အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) - အဆောင်လက်ဖွဲ့ ဖန်တီးခြင်း
ကျူးလင်သည် ကောင်လေး၏ ဆိုင်ခန်းရှေ့တွင် ရပ်ကာ စက္ကူများကို ကြည့်လိုက်ပြီး အရည်အသွေး အလွန်ကောင်းမွန်ကြောင်း သိလိုက်သည်။ မျက်စိမှိတ်ကာ အနားယူနေသော ကောင်လေးက သူ့အနီးအနားတွင် လူတစ်ယောက်ရှိနေကြောင်း ခံစားမိသွားပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။
သူ၏ ပစ္စည်းများကို ကြည့်ရှုနေသည့် အလွန်လှပသော အစ်မကြီးတစ်ဦးကို မြင်လိုက်ရသောအခါ သူက မေးလိုက်သည်။
"အစ်မကြီးက စက္ကူတွေ ဝယ်ချင်လို့လား၊ ဒါမှမဟုတ် စုတ်တံတွေနဲ့ ကလောင်တံတွေ ဝယ်ချင်တာလား... ကျတော့်ပစ္စည်းတွေ အကုန်လုံးက အရည်အသွေးမြင့်တွေချည်းပါပဲ... အရင်က ရေစိုတာတို့ ဖိမိပြီး ပျက်စီးတာတို့ မရှိခဲ့ဖူးဘူး၊ ထုပ်ပိုးထားတာတွေကလည်း အကောင်းအတိုင်းပါပဲ..."
ကျူးလင်သည် စက္ကူကို စမ်းသပ်ကြည့်လိုက်ပြီး ကောင်လေး အမှန်အတိုင်း ပြောနေကြောင်း သိလိုက်၏။ သူမက ကောင်လေးကို ကြည့်ကာ မေးလိုက်သည်။
"ဒီစက္ကူက ဘယ်လောက်လဲ။"
သူမတွင် ပုံဆောင်ခဲအမြုတေ အနည်းငယ်သာ ရှိသောကြောင့် ဈေးကြီးနေပါက ဝယ်ရန် တတ်နိုင်မည် မဟုတ်ပေ။ သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"နည်းနည်းလောက် ဈေးလျှော့ပေးလို့ ရမလား။"
ဒီဈေးထဲတွင် ဈေးဆစ်ခြင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။ ထို့ကြောင့် သူမက ဈေးလျှော့ပေးရန် တောင်းဆိုလိုက်ချိန်တွင် ကောင်လေးက ပြုံးကာ ပြောလိုက်သည်။
"အစ်မကြီးက ပိုဝယ်မယ်ဆိုရင်တော့ သဘာဝကျကျပဲ ဈေးလျှော့ပေးမှာပါ... အစ်မကြီး ဘယ်လောက်လောက် ဝယ်ချင်လို့လဲ။"
ကျူးလင်က ပြုံးလိုက်ပြီး သူမ နှစ်သက်သော စက္ကူထုပ်တစ်ထုပ်ကို လက်ညိုးထိုးကာ မေးလိုက်၏။
"ဒါဆိုရင် ဒီစက္ကူတစ်ထုပ်ကို ဘယ်လောက်လဲ။"
ကောင်လေးက ကျူးလင် ရွေးချယ်လိုက်သော အကောင်းဆုံး အရည်အသွေးရှိသည့် စက္ကူကို ကြည့်ကာ ပြောလိုက်သည်။
"ကျတော့်ပစ္စည်းတွေက အရမ်းပေါပါတယ်... ပေါင်မုန့်နှစ်ချပ်ဆိုရင် ဒီစက္ကူ သုံးထုပ် ရနိုင်ပါတယ်။"
ကောင်လေးသည် ပုံဆောင်ခဲအမြုတေ အစား အစားအစာကို အလိုရှိနေကြောင်း ကြားလိုက်ရသဖြင့် ကျူးလင် အနည်းငယ် အံ့အားသင့်သွားချေသည်။
စက္ကူထုပ်များကို ကြည့်ရင်း သူမက ခန့်မှန်းခြေ တွက်ချက်လိုက်ရာ တစ်ထုပ်လျှင် အနည်းဆုံး စက္ကူရွက် နှစ်ရာခန့် ပါဝင်မည်ဟု ခန့်မှန်းမိ၏။ ပေါင်မုန့်နှစ်ချပ်ဖြင့် စက္ကူရွက် ခြောက်ရာကို လဲလှယ်ရခြင်းက အလွန် ဈေးပေါလွန်းလှပေသည်။
သူမ၏ အံ့အားသင့်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ကောင်လေးက အလျင်စလို ပြောလိုက်သည်။
"ပေါင်မုန့်နှစ်ချပ်ကို စက္ကူလေးထုပ်ပါ... ဒီထက်တော့ ဈေးလျှော့လို့ မရတော့ဘူး။"
ကောင်လေး၏ မျက်နှာပေါ်ရှိ စိုးရိမ်တကြီး ဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ကျူးလင်သည် သောက်ရေသန့်တစ်ဗူးနှင့် စစ်သုံးရိက္ခာတစ်ဘူးကို ထုတ်ယူလိုက်သည်။ သူမက ရေနှင့် အစားအစာကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီးနောက် မေးလိုက်၏။
"ဒီအစားအစာနဲ့ ရေကိုဆိုရင် စက္ကူဘယ်လောက်နဲ့ လဲလို့ရမလဲ။"
နှစ်လီတာဝင် သောက်ရေသန့်ဗူးနှင့် စစ်သုံးရိက္ခာဘူးကို မြင်လိုက်ရသောအခါ ကောင်လေး၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
သူသည် ဤကဲ့သို့ အသင့်စား စစ်သုံးရိက္ခာမျိုးကို ယခင်က မြင်ဖူးထားပြီး ထိုဘူးငယ်လေးထဲတွင် အစားအစာ သုံးနပ်စာနှင့် သရေစာ နှစ်နပ်စာ ပါဝင်ကြောင်း သိထား၏။
အကယ်၍ သူ ဤအစားအစာများနှင့် ရေကို ရရှိနိုင်ပါက သူ၏ ညီငယ်ညီမငယ်လေးများ ယနေ့ ဆာလောင်မွတ်သိပ်ခြင်း သို့မဟုတ် ရေငတ်ခြင်းတို့အတွက် ပူစရာမလိုတော့ပေ။
ကောင်လေးသည် သူ၏ မြန်ဆန်နေသော နှလုံးခုန်နှုန်းကို ပြန်လည်ငြိမ်သက်စေလိုက်ပြီး ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"အစ်မကြီး... ဒီလောက်များတဲ့ ရေနဲ့ အစားအစာကို ကျတော့်ဆီက စက္ကူတစ်ဝက်နဲ့ လဲလှယ်လို့ ရပါတယ်"
ကောင်လေးမှာ ပိန်ချုံးနေပြီး ဆာလောင်ရေငတ်နေကြောင်း မြင်လိုက်ရသဖြင့် ကျူးလင်သည် သောက်ရေသန့် နောက်ထပ်နှစ်ဗူးနှင့် စစ်သုံးရိက္ခာ လေးဘူးကို ထပ်မံထုတ်ယူလိုက်၏။
သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲတွင် ရေနှင့် အစားအစာများစွာ ကျန်ရှိနေသေးသဖြင့် ယနေ့အတွက် ကောင်းမှုကုသိုလ်တစ်ခု ပြုလုပ်သင့်ပေသည်။
စက္ကူများနှင့် စုတ်တံအချို့ကို လက်ညိုးထိုးပြကာ သူမက ပြောလိုက်သည်။
"အဲဒီစုတ်တံတွေနဲ့ စက္ကူအကုန်လုံးကို ပေးပါ... ဒီဟာတွေနဲ့ လဲလှယ်မယ်"
စကားပြောပြီးနောက် သူမက လက်ဝှေ့ယမ်းကာ အရာအားလုံးကို ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ထည့်လိုက်ပြီး ပြောလိုက်၏။
"မင်းရဲ့ ရေနဲ့ အစားအစာတွေကို သေချာဂရုစိုက်ပြီး အိမ်စောစော ပြန်တော့"
ထိုစကားတစ်ခွန်းကို ချန်ရစ်ခဲ့ပြီးနောက် သူမသည် မတ်တတ်ရပ်ကာ ထွက်ခွာသွားလေသည်။
ကောင်လေးသည် သူမ လူအုပ်ထဲ၌ ပျောက်ကွယ်သွားသည်အထိ သူမ၏ ကျောပြင်ကို အချိန်ကြာမြင့်စွာ ငေးကြည့်နေခဲ့၏။
သူ့ကို မည်သူမျှ ကြည့်မနေကြောင်း မြင်လိုက်ရသောအခါ ကောင်လေးသည် သောက်ရေသန့်နှင့် အစားအစာများကို အဝတ်စထဲသို့ သေချာထုပ်ပိုးလိုက်ပြီးနောက် ဖောင်းကားနေသော အဝတ်ထုပ်ကို အလျင်စလို ဆွဲယူကာ သူ၏ ညီငယ်ညီမငယ်လေးများ စောင့်ဆိုင်းနေသော တဲငယ်လေးဆီသို့ ပြန်သွားလေတော့သည်။
မလှမ်းမကမ်းတွင် ရပ်နေသော ရှို့ဝူသည် အစကတည်းက အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။
သူက လက်ပိုက်ထားကာ ဈေးထဲတွင် လိုက်လံကြည့်ရှုနေဆဲဖြစ်သော ကျူးလင်ကို တွေးတောနေဟန်ဖြင့် စိုက်ကြည့်နေ၏။
ဈေးထဲ၌ သူမနောက်သို့ လိုက်ကြည့်ရာ သူမသည် ပတ်ဝန်းကျင်ကို လိုက်ကြည့်ရုံမျှသာဖြစ်ပြီး စက္ကူနှင့် စုတ်တံများမှလွဲ၍ မည်သည့်အရာကိုမျှ မဝယ်ကြောင်း တွေ့ရှိခဲ့ရသည်။
မိနစ်လေးဆယ် အကြာတွင် ကျူးလင်သည် ဈေးထဲမှ ထွက်လာခဲ့သည်။ သူမသည် ဈေးနှင့် မလှမ်းမကမ်းရှိ လမ်းဘေး တစ်နေရာတွင် စွန့်ပစ်ထားသော စားပွဲနှင့် ကုလားထိုင်တစ်လုံးကို တွေ့လိုက်ရ၏။
ထိုစားပွဲနှင့် ကုလားထိုင်မှာ ပိုင်ရှင်မရှိကြောင်း အတည်ပြုပြီးနောက် သူမသည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲမှ စက္ကူတစ်ထုပ်နှင့် ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။
ထူထူသည် သူမ၏ ပခုံးပေါ်မှ ဆင်းကာ စားပွဲပေါ်၌ ထိုင်လိုက်ပြီး စက္ကူ၏ ပလတ်စတစ်အဖုံးကို ဖွင့်နေသော သူမကို ကြည့်နေ၏။
ကျူးလင်သည် စက္ကူတစ်ရွက်ကို ယူလိုက်ကာ စက္ကူကို လေးခေါက် ခေါက်လိုက်သည်။ ထို့နောက် ဓားမြှောင်ကို အသုံးပြု၍ စက္ကူကို လေးပိုင်း ပိုင်းလိုက်သည်။
ပိုင်းထားသော စက္ကူလေးပိုင်းကို ကြည့်ကာ သူမက မေးလိုက်သည်။
"ဘယ်လိုလဲ... ဒါက အဆောင်စက္ကူတစ်ခုရဲ့ အရွယ်အစားနဲ့တူတယ်မလား"
ထူထူက ၎င်း၏ အနီရောင် မျက်လုံးတစ်စုံဖြင့် စက္ကူ၏ အရွယ်အစား ခန့်မှန်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဟုတ်တယ်... သခင်မလေး၊ အဆောင်ကို မြန်မြန် ဆွဲကြည့်လိုက်ပါ။"
လမ်းမှာ လူရှင်းနေပြီး လူအုပ်ကြီးနှင့် ဝေးကွာနေသောကြောင့် ထူထူသည် စိတ်ချင်းဆက်သွယ်မှုကို အသုံးမပြုတော့ဘဲ ကျူးလင်နှင့် တိုက်ရိုက် စကားပြောလိုက်ခြင်း ဖြစ်သည်။
ယုန်လေးသည် ၎င်း၏ သခင်မနှင့် စကားပြောရာတွင် စိတ်ချင်းဆက်သွယ်မှုကို အသုံးပြုခြင်းထက် ပါးစပ်ဖြင့် တိုက်ရိုက် စကားပြောရခြင်းကို ပို၍ သဘောကျပေသည်။
"အင်း"
ကျူးလင်က သဘောတူလိုက်၏။
သူမက စုတ်တံတစ်ချောင်းနှင့် မြွေကြီးတစ်ကောင်၏ သွေးများ အပြည့်ထည့်ထားသော ကျောက်စိမ်းပုလင်းတစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။
မင်သွေးရန် ကျောက်ပျဉ် မရှိသလို မြွေကြီး၏ သွေးကို ထည့်စရာ ခွက်လည်း မရှိသောကြောင့် ကျူးလင်သည် စုတ်တံကို ကျောက်စိမ်းပုလင်းထဲသို့ တိုက်ရိုက် နှစ်လိုက်လေသည်။
စုတ်တံကို ကိုင်ဆောင်ထားရင်း သူမက ကျယ်ဝန်းသော လက်စွပ်ကို ဘယ်ဘက်လက်ဖြင့် မထားကာ နတ်ဘုရားတို့၏ ရှေးဟောင်းဘာသာစကားကို စက္ကူပေါ်တွင် စတင်ရေးသားလိုက်သည်။
စက္ကန့်အနည်းငယ် အကြာတွင် သူမသည် စုတ်တံကို ချထားလိုက်ပြီး ရိုးရှင်းသော လက်သင်္ကေတတစ်ခုကို ပြုလုပ်ကာ လက်ညိုးနှင့် လက်ခလယ်တို့ဖြင့် စက္ကူကို ပုတ်လိုက်၏။
သူမ၏ လက်ချောင်းများက စက္ကူပေါ်သို့ နှစ်ချက် ပုတ်လိုက်ချိန်တွင် စက္ကူမှာ တစ်စက္ကန့်ခန့် တောက်ပသွားပြီးနောက် အလင်းရောင် ပျောက်ကွယ်သွားလေသည်။
ကျူးလင်သည် အသစ်ဖန်တီးထားသော အဆောင်ကို ကောက်ယူလိုက်ပြီး မေးလိုက်သည်။
"မင်း ဘယ်လိုထင်လဲ ထူထူ"