← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) - အစောတလျင် ကောက်ချက်မချကြပါနဲ့

ထူထူက ၎င်း၏သခင်မကို ကြည့်ကာ ပြန်မေးလိုက်လေသည်။

'သခင်မ... သူ့အကူအညီမပါဘဲ လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိရဲ့လား...'

'မရှိဘူး...'

ကျူးလင်က ရိုးသားစွာပင် ပြန်ဖြေလိုက်၏။

'ဒါဆို ဘာကိုစောင့်နေတာလဲ... သခင်မက ငတ်သေချင်နေတာလား...'

ထူထူက ထပ်မေးလိုက်ပြန်သည်။

ကျူးလင်က ငတ်မွတ်၍ သေဆုံးရသည့် ပထမဆုံးနတ်ဘုရားမတစ်ပါး မဖြစ်ချင်ပေ။ ထို့ကြောင့် ရှို့ဝူ ဖြန့်ပေးထားသော လက်ဖဝါးပေါ်သို့ စစ်သုံးရိက္ခာထုပ်ကို လိမ္မာစွာပင် တင်ပေးလိုက်လေ၏။

ထန်ဝေ့နှင့် ကျီယန်တို့မှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ကျူးလင်၏ဘေးတွင် ထိုင်ကာ စစ်သုံးရိက္ခာများကို မည်သို့ပြင်ဆင်ရမည်ကို စိတ်ရှည်လက်ရှည် သင်ပေးနေသော ရှို့ဝူကို ကြည့်ရင်း သူတို့မျက်လုံးကိုမယုံနိုင် ဖြစ်နေကြသည်။

သူတို့က ခေတ္တမျှ တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။ ထို့နောက် ထန်ဝေ့က ကျီယန်အနီးသို့ တိုးကပ်သွားကာ တိုးညင်းသော လေသံဖြင့် မေးလိုက်၏။

"လောင်ယန်... လောင်ရှို့က မိစ္ဆာပူးခံနေရတာလား..."

ကျီယန်ကလည်း အသံကိုနှိမ့်ကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ငါလည်း သူ ပူးကပ်ခံနေရတယ်လို့ ထင်တယ်..."

ရှို့ဝူက သူတို့၏ တိုးတိုးတိတ်တိတ် ပြောဆိုနေမှုများကို ကြားသော်လည်း ပြန်လည်တုံ့ပြန်ရန် စိတ်မဝင်စားခဲ့ပေ။

သူသည် ကျူးလင်ဘေးတွင် ထိုင်ရင်း ရိက္ခာထုပ်ကို ဖွင့်ကာ ကျောပိုးအိတ်ထဲမှ ရေသန့်တစ်ဘူးကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။

"ဒီအထုပ်ကို ဒီလိုလေး ဖွင့်ရုံပဲ... အပူပေးတဲ့ အထုပ်လေးထဲကို ရေနည်းနည်းလောက် လောင်းထည့်ပြီးရင် ရိက္ခာထုပ်တစ်ခုလုံးကို အဲဒီအထဲထည့်လိုက်...”

“ပြီးရင် အပူပေးအထုပ်ကို ခေါက်ထားလိုက်... ရေနွေးငွေ့တွေ မပျောက်သွားမချင်း အဲဒီအထုပ်ကို သွားမကိုင်မိစေနဲ့... မဟုတ်ရင် ခင်ဗျားလက်တွေ အပူလောင်သွားလိမ့်မယ်..."

ထမင်းနှင့် ဟင်းလျာများကို ပြင်ဆင်ပြီးနောက် ရှို့ဝူက နောက်ထပ်ရေသန့်ဘူးတစ်ဘူးကို ထုတ်ယူလိုက်ကာ သူ သောက်လက်စရေဘူးထဲသို့ ရေသုံးပုံနှစ်ပုံခန့် လောင်းထည့်လိုက်သည်။

ထို့နောက် အချိုရည်မှုန့် အထုပ်ငယ်လေးတစ်ခုကို ဖောက်၍ ရေထဲသို့ ထည့်ကာ နှစ်ကြိမ်သုံးကြိမ်ခန့် ခါယမ်းလိုက်ပြီး လိမ္မော်ရောင် အရည်များ ပါဝင်သော ရေဘူးကို ကျူးလင်ထံသို့ ကမ်းပေးလိုက်လေ၏။

သူမ၏ စူးစမ်းလိုသော အကြည့်ကို မြင်သောအခါ ရှို့ဝူက ရှင်းပြလိုက်သည်။

"ဒါက လိမ္မော်အရသာ အချိုရည်လေ..."

သူက ပလတ်စတစ်အိတ်ထဲမှ အထုပ်ငယ်နှစ်ထုပ်ကို ထုတ်ယူလိုက်ကာ ပြောလိုက်၏။

"ဒီနှစ်ထုပ်က အမြည်းနဲ့ အချိုပွဲပဲ..."

ရှို့ဝူက ခုံတန်းလျားပေါ်တွင် ရေနွေးငွေ့များ ထွက်ပေါ်နေသော အထုပ်ကြီးနှစ်ထုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျူးလင်ကို ကြည့်ကာ ပြောလိုက်လေသည်။

"အမြည်းကို အရင်စားထားလို့ ရတယ်... အစားအသောက်တွေက မိနစ်အနည်းငယ်လောက်နေရင် ရပါပြီ..."

စကားပြောပြီးနောက် သူသည် မတ်တတ်ရပ်ကာ အခြားတစ်ဖက်သို့ လျှောက်သွားလေ၏။ တည်ငြိမ်သော မျက်နှာထားဖြင့် ထိုနေရာတွင် ထိုင်နေသော ရှို့ဝူကို ကြည့်ရင်း ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

'ထူထူ... ငါ သူ့ရဲ့ သရုပ်မှန်ကို အထင်လွဲနေတာများလား...'

'သခင်မက ဘာကိုဆိုလိုချင်တာလဲ...'

ထူထူက သိချင်စိတ်ဖြင့် မေးလိုက်၏။

ကျူးလင်က ခုံတန်းလျားပေါ်တွင် အခိုးအငွေ့များ ထွက်နေဆဲဖြစ်သော ရိက္ခာထုပ်နှစ်ထုပ်ကို ကြည့်ကာ ပြောလိုက်လေသည်။

'သူက မိစ္ဆာနတ်ဘုရားလို့ ငါ အမြဲတမ်း ထင်ခဲ့တာ... ဒါပေမဲ့ ဒီကမ္ဘာမှာ သူနဲ့စတွေ့ကတည်းက သူ့ရဲ့ ပြုမူလုပ်ဆောင်ပုံတွေကို ကြည့်ရတာ ငါသိခဲ့တဲ့ မိစ္ဆာနတ်ဘုရား မဖြစ်နိုင်ဘူး...'

သူမ၏ စကားကို ကြားသောအခါ ထူထူက အတိတ်ကို ပြန်လည်အမှတ်ရသွားကာ မေးလိုက်သည်။

'သခင်မ... အဲဒီကိစ္စကို သေချာလို့လား...'

ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

'မိစ္ဆာနတ်ဘုရားဆိုတာ စကြဝဠာထဲက အဆိုးမြင်စွမ်းအင်တွေ အားလုံးကနေ မွေးဖွားလာခဲ့တာ...”

“သူက ကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ပြီး ဖျက်ဆီးပစ်လို့လည်း မရဘူး... သူက ခံစားချက်မရှိဘဲ မွေးဖွားလာခဲ့ပြီး စိတ်လှုပ်ရှားမှုလည်း ကင်းမဲ့တယ်...”

“သူ့အတွက် အခြားသူတွေကို ကူညီဖို့ဆိုတာ အကူအညီသေးသေးလေးဆိုရင်တောင် လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ...'

သူမက မျက်လွှာကိုပင့်ကာ ရှို့ဝူကို ကြည့်လိုက်ပြီး ထပ်ပြောလိုက်လေသည်။

'မိစ္ဆာနတ်ဘုရားအတွက် သူ့ကိုသတ်ဖို့ မွေးဖွားလာတဲ့ ငါ့အပေါ်ကို ကြင်ကြင်နာနာ ဆက်ဆံဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်...'

ထူထူက ၎င်း၏သခင်မကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ရှို့ဝူကို လှမ်းကြည့်လိုက်သည်။ ယုန်လေးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလိုက်၏။

'သခင်မ... အစောတကြီး ကောက်ချက်မချပါနဲ့ဦး... တစ်ခါတလေကျရင်လေ... သခင်မမ မသိသေးတာ ဒါမှမဟုတ် သတိမထားမိသေးတဲ့ တခြားအရာတွေ ရှိနေနိုင်ပါတယ်...'

၎င်း၏သခင်မမှာ အတွေးနက်သွားကြောင်း မြင်သောအခါ ယုန်လေးက ရိက္ခာထုပ်နှစ်ထုပ်ဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

'သခင်မ... သခင်မရဲ့ အစားအသောက်တွေ ရပါပြီ...'

ထူထူ၏စကားကို ကြားသောအခါ ကျူးလင်၏ ဗိုက်ထဲမှ ထပ်မံ မြည်ဟည်းလာခဲ့သည်။

သူမက အစားအသောက်များကို ကောက်ယူကာ ဖွင့်၍ စတင်စားသောက်လိုက်၏။ စားသောက်နေစဉ်အတွင်း သူမက ရှို့ဝူကို ရံဖန်ရံခါ လှမ်းကြည့်နေခဲ့ပြီး သူမ၏ မျက်ဝန်းများထဲတွင် တုံ့ဆိုင်းမှုများနှင့် သံသယများက ပြည့်နှက်နေပေသည်။

စားသောက်ပြီးနောက် ကျူးလင်က အခွံလွတ်များကို သိမ်းဆည်းလိုက်ပြီး ရေခဲပန်းပွင့်ဆွဲသီးထဲမှ စစ်သုံးရိက္ခာ သုံးထုပ်ကို ထုတ်ယူလိုက်လေသည်။

သူမက ရိက္ခာများကို သယ်ဆောင်ကာ ရှို့ဝူထံသို့ လျှောက်သွားခဲ့၏။ သူမ လာနေသည်ကို မြင်သောအခါ ကျီယန်နှင့် ထန်ဝေ့တို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကျူးလင်ကို ပြုံးပြလိုက်ကြသည်။

သူတို့၏ ပြုံးရွှင်နေသော မျက်နှာများကို မြင်သောအခါ ကျူးလင်ကလည်း ပြန်လည်ပြုံးပြလိုက်လေသည်။ သူမက ရှို့ဝူကို ကြည့်ကာ ပြောလိုက်၏။

"စောစောက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

စကားပြောပြီးနောက် သူမက ရိက္ခာများကို ရှို့ဝူထံ ကမ်းပေးလိုက်ပြီး ဆက်ပြောလိုက်သည်။

"ရှင့်သူငယ်ချင်းတွေနဲ့ ဝေစားလို့ ရပါတယ်..."

ရှို့ဝူက သူမကိုသာ စိုက်ကြည့်နေပြီး ရိက္ခာများကို ယူမည့်ပုံမပေါ်သည်ကို မြင်သောကြောင့် ကျူးလင်က ရိက္ခာများကို ကျီယန်ထံသို့သာ ကမ်းပေးလိုက်လေ၏။

သူ့တွင် နေရာလွတ်စွမ်းအင်ရှိကြောင်း ပြောခဲ့သည်ကို သူမ မှတ်မိသောကြောင့် သူတို့၏ ထောက်ပံ့ရေးပစ္စည်းများကို သူကပင် ကိုင်တွယ်သင့်သည်ဟု တွေးလိုက်ခြင်းပင်။

ကျူးလင်က ရှို့ဝူ၏ အကူအညီကို သူမ ကျေးဇူးဆပ်ပြီးပြီဟု တွေးလိုက်သဖြင့် ထူထူကို ခေါ်လိုက်ကာ သူတို့နှစ်ဦး ခရီးဆက်ခဲ့ကြလေသည်။ ရိက္ခာသုံးထုပ်ကို သူ၏ နေရာလွတ်ထဲသို့ ထည့်သွင်းရင်း ကျီယန်က ပြောလိုက်၏။

"သူက ကျေးဇူးသိတတ်သားပဲ..."

ရှို့ဝူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သွားကြစို့..."

သူ ထိုသို့ပြောပြီးနောက် လူသုံးယောက်မှာ ကျူးလင်၏နောက်သို့ ထပ်မံလိုက်ပါသွားကြပြန်သည်။

ဤသို့ဖြင့် နေမင်းကြီး ပျောက်ကွယ်သွားသည်အထိ သူတို့ ဆက်လျှောက်လာခဲ့ကြပြီး လင်းထိန်နေသော လမင်းနီနီကြီးက ညကောင်းကင်ယံတွင် တွဲလွဲခိုနေလေပြီ။

ကျူးလင်က ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး ယနေ့ည ဤနေရာတွင် စခန်းချရန် ဆုံးဖြတ်လိုက်လေသည်။

ဖုတ်ကောင်များသည် ညဘက်တွင် ပို၍ လှုပ်ရှားတတ်ကြောင်း တွေ့ရှိပြီးနောက် သူမနှင့် ထူထူက ညဘက်တိုက်ပွဲများကို တတ်နိုင်သမျှ ရှောင်ရှားရန် ဆုံးဖြတ်ထားခဲ့ကြခြင်း ဖြစ်ပေသည်။

သူမ၏ အနောက်တွင်ရှိသော ထန်ဝေ့မှာ လမ်းဘေးဘက်သို့ လျှောက်သွားနေသည့် ကျူးလင်ကို မြင်သောအခါ သက်ပြင်းချလိုက်လေ၏။

သူက ရေသန့်ဘူးကို ထုတ်ယူကာ တစ်ငုံလောက် သောက်လိုက်ပြီး ပြောလိုက်သည်။

"သူမက တကယ် လမ်းလျှောက်နိုင်တာပဲ... တခြားအမျိုးသမီးတွေသာ သူမလို သဘောထားမျိုးနဲ့ ဇွဲလုံ့လမျိုး ရှိကြမယ်ဆိုရင် အမျိုးသမီးအဖွဲ့ဝင်တွေကို လက်ခံမယ့် အဖွဲ့တွေ အများကြီးရှိလာမှာ သေချာတယ်..."

ဤစကားကို ကြားသောအခါ ကျီယန်က ပြုံးကာ ပြောလိုက်လေ၏။

"ကံမကောင်းတာက စွမ်းအင်ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးအများစုက သူတို့ ဘယ်သွားသွား မင်းသမီးလေးတွေလို ဆက်ဆံခံရမယ်လို့ ထင်နေကြတာပဲ...”

“အမျိုးသမီးတစ်ဝက်လောက်က အဲဒီလိုစိတ်ဓာတ်မျိုး ရှိနေကြတော့ ဘယ်သူက သူတို့ကို အဖွဲ့ထဲ လက်ခံရဲမှာလဲ... သူမလို သဘောထားကောင်းတဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ နှမြောစရာပါပဲ..."

သူ စကားပြောနေစဉ်မှာပင် ရှို့ဝူမှာ ကျူးလင်ထံသို့ လျှောက်သွားနှင့်ပြီဖြစ်ပြီး သူမကို ထင်းကောက်ရာတွင် စတင်ကူညီပေးနေကြောင်း ကျီယန် မြင်လိုက်ရလေတော့သည်။

All Chapters