အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) - ရေမန္တန်
ထူထူက အဆင့်နိမ့်ရေမန္တန်ကို ကြည့်လိုက်ပြီး ၎င်း၏ ခေါင်းလုံးလုံးလေးကို စောင်းကာ ပြောလိုက်သည်။
"မဆိုးဘူးလို့ ထင်တယ်"
"ငါတို့ စမ်းကြည့်ရမလား"
ကျူးလင်က ထပ်မေးလိုက်၏။
ထူထူက ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။
"ဒီကမ္ဘာမှာ ရေက အရမ်းအဖိုးတန်တယ်လို့ ကြားဖူးတယ်”
“သခင်မ၊ ဒီရေမန္တန်ကနေ ခေါ်ထုတ်လိုက်တဲ့ ရေတွေကို သိမ်းထားချင်လား"
ကျူးလင်က ထူးထူး၏ အကြံပြုချက်ကို ကောင်းသည်ဟု ခံစားမိသဖြင့် မေးလိုက်၏။
"နင့်ဆီမှာ ရေထည့်လို့ရမယ့် ပစ္စည်းတစ်ခုခု ရှိလား"
ယုန်လေးသည် ၎င်း၏ ဝိညာဉ်နန်းတော်ထဲသို့ ကြည့်လိုက်ရာ အရင်က ယင်နှင့်ယန် ငါးတစ်စုံကို မွေးမြူရန် အသုံးပြုခဲ့သော ကျောက်စိမ်းရေကန်တစ်ခုကို တွေ့လိုက်ရပေသည်။
ထူထူက ကျောက်စိမ်းရေကန်ကို ထုတ်ယူကာ ပြောလိုက်သည်။
"ဒီရေကန်က ရေထည့်ဖို့ လုံလောက်တဲ့အရွယ်အစား ရှိပါတယ်"
ကျူးလင်သည် ကျောက်စိမ်းရေကန်၏ အရွယ်အစားနှင့် အနက်ကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ထို့နောက် အဆင့်နိမ့်ရေမန္တန်ကို သူမ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ထားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
"စီးဆင်းစေ..."
ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရေမန္တန်သည် အပြာရောင် မီးတောက်များဖြင့် လွှမ်းခြုံသွားပြီး ရေမန္တန်၏ အရှေ့တွင် အပြာရောင်ဝင်္ကပါအသေးစားတစ်ခု ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် အပြာရောင် ဝင်္ကပါအသေးစားထံမှ ရေများ ပန်းထွက်လာကာ ကျောက်စိမ်းရေကန်ထဲသို့ ပြည့်လျှံသွားလေ၏။
ရေသည် စက္ကန့်သုံးဆယ်ကြာအောင် ဆက်တိုက် စီးကျနေပြီးနောက် ရပ်တန့်သွားကာ အဆင့်နိမ့် ရေမန္တန်မှာလည်း ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကျူးလင်က ကျောက်စိမ်းရေကန်ထဲရှိ သန့်စင်သောရေကို ကြည့်ကာ ပြောလိုက်သည်။
"မြွေကြီးရဲ့ သွေးနဲ့ ဒီသာမန်ပစ္စည်းတွေကို သုံးပြီး ဖန်တီးထားတဲ့ အဆင့်နိမ့်ရေမန္တန်က အများဆုံး ရေဆယ်ဂါလန်လောက်ပဲ ထုတ်ပေးနိုင်ပုံရတယ်"
ထူထူကလည်း ကျောက်စိမ်းရေကန်ထဲရှိ ကြည်လင်နေသော ရေကို ကြည့်ပြီး မေးလိုက်၏။
"သခင်မ၊ နောက်တစ်ခါကျရင် ကျွန်တော်တို့ ပိုကောင်းတဲ့ ပစ္စည်းတွေကို ရှာကြမလား"
ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ဟုတ်တယ်...ဒါပေမဲ့ လောလောဆယ်တော့ ဒီအဆင့်နိမ့်ရေမန္တန်က ငါတို့ရဲ့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ လုံလောက်ပါတယ်"
လတ်တလောတွင် သန့်စင်ခြင်းမန္တန်များကို စိတ်ကြိုက် အသုံးမပြုနိုင်သေးသဖြင့် ကျူးလင်သည် သာမန်လူတစ်ယောက်ကဲ့သို့ ရေဖြင့် ခန္ဓာကိုယ်ကို ဆေးကြောရန် လိုအပ်ပေသည်။
ထို့အပြင် ယခုအခါတွင် သူမ အသက်ရှင်သန်ရန်အတွက် ရေကို သောက်သုံးရန်လည်း လိုအပ်နေသည်။
အဆင့်နိမ့် ရေမန္တန်များ ရှိနေသောကြောင့် သောက်ရေနှင့် လဲလှယ်ရန် ပုံဆောင်ခဲအမြုတေများကို အသုံးပြုရန် မလိုအပ်တော့ပေ။
နောက်ဆုံးတွင် သူမ၏ ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် ပုံဆောင်ခဲအမြုတေများကို ပို၍ စုဆောင်းနိုင်ပြီဖြစ်သည်။
ရေ၏ အရေးပါမှုကို တွေးမိပြီး သူမက စုတ်တံကို ပြန်ကောက်ကိုင်ကာ ပြောလိုက်၏။
"ရေမန္တန်တွေ ထပ်လုပ်ကြရအောင်"
၎င်း၏ သခင်မသည် ရေမန္တန်ကို ထပ်မံ၍ စတင်ဖန်တီးနေပြီဖြစ်ကြောင်း မြင်သောအခါ ထူထူက ပြောလိုက်သည်။
"ဒါဆို သခင်မ၊ စက္ကူညှပ်ဖို့ ကျွန်တော် ကူညီပေးပါမယ်"
ကျူးလင်က ပြုံးလိုက်ပြီး ပြောလိုက်၏။
"ကျေးဇူးပဲ ထူထူ"
ယုန်လေးသည် ၎င်း၏ သခင်မအား ကူညီခွင့်ရသည့်အတွက် အလွန်ဝမ်းသာနေလေသည်။
ထူထူသည် စက္ကူတစ်ရွက်ကို ယူ၍ အမွေးပွနေသော လက်နှစ်ဖက်ဖြင့် ခေါက်လိုက်ပြီးနောက် ၎င်း၏ ချွန်ထက်သော လက်သည်းဖြင့် စက္ကူကို သပ်ရပ်စွာ ညှပ်လိုက်၏။
သခင်မနှင့် ယုန်လေးတို့ ကြိုးစားပမ်းစား အလုပ်လုပ်နေချိန်တွင် လမ်းတစ်ဖက်၌ ပုန်းအောင်းနေသော ရှို့ဝူသည် သူတို့ကို အံ့အားသင့်စွာ ကြည့်နေခဲ့ပေသည်။
သူရပ်နေသည့် နေရာမှ သူတို့၏ စကားပြောသံများကို မကြားရသော်လည်း ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
ကျူးလင်က အဆင့်နိမ့် ရေမန္တန်ကို အသုံးပြု၍ ရေကို ခေါ်ထုတ်နေသည်ကို ကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးနောက် ရှို့ဝူသည် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။
အတန်ကြာပြီးနောက် ကျူးလင်အား သူ ပြန်ကြည့်လိုက်ချိန်တွင် နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေ၏။
တစ်စုံတစ်ယောက်က သူမ၏ မန္တန်များကို ပစ်မှတ်ထားနေသည်ကို မသိရှိသော ကျူးလင်သည် ယခုလေးတင် ဖန်တီးထားသော အဆင့်နိမ့်ရေမန္တန် အခုနှစ်ရာကို ဘေးသို့ ဖယ်ထားလိုက်သည်။
သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲမှ စက္ကူထုပ် ခြောက်ဆယ်ကို ကြည့်ကာ ကျူးလင်က ပြောလိုက်၏။
"ကျန်တဲ့စက္ကူတွေက မန္တန် လေးသောင်းခုနစ်ထောင်နဲ့ရှစ်ရာ ပြုလုပ်ဖို့ လုံလောက်တယ်”
“ဒါပေမဲ့ မြွေကြီးရဲ့ သွေးက သုံးပုလင်းပဲ ကျန်တော့တာ"
“မြွေကြီးရဲ့ သွေးကုန်သွားပြီးရင် နောက်ထပ် မန္တန်တွေ ဖန်တီးဖို့ ငါတို့ သွေးတွေ ထပ်ရှာရဦးမယ်"
စက္ကူညှပ်ရန် အလုပ်ရှုပ်နေသော ထူထူသည် ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။
"ဒါဆို ကျွန်တော်တို့ ကျန်တဲ့သွေးတွေကို သုံးပြီး တိုက်ခိုက်ရေးကို အထောက်အကူပြုတဲ့ မန္တန်တချို့ ပြင်ဆင်ရမလား"
ကျူးလင်သည် ဖုတ်ကောင်များကို ဖုံးလွှမ်းထားသော မိစ္ဆာစွမ်းအင်ကို တွေးတောလိုက်ပြီး ပြောလိုက်၏။
"ဖုတ်ကောင်တွေက မိစ္ဆာစွမ်းအင်ကြောင့် လှုပ်ရှားနိုင်တဲ့အတွက် မိုးကြိုးဓာတ်မန္တန်က သူတို့ကို ပိုပြီး ထိခိုက်ပျက်စီးစေနိုင်တယ်”
“မီးဓာတ်မန္တန်နဲ့ ပတ်သက်လို့တော့ မိုးကြိုးဓာတ်မန္တန်လောက် မိစ္ဆာစွမ်းအင်ကို မတိုက်ထုတ်နိုင်ပေမယ့် ဖုတ်ကောင်တွေကို မီးရှို့နိုင်တယ်"
ထူထူက စက္ကူများကို သပ်ရပ်စွာ ရှင်းလင်းလိုက်ပြီး မေးလိုက်သည်။
"လေမန္တန်ကရော ဘယ်လိုလဲ။ ဒီကမ္ဘာရဲ့ အခြေခံအဆောက်အအုံတွေကို ကြည့်ရင် လေဓာတ်မန္တန်က အရမ်းအသုံးဝင်တယ်မလား"
ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
"အင်း... ငါတို့ လေဓာတ်မန္တန်၊ မြေဓာတ်မန္တန်နဲ့ သစ်သားဓာတ်မန္တန်တချို့ ပြင်ဆင်ထားသင့်တယ်။ ဒီဓာတ်သုံးခုရဲ့ မန္တန်တွေကို အထောက်အကူပြု မန္တန်တွေအဖြစ် သုံးလို့ရတယ်။"
ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျူးလင်က ပြောလိုက်သည်။
"ထူထူ၊ မိုးကြိုးဓာတ်မန္တန်တွေအတွက် စက္ကူ အချပ်နှစ်ရာ၊ မီးဓာတ်မန္တန်တွေအတွက် စက္ကူ အချပ်တစ်ရာ၊ ပြီးတော့ လေဓာတ်၊ သစ်သားဓာတ်နဲ့ မြေဓာတ်မန္တန်တွေအတွက် စက္ကူ အချပ်ငါးဆယ်စီ ပြင်ဆင်ဖို့ ကူညီပေး"
"ဟုတ်ကဲ့ပါ သခင်မ။"
စကားပြောပြီးနောက် ထူထူသည် စက္ကူများကို အလျင်စလို ရေတွက်လိုက်၏။
သူတို့နှစ်ဦးသည် မန္တန်အားလုံးကို မပြင်ဆင်မီ နှစ်နာရီကြာအောင် အလုပ်လုပ်ခဲ့ကြလေသည်။
မြွေကြီး၏ သွေးများ ကုန်သွားပြီဖြစ်၍ ကျူးလင်သည် ကျန်ရှိသော ပစ္စည်းများနှင့် အသစ်ဖန်တီးထားသော မန္တန်များကို သိမ်းဆည်းလိုက်၏။ သူမသည် ကုလားထိုင်မှထကာ ယုန်လေးကို ကောက်ပွေ့လိုက်ပြီး ဒုတိယအလယ်ဝင်းတံခါးမှ ထွက်လာခဲ့တော့သည်။
သူမ ထွက်သွားသည်ကို မြင်သောအခါ ရှို့ဝူလည်း ပုန်းအောင်းရာနေရာမှ ထွက်လာကာ သူမနောက်သို့ လိုက်သွားလေသည်။
ဒုတိယတံခါးမှ သူထွက်လာချိန်တွင် ကျီယန်နှင့် ထန်ဝေတို့က ထိုနေရာ၌ စောင့်ဆိုင်းနေပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထန်ဝေက သူ့ကို လက်ပြကာ ပြောလိုက်သည်။
"လောင်ရှို့၊ အဲ့ဒီ အလှလေး ထွက်သွားတာကို ငါ အခုလေးတင် မြင်လိုက်တယ်။"
ရှို့ဝူက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ကျီယန်က မေးလိုက်၏။
"မင်း သူမနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ခုခု သိခဲ့ရလား။"
ရှို့ဝူသည် ကျူးလင် ယခုလေးတင် ဖန်တီးခဲ့သော မန္တန်များကို တွေးတောလိုက်ပြီး ပြောလိုက်သည်။
"အင်း..."
ကျီယန်နှင့် ထန်ဝေတို့က ခေတ္တမျှ စောင့်ဆိုင်းနေခဲ့သော်လည်း သူ ရှာဖွေတွေ့ရှိခဲ့သည့်အရာကို သူတို့ကို ပြောပြမည့် ရည်ရွယ်ချက်မရှိကြောင်း သတိပြုမိသွားသဖြင့် မျက်ခုံးပင့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။
သူတို့၏ စကားနည်းသော သူငယ်ချင်းဖြစ်သူထံမှ မက်မွန်ပွင့်များ နောက်ဆုံးတော့ ပွင့်လန်းလာပြီဖြစ်ပုံရပေ၏။