အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) - မင်းက တကယ့်ကို ကံကောင်းတာပဲ
ရှို့ဝူက နောက်ပိုင်းတွင် စခန်း၌ စာရင်းသွင်းပြီး ဦးနှောက်စစ်ဆေးမှု ခံယူရမလား၊ မခံယူရဘူးလားဟု စဉ်းစားနေချိန်မှာပင် ကျန်သူသုံးဦးက သူ့ကို ကြည့်ကာ ရင်ထဲတွင် အတွေးကိုယ်စီ ရှိနေကြ၏။
'ငါ့ထက် နှစ်ပေါင်း နှစ်သောင်းသုံးထောင်လောက် ငယ်တဲ့သူတစ်ယောက်ကို အစ်ကိုလို့ တကယ်ပဲ ခေါ်လို့ရပါ့မလား...'
ကျူးလင်က တွေးလိုက်သည်။
'လောင်ရှို့က ဒီလောက်တောင် အရှက်မရှိမှန်း ငါ တစ်ခါမှ မသိခဲ့ဘူး...'
ကျီယန်က တွေးလိုက်၏။
'လောင်ရှို့မှာ ဒီလိုစွမ်းရည်မျိုး ရှိနေမှန်း ငါ တစ်ခါမှ မသိခဲ့ဘူး...'
ထန်ဝေ့ကလည်း တွေးနေလေသည်။
အနေခက်ဖွယ် တိတ်ဆိတ်မှု တစ်အောင့်ခန့် ကြာသွားပြီးနောက် အရှက်မရှိသော ရှို့ဝူက ချောင်းဟန့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ပစ္စည်းတွေသိမ်းပြီး စောစော ထွက်ကြရအောင်။"
ထန်ဝေ့နှင့် ကျီယန်တို့က သူ့ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ကြပြီးနောက် အိပ်ရာလိပ်များကို သိမ်းဆည်းကာ မီးသတ်လိုက်ကြ၏။ ကျီရန်က သူတို့၏ သယ်ဆောင်ရလွယ်ကူသော သိုလှောင်ရုံလေး ဖြစ်နေသဖြင့် ပစ္စည်းများသိမ်းဆည်းကာ ထွက်ခွာရန် မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပေသည်။
ယခုအခါတွင် ကျူးလင်က သူတို့အဖွဲ့ထဲသို့ လတ်တလော ဝင်ရောက်ရန် သဘောတူလိုက်ပြီဖြစ်ရာ သူမနှင့် အလှမ်းခွာနေရန် မလိုအပ်တော့ချေ။
လမ်းလျှောက်လာရင်း ထန်ဝေ့၏ အကြည့်တို့က ကျူးလင်၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ထူထူထံ၌သာ ရပ်တန့်နေခဲ့သည်။
သူ၏ အကြည့်တို့က အလွန် စူးရှနေသဖြင့် ကျူးလင်က မေးလိုက်၏။
"ထူထူ့ကို ပွေ့ချင်လို့လား။"
သူမ၏ မေးခွန်းကို ကြားသောအခါ ထန်ဝေ့၏ မျက်လုံးများက အရောင်လက်သွားပြီး ကြက်ကလေး ဆန်စေ့ကောက်နေသည့်အလား ခေါင်းကို တဆက်ဆက် ညိတ်ပြလေသည်။
"ဟုတ်တယ်၊ ဟုတ်တယ်... မင်းရဲ့ ယုန်လေးကို ငါ တကယ် ဖက်ထားလို့ ရလား... ဒါဆို မင်းရဲ့ယုန်လေးနာမည်က ထူထူပေါ့... နာမည်လေးကအစ ချစ်စရာလေးပဲ..."
သူက မျက်လုံးများ တလက်လက် တောက်ပစွာဖြင့် ပြောလိုက်သည်။
သူ၏ တောက်ပနေသော မျက်လုံးများကို ကြည့်ကာ ကျူးလင်သည် သူက ထူထူကို အလွန်သဘောကျနေမှန်း သိလိုက်၏။ သူမက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးပဲ လာ... ဒီလိုမျိုးလေး ကိုင်ကြည့်..."
ကျူးလင်က ယုန်လေးကို မည်သို့ပွေ့ချီရမည်ကို အနည်းငယ် သင်ပေးလိုက်ပြီးနောက် ထန်ဝေ့ကို ထူထူအား ပွေ့ချီခွင့်ပြုလိုက်သည်။
ထူထူမှာ သစ်တုံးတစ်တုံးကဲ့သို့ အိပ်မောကျနေဆဲဖြစ်သည်ကို မြင်သောအခါ ထန်ဝေ့သည် ယုန်လေး၏ ကိုယ်ပေါ်မှ အမွေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။
ထူထူ၏ နူးညံ့သော အမွေးများကို လက်ချောင်းများဖြင့် ထိတွေ့ရင်း ထန်ဝေ့က ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"မင်းရဲ့ယုန်လေးက သိပ်ချစ်စရာကောင်းတာပဲ။ ငါလည်း ငယ်ငယ်တုန်းက ယုန်တစ်ကောင် မွေးဖူးတယ်။ ဒါပေမဲ့ သူက နေမကောင်းဖြစ်ပြီး သေသွားတာကြာပြီ..."
ကျူးလင်နှင့် ထန်ဝေ့တို့က လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုနေကြသဖြင့် အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ရှို့ဝူ၏ ဦးဆောင်မှုအောက်တွင် သူတို့၏ ခရီးစဉ်က ချောမွေ့နေခဲ့၏။ ရှို့ဝူသည် ဖုတ်ကောင်တစ်ကောင်ကို မြင်တွေ့တိုင်း ဖုတ်ကောင်၏ခေါင်းကို တစ်ချက်တည်း ခုတ်ဖြတ်ပစ်လိုက်လေသည်။
နေမင်းကြီးက အနောက်ဘက်သို့ အနည်းငယ် ယိမ်းနွဲ့သွားချိန်တွင် သူတို့သည် အဝေးမှ အက်စ်မြို့တော်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပေသည်။
အက်စ်မြို့တော်သို့ ချဉ်းကပ်လာသည်နှင့်အမျှ သူတို့ပတ်ဝန်းကျင်တွင် ဖုတ်ကောင်များ ပို၍ များပြားလာသည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်သည်။
"ဆင်ခြေဖုံးလမ်းကနေ သွားကြရအောင်။"
ထန်ဝေ့နှင့် ကျီယန် နှစ်ဦးလုံးက သဘောတူခဲ့ကြပြီး ကျူးလင်ကလည်း ရှို့ဝူ၏ အကြံပြုချက်ကို လိုက်နာရန် ဆုံးဖြတ်လိုက်လေသည်။
ရွှီဝူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်၏။
"မြို့နားကို ကပ်သွားရင် ပတ်ဝန်းကျင်မှာ ဖုတ်ကောင်တွေ အများကြီး ရှိနေလိမ့်မယ်။ သန္ဓေပြောင်းတိရစ္ဆာန်တွေ ထွက်လာပြီး ငါတို့ကို တိုက်ခိုက်မယ့် အလားအလာလည်း ရှိတယ်။ ငါ့အနားမှာပဲ ကပ်နေပြီး သတိထားဦး..."
သူက စေတနာဖြင့် ပြောခြင်းဖြစ်ကြောင်း သိသဖြင့် ကျူးလင်က ခေါင်းညိတ်လိုက်ပြီး သူ့အနီးသို့ တစ်လှမ်း တိုးကပ်လိုက်သည်။
ထူထူမှာ နိုးနေသည်မှာ ကြာပြီဖြစ်ပြီး လက်ရှိတွင် ကျူးလင်၏ ပခုံးပေါ်၌ ထိုင်နေ၏။ ယုန်လေးက အဝေးရှိ တစ်မြို့လုံးကို လွှမ်းခြုံထားသော ထူထပ်လှသည့် မိစ္ဆာစွမ်းအင်များကို ကြည့်ကာ ပြောလိုက်သည်။
'သခင်မ... အဲဒီနေရာက အန္တရာယ်များတယ်။'
ကျူးလင်က ခေါင်းညိတ်လိုက်ပြီး သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲမှ ပင်းကျန့်ကို ထုတ်ယူကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
'အန္တရာယ်များတဲ့နေရာတွေက ပိုပြီး ကောင်းကျိုးပေးတတ်တယ်။ ငါတို့ သွားပြီး ကြည့်ကြည့်သင့်တာပေါ့...'
ပင်းကျန့်ကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း သူမသည် မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုအနည်းငယ် ကိန်းအောင်းလျက် မြို့တော်ဆီသို့ လျှောက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ရှို့ဝူက ဖုတ်ကောင်အားလုံးနှင့် သန္ဓေပြောင်းကြွက်များ၊ သန္ဓေပြောင်းကြောင်များနှင့် သန္ဓေပြောင်းခွေးများကို ရှင်းလင်းပေးခဲ့သဖြင့် ကျူးလင်မှာ မည်သည့်အရာမျှလုပ်စရာ မရှိတော့ချေ။
ရွှပ်... ဒုတ်... ဒုတ်... ဒုတ်...
အခြားသော ဖုတ်ကောင်တစ်အုပ်၏ ခေါင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသောအခါ သူမက ရှို့ဝူကို ကြည့်ပြီး တွေးလိုက်၏။
သူက လက်ကိုဝှေ့ယမ်းကာ ပါးစပ်ကြီးများ ဟဖြဲလျက် သူ့ဆီသို့ ပြေးဝင်လာသော ဖုတ်ကောင်သုံးကောင်အား သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ကျူးလင်မှာ သူ၏စွမ်းရည်နှင့်ပတ်သက်၍ အလွန်စပ်စုချင်စိတ် ဖြစ်ပေါ်လာခဲ့သော်လည်း နှုတ်ဆိတ်လျက်သာ နေလိုက်လေသည်။
"ရှောင်လင်... လာပြီး ပုံဆောင်ခဲအမြုတေတွေ တူးဖို့ ကူညီပါဦး။"
ထန်ဝေ့က ခုတ်ဖြတ်ခံထားရသော ဖုတ်ကောင်၏ခေါင်းကို ဓားမြှောင်ဖြင့် မွှေနှောက်နေရင်း ပြောလိုက်သည်။
ကျူးလင်က ဖုတ်ကောင်၏ခေါင်းကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"အဲဒီထဲမှာ ဘာမှမရှိဘူး။"
စကားပြောပြီးနောက် သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျိုးပဲ့နေသော ပိုက်လုံးတစ်ချောင်းကို ကောက်ယူလိုက်သည်။
ဖုတ်ကောင်များ၏ ခေါင်းများကို တစ်လုံးချင်းစီ စစ်ဆေးနေသော ထန်ဝေ့နှင့် ကျီယန်တို့နှင့်မတူဘဲ ကျူးလင်ကမူ လမ်းလျှောက်နေရင်း မြေပြင်ပေါ်ရှိ ဖုတ်ကောင်ခေါင်းများကို အကဲခတ်ကြည့်ရှုနေခဲ့၏။
သူမသည် ဖုတ်ကောင်၏ခေါင်းထဲမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်သဲ့သဲ့ကို အာရုံခံမိသောအခါ ပိုက်လုံး၏ ချွန်ထက်နေသောဘက်ဖြင့် ပုံဆောင်ခဲအမြုတေကို တူးထုတ်လိုက်လေသည်။
သူမက ပုံဆောင်ခဲအမြုတေကို ငါးကြိမ်ဆက်တိုက် အောင်မြင်စွာ တူးထုတ်နိုင်ခဲ့သည်ကို မြင်သောအခါ ထန်ဝေ့က အားကျစွာဖြင့် ပြောလိုက်သည်။
"ရှောင်လင်၊ မင်းက တကယ့်ကို ကံကောင်းတာပဲ။ မင်းက ဖုတ်ကောင်ခေါင်းကို ရွေးလိုက်တိုင်း ဘာလို့ ပုံဆောင်ခဲအမြုတေကို တူးထုတ်နိုင်နေရတာလဲ။"
ညစ်ပတ်နေသော သူ၏လက်များကို ကြည့်ကာ ကျူးလင်က ပြောလိုက်၏။
"ဝိညာဉ်စွမ်းအင်ကို အာရုံခံတာကနေတစ်ဆင့် ဦးနှောက်ထဲမှာ ပုံဆောင်ခဲအမြုတေ ရှိမရှိ ဆိုတာကို ခန့်မှန်းလို့ရတယ်။ ဘာမှမခံစားရဘူးဆိုရင်တော့ ဦးနှောက်ထဲမှာ ပုံဆောင်ခဲအမြုတေ မရှိဘူးလို့ ဆိုလိုတာပဲ။"
သူမ ပြောသည်ကို ကြားသောအခါ ထန်ဝေ့နှင့် ကျီယန်တို့ကသာမကဘဲ ရှို့ဝူပါ လှည့်ကြည့်လာပြီး အလွန်စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဝိညာဉ်စွမ်းအင်... အဲဒါက ဘယ်လို စွမ်းအင်မျိုးလဲ။"
ကျူးလင်က သူတို့ကို ကြည့်လိုက်ရာ သူတို့၏ ဇဝေဇဝါဖြစ်နေမှုများကို မြင်တွေ့လိုက်ရသဖြင့် မေးလိုက်၏။
"ရှင်တို့တွေက ဝိညာဉ်စွမ်းအင်အကြောင်းကို မသိကြဘူးလား။"
သူမ မေးပြီးသွားသည်နှင့် သူတို့သုံးဦးစလုံးက တစ်ပြိုင်နက်တည်း ခေါင်းခါပြလိုက်ကြသည်။ ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
"ဒါဆိုရင် ရှင်တို့ရဲ့ စွမ်းရည်တွေကို ဘယ်လို ကျင့်ကြံကြတာလဲ။"
"ငါတို့က အကန့်အသတ်ကို ရောက်တဲ့အထိ ဆက်တိုက်အသုံးပြုပြီး နောက်တစ်ဆင့်ကို ချိုးဖြတ်ဝင်ရောက်တာပဲ။"
ကျီယန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ရှင်တို့က ပုံဆောင်ခဲအမြုတေထဲမှာ ပါဝင်နေတဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူဖို့ မကြိုးစားဖူးကြဘူးလား။"
ကျူးလင်က ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်တွင် သူမ၏မေးခွန်းကို ကြားသောအခါ သူတို့သုံးဦးလုံးမှာ အနည်းငယ် အံ့အားသင့်သွားကြလေသည်။ ရှို့ဝူက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် မေးလိုက်၏။
"ပုံဆောင်ခဲအမြုတေထဲက စွမ်းအင်ကို ငါတို့က စုပ်ယူလို့ ရတာလား။"
ကျူးလင်က အဖြေအဖြစ် ခေါင်းညိတ်ပြလိုက်သည်။ သူမက ခဏမျှ တွေးတောလိုက်ပြီးနောက် မေးလိုက်ပြန်သည်။
"အခြားသူ တစ်ယောက်ယောက်ကကော ပုံဆောင်ခဲအမြုတေကို စုပ်ယူဖို့ ကြိုးစားဖူးလား"