုံဆောင်ခဲများကို ကစားရင်း မေးလိုက်သည်။

ကျူးလင်က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"ငါ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်က ရေခဲပန်းလေ။ ရေခဲပန်းလေ။ငါက မီးစွမ်းအင်ရဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူလို့ရတယ်ဆိုပေမယ့် အရမ်းနာမှာ ကျင့်ကြံမှုလည်း သိပ်တိုးတက်မှာမဟုတ်ဘူး။”

“ဒါပေမဲ့ ရေစွမ်းအင်ပုံဆောင်ခဲကတော့ ရေစွမ်းအင်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေလို့ အဲ့ဒီဝိညာဉ်စွမ်းအင်က ငါ့ရဲ့ နတ်ဘုရားအရင်းမြစ်နဲ့ တူညီတဲ့တုန်ခါမှု ရှိတယ်။ တကယ်လို့ ငါသာ စုပ်ယူလိုက်မယ်ဆိုရင် အားထုတ်မှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆကို ရရှိနိုင်တယ်။"

ထူထူက အနီရောင်ပုံဆောင်ခဲကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ဒီလိုဆိုမှတော့... သခင်မလေးက သခင်မလေးရဲ့ နတ်ဘုရားအရင်းမြစ်နဲ့ တူညီတဲ့တုန်ခါမှုရှိတဲ့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်တဲ့ ပုံဆောင်ခဲတွေကနေပဲ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တာလား။"

ကျူးလင်က ခေါင်းညိတ်လိုက်ရာ ထူထူက ထပ်မေးလိုက်၏။

"ဒါဆို သခင်မလေး စုပ်ယူလို့မရတဲ့ တခြားပုံဆောင်ခဲတွေကျတော့ ဘယ်လိုလုပ်မလဲ။"

"ငါတို့ဆီမှာ နင်နဲ့ ပင်းကျန့် ရှိနေသေးတယ် မဟုတ်လား။ နင်တို့နှစ်ယောက်က ကျန်တဲ့ ပုံဆောင်ခဲတွေကို ခွဲယူလို့ရတာပေါ့။"

ကျူးလင်က ပြုံး၍ ပြောလိုက်လေသည်။

"သခင်မလေး... ပင်းကျန့်က သခင်မလေးရဲ့ နတ်ဘုရားအရိုးကနေ ဖြစ်တည်လာတာကို မေ့သွားပြီလား။ သူ့မှာလည်း သခင်မလေးလိုပဲ တူညီတဲ့ နတ်ဘုရားအရင်းမြစ် ရှိတယ်လေ။"

ထူထူသည် ၎င်း၏ သခင်ကို ကြည့်ကာ မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။

All Chapters