အခန်း ၁၈
Vol. 2 Ch. 18
အခန်း (၁၈) - ရိက္ခာပစ္စည်းများ လဲလှယ်ခြင်း
ကျူးလင်က မီးဓာတ်ပုံဆောင်ခဲအမြုတေကို စားပွဲပေါ်တွင် တင်လိုက်ပြီး ပြောလိုက်၏။
'ဒီပုံဆောင်ခဲအမြုတေရဲ့ တန်ဖိုးကို ငါတို့ သေသေချာချာ မသိသေးတဲ့အတွက် သူစိမ်းတွေဆီမှာ သွားလဲလှယ်မယ့်အစား ဒီလူတွေဆီမှာပဲ လဲလှယ်လိုက်တာ ပိုကောင်းမယ်။ အနည်းဆုံးတော့ ဒီလူတွေက ယုံကြည်ရပုံပေါ်တယ်။'
စစ်သားဖြစ်သူသည် စားပွဲပေါ်ရှိ အနီရောင်ပုံဆောင်ခဲအမြုတေကို မြင်လိုက်ရသောအခါ အံ့ဩသွားပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။
တစ်စုံတစ်ယောက်က ဓာတ်သဘာဝပုံဆောင်ခဲအမြုတေကို ရိက္ခာပစ္စည်းများနှင့် လာရောက်လဲလှယ်လိုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင်။
ထို့ပြင် ဤပုံဆောင်ခဲအမြုတေ၏ အရွယ်အစားကို အကဲခတ်ကြည့်ရသလောက် အဆင့်နှစ်ပုံဆောင်ခဲအမြုတေတစ်ခု ဖြစ် လောက်ပေသည်။
ယခုအချိန်အထိ သူတို့သိထားသမျှသော ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသူများ၏ အမြင့်ဆုံးအဆင့်မှာ အဆင့်နှစ်သာ ဖြစ်သည်။
လေ့လာစောင့်ကြည့်မှု မှတ်တမ်းများအရ အနာဂတ်တွင် ပိုမိုမြင့်မားသော အဆင့်ရှိသည့် ဖုတ်ကောင်များနှင့် သန္ဓေပြောင်းသူများ ပေါ်ပေါက်လာနိုင်မည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ အဆင့်နှစ်ထက်ကျော်လွန်သော အရာများကို မည်သူမျှ မမြင်ဖူးကြသေးပေ။
စစ်သားက ကျူးလင်ကို မော့ကြည့်ကာ မေးလိုက်၏။
"မိန်းကလေး... ဒီအဆင့်နှစ် ပုံဆောင်ခဲအမြုတေကို ရိက္ခာပစ္စည်းတွေနဲ့ လဲလှယ်ချင်တာ သေချာရဲ့လား။"
ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်မေးလိုက်သည်။
"ဒီပုံဆောင်ခဲအမြုတေကို လဲလှယ်မယ်ဆိုရင် ရေနဲ့ အစားအစာ ဘယ်လောက်ရနိုင်မလဲ။"
သူမက ပုံဆောင်ခဲအမြုတေကို အစားအစာ၊ ရေတို့နှင့် လဲလှယ်မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ စစ်သားမှာ ပို၍ပင် အံ့အားသင့်သွားလေသည်။
သူမက ဤအဆင့်နှစ် ပုံဆောင်ခဲအမြုတေကို ထုတ်ယူလိုက်ချိန်တွင် သူမအလိုရှိသောအရာမှာ လက်နက်များ သို့မဟုတ် အနည်းဆုံး နေထိုင်စရာ နေရာတစ်ခုခုဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သူမ နှုတ်မှ ထုတ်ပြောလိုက်ချိန်တွင် အလိုရှိသည်မှာ အစားအစာနှင့် ရေသာဖြစ်နေမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
တစ်စုံတစ်ယောက်က အဆင့်နှစ် ဓာတ်သဘာဝပုံဆောင်ခဲအမြုတေကို အစားအစာ၊ ရေတို့နှင့် လဲလှယ်လိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားခြင်း မရှိခဲ့သောကြောင့် စစ်သားမှာ စံသတ်မှတ်ထားသော လဲလှယ်နှုန်းထားကို မသိပေ။
သူက မတ်တတ်ရပ်လိုက်ပြီး အနီရောင်ပုံဆောင်ခဲအမြုတေကို ကျူးလင်ဘက်သို့ ပြန်တွန်းပေးလိုက်ကာ ပြောလိုက်၏။
"ခဏလောက် စောင့်ပေးပါခင်ဗျာ။ လဲလှယ်နှုန်းထားနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ အထက်အရာရှိကို သွားမေးကြည့်ပါရစေ။"
စကားပြောပြီးနောက် သူသည် အလျင်အမြန် ထွက်ခွာသွားလေသည်။ ပျောက်ကွယ်သွားသော သူ၏ကျောပြင်ကို ကြည့်ရင်း ကျူးလင်သည် အနီရောင်ပုံဆောင်ခဲအမြုတေကို ကိုင်ဆောင်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
မကြာမီတွင် ထိုစစ်သားသည် စစ်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာ၏။
စစ်သားသည် လူလတ်ပိုင်းအမျိုးသားကို ကျူးလင်ထံသို့ ခေါ်ဆောင်လာပြီးနောက် ပြောလိုက်သည်။
"အဆင့်နှစ် မီးဓာတ်ပုံဆောင်ခဲအမြုတေကို အစားအစာ၊ ရေတို့နဲ့ လဲလှယ်ချင်တဲ့ မိန်းကလေးက သူပါပဲ။"
လူလတ်ပိုင်းအမျိုးသားက ကျူးလင်ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခုချိတ်ဆွဲကာ သူမအနီးသို့ လျှောက်လာခဲ့သည်။ သူသည် စားပွဲအနောက်တွင် ရပ်လိုက်ပြီး ပြောလိုက်၏။
"မင်္ဂလာပါ မိန်းကလေး။ မိန်းကလေးက ပုံဆောင်ခဲအမြုတေကို အစားအစာ၊ ရေတို့နဲ့ လဲလှယ်ချင်တယ်လို့ ကျွန်တော့်တပည့်က ပြောပါတယ်။ ပုံဆောင်ခဲအမြုတေကို ကျွန်တော် ကြည့်လို့ရမလား။"
ကျူးလင်က ခေါင်းညိတ်လိုက်ပြီး အနီရောင်ပုံဆောင်ခဲအမြုတေကို စားပွဲပေါ်သို့ တင်လိုက်သည်။
အနီရောင်ပုံဆောင်ခဲအမြုတေကို မြင်လိုက်ရသောအခါ လူလတ်ပိုင်းအမျိုးသား၏ မျက်လုံးများ အရောင်လက်သွားလေသည်။
လတ်တလောတွင် စမ်းသပ်ခန်း၌ သူတို့၏စမ်းသပ်မှုများအတွက် ဓာတ်သဘာဝပုံဆောင်ခဲအမြုတေများ လိုအပ်နေခြင်း ဖြစ်သည်။
ဤမီးဓာတ်ပုံဆောင်ခဲအမြုတေသာ ရှိမည်ဆိုလျှင် ထိုထိပ်ပြောင်သုတေသီများက သူ့ကို အတန်ကြာသည်အထိ အနှောင့်အယှက်ပေးကြတော့မည် မဟုတ်ပေ။
သူက အနီရောင်ပုံဆောင်ခဲအမြုတေကို ကောက်ယူလိုက်ပြီး အတန်ကြာ အကဲခတ်ကြည့်ရှုလိုက်ကာ ပြောလိုက်၏။
"ဒီပုံဆောင်ခဲအမြုတေအတွက် မိန်းကလေးကို အစားအစာနဲ့ ရေ အမြောက်အမြား ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပမာဏကတော့ မိန်းကလေး လိုချင်တဲ့ အစားအစာအမျိုးအစားပေါ်မှာ မူတည်လိမ့်မယ်။"
သူ ပြောပြီးသည်နှင့်တစ်ပြိုင်နက် စစ်သားက ကျူးလင်ရှေ့ရှိ စားပွဲပေါ်သို့ စာရွက်တစ်ထပ်ကို တင်ပေးလိုက်သည်။ လူလတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။
"မိန်းကလေး... ဒီစာရင်းထဲကနေ ရွေးချယ်နိုင်ပါတယ်။"
ကျူးလင်က သူမရှေ့ရှိ စာရွက်စာရင်းကို ကြည့်လိုက်ပြီး ထူးထူးနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ သူတို့နှစ်ဦးစလုံးသည် ဤကမ္ဘာရှိ စာပေများကို ဖတ်တတ်သူများ မဟုတ်ကြပေ။
အကယ်၍ စာရင်းကိုပင် မဖတ်တတ်ပါက မည်သို့ရွေးချယ်နိုင်မည်နည်း။
ကျူးလင်က စာရင်းကို လှည့်၍ပင် မကြည့်သည်ကို မြင်သောအခါ လူလတ်ပိုင်းအမျိုးသားက သူမကို ပြုံးပြလိုက်ပြီး မေးလိုက်သည်။
"မိန်းကလေး... ရွေးချယ်ပြီးသွားပြီလား။"
စစ်တပ်နှင့် ပစ္စည်းလာရောက်လဲလှယ်သူ အများစုမှာ မလာရောက်မီကပင် ကြိုတင်ရွေးချယ်ထားတတ်ကြသည်။ ထို့ကြောင့် ဤမိန်းကလေးက စာရင်းကိုပင် မကြည့်ဘဲ ရွေးချယ်မှုပြုလုပ်ထားခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
လူလတ်ပိုင်းအမျိုးသား၏ မေးခွန်းကို ကြားသောအခါ ကျူးလင်၏ စိတ်ထဲတွင် အတွေးတစ်ခု ရသွားလေသည်။ သူမက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ငါ လိုချင်တာက ချက်ပြုတ်စရာမလိုဘဲ စားလို့ရတဲ့ အစားအစာနဲ့ ရေပဲ။"
သူမထံမှ အဖြေရပြီးနောက် လူလတ်ပိုင်းအမျိုးသားသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး စစ်သားကို တစ်စုံတစ်ရာ တီးတိုးပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး"
စစ်သားက အလေးပြုလိုက်ပြီး ထွက်သွားလေသည်။
စစ်သား ထွက်သွားပြီးနောက် လူလတ်ပိုင်းအမျိုးသားက အနီရောင်ပုံဆောင်ခဲအမြုတေကို စားပွဲပေါ်တွင် တင်လိုက်သည်။ သူက ပြုံးလိုက်ပြီး မေးလိုက်၏။
"မိန်းကလေး... ဒီအဆင့်နှစ် ပုံဆောင်ခဲအမြုတေကို ဘယ်လိုရခဲ့သလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား။"
"ဖုတ်ကောင်တစ်ကောင်ရဲ့ ခေါင်းထဲကနေ တူးထုတ်ယူလာတာလေ။"
ကျူးလင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူမ၏အဖြေကို ကြားလိုက်ရသောအခါ လူလတ်ပိုင်းအမျိုးသား၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေသည်။
ပုံဆောင်ခဲအမြုတေများကို ဖုတ်ကောင်များ သို့မဟုတ် သန္ဓေပြောင်းသူများထံမှသာ ရနိုင်သည်ကို လူတိုင်းသိကြပေသည်။
သူ့ကို ဤကဲ့သို့ အဖြေပေးခြင်းသည် မဖြေခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
သူက ချောင်းဟန့်လိုက်ကာ ကျူးလင်ကို ပြုံးပြလိုက်ပြီး မေးလိုက်၏။
"မိန်းကလေးဆီမှာ တခြား အဆင့်နှစ် ပုံဆောင်ခဲအမြုတေတွေ ရှိသေးလား။"
သူ၏စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ကျူးလင်၏လက်ထဲရှိ ဓားမှာ အနည်းငယ် တုန်ခါသွားပြီး ပင်းကျန့်၏ ရိုင်းစိုင်းကြမ်းတမ်းသော အသံက သူမစိတ်ထဲ၌ ထွက်ပေါ်လာလေသည်။
'သခင်မလေး... သူ့လည်ပင်းကို ဖြတ်ပေးရမလား။'
ပင်းကျန့်က လှောင်ပြောင်သရော်သည့် လေသံဖြင့် မေးလိုက်သည်။
'ဟုတ်တယ်၊ ဟုတ်တယ်။ အခုပဲ သူ့လည်ပင်းကို ဖြတ်ပစ်ကြရအောင်။ ငါတို့ရဲ့ သခင်မလေးအပေါ်ကို အကြံအစည်ဆိုးနဲ့ ကြံစည်ရဲတယ်ပေါ့လေ။'
ထူထူကလည်း ခေါင်းညိတ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။
ဓားဝိညာဉ်နှင့် ယုန်လေးတို့၏ အကြမ်းဖက်လိုသော အပြန်အလှန်စကားပြောဆိုမှုများကို နားထောင်ရင်း ကျူးလင်မှာ ဆွံ့အသွားရလေသည်။
သူမသည် ဒေါသထွက်နေသော ယုန်လေးကို ညင်သာစွာ ချော့မော့လိုက်ပြီးနောက် လူလတ်ပိုင်းအမျိုးသားကို ကြည့်ကာ မေးလိုက်သည်။
"အရာရှိမင်း... အခုအချိန်မှာ ပုံဆောင်ခဲအမြုတေတွေက ငွေကြေးအသစ် ဖြစ်နေပြီလို့ ကြားတယ်။ အဲဒါ တကယ်ပဲလား။"
လူလတ်ပိုင်းအမျိုးသားက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ကောလာဟလတွေက အမှန်ပါပဲ။ ကံမကောင်းတာက အသက်ရှင်ကျန်ရစ်သူတိုင်း ပုံဆောင်ခဲအမြုတေကို မရနိုင်ကြပါဘူး။”
“ဘာလို့လဲဆိုတော့ အခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူတွေထဲက ငါးရာခိုင်နှုန်းလောက်ပဲ စွမ်းဆောင်ရည်တွေ ရှိလို့ပါ”
“ကျန်တဲ့သူတွေကတော့ သာမန်လူတွေပါပဲ အန္တရာယ်များလွန်းတဲ့အတွက် သူတို့တွေက ပုံဆောင်ခဲအမြုတေ သွားရှာဖို့ အပြင်မထွက်နိုင်ကြဘူးလေ။"
သူပြောသည်ကို ကြားသောအခါ ပုံဆောင်ခဲအမြုတေအပြင် အခြားသော ငွေကြေးအမျိုးအစားများလည်း ရှိနိုင်သေးကြောင်း ကျူးလင် ခန့်မှန်းမိလိုက်သည်။
သူမ ထပ်မံ၍ မေးခွန်းမမေးနိုင်မီမှာပင် စစ်သားဖြစ်သူသည် အခြားစစ်သားလေးဦးနှင့်အတူ ပြန်လည်ရောက်ရှိလာလေသည်။
သူတို့တစ်ဦးစီ၏ လက်ထဲတွင် သေတ္တာကြီးတစ်လုံးစီကို ကိုင်ဆောင်ထားကြ၏။
စစ်သားများက သေတ္တာများကို စားပွဲရှည်ပေါ်တွင် ချလိုက်ကြပြီး သူတို့အထဲမှ တစ်ဦးက ပြောလိုက်သည်။
"ဗိုလ်ကြီး... စစ်သုံးရိက္ခာ သုံးဖာနဲ့ သတ္တုဓာတ်ပါတဲ့ သောက်ရေသန့် နှစ်ဖာ ရပါပြီ။"