← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁) - စိတ်ရှုပ်ထွေးနေသော ရွှီဝူ

ကျူးလင်သည် ယုန်လေး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီးနောက် ပြောလိုက်၏။

"ပုံဆောင်ခဲတွေ ပိုစုဆောင်းတာကလွဲရင် ငါတို့ တခြားဘာလုပ်နိုင်မှာလဲ။"

သူမ၏စကားကို ကြားသောအခါ ထူထူက ခေတ္တမျှ စဉ်းစားလိုက်ပြီး အကြံပြုလာလေသည်။

'သခင်မ... ပုံဆောင်ခဲတွေကို ထပ်ပြီးစုဆောင်းချင်မှတော့ တာဝန်ပေးစင်္ကြံကိုသွားပြီး လုပ်လို့ရတဲ့ တာဝန်တွေ ရှိမရှိ သွားကြည့်ကြရင် မကောင်းဘူးလား။'

ကျူးလင်လည်း ယုန်လေး၏ အကြံပြုချက်ကို သဘောကျသဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ကင်းလှည့်နေသော စစ်သားများထံမှ တာဝန်ပေးစင်္ကြံတည်ရှိရာ နေရာကို မေးမြန်းပြီးနောက် ထိုနေရာသို့ ထွက်လာခဲ့လေသည်။ လူစည်ကားပြီး ရှုပ်ထွေးနေသော ကုန်သွယ်ရေးစင်္ကြံနှင့် မတူဘဲ တာဝန်ပေးစင်္ကြံတွင်မူ လူသိပ်မရှိချေ။

ကျူးလင်သည် တာဝန်ပေးစင်္ကြံ အဝင်ဝနှင့် မလှမ်းမကမ်းတွင် ရပ်ကာ အဆောက်အအုံအတွင်း အဝင်အထွက်လုပ်နေသော လူများကို အကဲခတ်နေသည်။

သူတို့တစ်ဦးစီ၏ အထက်ဒန်တျန်မှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်ကို မြင်တွေ့နိုင်ပေသည်။ သို့သော်လည်း အချို့သော ဝိညာဉ်စွမ်းအင်များမှာ ပါးလွှာနေပြီး အချို့မှာမူ ပိုမိုသိပ်သည်းနေခြင်းသာ ကွာခြားလေ၏။

အတန်ကြာ အကဲခတ်ပြီးနောက် ကျူးလင်သည် တာဝန်ပေးစင်္ကြံအတွင်းသို့ ဝင်ရောက်သွားလေသည်။

စင်္ကြံအတွင်းရှိ စားပွဲများပတ်လည်တွင် လူတစ်စုစီ ထိုင်နေကြသည်။ နံရံများပေါ်တွင်လည်း စာရွက်များ အပြည့်ကပ်ထားသော သစ်သားသင်ပုန်းကြီး အချို့ကို ချိတ်ဆွဲထားသည်ကို မြင်တွေ့ရ၏။

သူမ ဝင်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက လှည့်ကြည့်လာကြပြီး အံ့အားသင့်စွာဖြင့် ဟာခနဲ ရေရွတ်လိုက်မိကြသည်။ သူတို့၏ အကြည့်များကို ခံစားမိသော်လည်း ကျူးလင်က ပေါ့ပေါ့ပါးပါးပင် တစ်ချက်မျှသာ ဝေ့ကြည့်လိုက်ပြီးနောက် ခန်းမအတွင်းရှိ တစ်ခုတည်းသော ကောင်တာဆီသို့ လျှောက်သွားလေသည်။

သူမနောက်ကျောဘက်မှ စကားပြောသံများ ဆူညံလာလေ၏။ ထောင့်ရှိ စားပွဲရှည်ကြီးပေါ်တွင် ထိုင်နေသော အမျိုးသားတစ်စုသည် သူမအား ရမ္မက်ပြင်းပြသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ထိပ်ပြောင်ပြောင်နှင့် လူက နှုတ်ခမ်းကို သပ်လိုက်ပြီး ပြောလိုက်သည်။

"ညီအစ်ကိုတို့... ဒီမိန်းမချောလေးက ငါ့တစ်သက်နဲ့တစ်ကိုယ် မြင်ဖူးသမျှထဲမှာ အလန်းဆုံးပဲကွ။"

အခြားသူများအားလုံးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ထိပ်ပြောင်နှင့်လူက သူတို့၏ ခေါင်းဆောင်ဖြစ်သူကို ကြည့်ကာ မေးလိုက်၏။

"ဘော့စ်... တခြားသူတွေထက် အရင်ဦးအောင် ငါတို့ လှုပ်ရှားလိုက်ကြမလား။"

သူတို့၏ ခေါင်းဆောင်ဖြစ်သူ၏ မျက်လုံးများက စောစောလေးကမှ ကျူးလင်၏ မျက်လုံးများနှင့် ဆုံတွေ့ခဲ့သဖြင့် သူမအား မနှောင့်ယှက်သင့်ကြောင်း ကောင်းကောင်း သိနေပေသည်။

ထိုပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်မှ ယူဆောင်လာသော ဖိအားကြောင့် သူသည် အလိုအလျောက် တုန်ယင်သွားပြီး ချွေးစေးများပင် ပြန်လာခဲ့သည်။

သူက လက်မှချွေးများကို ဘောင်းဘီပေါ်တွင် သုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"သူ့ကို သွားမရှုပ်ကြနဲ့။"

ခေါင်းဆောင်ဖြစ်သူ၏ စကားကို ကြားသောအခါ အခြားသူများက နားလည်သယောင်ဖြင့် ပြုံးလိုက်ကြသည်။

အဖွဲ့ဝင်များက သူ၏စကားကို အလေးအနက်မထားသည်ကို မြင်လိုက်ရသဖြင့် အမျိုးသားက မျက်လုံးများကို မှေးကျဉ်းလိုက်ကာ သတိပေးလိုက်၏။

"မင်းတို့ သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ။"

ထိပ်ပြောင်နှင့်လူသည် ခေါင်းဆောင်ဖြစ်သူ၏ လေးနက်နေသော မျက်နှာကို ကြည့်ကာ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"ကောင်းပါပြီ ဘော့စ်။ စိတ်မပူပါနဲ့... ငါတို့ သူ့ကို မထိပါဘူး။"

အမျိုးသားက ထိပ်ပြောင်နှင့်လူအား တစ်ချက်ကြည့်လိုက်ပြီးနောက် တွေးလိုက်၏။

'ထားလိုက်တော့။ သေချင်စော်နံပြီး သွားရှုပ်ကြမယ်ဆိုရင်လည်း မင်းတို့သေသွားတဲ့အခါ အဖွဲ့ဝင်သစ်တွေ ထပ်ရှာလိုက်ရုံပဲ'

ပထမထပ်ရှိ ညစ်ညမ်းသော စကားဝိုင်းများနှင့်မတူဘဲ ဒုတိယထပ်မှာမူ တိတ်ဆိတ်နေသည်။ အမျိုးသားတစ်ဦးသည် အောက်ထပ်မှ ဆူညံနေသော စကားပြောသံများကြောင့် စိတ်ဝင်စားသွားလေ၏။

အောက်ထပ်မှလူများ ထိုမျှလောက် အသံကျယ်ကျယ်ဖြင့် ပြောဆိုနေရလောက်အောင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သိရှိရန် သူက ငုံ့ကြည့်လိုက်သည်။

ကောင်တာနောက်ဘက်ရှိ ဝန်ထမ်းနှင့် စကားပြောနေသော ကျူးလင်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူက ကျူးလင်ကို ကြည့်နေရင်းဖြင့်ပင် သူ၏ သူငယ်ချင်းများကို လက်ဟန်ပြကာ အော်ခေါ်လိုက်၏။

"လောင်ရွှီ... လောင်ရွှီ။"

သူငယ်ချင်းများနှင့်အတူ နောက်ထပ်တာဝန်ကို ရွေးချယ်ရန် အလုပ်ရှုပ်နေသော ရွှီဝူက ခေါင်းမော့ကြည့်လာသည်။

ထန်ဝေး၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ ရွှီဝူနှင့် ကျီယန်တို့သည် တစ်ယောက်ကိုတစ်ယောက် ခေတ္တမျှ ကြည့်လိုက်ကြပြီးနောက် မတ်တတ်ရပ်ကာ လက်ရန်းဆီသို့ လျှောက်သွားကြလေသည်။

ကျီယန်က အောက်သို့ ငုံ့ကြည့်လိုက်ပြီး မေးလိုက်၏။

"မင်းက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။"

ထန်ဝေးက ကောင်တာဧရိယာဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဟိုမှာ ကြည့်လိုက်ဦး။"

ရွှီဝူနှင့် ကျီယန်တို့သည် ကောင်တာဧရိယာဆီသို့ လှမ်းကြည့်လိုက်ရာ သွေးများ စွန်းထင်းနေသော ရှေးဟောင်းပုံစံ ဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန်လှပသော မိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရလေသည်။ သူတို့၏ အံ့အားသင့်နေသော အမူအရာများကို မြင်သောအခါ ထန်ဝေးက မေးလိုက်၏။

"သူက ငှက်ကြီးကို ဆင့်ခေါ်ခဲ့တဲ့ တစ်ယောက် မဟုတ်ဘူးလား။"

ကျီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အင်း... သူ့ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး။"

ကျီယန် နောက်ထပ်စကားများ ထပ်ပြောရန် အချိန်မရလိုက်မီမှာပင် ထန်ဝေးက လှေကားရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။

"လောင်ရွှီ... မင်း ဘယ်သွားမလို့လဲ။"

ရွှီဝူက သူ့အား ပြန်မဖြေဘဲ အောက်ထပ်သို့ တည်ငြိမ်စွာ ဆင်းသွားလေသည်။ ကျီယန်သည် သူ၏ ကျောပြင်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"သွားကြစို့... ကြည့်ပျော်ရှုပျော်ရှိမယ့် စိတ်ဝင်စားစရာကိစ္စလေး ရှိနေပြီ။"

သူ၏ သူငယ်ချင်းနှစ်ယောက် ပထမထပ်သို့ ဆင်းသွားသည်ကို မြင်သောအခါ ထန်ဝေးလည်း သူတို့နောက်သို့ အမြန်လိုက်သွားလေ၏။

"ဒါက ထောက်ပံ့ရေးပစ္စည်းတွေ စုဆောင်းရမယ့် တာဝန်စာရင်းဖြစ်ပြီး၊ ဒါကတော့ နှိမ်နင်းရေးလုပ်ရမယ့် တာဝန်စာရင်းပါ။"

အရာရှိက အထူကြီးဖြစ်နေသော စာအုပ်နှစ်အုပ်ကို ကောင်တာပေါ်သို့ တင်လိုက်ရင်း ပြောလိုက်သည်။

ကျူးလင်သည် ထိုစာအုပ်ထူကြီး နှစ်အုပ်ကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ သူမက ပါးကိုကုတ်လိုက်ပြီး ပြောလိုက်၏။

'ထူထူ... ငါတို့တွေ ဒီကမ္ဘာက ဘာသာစကားကို အမြန်ဆုံး သင်ယူရတော့မယ့်ပုံပဲ။'

ယုန်လေးကလည်း စာအုပ်ထူကြီးများကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလေသည်။

'အင်း...'

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်သည် ပထမဆုံး စာအုပ်အထူကြီးကို ဖွင့်လိုက်ကာ အမည်းရောင်နှင့် အနီရောင်ဖြင့် ရေးသားထားသော စာလုံးများကို ကြည့်လိုက်လေသည်။

သူမ၏ မျက်နှာပေါ်မှ နားမလည်နိုင်ဖြစ်နေသော အမူအရာကို မြင်သောအခါ အရာရှိက ရှင်းပြလိုက်၏။

"မင်အမည်းနဲ့ ရေးထားတဲ့ တာဝန်တွေကို အကြိမ်ကြိမ် လုပ်ဆောင်နိုင်ပါတယ်။ မင်အနီနဲ့ ရေးထားတဲ့ တာဝန်တွေကိုတော့ တစ်ကြိမ်ပဲ လုပ်လို့ရမှာပါ။ အနီရောင် တာဝန်ကို တခြားသူတွေ လက်ခံသွားပြီဆိုရင် အဲ့ဒီတာဝန် မအောင်မြင်တာမျိုး မဟုတ်ဘူးဆိုရင် ဘယ်သူမှ ထပ်ပြီး လက်ခံလို့မရပါဘူး။"

ကျူးလင်က အရာရှိကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အကြည့်ကို နှိမ့်ကာ စာအုပ်အထူကြီးကို ဆက်လက် ဖတ်ရှုနေလေသည်။

သူမသည် တာဝန်တစ်ခုကို ကျပန်းရွေးချယ်ရန် စဉ်းစားနေစဉ်မှာပင် ထင်ရှားသော အရိုးအဆစ်များရှိသည့် သွယ်လျလှပသော လက်တစ်ဖက်က မင်အနီဖြင့် ရေးထားသော တာဝန်တစ်ခုပေါ်သို့ ရုတ်တရက် လာရောက်ပုတ်လိုက်၏။

မည်သူဖြစ်ကြောင်း သူမ လှည့်မကြည့်ရသေးမီမှာပင် သူမ၏ ညာဘက်အခြမ်းမှ ဆွဲဆောင်မှုရှိပြီး ညှို့ငင်နိုင်စွမ်းရှိသော အသံတစ်သံ ထွက်ပေါ်လာကာ နွေးထွေးသော ဝင်သက်ထွက်သက်များက သူမ၏ နားရွက်ကို ဖြတ်သန်းသွားလေသည်။

"ဒီတာဝန်ကို အတူတူ ပြီးမြောက်အောင် လုပ်ကြရအောင်။"

ရင်းနှီးနေသော ထိုအသံကို ကြားလိုက်ရသဖြင့် ကျူးလင်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားရသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကာ ထိုသူ့ကို ကြည့်လိုက်၏။ သေချာပေါက်ပင်၊ ယခုလေးတင် စကားပြောလိုက်သူမှာ မိစ္ဆာနတ်ဘုရား ဖြစ်နေလေသည်။

သူ စကားပြောပြီးနောက် အမျိုးသမီး၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်ကို ရွှီဝူ မြင်လိုက်ရသည်။

သူမ သူ့ကို မြင်လိုက်သည့်အချိန်တွင် မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားသည်ကို တွေ့လိုက်ရသည်။ ထိုကြည်လင်ပြီး လှပသော မျက်လုံးများထဲရှိ အကြောက်တရား၊ စိတ်အနှောင့်အယှက်ဖြစ်မှု၊ မုန်းတီးမှုနှင့် အနည်းငယ်သော တမ်းတမှုတို့ကို ကြည့်ရင်း ရွှီဝူ အလွန်အမင်း စိတ်ရှုပ်ထွေးသွားရချေ၏။

'သူမက ငါ့ကို ဘာလို့ အဲဒီလိုမျိုး ကြည့်နေရတာလဲ။ သေချာတာကတော့ ဒါ ငါတို့ ဒုတိယအကြိမ် တွေ့ဆုံခြင်းပဲလေ။'

All Chapters