အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) - ဖိတ်ခေါ်ခြင်း
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှို့ဝူက ကျန်နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏။
"မင်းတို့နှစ်ယောက် ညဉ့်ဦးပိုင်းကို စောင့်ကြ၊ ငါက ညသန်းခေါင်ကျော်ရင် စောင့်မယ်။ သန်းခေါင်ယံရောက်ရင် ငါ့ကို နှိုးလိုက်။"
ထန်ဝေ့က ယုန်လေးကို စိုက်ကြည့်နေဆဲဖြစ်ကာ ပြန်ဖြေလိုက်လေသည်။
"ကောင်းပါပြီ"
ကျိယန်က ရှိုးဝူ၏ အိပ်ရာလိပ်ကို ထုတ်ကာ သူ့ထံ ကမ်းပေးလိုက်၏။ အိပ်ရာလိပ်ကို ဖြန့်လိုက်ရင်း ရှို့ဝူက ဟောက်နေသော ယုန်လေးကို တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် မျက်စိမှိတ်ကာ အိပ်ရာဝင်သွားလေတော့သည်။ ငါးနာရီ ကြာပြီးနောက် ကျိယန်က သူ့ကို လာနှိုးလေ၏။
ထန်ဝေ့တစ်ယောက် အိပ်ရာလိပ်ထဲ၌ အိပ်မောကျနေသည်ကို မြင်သောအခါ ရှို့ဝူက မည်သို့မျှ မပြောတော့ပေ။
သူက မီးပုံဘေးတွင် ထိုင်လိုက်ပြီး မီးရောင်မှတစ်ဆင့် ကျူးလင်ကို လှမ်းကြည့်နေလိုက်၏။
သူမ၏ လှပသော မျက်နှာလေးထံတွင် သူ၏ အကြည့်များ ရပ်တန့်နေစဉ် အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး သူ မသိလိုက်ခင်မှာပင် မိုးလင်းသွားခဲ့ချေပြီ။
အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ နေရောင်ခြည် ဦးဆုံး ထွက်မလာခင် ကျူးလင်က မျက်လုံးများကို ဖွင့်လိုက်သည်။
သူမ မျက်လုံးဖွင့်လာသည်ကို မြင်လိုက်ရသောအခါ ရှို့ဝူက သူမနှင့် စကားပြောချင်စိတ်များ ပေါက်လာသဖြင့် ညင်သာစွာ ပြောလိုက်လေ၏။
"နံနက်ခင်းပါ"
သူ၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံကို ကြားသောအခါ ကျူးလင်က မျက်လုံးများကို မော့ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးဖျော့ဖျော့လေးကို ကြည့်ရင်း သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်၏။
"နံနက်ခင်းပါ"
သူမ၏ နံနက်ခင်း နှုတ်ဆက်စကားကို ရရှိလိုက်သဖြင့် ရှို့ဝူက အလွန်ဝမ်းသာသွားကာ မေးလိုက်သည်။
"ဗိုက်ဆာနေပြီလား... နံနက်စာ အတူတူ စားကြမလား"
မနေ့ညက စားခဲ့ရသော အရသာရှိလှသည့် ထမင်းကြော်ကို တွေးမိပြီးနောက် ကျူးလင်က ခေါင်းညိတ်ချင်သွားခဲ့သော်လည်း သူ၏ အစားအစာကို အလကားစားရမည်ကို အားနာနေသဖြင့် နောက်ဆုံးတွင် ခေါင်းကိုသာ ခါယမ်းပြလိုက်လေသည်။ သူမဘက်မှ ငြင်းဆန်လိုက်ပြီးနောက် သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြပေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျူးလင်က အိပ်မောကျနေသော ထူထူကို ပွေ့ချီကာ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။
"မနေ့ညက အစားအသောက်အတွက် ကျေးဇူးတင်ပါတယ်"
ဤစကားကို ချန်ထားရစ်ခဲ့ပြီးနောက် သူမက လှည့်ကာ ထွက်ခွာသွားလေသည်။
သူမ ထွက်သွားသည်ကို မြင်သောအခါ ရှို့ဝူက အိပ်မောကျနေဆဲဖြစ်သော သူ၏ သူငယ်ချင်းနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီး ကျူးလင်၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။
သူက အလွန်စိုးရိမ်သွားပြီး မစဉ်းစားမဆင်ခြင်ဘဲ သူမနောက်သို့ ပြေးလိုက်သွားတော့၏။
နောက်ကျောဘက်မှ ခြေသံများ နီးကပ်လာသည်ကို ကျူးလင်က ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ရှို့ဝူ လာနေသည်ကို မြင်တွေ့လိုက်ရသည်။ သူမက ခေါင်းကို အနည်းငယ် စောင်းကာ မေးလိုက်၏။
"ဘာကိစ္စရှိလို့လဲ။"
သူက စကားပြောဆိုရာတွင် မကျွမ်းကျင်သဖြင့် ထိုအခိုက်အတန့်တွင် ရှို့ဝူက ဆွံ့အသွားကာ မည်သို့ပြောရမည်ကို မသိတော့ပေ။
ကျူးလင်ကမူ စိတ်ရှည်လက်ရှည်ဖြင့် ခေတ္တမျှ စောင့်ဆိုင်းပေးနေခဲ့၏။
သူက သူမကို စိုက်ကြည့်နေရုံသာ ကြည့်နေသည်ကို မြင်သောအခါ သူမက ယဉ်ကျေးစွာ ပြောလိုက်လေသည်။
"တခြားဘာကိစ္စမှ မရှိဘူးဆိုရင် ကျွန်မ အရင်ထွက်သွားတော့မယ်"
ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို စုဆောင်းကာ စခန်းသို့ ပြန်လည်သတင်းပို့ရန် သူမတွင် သုံးပတ်မျှသာ အချိန်ရလေသည်။
သူမအနေဖြင့် ဆေးရုံသို့သွားရာ လမ်းကိုလည်း ရှာဖွေရဦးမည်ဖြစ်သောကြောင့် ဤတာဝန်ကို ပြီးမြောက်ရန် အချိန်မလောက်ငှနေပေ။ ယခုအချိန်တွင် သူနှင့်အတူ အချိန်ဖြုန်းနေရန် သူမ၌ အချိန်မရှိပေ။
သူမ ခြေတစ်လှမ်းမလှမ်းရသေးမီမှာပင် ရှို့ဝူက လက်လှမ်းကာ သူမ၏ လက်ကို ဆွဲကိုင်လိုက်၏။
"နေပါဦး။"
သူမ၏ အကြည့်များက သူတို့၏ လက်များထံတွင် ရပ်တန့်သွားသည်ကို သတိပြုမိသွားသောအခါ သူက သူမ၏ လက်ကို အလျင်အမြန် လွှတ်လိုက်ပြီး ပြောလိုက်သည်။
"တောင်းပန်ပါတယ်... ခင်ဗျားကို စော်ကားချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး"
ကျူးလင်က သူ၏ ပြာယာခတ်နေသော မျက်နှာထားကို တွေးတောနေဟန်ဖြင့် ကြည့်လိုက်ပြီး မေးလိုက်၏။
“ကျွန်မကို ပြောစရာ တစ်ခုခု ရှိလို့လား။"
သူ့ကိုယ်သူ ရူးနေပြီဟု တွေးမိသော်လည်း ရှို့ဝူက သူမ၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ မေးလိုက်လေသည်။
"ဆေးရုံကို အတူတူ သွားကြမလား... ကျွန်တော်တို့လည်း ဆေးရုံမှာ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ သွားစုဆောင်းချင်လို့ပါ။ အန္တရာယ်များတဲ့ နေရာတွေကို သွားတဲ့အခါ လူများများနဲ့သွားတာ အကောင်းဆုံးပဲလေ။"
"ဘာဖြစ်လို့ ကျွန်မတို့ အတူတူ သွားရမှာလဲ။"
ယခုလေးတင် သူပြောခဲ့သည်မှာ ဖိတ်ခေါ်ရခြင်း၏ အကြောင်းရင်း အစစ်အမှန်မဟုတ်မှန်း သိနေသောကြောင့် ကျူးလင်က မေးလိုက်ခြင်း ဖြစ်ပေသည်။
သူမအနေဖြင့် သူတို့နှင့် အဘယ်ကြောင့် ပူးပေါင်းရန် လိုအပ်သနည်းဟု မေးနေခြင်းဖြစ်သည်ဟု ရှို့ဝူက ထင်မှတ်သွားသဖြင့် ပြောလိုက်၏။
"ဆေးရုံနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နောက်ဆုံးရထားတဲ့ သတင်းအရဆိုရင် ဆေးရုံဝန်းကျင်မှာ အဆင့်နှစ် ဖုတ်ကောင် အကောင်ငါးဆယ်လောက် အနည်းဆုံး ရှိနေတယ်”
“တစ်ယောက်တည်းသွားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ"
“ကျွန်တော်တို့ရဲ့ သွားရမယ့် လမ်းကလည်း တူတူပဲဆိုတော့ ဘာလို့ အတူတူ မသွားရမှာလဲ... လမ်းခရီးမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီပြီး ဘေးကင်းအောင် နေလို့ရတာပေါ့။"
ဆေးရုံအနီးတစ်ဝိုက်တွင် အဆင့်နှစ် ဖုတ်ကောင် အကောင်ငါးဆယ်ထက်မနည်း ရှိနေသည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ကျူးလင်၏ မျက်လုံးများက အရောင်လက်သွားခဲ့သည်။
သူမက တွေးတောဆင်ခြင်ကြည့်လိုက်ရာ သူမ၏ လက်ရှိ စွမ်းအားနှင့် ဒဏ်ရာများအရ ထိုနေရာသို့ တစ်ယောက်တည်းသွားရန်မှာ အမှန်တကယ် အန္တရာယ်များလွန်းကြောင်း နားလည်သွား၏။
ထို့အပြင် သူမက လမ်းလည်း မသိပေ။ ယခုအချိန်အထိ သူမ၏ ပင်ကိုယ်အသိစိတ်ဖြင့်သာ လမ်းလျှောက်လာခဲ့ခြင်း ဖြစ်သည်။
မနေ့ညက စားခဲ့ရသော အရသာရှိလှသည့် ထမင်းကြော်ကို တွေးမိလိုက်သောအခါ သူမက အလွန် သဘောကျသွားပြီး တွေးလိုက်မိလေသည်။
'ငါသာ သူ့အဖွဲ့ထဲ ဝင်လိုက်ရင် နေ့တိုင်း အရသာရှိတဲ့ အစားအသောက်တွေ စားရမှာလား။'
အကောင်းနှင့်အဆိုးကို ယှဉ်တွဲသုံးသပ်ကြည့်ပြီးနောက် အရသာရှိသော အစားအစာ၏ ဆွဲဆောင်ဖြားယောင်းမှုအောက်တွင် နောက်ဆုံး၌ သူမက ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကောင်းပြီလေ... ဒါပေမဲ့ ပုံဆောင်ခဲအမြုတေတွေရဲ့ တစ်ဝက်ကို ကျွန်မ လိုချင်တယ်။"
ရှို့ဝူနှင့် သူ၏ သူငယ်ချင်းနှစ်ယောက်တို့မှာ ပုံဆောင်ခဲအမြုတေများ ပြတ်လပ်မနေပေ။
ထို့ကြောင့် သူမ လိုချင်သည်မှာ ပုံဆောင်ခဲအမြုတေ၏ တစ်ဝက်သာဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူက မစဉ်းစားဘဲ သဘောတူလိုက်လေသည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီးနောက် ပြောလိုက်၏။
"ပြန်သွားပြီး သူတို့ကို နှိုးကြရအောင်။"
သူတို့နှစ်ဦး အတူတကွ ပြန်လျှောက်လာခဲ့ကြပြီး အရောက်တွင်မူ ကျီယန်နှင့် ထန်ဝေ့တို့ နိုးနေကြပြီ ဖြစ်သည်။ ထန်ဝေ့က အတူတူ လျှောက်လာကြသော သူတို့နှစ်ဦးကို မျက်ခုံးပင့်ကြည့်ကာ မေးလိုက်သည်။
"လောင်ရှို့... မင်း ဘယ်သွားနေတာလဲ။"
ရှို့ဝူက သူ၏ မေးခွန်းကို မဖြေဘဲ ပြောလိုက်၏။
"ငါ သူမကို ငါတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်လိုက်တာ သူမက လက်ခံလိုက်ပြီ။ အခုကစပြီး သူမက ငါတို့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ"
သူ၏ စကားကို ကြားသောအခါ ကျီယန်နှင့် ထန်ဝေ့တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကျီယန်က ကျူးလင်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်လေသည်။
"ကျွန်တော့်နာမည်က ကျီယန်ပါ။ ကျွန်တော့်ကို လောင်ယန်လို့ ခေါ်လို့ရပါတယ်။"
"ကျွန်တော့်နာမည်က ထန်ဝေ့ပါ။ ကျွန်တော့်ကို ရှောင်ဝေ့လို့ ခေါ်လို့ရပါတယ်။"
ထန်ဝေ့က ပြုံးကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
ရှို့ဝူက ကျူးလင်ကိုကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်နာမည်က ရှို့ဝူပါ။ ခင်ဗျား နာမည်ကို ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော့်ကို အစ်ကိုကြီးဝူလို့ ခေါ်လို့ရပါတယ်။"
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် မျက်လုံးအစုံသုံးစုံက သူထံသို့ မတူညီသော မျက်နှာအမူအရာများဖြင့် တစ်ချိန်တည်း လှမ်းကြည့်လာကြသည်။
ရှို့ဝူအနေဖြင့် အမှန်တကယ်တွင် ကျူးလင်ကို ပိုမိုရင်းနှီးသော နာမည်ပြောင်တစ်ခုဖြင့် ခေါ်စေချင်ခဲ့သော်လည်း သူ ရူးနေပြီဟု တွေးမိသွားသဖြင့် ဒုတိယအကောင်းဆုံး နာမည်ပြောင်ကို မျက်နှာပြောင်တိုက်ကာ ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။