အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) - စခန်း
အမျိုးသမီးက ဂိတ်တံခါးရှေ့ရှိ ရှည်လျားလှသော လူတန်းကြီးကို စက္ကန့်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် ကျူးလင်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"မိန်းကလေး... ဒီစခန်းအကြောင်းကို မသိဘဲနဲ့ ဒီကို ရောက်လာတာလား။"
ကျူးလင်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မေးလိုက်သည်။
"စခန်း... အစ်မကြီး... စခန်းလို့ခေါ်တဲ့ ဒီနေရာအကြောင်းကို ပြောပြပေးလို့ ရမလား။"
အစပိုင်းတွင် အမျိုးသမီးက ကျူးလင်အား ရှင်းပြရန် အချိန်နှင့် ခွန်အားများကို မဖြုန်းတီးလိုပေ။ သို့သော် ကျူးလင်က သူမအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံသည်ကို မြင်သောအခါ အမျိုးသမီးက ပြောပြလေသည်။
"ဒီစခန်းက အသက်ရှင်ကျန်ရစ်သူတွေအတွက် အစိုးရက တည်ဆောက်ပေးထားတာလေ။ စခန်းထဲမှာ နေချင်ရင်တော့ အထဲဝင်ဖို့ စာရင်းသွင်းရမယ်။"
အမျိုးသမီးသည် ကျူးလင်၏ ရှေးဟောင်းပုံစံ ဝတ်စုံကို ကြည့်ကာ ပြောလိုက်၏။
"မိန်းကလေးရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ရတာ မိသားစုနဲ့ ကွဲကွာလာတာ ဖြစ်ရမယ်။ ဟုတ်တယ်မလား။"
ထိုမေးခွန်းကို ကြားသောအခါ ကျူးလင်က နတ်ဘုရားလောကရှိ သူမ၏ အစ်ကိုကို သတိရသွားကာ ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်တွင် သူမသည် တစ်ဦးတည်းသော မိသားစုဝင်နှင့် အမှန်တကယ်ပင် ကွဲကွာနေခဲ့ခြင်း ဖြစ်ပေသည်။
အမျိုးသမီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးလိုက်၏။
"အိမ်ထောင်စုစာရင်းရော ယူလာခဲ့လား။"
ကျူးလင်တွင် အိမ်ထောင်စုစာရင်း ဆိုသည်မှာ တစ်ခါမှ မရှိခဲ့ဖူးသဖြင့် မယူလာခဲ့သည်မှာ သေချာလှသည်။ အမျိုးသမီး၏ အမေးကို အဖြေပေးသည့်အနေဖြင့် သူမက ခေါင်းခါပြလိုက်လေသည်။
သူမ ခေါင်းခါပြသည်ကို မြင်သောအခါ အမျိုးသမီးက တွေးလိုက်သည်။
'ဒီမိန်းမပျိုလေးက တကယ်ကို သနားစရာကောင်းတာပဲ။'
ထို့နောက် ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်၏။
"မှတ်ပုံတင်ရော ဘယ်မှာလဲ။ အဲဒါတော့ ရှိသင့်တယ်မလား။"
ကျူးလင်က ထပ်၍ ခေါင်းခါပြလိုက်သည်။ သူမတွင် မည်သည့်မှတ်ပုံတင်မျိုး ရှိနိုင်မည်နည်း။ သူမသည် ဤကမ္ဘာသစ်သို့ မတော်တဆ ကျရောက်လာသူသာဖြစ်ရာ ဤကမ္ဘာမှ သက်သေခံလက်မှတ် တစ်စုံတစ်ရာ ရှိနေရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ဤတစ်ကြိမ်တွင် သူမ ထပ်မံခေါင်းခါသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။ သူမသည် ကျူးလင်အား မျက်မှောင်အနည်းငယ် ကြုတ်ကြည့်လိုက်ကာ ပြောလိုက်၏။
"မိန်းကလေး... အိမ်ထောင်စုစာရင်းဖြစ်ဖြစ်၊ မှတ်ပုံတင်ဖြစ်ဖြစ် မရှိဘူးဆိုရင်တော့ စခန်းထဲဝင်ဖို့ ပိုက်ဆံပေးရလိမ့်မယ်။"
စခန်းထဲဝင်ရန် ပိုက်ဆံပေးရမည် ဆိုသည်ကို ကြားသောအခါ ကျူးလင်နှင့် ထူထူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့သည် ဤကမ္ဘာသစ်သို့ ရောက်ရှိနေသည်မှာ သုံးရက်ခန့်သာ ရှိသေးပေသည်။ မည်သည့်နေရာမှ ငွေကြေး ရှာဖွေနိုင်မည်နည်း။ ငွေမရှိဘဲလျက် စခန်းထဲသို့ဝင်ကာ မီးစွမ်းအင်ပုံဆောင်ခဲကို ရောင်းချနိုင်ပါဦးမည်လော။
သတင်းအချက်အလက် ပိုမိုစုံစမ်းခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း တွေးတောမိပြီးနောက် ကျူးလင်က မေးလိုက်သည်။
"အစ်မကြီး... စခန်းထဲဝင်ဖို့ဆိုရင် ဘယ်လောက် ပေးရမလဲ။"
ထိုမေးခွန်းကို ကြားသောအခါ အမျိုးသမီးက ခေါင်းခါပြပြီး ပြောလိုက်၏။
"အိမ်ထောင်စုစာရင်း ဒါမှမဟုတ် မှတ်ပုံတင် မပြနိုင်ရင် ပိုက်ဆံပေးရမယ်ဆိုတာလောက်ပဲ ကျွန်မ သိတာပါ။ ဘယ်လောက်ပေးရမလဲ ဆိုတာကိုတော့ ကျွန်မလည်း မသိဘူးလေ။"
အဖြေရပြီးနောက် ကျူးလင်သည် သူမ၏ ကျယ်ဝန်းသော လက်စွပ်အိတ်အတွင်းသို့ လက်ကိုထည့်ကာ ရေခဲပန်းပွင့် ဆွဲကြိုးလေးထဲမှ သေးငယ်သော အကြည်ရောင်ပုံဆောင်ခဲလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အမျိုးသမီးထံသို့ ကမ်းပေးကာ ပြောလိုက်သည်။
"အစ်မကြီး... ဒါက အစ်မကြီးအတွက်ပါ။ ဒါကို ရောင်းလိုက်လို့ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ လဲလှယ်လိုက်လို့ဖြစ်ဖြစ် ရနိုင်မယ်လို့ ထင်ပါတယ်။ ဒီသတင်းအချက်အလက်တွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
အမျိုးသမီးသည် ကျူးလင်၏ လက်ဖဝါးပေါ်ရှိ လက်သန်းလက်သည်းခွံအရွယ် အကြည်ရောင် ပုံဆောင်ခဲလေးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
လမ်းတစ်လျှောက်တွင် လူအုပ်စုအချို့က လမ်းလျှောက်နေသော အလောင်းကောင်များကို သတ်ဖြတ်ကာ ၎င်းတို့၏ ဦးခေါင်းထဲမှ ဤကဲ့သို့သော ပုံဆောင်ခဲမျိုးကို တူးထုတ်နေကြသည်ကို သူမ မြင်တွေ့ခဲ့ရဖူးပေသည်။
၎င်းကို ပုံဆောင်ခဲအမြုတေအဖြစ် ခေါ်ဆိုကြပြီး ဤကပ်ဆိုးကာလ၏ ငွေကြေးအသစ်အဖြစ် သတ်မှတ်နိုင်ပေသည်။
အမျိုးသမီးက ငြင်းဆန်ခြင်းမရှိဘဲ အကြည်ရောင်ပုံဆောင်ခဲလေးကို ကောက်ယူလိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် မိန်းကလေး။"
ထိုစကားကို ချန်ရစ်ခဲ့ကာ အမျိုးသမီးသည် သူမ၏ သမီးလေးကို ကျောပိုးလျက် ထွက်ခွာသွားလေသည်။ အမျိုးသမီး၏ ကျောပြင်ကို ကြည့်ရင်း ကျူးလင်က မေးလိုက်သည်။
"အဲဒီအမျိုးသမီး ပုံဆောင်ခဲကို ကြည့်လိုက်တဲ့အချိန် မျက်နှာပေါ်က အမူအရာကို မင်း မြင်လိုက်လား။"
ထူထူက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"သခင်မလေး... ဒီကမ္ဘာမှာ ဒီပုံဆောင်ခဲက တန်ဖိုးအရမ်းမြင့်မယ်လို့ ကျွန်တော် ထင်တယ်။ ဝယ်မယ့်သူကို မရှာခင် ဒီပုံဆောင်ခဲတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ ပိုပြီး စုံစမ်းကြည့်သင့်သလား။"
"အင်း... အရင်ဆုံး သတင်းအချက်အလက်တွေ စုဆောင်းရအောင်။"
ထိုသို့ပြောလိုက်ပြီးနောက် ကျူးလင်သည် ဂိတ်တံခါးရှေ့ရှိ ရှည်လျားလှသော လူတန်းကြီးဆီသို့ လျှောက်သွားလေသည်။
ဂိတ်တံခါးရှေ့ရှိ ရှည်လျားသော လူတန်းကြီးအနီးသို့ ချဉ်းကပ်သွားချိန်တွင် စခန်းအတွင်းသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသူများထံမှ စကားသံအချို့ကို ကျူးလင် ကြားလိုက်ရသည်။
"စခန်းထဲကို အခုလေးတင် မောင်းဝင်သွားတဲ့ ကားကို မင်း မြင်လိုက်လား။"
ဘေးဘက်တွင် စောင့်ဆိုင်းနေသော လူငယ်တစ်ဦးက သူ၏ အဖော်ဖြစ်သူကို မေးလိုက်၏။
အခြားလူငယ်တစ်ဦးက ဂိတ်တံခါးဘက်သို့ ငေးကြည့်လိုက်ကာ မေးလိုက်သည်။
"ဘယ်မှာလဲ။ ဘယ်မှာလဲ။ စခန်းထဲကို ဘယ်ကားမှ ဝင်သွားတာ ငါ မမြင်လိုက်ပါဘူး။"
လူငယ်ဖြစ်သူက သူ၏သူငယ်ချင်းကို မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ငါ အခုလေးတင် ပြောလိုက်တာကို မကြားဘူးလား။ သူတို့ စခန်းထဲကို ဝင်သွားပြီလို့ ငါ ပြောနေတာလေ။"
ထို့နောက် အခြားလူငယ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်းက ဘာဖြစ်လို့ အဲဒီကားအကြောင်း ပြောနေရတာလဲ။ အဲဒီကားအကြောင်း ငါ သိထားသင့်လို့လား။"
လူငယ်က အသံကို နှိမ့်ချလိုက်ပြီး မေးလိုက်၏။
"အဲဒီကားထဲမှာ ဘယ်သူတွေ ထိုင်နေလဲဆိုတာ မင်း သိလား။"
အခြားလူငယ်က သူ၏သူငယ်ချင်းကို ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"ပြောစရာရှိတာကို တည့်သာပြောစမ်းပါ။ ဘာဖြစ်လို့ သွယ်ဝိုက်ပြီး ပြောနေရတာလဲ။"
သူလိုချင်သော တုံ့ပြန်မှုကို မရရှိသည့်အတွက် လူငယ်ဖြစ်သူက နောက်ဆုံးတွင် ပြောလိုက်လေသည်။
"အဲဒီကားကို မောင်းလာတဲ့အဖွဲ့က ဒီစခန်းမှာ အသန်မာဆုံးအဖွဲ့လို့ ငါ ကြားထားတယ်။ ဒီနေ့ဆိုရင် သူတို့က နေရောင်ခြည်စွမ်းအင်သုံး အပြားကြီးသုံးချပ်နဲ့ မီးစက်နှစ်လုံးကိုတောင် ပြန်သယ်လာကြတာကွ။"
သူငယ်ချင်းဖြစ်သူ၏ စကားကို ကြားသောအခါ အခြားလူငယ်က သံသယဖြင့် မေးလိုက်၏။
"တကယ်ကြီးလား။"
ဤကပ်ဆိုးအလွန်ကာလတွင် နေရောင်ခြည်စွမ်းအင်သုံးပြားများနှင့် မီးစက်များသည် မည်မျှတန်ဖိုးရှိကြောင်းကို လူတိုင်း သိထားကြပေသည်။
ထိုသူများက နေရောင်ခြည်စွမ်းအင်သုံး အပြားများနှင့် မီးစက်များကို ပြန်လည်သယ်ဆောင်လာနိုင်သည့်အတွက် သူတို့၏ စွမ်းအားမှာ မိမိတို့ကဲ့သို့ သာမန်လူများထက် သာလွန်နေမည်မှာ သေချာလှသည်။
လူငယ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"သေချာတာပေါ့။ သူတို့ စခန်းထဲကို ဝင်လာတဲ့အချိန်မှာ မီးစက်တွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး အပြားတွေကို ငါ သေချာမြင်လိုက်တယ်။ အဲဒီပစ္စည်းတွေကို ရောင်းလိုက်ရင် ရိက္ခာတွေ ဘယ်လောက်တောင် ရနိုင်မလဲဆိုတာ မင်း သိလား။"
လူငယ်ဖြစ်သူ၏ မျက်နှာအမူအရာကို ကြည့်ကာ အခြားလူငယ်က ပြောလိုက်၏။
"သူတို့တစ်ဖွဲ့လုံးကို လေးလလောက် အေးဆေးကျွေးထားနိုင်တယ်လို့ စစ်သားတွေ ပြောနေတာကို ငါ ကြားလိုက်မိတယ်။ ငါတို့လည်း ဘယ်တော့လောက်မှ အဲဒီလောက်များတဲ့ ရိက္ခာတွေကို ရနိုင်မလဲဆိုတာ သိချင်ပါရဲ့ကွာ။"
လူငယ်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"အိပ်မက်မက်ချင်ရင်လည်း သွားအိပ်လိုက်လေကွာ။ ဒီနေ့ ငါတို့မှာ သောက်ဖို့ရေတောင် အလုံအလောက် မရှိဘူး။ အဲဒီ သဘာဝလွန်စွမ်းအားရှင်တွေနဲ့ ငါတို့က အဆင့်တူတယ်လို့ မင်း ထင်နေတာလား။"