← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း (၁၅) - ထိုလူသားများနောက်သို့ လိုက်ခြင်း

ယုန်လေး၏ သတိပေးစကားကြောင့် ကျူးလင်၏ အပြုံးတို့ အေးခဲသွားလေသည်။ သူမက ချောင်းဟန့်လိုက်ကာ ပြောလိုက်၏။

"အင်း... ဒါဆိုလည်း နင်ပဲ ဒီပုံဆောင်ခဲတွေကို သုံးလိုက်တော့လေ။"

ထူထူက သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်မှိုင်ချကာ ပြောလိုက်သည်။

"သခင်မလေး၊ ကျွန်တော့်ရဲ့ နတ်ဘုရားအရင်းမြစ်က သစ်သားဓာတ်လေ။ တကယ်လို့ မီးဓာတ်ပါတဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူလိုက်ရင် ကျွန်တော် မီးလောင်သေသွားမှာပေါ့။"

ယုန်လေး၏စကားကို ကြားသောအခါ ကျူးလင်က ပါးပြင်ကို ကုတ်လိုက်ပြီး ခဏတာ တုံ့ဆိုင်းနေကာ ပြောလိုက်လေ၏။

"ဒါဆိုရင်... အသုံးမလိုတဲ့ ပုံဆောင်ခဲတွေကို ရောင်းလိုက်ရုံပဲပေါ့။"

ထူထူက သခင်ဖြစ်သူ၏ အကြံပြုချက်ကို စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အင်း... ဒီနည်းလမ်းပဲ ရှိတော့တာပါပဲ။"

"အင်း ဒါဆိုလည်း ငါတို့အသုံးမလိုတဲ့ တခြားပုံဆောင်ခဲတွေကို ရောင်းကြတာပေါ့။"

ကျူးလင်က ပုံဆောင်ခဲများကို ရေခဲပန်းပွင့်ဆွဲကြိုးထဲသို့ ပြန်ထည့်ရင်း ပြောလိုက်၏။

သခင်မဖြစ်သူ၏ ပြုံးနေသော မျက်နှာကို ကြည့်ကာ ထူထူက ခဏတာ စဉ်းစားလိုက်ပြီး မေးလိုက်လေသည်။

"သခင်မလေး၊ အဲ‌ဒီမီးဓာတ်ပုံဆောင်ခဲကို ဘယ်မှာရောင်းရမလဲဆိုတာ သိလို့လား။"

ထိုမေးခွန်းကို ကြားချိန်တွင် ကျူးလင်က သူမ၏ ယုန်လေးကို လှမ်းကြည့်လိုက်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်၏။

"အယ်... ငါမသိဘူးလေ။"

သခင်မနှင့် ယုန်လေးတို့သည် တစ်ယောက်ကိုတစ်ယောက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိကြသည်။ ဆက်လက် သည်းမခံနိုင်တော့သည့်အဆုံး ပင်းကျန့်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။

'သခင်မလေး၊ ဟိုကားသွားတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားလို့ရတယ်လေ။'

ပင်းကျန့်၏ စကားကို ကြားလိုက်ရသဖြင့် ကျူးလင်နှင့် ထူထူတို့သည် ဓားကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြ၏။ ကျူးလင်က ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ မေးလိုက်သည်။

"ဘာလို့လဲ။"

ကောင်းကင်ဧကရာဇ်က ၎င်း၏သခင်မကို မည်သို့ ပြုစုပျိုးထောင်ခဲ့သည်ကို ပင်းကျန့် အမှန်တကယ် သိချင်မိသွားသည်။

သီးသန့်ခွဲထွက်နေထိုင်ခြင်းက နတ်ဘုရားတစ်ပါးကိုပင် တကယ်ပဲ တုံးအသွားစေတာလား။

၎င်း၏ သခင်မလေး လုပ်တတ်သည်မှာ တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံခြင်းသာ ဖြစ်သည်။ တကယ်ကို အသုံးမကျပေ။

ပင်းကျန့်က ၎င်း၏ သခင်မဖြစ်သူမှာ အမှန်တကယ် တုံးအသည်ဟု ခံစားလိုက်ရပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်လေ၏။

'အဲဒီလူတွေက သူတို့ရဲ့တာဝန်ကို သွားပြန်သတင်းပို့မလို့ဆိုပြီး ပြောသွားကြတယ် မဟုတ်လား။'

ကျူးလင်နှင့် ထူထူတို့က ခေါင်းညိတ်လိုက်ကြရာ ပင်းကျန့်က ဆက်ပြောလိုက်သည်။

'အဲဒါဆိုရင် သူတို့တာဝန်ကို သွားပြန်သတင်းပို့မယ့်နေရာမှာ အနည်းဆုံး အဖွဲ့အစည်းတစ်ခု ရှိနေတာ သေချာတာပေါ့။ အဲဒီလို နေရာမျိုးမှာ လူတွေ အများကြီး ရှိနေမှာပဲ။'

ထိုသို့ပြောပြီးနောက် ၎င်း၏သခင်မလေးအနေဖြင့် ယခု ဘာလုပ်ရမည်ကို သိသင့်ပြီဟု ပင်းကျန့်က တွေးလိုက်ကာ နှာမှုတ်လိုက်ပြီး တစ်ဖန် ပြန်အိပ်ပျော်သွားလေ၏။

ကျူးလင်က အမည်းရောင်သွေးများနှင့် ပုပ်ဟောင်နေသော အသားစများ ပေကျံနေသည့် သူမ၏ ဓားကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ဆုချသည့်အနေဖြင့် သူမ၌ ကျန်ရှိနေသော နတ်ဘုရားစွမ်းအင် အနည်းငယ်ကို သုံးကာ ပင်းကျန့်အပေါ်သို့ သန့်စင်ခြင်းမန္တန်ကို ရက်ရောစွာ ရွတ်ဆိုပေးလိုက်လေသည်။

သန့်စင်တောက်ပသွားသော ပင်းကျန့်ကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ရင်း ကျူးလင်က ပြောလိုက်၏။

"ပင်းကျန့် ပြောတာ မှန်တယ်။ ငါတို့ ဘယ်သွားရမလဲဆိုတာ မသိမှတော့ အဲဒီလူသားတွေ နောက်ကိုပဲ လိုက်ကြတာပေါ့။"

ထူထူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အင်း၊ သွားပြီး ကြည့်ကြတာပေါ့။"

သူတို့၏ နောက်ထပ်သွားရမည့် ခရီးပန်းတိုင်ကို ဆုံးဖြတ်ပြီးနောက် နတ်ဘုရားတစ်ပါး၊ ဓားတစ်လက်နှင့် ယုန်တစ်ကောင်တို့သည် ကားထွက်သွားသော လမ်းကြောင်းအတိုင်း စတင်လျှောက်လှမ်းလာခဲ့ကြ၏။

ကျူးလင်သည် နာရီအတော်ကြာ လမ်းလျှောက်လာပြီးနောက် သူမတို့နှင့် လမ်းကြောင်းတူ လျှောက်လာနေသော အခြားလူတစ်စုကို တွေ့လိုက်ရလေသည်။

သူတို့၏ ညစ်ပတ်နေသော အဝတ်အစားများကို ကြည့်ကာ ကျူးလင်က သွေးများပေကျံနေသည့် သူမ၏ ဝတ်ရုံကို ငုံ့ကြည့်လိုက်ပြီး တွေးလိုက်သည်။

'အင်း၊ ဝတ်ရုံလဲဖို့ မေ့သွားတာလည်း ကောင်းတာပါပဲ။ ဒီညစ်ပတ်နေတဲ့ ဝတ်ရုံနဲ့ဆိုရင် ဒီလူသားတွေကြားထဲ ပြဿနာမရှိ ရောနှောနေလို့ရတာပေါ့။'

ကျူးလင်၏ အတွေးနှင့်ကွဲလွဲစွာပင် သူမ၏ ဝတ်ရုံမှာ ညစ်ပတ်နေသော်လည်း သူမသည် အာရုံစိုက်မှုကို အများအပြား ရရှိနေဆဲဖြစ်သည်။ ပထမအကြောင်းရင်းမှာ သူမသည် ရှေးဟောင်းပုံစံ ဝတ်ရုံကို ဝတ်ဆင်ထားသောကြောင့်ပင်။

အခြားအကြောင်းရင်းတစ်ခုမှာ သူမ၏ အဝတ်အစားများတွင် သွေးများ ပေကျံနေသော်လည်း ဖုန်မှုန့်တစ်စက်မျှပင် ရှာမတွေ့နိုင်ခြင်းကြောင့် ဖြစ်လေ၏။

အခြားလူအများစု၏ အဝတ်အစားများမှာ ဖုန်များဖြင့် ဖုံးလွှမ်းနေသော်လည်း ၎င်းတို့၏ အဝတ်အစားများပေါ်တွင် သွေးများ မရှိကြချေ။

ထိုအချက်လေးကို သတိမထားမိဘဲ ကျူးလင်သည် လူအုပ်ကြားထဲတွင် အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းနေခဲ့သည်။

နောက်ထပ် တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ကျူးလင်သည် သူတို့၏ ခရီးပန်းတိုင်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရလေသည်။ အဝေးမှနေ၍ သတ္တုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော အမည်းရောင်တံတိုင်းမြင့်ကြီးကိုသာ သူမ မြင်တွေ့နိုင်ပေသည်။

မြင့်မား၍ ခမ်းနားလှသော တံတိုင်းကြီးကို ကြည့်ကာ သူမက မေးလိုက်၏။

"ထူထူ ဟိုတံတိုင်းက ဘယ်လို သတ္တုမျိုးနဲ့ လုပ်ထားတာလဲဆိုတာ နင် သိလား။"

ယုန်လေးက အဝေးရှိ တံတိုင်းကြီးကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။

'သခင်မလေး၊ ဒါက သံ၊ ကာဗွန်နဲ့ တခြား သတ္တုအနည်းငယ် ပေါင်းစပ်ထားတဲ့ပုံပါပဲ။'

ထူထူ၏ အဖြေကို ကြားပြီးနောက် ကျူးလင်က စက္ကန့်အနည်းငယ်ခန့် စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ဒီကမ္ဘာက လောကဘုံခြောက်ပါးထဲက လူ့လောကထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ပုံပဲ။ အရင်တုန်းက ဟိုလူသားတွေ သုံးသွားခဲ့တဲ့ ထူးဆန်းတဲ့ လက်နက်တွေကတောင် လူ့လောကထဲက လက်နက်တွေထက် ပိုပြီး အစွမ်းထက်ပုံရတယ်။"

ထူထူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

'ဟုတ်ပါတယ်။ မရေမတွက်နိုင်တဲ့ ကမ္ဘာငယ်လေးတွေ ရှိနေမှတော့ လောကဘုံခြောက်ပါးထက် ပိုဖွံ့ဖြိုးတဲ့ ကမ္ဘာအနည်းငယ် ရှိနေနိုင်တာ မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ဒီကမ္ဘာက လူသားတွေ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မသိရသေးတော့ ကျွန်တော်တို့ သတိထားသင့်တယ်။'

"နင်ပြောတာ မှန်တယ်။"

ကျူးလင်က မြင့်မားသော တံတိုင်းပေါ်မှ စစ်သားများကို လေ့လာကြည့်ရှုရင်း ပြောလိုက်လေ၏။

၎င်းတို့၏ အပြည့်အစုံ တပ်ဆင်ထားသော လက်နက်များကို ကြည့်လိုက်ပြီး ကျူးလင်က လောလောဆယ်တွင် အာရုံစိုက်မခံရစေရန်အတွက် တိတ်တဆိတ်နေဖို့ဆုံးဖြတ်လိုက်သည်။

သူမ၏ အစ်ကိုနှင့် ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် မိစ္ဆာနတ်ဘုရားတို့က လူသားတို့၏ စိတ်နှလုံးကို သတိထားရန် သူမအား အမြဲတစေ သတိပေးလေ့ရှိသည် မဟုတ်ပါလော။

ကျူးလင်သည် အခြား အသက်ရှင်ကျန်ရစ်သူများနောက်သို့ လိုက်ကာ လမ်းအတိုင်း ဆက်လျှောက်လာခဲ့ရာ တံခါးပေါက်မြင့်ကြီးကို မြင်တွေ့လိုက်ရလေ၏။

တံခါးပေါက်ရှေ့တွင် တန်းစီနေသော လူတန်းရှည်ကြီးကို မြင်လိုက်ရသဖြင့် သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူမရှေ့ မလှမ်းမကမ်းတွင် လျှောက်လာနေသော သားအမိနှစ်ယောက်ကို တွေ့လိုက်ရသည်။

ကျူးလင်က ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ပြီး သမီးဖြစ်သူကို ကျောပိုးထားသော မိခင်ဖြစ်သူထံသို့ သွား၍ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အစ်မ။"

ထိုအမျိုးသမီးမှာ သူမ၏ ယဉ်ကျေးလှသော နှုတ်ဆက်စကားကြောင့် အံ့အားသင့်သွားခဲ့သော်လည်း ကျူးလင်၏ ကြည်လင်၍ တည်ငြိမ်သော အသံကို ကြားလိုက်ရသောအခါ သူမ၏ သတိထားစောင့်ကြည့်မှုမှာ ချက်ချင်းပင် ထက်ဝက်ခန့် လျော့ကျသွားလေ၏။

သူမက ကျူးလင်ကို လှည့်ကြည့်လိုက်ရာ လောကီနှင့်ကင်းကွာနေသော လှပသည့် မျက်နှာကို မြင်လိုက်ရသဖြင့် အလွန်တရာ အံ့ဩသွားခဲ့သည်။

အမျိုးသမီး၏ မျက်နှာပေါ်ရှိ ရင်းနှီးနေသော မှင်သက်နေသည့် အမူအရာကို မြင်လိုက်ရသဖြင့် ကျူးလင်က ထိုအမျိုးသမီး သတိပြန်ဝင်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

ခဏအကြာတွင် ထိုအမျိုးသမီးမှာ သတိပြန်ဝင်လာပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့နေသော အမူအရာတစ်ခု ပေါ်လာလေ၏။

သူမက မျက်လွှာကို အနည်းငယ်ချလိုက်ကာ မေးလိုက်သည်။

"မိန်းကလေး၊ ကျွန်မဆီက တစ်ခုခု အကူအညီလိုလို့လား။"

ကျူးလင်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေ၏။

"အစ်မ၊ အဲဒီလူတွေက တံခါးပေါက်ရှေ့မှာ ဘာဖြစ်လို့ တန်းစီနေကြတာလဲဆိုတာ သိလား။"

All Chapters