← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) - လှည့်လည်သွားလာခြင်း

လူလတ်ပိုင်းအရွယ် အမျိုးသားက သေတ္တာကြီးငါးလုံးကို ကြည့်လိုက်ပြီးနောက် ကျူးလင်ကိုပါ ထပ်ကြည့်ကာ မေးလိုက်၏။

"မိန်းကလေး ကိုယ့်ဘာသာ သေတ္တာတွေကို သယ်သွားနိုင်ပါ့မလား။"

ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

ဤလူလတ်ပိုင်းအမျိုးသားက ဤကမ္ဘာတွင် စွမ်းအင်ရှိသူများရှိသည်ဟု ပြောထားသည်ဖြစ်ရာ သူမအနေဖြင့် ရေခဲပန်းပွင့်ဆွဲကြိုးကို ပေါ်ပေါ်ထင်ထင် အသုံးပြုရန် ဤအချက်ကို ဆင်ခြေတစ်ခုအနေဖြင့် အသုံးချနိုင်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ကျူးလင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သေတ္တာငါးလုံးစလုံး စားပွဲပေါ်မှ ပျောက်ကွယ်သွားချေပြီ။

ယခုလေးတင် ဖြစ်ပျက်သွားသည်ကို မြင်လိုက်ရသောအခါ စစ်သားများနှင့် လူလတ်ပိုင်းအမျိုးသားတို့မှာ အနည်းငယ် အံ့အားသင့်သွားကြ၏။

ဤမိန်းမပျိုလေးကို တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စွမ်းအင်ရှင်တစ်ဦးဟု ထင်မှတ်ထားခဲ့ကြသော်လည်း သူမ၌ နေရာလွတ်စွမ်းအင်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

နေရာလွတ်စွမ်းအင်မှာ အလွန်ရှားပါးလှသော်လည်း တိုက်ခိုက်နိုင်စွမ်း တစ်စုံတစ်ရာမရှိဘဲ သယ်ဆောင်ရလွယ်ကူသည့် သိုလှောင်ခန်းတစ်ခုအဖြစ်သာ အသုံးပြုနိုင်သည်။

ဤမိန်းမပျိုလေးအနေဖြင့် အဆင့်နှစ် ပုံဆောင်ခဲအမြုတေကို မည်သို့ရယူခဲ့သည်ကို သူတို့ အမှန်တကယ်ပင် နားမလည်နိုင်ဖြစ်နေကြ၏။

သို့သော် သူမလက်ထဲရှိ ဓားရှည်ကို မြင်တွေ့ပြီးနောက် ဖုတ်ကောင်များကို သတ်ဖြတ်ရန် ထိုဓားကိုသာ အားကိုးခဲ့ရမည်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ သူမတစ်ကိုယ်လုံး သွေးများပေကျံနေသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

သေတ္တာကြီးငါးလုံးကို ရေခဲပန်းပွင့်ဆွဲကြိုးထဲသို့ ထည့်လိုက်ပြီးနောက် ကျူးလင်က သူတို့၏ မျက်နှာအမူအရာများကို အကဲခတ်ကြည့်လိုက်ရာ အထူးတလည် အံ့အားသင့်နေပုံမပေါ်သည်ကို တွေ့လိုက်ရလေသည်။

'သို‌လှောင်အိတ်နဲ့ ဆင်တူတဲ့ စွမ်းအင်မျိုး တချို့လူတွေဆီမှာ တကယ်ရှိနေပုံပဲ။'

ထိုအကြောင်းကို သူမ တွေးတောနေစဉ် လူလတ်ပိုင်းအမျိုးသားက သူမကို ပြုံးပြကာ ပြောလိုက်၏။

"ကျုပ်မှာ လုပ်စရာလေးတွေ ရှိသေးလို့ပါ။ ကျုပ်တို့စခန်းမှာ အေးအေးချမ်းချမ်း နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။"

ဤစကားများကို ပြောပြီးနောက် လူလတ်ပိုင်းအမျိုးသားက အခြားစစ်သားလေးဦးနှင့်အတူ ထွက်ခွာသွားရာ တာဝန်ကျစစ်သားတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

ကျူးလင်က ထိုစစ်သားကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ကာ ထွက်လာခဲ့လေသည်။

သူမ ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးမီ ထိုစစ်သားက မေးလိုက်၏။

"မိန်းကလေးက ဒီစခန်းကို အခုမှ အသစ်ရောက်လာတာလား။"

ကျူးလင်က သူ့ထံသို့ လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ စစ်သားက စားပွဲရှည်အောက်ရှိ သေတ္တာထဲမှ သတ္တုပြားတစ်ခုကို ထုတ်ယူကာ သူမရှေ့သို့ တွန်းပေးလိုက်ပြီး ပြောလိုက်လေသည်။

"မိန်းကလေးမှာ နေရာလွတ်စွမ်းအင်ရှိတဲ့အတွက် ကျုပ်တို့စခန်းကို ဝင်ဖို့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေကို ကျော်ဖြတ်လို့ရပါပြီ။ ဂိတ်ပေါက်က စစ်သားကို ဒီသက်သေခံကတ်ပြားလေး ပြလိုက်ပါ။ သူတို့က မှတ်ပုံတင်ဖို့ ကူညီပေးပါလိမ့်မယ်။"

သူ၏ လေးနက်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ကျူးလင်က ခေါင်းညိတ်လိုက်ပြီး သက်သေခံကတ်ပြားကို ယူကာ ပြောလိုက်၏။

"ကျေးဇူးပါပဲ။"

စစ်သားက ခေါင်းညိတ်ပြပြီး သူ၏အလုပ်ကို ဆက်လုပ်နေလေသည်။ သေးငယ်သော သတ္တုပြားလေးကို ကြည့်ရင်း ကျူးလင်က စစ်သားအား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် ဂိတ်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

စစ်သားပြောခဲ့သည့်အတိုင်းပင် ဂိတ်ပေါက်မှ အစောင့်များကို သတ္တုပြားလေး ပြလိုက်သောအခါ သူမ၏နာမည်ကိုပင် မမေးတော့ဘဲ ဝင်ခွင့်ပြုလိုက်ကြသည်။

ဂိတ်ပေါက်အတွင်းရှိ စစ်သားများထံသို့ သတ္တုပြားလေးကို ပြန်ပေးလိုက်ပြီးနောက် စခန်းအတွင်းသို့ သူမ လျှောက်လှမ်းသွားခဲ့၏။

ဂိတ်ပေါက်စင်္ကြံလမ်းကို ဖြတ်လျှောက်သွားချိန်တွင် ကျူးလင်မြင်လိုက်ရသည့် မြင်ကွင်းမှာ သူမ စိတ်ကူးထားသည်နှင့် များစွာကွာခြားနေပေသည်။

သူမရှေ့တွင်ရှိနေသည်မှာ စည်ကားသိုက်မြိုက်နေသော မြို့လေးတစ်မြို့မဟုတ်ဘဲ တဲများနှင့် ရိုးရှင်းသော အခန်းငယ်လေးများ ပြည့်နှက်နေသည့် ဧရိယာကျယ်ကြီးတစ်ခု ဖြစ်နေ၏။

ထိုအခန်းငယ်လေးများ၏ ဆောက်လုပ်ရေးပစ္စည်းများကို ကြည့်ပြီးနောက် ၎င်းတို့ကို အမှိုက်များဟုပင် သတ်မှတ်၍ရနိုင်ကြောင်း ကျူးလင် သေချာပေါက် သိလိုက်သည်။

အချို့မှာ စက္ကူများဖြင့်ပင် အခန်းဖွဲ့ထားကြသေးသည်။ ကျဉ်းမြောင်းပြီး ညစ်ပတ်နေသော လမ်းကလေးပေါ်တွင် လျှောက်သွားရင်း စတုရန်းမီတာ သုံးမီတာမျှသာ ကျယ်ဝန်းသော အခန်းတိုင်းတွင် အနည်းဆုံး လူသုံးဦးခန့် နေထိုင်နေကြသည်ကို တွေ့လိုက်ရလေသည်။

သူမက ထိုလူများကို ကြည့်လိုက်ချိန်တွင် ထိုလူများကလည်း သူမကို ပြန်ကြည့်နေကြသည်။

သို့သော် သွေးများပေကျံနေသော သူမ၏ အဝတ်အစားများကို မြင်လိုက်ရသောအခါ မည်သူကမျှ သူမအား ရန်စရန် မရဲကြပေ။

ကျူးလင်က ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ရင်း လမ်းကျဥ်းလေးအတိုင်း လျှောက်သွားလိုက်၏။

သူမ၏ ပခုံးပေါ်တွင် ထိုင်နေသော ထူထူက ၎င်း၏ နှာခေါင်းလေးကို အုပ်ထားရင်း ပြောလိုက်သည်။

'သခင်မလေး၊ ဒီအနံ့ကြီးက တကယ်ကို ခံရခက်လွန်းတယ်။ ဒီလူသားတွေရဲ့ဘဝက တိရစ္ဆာန်တွေထက်တောင် ဆိုးရွားနေသေးတာပဲ။ ဒီလောက် နံစော်ပြီး ညစ်ပတ်တဲ့နေရာမှာ သူတို့ ဘယ်လိုများ နေထိုင်ကြပါလိမ့်။'

ကျူးလင်က သူမ၏ယုန်လေး ပြောသည်ကို သဘောတူသော်လည်း မည်သည့်စကားမှ ပြန်မပြောခဲ့ချေ။

လူစည်ကားပြီး ညစ်ပတ်နေသော ထိုနေရာကို မဖြတ်ကျော်မီ သူမ အချိန်အတန်ကြာ လျှောက်သွားခဲ့ရသည်။

ကျဉ်းမြောင်းသော လမ်းကလေးထဲမှ ထွက်လာချိန်တွင် သူမကို ကြိုဆိုလိုက်သည်မှာ အခြားဂိတ်ပေါက်တစ်ခုပင် ဖြစ်သည်။

တံတိုင်းပေါ်သို့ သူမ မော့ကြည့်လိုက်ရာ လက်နက်များ ကိုင်ဆောင်ကာ ကင်းလှည့်နေကြသည့် စစ်သားများစွာကို မြင်လိုက်ရလေသည်။

လူတိုင်းက ဒုတိယဂိတ်ပေါက်ကို ထပ်မံမှတ်ပုံတင်စရာမလိုဘဲ ဖြတ်သန်းသွားနိုင်သည်ကို မြင်လိုက်ရသဖြင့် ကျူးလင်သည်လည်း ရှေ့မှလူများနောက်သို့ လိုက်ကာ ဝင်ရောက်သွားခဲ့သည်။

သူမအလှည့်ရောက်သောအခါ ဂိတ်ပေါက်စောင့်စစ်သားများက သူမကို တစ်ချက်မျှသာကြည့်ပြီး သွားခွင့်ပြုလိုက်ကြ၏။

ဝင်လာစဉ်ကတည်းက ကြမ်းတမ်းသော ပတ်ဝန်းကျင်ကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ကျူးလင်နှင့် ထူထူတို့မှာ ဤစခန်းအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မထားတော့ပေ။

ဂိတ်ပေါက်စင်္ကြံလမ်းကို ဖြတ်လျှောက်သွားချိန်တွင် သူမရှေ့ရှိ မြင်ကွင်းနှင့် ယခင်က လူစည်ကားလှသော နေရာတို့မှာ မတူညီသည့် ကမ္ဘာနှစ်ခုပမာ ကွာခြားလွန်းလှပေသည်။

ဒုတိယဂိတ်ပေါက်နှင့် မနီးမဝေးတွင် ဈေးဆိုင်များ ဖွင့်ထားသူ အများအပြားရှိနေပြီး ရှေ့သို့ ဆက်ကြည့်လိုက်သောအခါ အထပ်မြင့်အဆောက်အအုံ များစွာကို စနစ်တကျ တည်ဆောက်ထားသည်ကို တွေ့လိုက်ရ၏။ ဤမြင်ကွင်းမှာ လူ့လောကရှိ စည်ကားသော မြို့တော်များနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။

သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အနောက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။

'ဒီစခန်းက... အဲဒီမှာ နေထိုင်တဲ့သူတွေကို ဖယ်ကြဉ်ထားပုံပဲ။'

ထူထူက အရပ်မျက်နှာတစ်ခုဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။

'သခင်မလေး၊ ဟိုမှာ ကြည့်ပါဦး။'

ကျူးလင်က ယုန်လေး၏ လက်တံအတိုင်း လိုက်ကြည့်လိုက်ရာ အဝေးတွင် နောက်ထပ် တံတိုင်းမြင့်တစ်ခုနှင့် ဂိတ်ပေါက်တစ်ခုကို မြင်လိုက်ရလေသည်။

ထူးထူးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

'ဒီနေရာရဲ့ အပြင်အဆင်က မိစ္ဆာမြို့တော်နဲ့ ဆင်တူနေတယ်။ အဲဒီတံခါးအနောက်မှာ နေတဲ့သူတွေက အရေးပါတဲ့သူတွေ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။'

စခန်း၏ ဒုတိယအလွှာအတွင်းသို့ လှည့်လည်သွားလာနေစဉ် ကျူးလင်က စိတ်ဝင်စားဖွယ်ရာ သတင်းအချက်အလက်အချို့ကို ကြားသိခဲ့ရ၏။

ပထမအချက်အနေဖြင့် ဒုတိယအလွှာတွင် နေထိုင်နိုင်သူအများစုမှာ လုံလောက်သော ကြွယ်ဝချမ်းသာမှုရှိသူများ၊ ကုန်သည်များနှင့် ပစ္စည်းရှာဖွေသူများ သို့မဟုတ် စွမ်းအင်ရှင်များ ဖြစ်ကြသည်။

စခန်း၏ အပြင်ဘက်အလွှာတွင် နေထိုင်သူများမှာမူ မည်သည့်စွမ်းအင်မျှမရှိ၊ ချမ်းသာကြွယ်ဝမှုလည်းမရှိသည့် သာမန်လူများသာ ဖြစ်ကြလေသည်။

စစ်တပ်က သူတို့ကို သနားသဖြင့် အပြင်ဘက်အလွှာတွင် နေထိုင်ခွင့်ပြုရန် စီစဉ်ပေးခဲ့သောကြောင့်သာ ဤစခန်း၌ သူတို့ နေထိုင်နိုင်ကြခြင်းပင်။

ဒုတိယအချက်မှာ စခန်း၏ ဒုတိယအလွှာသည် ဤစခန်း၏ ဗဟိုလှုပ်ရှားမှုနယ်မြေ ဖြစ်သည်ဆိုသောအချက်ပင်။

တာဝန်ပေးခန်းမနှင့် ကုန်သွယ်ရေးခန်းမ အပါအဝင် အရေးကြီးသော အဆောက်အအုံအားလုံးနီးပါးမှာ ဤဒုတိယအလွှာအတွင်း၌သာ လည်ပတ်နေခြင်းဖြစ်သည်။

ဤစခန်းအတွင်း နေထိုင်သူအားလုံးအတွက် တာဝန်ပေးခန်းမနှင့် ကုန်သွယ်ရေးခန်းမတို့သည် အရေးကြီးဆုံးသော အဆောက်အအုံများ ဖြစ်ကြ၏။

အကြောင်းမှာ တာဝန်ပေးခန်းမတွင် တာဝန်များကို လက်ခံခြင်း၊ အစီရင်ခံခြင်းများ ပြုလုပ်ခြင်းဖြင့် ရမှတ်အချို့ သို့မဟုတ် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ပြီး ကုန်သွယ်ရေးခန်းမတွင် ပိုမိုလုံခြုံသော အခြေအနေဖြင့် ကုန်သွယ်မှုပြုလုပ်နိုင်သောကြောင့် ဖြစ်လေသည်။

All Chapters