အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) - သံပင်ပန်းပွင့်သော်လည်း ပစ်မှတ်မှာ သစ်တုံးဖြစ်နေခြင်း
ကျူးလင်က ပုံဆောင်ခဲအမြုတေကို လက်ဖဝါးပေါ် တင်လိုက်ပြီး မေးလိုက်သည်။
"ဒီပုံဆောင်ခဲအမြုတေထဲမှာ ပါတဲ့ ဝိညာဉ်စွမ်းအင်ကို ရှင်တို့ မြင်နိုင်လား..."
သူတို့က ပုံဆောင်ခဲအမြုတေကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ခေါင်းခါလိုက်ကြသည်။
သူတို့ဆီမှ ငြင်းပယ်သည့် အဖြေရပြီးနောက် ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။
"ဒီပုံဆောင်ခဲအမြုတေကနေ ထွက်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအင်ကိုရော ရှင်တို့ ခံစားမိကြလား..."
သူမ မေးလိုက်သောအခါ သုံးယောက်သား တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။
ကျူးလင်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ရှင်တို့ ခံစားမိတဲ့ စွမ်းအင်က ဝိညာဉ်စွမ်းအင်ပဲ..."
သူတို့ စိတ်ဝင်စားနေသည်ကို သတိပြုမိသောအခါ သူမက ပြောလိုက်သည်။
"ဝိညာဉ်စွမ်းအင်ကို ဘယ်လို စုပ်ယူရမလဲဆိုတာ ကျွန်မ သင်ပေးမယ်... ကျွန်မ စုပ်ယူနေတုန်း ပုံဆောင်ခဲအမြုတေပတ်လည်က စွမ်းအင်စီးဆင်းမှုကို ခံစားကြည့်..."
သူတို့ ခေါင်းညိတ်သည်ကို မြင်သောအခါ ကျူးလင်က ပုံဆောင်ခဲအမြုတေမှ ဝိညာဉ်စွမ်းအင်ကို ဆွဲထုတ်လိုက်ပြီး သူမလက်ဖဝါးမှတစ်ဆင့် စုပ်ယူလိုက်သည်။
သုံးစက္ကန့်အကြာတွင် ပုံဆောင်ခဲအမြုတေသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
လက်ပေါ်မှ ဖုန်မှုန့်များကို ခါချလိုက်ပြီး ကျူးလင်က မေးလိုက်သည်။
"မေးစရာ ရှိကြလား..."
ထန်ဝေ့က လက်ထောင်လိုက်ပြီး မေးလိုက်သည်။
"စုပ်ယူတဲ့ အရှိန်ကို ဖြည်းဖြည်းလေး လုပ်ပြလို့ရမလား..."
ကျူးလင်က သူမ၏ ရေခဲပန်းပွင့်ဆွဲသီးအတွင်းရှိ သာမန်ပုံဆောင်ခဲအမြုတေ သုံးခုကို ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"အင်း... စုပ်ယူတဲ့အရှိန်ကို ဖြည်းဖြည်းလေး လုပ်ပြလို့တော့ ရပါတယ်... ဒါပေမဲ့..."
သူမ၏ ရှက်ရွံ့နေသော အမူအရာကို မြင်သောအခါ ရှို့ဝူက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
သူမက ရှက်ရွံ့စွာ ပါးပြင်ကို ကုတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မမှာ သာမန်ပုံဆောင်ခဲအမြုတေ သုံးခုပဲ ကျန်တော့လို့... နောက်ကျရင် နေရာငှားဖို့ လိုအပ်ဦးမှာမို့လို့ပါ..."
သူမ၏ ဝန်ခံစကားကို ကြားသောအခါ သုံးယောက်သား စကားမပြောနိုင် ဖြစ်သွားကြသည်။
သူမ၏ ခွန်အားနှင့် ဝိညာဉ်စွမ်းအင်ဆိုင်ရာ ဗဟုသုတများအရ ပုံဆောင်ခဲအမြုတေများ စုဆောင်းခြင်းသည် ပြဿနာမရှိသင့်ပေ။
သူမ ရှက်ရွံ့စွာ အကြည့်လွှဲသွားသည်ကို မြင်သောအခါ ရှို့ဝူက ကျီယန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“လောင်ယန်…ရှောင်လင်ကို ပုံဆောင်ခဲအမြုတေ နည်းနည်းပေးလိုက်ပါဦး..."
"ကောင်းပြီ..."
ကျီယန်က သူ၏ နေရာလွတ်ထဲမှ ကျောပိုးအိတ်တစ်လုံးကို ထုတ်ယူပြီး ဖွင့်လိုက်သည်။
သူက သာမန်ပုံဆောင်ခဲအမြုတေ တစ်ဆုပ်ကို ဆွဲယူလိုက်ပြီး ကျူးလင်ရှေ့တွင် ချပေးလိုက်ကာ ပြောလိုက်သည်။
"ရှောင်လင်... ဒါတွေကို သုံးလို့ရတယ်... ငါတို့မှာ သာမန်ပုံဆောင်ခဲအမြုတေတွေ အများကြီး ရှိတယ်..."
ကျူးလင်က ကျောပိုးအိတ်ထဲရှိ ပုံဆောင်ခဲအမြုတေ ပမာဏကို မြင်သောအခါ တိတ်ဆိတ်သွားသည်။
ထူထူက သူမ၏ အမူအရာကို မြင်သောအခါ အလွန် စူးစမ်းလိုစိတ် ပြင်းပြလာသဖြင့် သူမပခုံးပေါ်မှ အိတ်ထဲသို့ ခုန်ဆင်းသွားသည်။
ကျောပိုးအိတ်ထဲတွင် ပုံဆောင်ခဲအမြုတေများ ပြည့်နေသည်ကို မြင်သောအခါ ထူထူ အသက်ရှူမှားသွားသည်။
“သခင်မလေး... ဒီအိတ်ထဲမှာ ပုံဆောင်ခဲတွေ အများကြီးပဲ... ဒါတွေအားလုံးက ငွေတွေပဲလား...”
ထူထူ၏ အံ့သြစိတ်လှုပ်ရှားနေသော အသံက ကျူးလင်၏ စိတ်ဝိညာဉ်အတွင်း ပေါ်ထွက်လာသည်။
ထန်ဝေ့၊ ရှို့ဝူနှင့် ကျီယန်တို့က ယုန်လေး ကျောပိုးအိတ်ထဲ ခုန်ဆင်းပြီး ရေကူးနေသကဲ့သို့ လုပ်နေသည်ကို မြင်သောအခါ စကားမပြောနိုင် ဖြစ်သွားကြသည်။
သူမယုန်လေး၏ အပြုအမူကြောင့် ရှက်ရွံ့သွားသော ကျူးလင်က ယုန်လေးကို အိတ်ထဲမှ ကောက်ယူလိုက်ပြီး ကျန်လူများကို ကြည့်ကာ ပြောလိုက်သည်။
"ရှင်တို့ရဲ့ ပုံဆောင်ခဲအမြုတေတွေကို ကျွန်မ ဘယ်သုံးလို့ဖြစ်မလဲ..."
ရှို့ဝူက သူမကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"သုံးလိုက်ပါ... ကျွန်တော်တို့ကို သင်ပေးတဲ့အတွက် ပေးတဲ့ အခကြေးငွေလို့ သဘောထားလိုက်ပါ... နောက်ပြီး ရှောင်ဝေ့က ခင်ဗျားကို ထပ်ပြခိုင်းတာပဲ... ကျွန်တော်တို့က ပုံဆောင်ခဲအမြုတေတွေ ပေးတာက သဘာဝကျပါတယ်..."
ကျူးလင်က သူပြောသည်ကို စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ ပုံဆောင်ခဲအမြုတေတစ်ခုကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ကျွန်မ စတော့မယ်..."
သူမက စုပ်ယူမှုအရှိန်ကို တမင်တကာ နှေးကွေးအောင် လုပ်ထားသည့်တိုင် ပုံဆောင်ခဲအမြုတေထဲရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူရန် စက္ကန့်သုံးဆယ်သာ ကြာမြင့်ခဲ့သည်။
ပုံဆောင်ခဲအမြုတေ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသောအခါ သူမက ထန်ဝေ့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"အခု စွမ်းအင်စီးဆင်းမှုကို နားလည်ပြီလား..."
ထန်ဝေ့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့..."
သူတို့ ပုံဆောင်ခဲအမြုတေမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနည်း သိရှိသွားပြီဖြစ်သောကြောင့် ကျူးလင်က ပြောလိုက်သည်။
“ပုံဆောင်ခဲအမြုတေကနေ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်စုပ်ယူတာက စွမ်းရည်တိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်ပေမဲ့...”
“အဲ့ဒီထဲမှာ မကောင်းဆိုးဝါးစွမ်းအင်တွေလည်း ပါဝင်တယ်ဆိုတာကို ရှင်တို့ မှတ်ထားရမယ်...”
“စွမ်းအင်တွေကို ခွဲခြားမသိနိုင်ဘူးဆိုရင်တော့ အချိန်တိုအတွင်း ပုံဆောင်ခဲအမြုတေ အများကြီး မစုပ်ယူတာ အကောင်းဆုံးပဲ...”
“မဟုတ်ရင်တော့ နောက်ပိုင်းမှာ ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်ဘူး..."
သူမ ပြောလိုက်သည်ကို ကြားပြီးနောက် ထန်ဝေ့က သူ၏လက်ထဲရှိ ပုံဆောင်ခဲအမြုတေ ဆယ်ခုကို အသာလေး ချထားလိုက်ပြီး တစ်ခုတည်းကိုသာ ကိုင်ထားလိုက်သည်။
ကျူးလင်က သူတို့ ပုံဆောင်ခဲအမြုတေအတွင်းရှိ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် ကြိုးစားချင်နေသည်ကို မြင်သောအခါ သူမ၏ ပန်းကန်နှင့် တူများကို ပြန်ကောက်ယူလိုက်သည်။
သူမ၏ ပန်းကန်ကိုကြည့်လိုက်ပြီး ထူထူကို အံ့သြစွာ မေးလိုက်သည်။
“ထူထူ... နင် ငါ့ပန်းကန်ထဲ ခေါက်ဆွဲထပ်ထည့်ထားတာလား...”
ထူထူက ခေါင်းလေး ခါလိုက်ပြီး ပြောလိုက်သည်။
“မထည့်ပါဘူး...”
ကျူးလင်က သူမပန်းကန်ထဲရှိ ပုံမှန်ထက် နှစ်ဆလောက် များနေသော ခေါက်ဆွဲကို ကြည့်လိုက်ပြီး တွေးလိုက်သည်။
“ဒီလောကက အစားအစာတွေက တကယ်ကို စိတ်ဝင်စားစရာပဲ...”
“အစားအစာတွေက ဘယ်လိုလုပ် သူ့ဘာသာသူ ပွားများနိုင်ရတာလဲ... မစားခင် ပိုပြီး ပွားလာအောင် ထားသင့်လား...”
သူမ အစားအစာကို ပွားလာအောင် ထားသင့်မထားသင့် တုံ့ဆိုင်းနေစဉ် ရှို့ဝူက ပုံဆောင်ခဲအမြုတေ သုံးခုကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။
သူက မော့ကြည့်လိုက်ပြီး သူမ ခေါက်ဆွဲများကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မေးလိုက်သည်။
"ခေါက်ဆွဲတွေ ဘာလို့ မစားတာလဲ... ပွနေပြီ... မြန်မြန်စားမှ ကောင်းမှာ... မဟုတ်ရင် အရသာ ရှိတော့မှာ မဟုတ်ဘူး..."
"ဪ..."
ကျူးလင်က ပြန်ဖြေလိုက်ပြီး ခေါက်ဆွဲအနည်းငယ်ကို စားလိုက်ပြီး ကျန်သည့်ခေါက်ဆွဲများကို ထူထူအား ပေးလိုက်သည်။
ငါးမိနစ်အကြာတွင် ကျီယန်နှင့် ထန်ဝေ့တို့သည် ပုံဆောင်ခဲအမြုတေ စုပ်ယူခြင်းကို နောက်ဆုံးတွင် ပြီးစီးသွားကြသည်။
သူတို့၏ ချွေးများရွှဲနေသော မျက်နှာများကို ကြည့်လိုက်ပြီး ကျူးလင်က မေးလိုက်သည်။
"ဘယ်လိုလဲ... မသက်မသာ ဖြစ်တာများ ရှိလား..."
ကျီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ဝိညာဉ်စွမ်းအင် စုပ်ယူတဲ့အခါ ကျွန်တော့် သွေးကြောတွေ နည်းနည်း နာတယ်..."
ကျီယန်၏ စကားကို ကြားသောအခါ ထန်ဝေ့ကလည်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်ရောပဲ..."
ထို့နောက် ကျူးလင်က ရှို့ဝူကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ရှင်ကရော..."
သူမက သူ့ကို အစ်ကိုကြီးဝူဟု မခေါ်မိစေရန် ကြိုးစားနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ခေါ်ဆိုရသည်မှာ အလွန်ရှက်စရာ ကောင်းသောကြောင့် ဖြစ်သည်။
ထို့နောက် သူမက နှစ်စက္ကန့်မျှ စဉ်းစားပြီးနောက် သူမက တိုးတိုးလေး ထပ်ဖြည့်ပြောလိုက်သည်။
"အစ်ကိုကြီးဝူ..."
သဘာဝလွန်စွမ်းအားရှင်များ ဖြစ်ကြသည့်အတွက် သူတို့၏ အာရုံငါးပါးသည် သာမန်လူများထက် ပိုမိုအားကောင်းသည်။
ထို့ကြောင့် သုံးယောက်သည် သူမ၏ အသံကို အလွန်ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူမ ရှက်ရွံ့စွာ 'အစ်ကိုကြီးဝူ' ဟု ခေါ်လိုက်သည်ကို ကြားသောအခါ ကျီယန်နှင့် ထန်ဝေ့တို့က ရှို့ဝူကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။
သူက ကျူးလင်ကို စိုက်ကြည့်ရင်း တောက်ပစွာ ပြုံးနေသည်ကိုသာ မြင်လိုက်ရသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ကြသည်။
‘ဟော... လောင်ရှို့က ရှောင်လင်ကို တကယ် သဘောကျနေပြီ... သံပင် ပန်းပွင့်သော်လည်း ပစ်မှတ်က သစ်တုံးဖြစ်နေပါရော့လား...'