အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) - သန့်စင်ခြင်း မန္တန်အစီအရင်
ရှို့ဝူက ကျူးလင်က သူ့အား အစ်ကိုကြီးဝူဟု ခေါ်သည်ကို ကြားလိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး သူမကို ညင်သာစွာ ကြည့်ကာ ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်"
ထို့နောက် ကျူးလင်က သူ့အောက်ဒန်တျန်ကို ကြည့်လိုက်ရာ သူ့အောက်ဒန်တျန်ထဲရှိ မိစ္ဆာအမြုတေသည် အနည်းငယ် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
သူတို့ ပထမဆုံး တွေ့ဆုံစဉ်က မိစ္ဆာအမြုတေသည် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခဲ့သည်။ သို့သော် သူ ပုံဆောင်ခဲအမြုတေကို စုပ်ယူပြီးနောက် မိစ္ဆာအမြုတေသည် တုံ့ပြန်မှုအချို့ ပြသလာခဲ့သည်။
“ဒါက ကောင်းတဲ့အရာလား မကောင်းတဲ့အရာလားတော့ မသိဘူး။”
“သူသာ တကယ်ပဲ အဲဒီမိစ္ဆာနတ်ဘုရားဆိုရင် ဘယ်လိုလုပ်မလဲ။ ငါက သူ့ကို ဝိညာဉ်စွမ်းအင်နဲ့ မိစ္ဆာစွမ်းအင်အကြောင်း သင်ပေးခဲ့တာ... ဒါ ငါ့သေတွင်းကို ငါကိုယ်တိုင်တူးနေသလိုများ ဖြစ်မနေဘူးလား”
ကျူးလင်တွေးတောနေစဉ် ရှို့ဝူနှင့် အဖွဲ့သားများက သူမသည် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်ကြသည်။
ရှို့ဝူသည် ရှက်ရွံ့ခြင်း မရှိသည့်အပြင် သူမက သူ့ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည့် ခံစားချက်ကို နှစ်သက်နေခဲ့သည်။
သူ့အသိစိတ်က ရူးသွပ်သော အတွေးများကို မထိန်းချုပ်နိုင်မီ ရှို့ဝူက ပြောလိုက်သည်။
"ရှောင်လင်၊ မင်း ပိုနီးနီးကပ်ကပ် ကြည့်ချင်လား… မင်း ကြည့်ချင်ရင် ငါ ပြပေးနိုင်တယ်"
ဤစကားကြောင့် သူ့အချစ်ဆုံး သူငယ်ချင်းနှစ်ဦး ကြောက်လန့်သွားကြသည်။ သူတို့က သူ့ကို ဂြိုလ်သားတစ်ဦးကဲ့သို မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ကျူးလင်က တွေးတောနေရသဖြင့် သူပြောသည်ကို သဲသဲကွဲကွဲ မကြားလိုက်ရသောကြောင့် သူမက မော့ကြည့်ကာ မေးလိုက်သည်။
"ဟင်... ဘာကိုပြပေးမှာလဲ"
သူမ၏ ရှုပ်ထွေးနေသော မျက်နှာကို ကြည့်ရင်း ရှို့ဝူက စိတ်ပျက်အားငယ်စွာ သက်ပြင်းချပြီး ပြောလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး"
ကျီယန်က သူ့ကို ထိုသို့ မြင်လိုက်ရသောအခါ ထန်ဝေ့ကို တိုးတိုးလေး ပြောလိုက်သည်။
"ရှောင်လင်နဲ့ တွေ့ပြီးကတည်းက လောင်ရှို့ရဲ့ စရိုက်က အများကြီး ပြောင်းလဲသွားတယ်လို့ မင်း မထင်ဘူးလား"
ထန်ဝေ့က ခေါင်းညိတ်ကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်… တစ်ခါတလေဆို သူက လောင်ရှို့ မဟုတ်ဘူးလို့တောင် ငါ ထင်မိတယ်"
သူတို့က စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီးနောက် တစ်ချိန်တည်းမှာပင် ခေါင်းခါလိုက်ကြသည်။
သူတို့နှစ်ယောက်သည် မည်မျှရူးနှမ်းသည့် အတွေးမျိုးကို တွေးမိနေကြသနည်း။ သူတို့ သူငယ်ချင်းကို လောင်ရှို့မဟုတ်ဟုတွေးနေကြသည့် ရူးနှမ်းနှမ်း အတွေးမျိုးတွေးနေသည့် သူတို့ကိုယ်တိုင်ပင် အရူးများဖြစ်နေသည်လော။
ထန်ဝေ့နှင့် ကျီယန်တို့က ရှို့ဝူကို သံသယဝင်မိသည့်အတွက် သူတို့စိတ်ထဲတွင် သူတို့ကိုယ်သူတို့ ဆူပူကြိမ်းမောင်းနေစဉ် ကျူးလင်က သူမ၏ သိုလှောင်အိတ်ထဲမှ မျိုးစေ့သုံးအိတ်ကို ထုတ်လိုက်သည်။
သူမ မျိုးစေ့များ ထုတ်သည်ကို မြင်သောအခါ ကျီယန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ရှောင်လင်၊ မင်း ဘာလုပ်မလို့လဲ"
ကျူးလင်က အိတ်တစ်အိတ်ကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
"မျိုးစေ့တွေ မစိုက်ပျိုးခင် ဒီမျိုးစေ့တွေထဲက မိစ္ဆာစွမ်းအင်တွေကို သန့်စင်ဖို့ လိုတယ်"
ပြောပြီးနောက် သူမက အိတ်များအတွင်းရှိ မျိုးစေ့များကို ကြည့်ကာ မေးလိုက်သည်။
“ထူထူ…ဒါ ဘယ်လိုမျိုးစေ့တွေလဲ မင်း သိလား”
ထူထူက မျိုးစေ့များကို ကြည့်ကာ ပြောလိုက်သည်။
“သခင်မလေး၊ ကျွန်တော်က အသိပညာကြွယ်ဝတဲ့ ကျောက်စိမ်းယုန်လေး ဖြစ်ပေမဲ့ ဒီလောကကို အခုမှအသစ်ရောက်လာတဲ့သူလေ.. ဒါကြောင့် ဘယ်လိုမျိုးစေ့တွေလဲဆိုတာ ကျွန်တော် မသိပါဘူး”
ကျူးလင်က မျိုးစေ့များကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျီယန်က မေးလိုက်သည်။
“ပြဿနာ ရှိလို့လား…ဒီမျိုးစေ့တွေကို ကျွန်တော်တို့ စိုက်ပျိုးလို့ ရပါ့မလား”
ကျူးလင်က မော့ကြည့်ကာ ပြောလိုက်သည်။
"အင်း... ဒါ ဘယ်လိုမျိုးစေ့တွေလဲ ငါ မသိဘူး"
သူမ၏ စကားကို ကြားသောအခါ ကျီယန်က အိတ်ပေါ်တွင် ကပ်ထားသော စာရွက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"အဲဒီအိတ်ထဲမှာ တရုတ်ဂေါ်ဖီမျိုးစေ့တွေပါ"
ကျူးလင်က အိတ်ပေါ်တွင် ကပ်ထားသော စာရွက်ကို ကြည့်ကာ တိတ်ဆိတ်သွားသည်။ သူမ ဘာမှ ဖတ်လို့ မရခဲ့ပေ။
သူမ၏ ထူးဆန်းမှုကို ခံစားမိသောအခါ ရှို့ဝူက တုံ့ဆိုင်းစွာ မေးလိုက်သည်။
"ရှောင်လင်... မင်း...မဟုတ်မှလွဲရော…မင်း စာမဖတ်တတ်တာလား"
ထိုစကားများ ထွက်လာသည်နှင့် ကျူးလင်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ထန်ဝေ့က ပြောလိုက်သည်။
"လောင်ရှို့၊ မင်း ဘယ်လိုမေးခွန်းမျိုး မေးလိုက်တာလဲ… ရှောင်လင်၊ သူ့ကို စိတ်မဆိုးပါနဲ့… မင်းအတွက် ငါ သူ့ကို ရိုက်ပေးမယ်..."
ထန်ဝေ့က ကျူးလင်ကို လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် သူ့စကားများ လည်ချောင်းထဲတွင် နစ်ဝင်သွားသည်။
မျက်လုံးလေးစုံက အချိန်အတော်ကြာ အနေခက်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ကျီယန်က ချောင်းဟန့်ကာ ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းကို ငါတို့ စာဖတ်တတ်အောင် နောက်မှ သင်ပေးမယ်… စိတ်မပူပါနဲ့…ဒီလောကမှာ စာမတတ်တဲ့သူတွေ အများကြီးပဲ"
ဤစကားများက အနည်းငယ် အနေခက်စေသော်လည်း ကျူးလင်က ကျီယန်ကို ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်…ဘာမှဖတ်လို့မရတာက တကယ့်ကို အခက်တွေ့စေတယ်"
ကျီယန်က ခေါင်းညိတ်ကာ ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။
သူမ ဘာကြောင့် စာမဖတ်တတ်သည်ကို သူတို့ စူးစမ်းလိုစိတ် ရှိသော်လည်း မည်သူမျှ မမေးခဲ့ကြပေ။
သူမ စာမတတ်ခြင်းအတွက် အကြောင်းပြချက်တစ်ခုခု ရှိရမည်ဖြစ်ပြီး သူမ၏ နာကျင်စရာနေရာများကို မထိမိအောင် နေခြင်းက ပိုကောင်းသည်။
ထူထူက အိတ်ပေါ်တွင် ကပ်ထားသော စာရွက်ကို ကြည့်ကာ ပြောလိုက်သည်။
“သခင်မလေး၊ ဒီပုံလေးကို ကြည့်ပါဦး”
ကျူးလင်က စာရွက်ကို ကြည့်လိုက်ရာ အရသာရှိပုံရသော ဟင်းသီးဟင်းရွက်ပုံကို တွေ့လိုက်ရသည်။
အငွေ့များက အစိမ်းရောင်ဖြစ်ပြီး အမြစ်နားရောက်လေ အဖြူရောင်သို့ ပြောင်းသွားလေ ဖြစ်သည်။
ဤပုံကို ကြည့်ရုံဖြင့် တရုတ်ဂေါ်ဖီဟု ခေါ်သော ဤဟင်းသီးဟင်းရွက်သည် အရသာရှိရမည်ဟု သူမ ခံစားလိုက်ရသည်။ သူမက ကျန်မျိုးစေ့နှစ်အိတ်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
ရေခဲပန်းပွင့်ဆွဲကြိုးလေးမှ ကလောင်တံကို ထုတ်ယူကာ ကျူးလင်က သူမ၏ ပန်းကန်လုံးထဲတွင် ကျန်ရှိနေသော ခေါက်ဆွဲပြုတ်ရည် အနည်းငယ်ကို ကလောင်တံဖြင့် တို့ယူပြီး ပုံစဆွဲလိုက်သည်။
အမျိုးသားသုံးဦးက တိတ်ဆိတ်စွာ ထိုင်နေကြပြီး သူမ မန္တန်အစီအရင် ဆွဲနေသည်ကို ကြည့်နေခဲ့ကြသည်။
တစ်မိနစ်အကြာတွင် ရိုးရှင်းသော သန့်စင်ခြင်းမန္တန်အစီအရင် ပြီးစီးသွားသည်။
ကလောင်တံကို ချလိုက်ပြီး ကျူးလင်က တရုတ်ဂေါ်ဖီမျိုးစေ့တစ်ဆုပ်ကို ဆွဲယူကာ သန့်စင်ခြင်းမန္တန်အစီအရင်၏ အလယ်တွင် ထားလိုက်သည်။
သူမက ရိုးရှင်းသော လက်သင်္ကေတကို ပြုလုပ်ကာ ပြောလိုက်သည်။
"သန့်စင်"
ထိုစကားပြောပြီးသည်နှင့် သန့်စင်ခြင်းမန္တန်အစီအရင်လေးမှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အကြာတွင် ရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
သူတို့ရှေ့တွင် ဖြစ်ပျက်ခဲ့သည်ကို မြင်သောအခါ ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့အားလုံး အံ့အားသင့်သွားကြသည်။
သူတို့ ဤလောက၏ လျှို့ဝှက်ချက်တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီလော။
ရွှေရောင်အလင်းတန်းသည် ခေါက်ဆွဲပြုတ်ရည်များ ခြောက်သွားခြင်းကြောင့် လုံးဝပျောက်ကွယ်သွားသည်။ ထို့နောက် မန္တန်အစီအရင်လည်း ပျောက်ကွယ်သွားသည်။
ကျူးလင်က မြေပြင်ပေါ်ရှိ မျိုးစေ့များကို ကောက်ယူလိုက်ရာ မျိုးစေ့များထဲတွင် မိစ္ဆာစွမ်းအင်များ မရှိတော့သည်ကို တွေ့လိုက်ရသည်။
သူမက မျိုးစေ့များကို သူမဘေးတွင် ချထားလိုက်ပြီးနောက် ကလောင်တံကို ပြန်ကောက်ယူကာ နောက်ထပ် မန္တန်အစီအရင်တစ်ခုကို စတင်ဆွဲတော့သည်။