အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) - ဧရာမ တရုတ်မုန်လာ
ဤတစ်ကြိမ်တွင် ကျူးလင်သည် ရိုးရှင်းသော သစ်သားဓာတ်ဖွဲ့စည်းပုံတစ်ခုကို ရေးဆွဲဖို့ ဆုံးဖြတ်လိုက်သည်။
ယမန်နေ့က ပြင်ဆင်ထားသော အဆင့်နိမ့်သစ်သားဓာတ်အဆောင်လက်ဖွဲ့များကို သုံးနိုင်သော်လည်း အချိန်ရလျှင် အဆောင်လက်ဖွဲ့အသုံးပြုခြင်းထက် အစီအရင်ရေးဆွဲရသည်ကို သူမ ပိုမိုနှစ်သက်လေသည်။
ကျူးလင်သည် အစီအရင်မခြောက်ခင် မျိုးစေ့တစ်စေ့ကိုယူကာ အစီအရင်အလယ်တွင် နေရာချလိုက်ပြီး ရိုးရှင်းသော လက်ဟန်သင်္ကေတ ပြုလုပ်လိုက်သည်။
"ကြီးထွားစေ..."
တစ်စက္ကန့်အကြာမှာ မျိုးစေ့က အပင်ပေါက်လာပြီး တဖြည်းဖြည်း ကြီးထွားလာသည်။
မျိုးစေ့က ဆက်လက်ကြီးထွားလာပြီး မကြာခင်မှာပင် ကြီးမားသည့် တရုတ်မုန်လာတစ်လုံးက မျိုးစေ့နေရာကို အစားထိုးဝင်ရောက်လာသည်။
ကျူးလင်က တရုတ်မုန်လာ ဆက်လက်ကြီးထွားနေသည်ကို ခေါက်ဆွဲပြုတ်ရည်များ ခန်းခြောက်ပြီး ဖွဲ့စည်းပုံ ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့လေသည်။
လက်မနှစ်ဆယ်ကျော်ခန့် ရှည်လျားပြီး ဆယ့်နှစ်ပိဿာခန့် လေးမည်ဟု ထင်ရသော တရုတ်မုန်လာကို ကြည့်ရင်း အမျိုးသားသုံးဦးလုံး စကားမပြောနိုင်ဖြစ်သွားကြပြန်၏။
ကျူးလင်သည် ဒီလိုဟင်းသီးဟင်းရွက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ စကားမပြောနိုင်ဖြစ်နေသည့် အမျိုးသားသုံးဦးကို ကြည့်ပြီး မေးလိုက်သည်။
"ဒီဟင်းသီးဟင်းရွက်က ပုံမှန်လို့ မင်းတို့ ထင်လား..."
သူတို့ရှေ့က သိသိသာသာ ပုံမှန်မဟုတ်သော တရုတ်မုန်လာကို ကြည့်ရင်း သူတို့၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ်သွားလေသည်။
ရှို့ဝူက သူမကို ကြည့်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
"အင်း... အရောင်အသွေးနဲ့ ပုံပန်းသဏ္ဌာန်ကတော့ ပုံမှန်အတိုင်းပဲ။ ဒါပေမဲ့... အရွယ်အစားက ပုံမှန် တရုတ်မုန်လာထက် အနည်းဆုံး ငါးဆလောက် ပိုကြီးနေတယ်..."
သူပြောတာကို ကြားတော့ ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်တော့ အကြာကြီးထားလို့ မဖြစ်ဘူး ထင်တယ်..."
သူမ ထိုစကားပြောလိုက်သည်အခါ ရှို့ဝူနှင့် သူ့သူငယ်ချင်းနှစ်ဦးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
သူတို့သုံးဦးလုံးမှာ အခုချိန်မှာ အတွေးတစ်ခုတည်း ရှိနေ၏။ သူတို့အတွေးမှာ သူမ ရှိနေရင် ဟင်းသီးဟင်းရွက်များကို စိတ်ကြိုက်စားသုံးနိုင်တော့မည်ဟူသော အတွေးပင်။
သူတို့ တွေးနေသည်ကိုမသိသည့် ကျူးလင်က နောက်ထပ် သစ်သားဓာတ်ဖွဲ့စည်းပုံတစ်ခုကို ရေးဆွဲလိုက်သည်။
သူမက နောက်ထပ် တရုတ်မုန်လာမျိုးစေ့တစ်စေ့ကို ဖွဲ့စည်းပုံအလယ်မှာ ထားလိုက်ပြီး လက်သင်္ကေတတစ်ခု ပြုလုပ်ကာ ပြောလိုက်သည်။
"ကြီးထွားစေ..."
ဒီတစ်ကြိမ်မှာတော့ ကျူးလင်က ဖွဲ့စည်းပုံ ပျောက်ကွယ်သွားသည်အထိ မျိုးစေ့ကို ကြီးထွားခွင့်မပြုတော့ဘဲ သူမ၏ လက်ဖဝါးပေါ်တွင် မျိုးစေ့အနည်းငယ်ကို အသင့်ပြင်ထားသည်။
သစ်သားဓာတ်ဖွဲ့စည်းပုံအလယ်က တရုတ်မုန်လာက ဧရာမတရုတ်မုန်လာ၏ အရွယ်အစား ငါးပုံတစ်ပုံသို့ ရောက်ရှိလာသည်ကို မြင်သောအခါ သူမက လျင်မြန်စွာ ကောက်ယူလိုက်ပြီး နောက်ထပ်မျိုးစေ့တစ်စေ့ကို ဖွဲ့စည်းပုံအလယ်သို့ ထည့်လိုက်သည်။
ခေါက်ဆွဲပြုတ်ရည်များ ခန်းခြောက်ပြီး သစ်သားဓာတ်ဖွဲ့စည်းပုံ ပျောက်ကွယ်သွားသောအခါ ကျူးလင်က မျိုးစေ့လေးခုကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး ၎င်းတို့ကို ကြီးမားဖွံ့ထွားသည့် တရုတ်မုန်လာအဖြစ် ကြီးထွားစေခဲ့သည်။
အရွယ်အစား သေးငယ်သော တရုတ်မုန်လာလေးခုကို ကြည့်ရင်း ကျူးလင်က အရွယ်အစားက အလွန်သေးငယ်လွန်းသည်ဟု ခံစားရ၏။
လောကဘုံခြောက်ပါးရှိ ဧရာမ ဟင်းသီးဟင်းရွက်များနှင့် နှိုင်းယှဉ်ပါက ဒီတရုတ်မုန်လာလေးခုက အမှန်တကယ်ကို သေးငယ်လွန်းသည်။
သူမက အသစ်စိုက်ပျိုးထားသော တရုတ်မုန်လာလေးခုကို သူမရှေ့မှာ ချလိုက်ပြီး တခြားသူများကို ကြည့်ကာ မေးလိုက်သည်။
"ဒီလေးခုကရော ဘယ်လိုလဲ... အရမ်းသေးငယ်နေလား..."
ကျီယန်က တစ်ခုကို ကောက်ယူလိုက်ပြီး သူ့လက်ဖြင့် အလေးချိန် ခန့်မှန်းကြည့်ကာ ပြောလိုက်သည်။
"ဒီတစ်ခုက တစ်ပိဿာကျော်ခန့်လေးမယ်လို့ ထင်တယ်..."
သူက နမ်းရှိုက်ကြည့်လိုက်တော့ လတ်ဆတ်သော ဟင်းသီးဟင်းရွက်ရနံ့ကိုသာ ရလိုက်လေသည်။
ပုံမှန်အရွယ်အစားရှိ တရုတ်မုန်လာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း ကျီယန်က ပြုံးရယ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒီတရုတ်မုန်လာရဲ့ ရနံ့က လတ်ဆတ်ပြီး အရွယ်အစားက ပုံမှန်အတိုင်းပဲ... စားကြည့်ရအောင်..."
ဖောင်းကြွနူးညံ့သော တရုတ်မုန်လာကို ကြည့်ရင်း ထန်ဝေ့က တံတွေးမျိုချလိုက်သည်။ သူက ကြက်တစ်ကောင် ဆန်ကောက်စားသကဲ့သို့ ခေါင်းတညိတ်ညိတ် လုပ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... အခုမှ ခူးထားတဲ့ တရုတ်မုန်လာလိုပဲ... စားလို့ရမယ်ထင်တယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ထန်ဝေ့၊ကျီယန်၊ ကျူးလင်နှင့် ထူထူတို့ပါ ရှို့ဝူကို ကြည့်လိုက်ကြ၏။
သူတို့ စည်းရုံးရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူလည်း တရုတ်မုန်လာကို စားကြည့်ချင်နေသောကြောင့်ပင်။
သူက ကျီယန်ကို ကြည့်ပြီး ပြောလိုက်သည်။
"လောင်ယန်... ဒယ်အိုးနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထုတ်လိုက်... တရုတ်မုန်လာကြော် စားရအောင်..."
သူ့စကားကို ကြားတော့ ကျီယန်က ပြုံးလိုက်ပြီး သူ့နေရာလွတ်စွမ်းရည်ထဲမှ ဒယ်အိုး၊ ယောင်းမနှင့် ဟင်းခတ်အမွှေးအကြိုင်များကို လျင်မြန်စွာ ထုတ်ယူလိုက်လေသည်။
ရှို့ဝူက တရုတ်မုန်လာတစ်လုံးကို ကြော်နေစဉ် လူတိုင်းက ဒယ်အိုးကို ကြည့်ပြီး လေထဲသို့ အနံ့ခံကြည့်နေကြသည်။ ခဏအကြာတွင် တရုတ်မုန်လာကြော် စားသုံးရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ရှို့ဝူက မီးပိတ်လိုက်ပြီး ပြောလိုက်သည်။
"ရပြီ..."
သူ့လက်ထဲတွင် တူကို ကိုင်ထားရင်း ထန်ဝေ့က ပြောလိုက်သည်။
"ကျွန်တော် အရင်စားကြည့်မယ်..."
သူတို့ ဘာမှ မပြောခင်မှာ ထန်ဝေ့က သူ့တူကို လှုပ်ရှားလိုက်သည်။ ကျီယန်နှင့် ရှို့ဝူတို့က သူ ဝါးပြီး မျိုချသည်ကို စူးစမ်းစွာ ကြည့်နေကြသည်။ နောက်တစ်စက္ကန့်မှာတော့ ထန်ဝေ့၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်လာလေသည်။
သူ့ကို ထိုသို့ မြင်သောအခါ ကျီယန်က သူ့ကျောကို လျင်မြန်စွာ ပုတ်လိုက်ပြီး ပြောလိုက်သည်။
"အမြန် ထွေးထုတ်လိုက်... မြန်မြန်..."
ထန်ဝေ့က သူ့ကျောကို ရိုက်နေသော ကျီယန်၏ လက်ကို ဆွဲကိုင်လိုက်ပြီး ကျီယန်ကို စူးစူးစိုက်စိုက် ကြည့်ကာ အသက်ရှူကျပ်သလို ပြောလိုက်သည်။
"အဟွတ်... အဟွတ်... ရပ်... ရပ်တော့..."
ကျီယန်က နီရဲနေသော သူ၏မျက်နှာကို ကြည့်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
"မင်း အဆိပ်မိနေတာ မဟုတ်ဘူးလား... အဆင်ပြေရဲ့လား..."
ထန်ဝေးက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
"မင်း ဒီလိုသာ ထပ်ရိုက်ရင်တော့ မင်းလက်ထဲမှာပဲ ငါသေရတော့မယ်... အစားအစာက အရမ်းအရသာရှိတယ်... အစားအစာက အဆိပ်ရှိတယ်လို့ မင်း ဘယ်လိုလုပ် ပြောရဲတာလဲ..."
ကျီယန်က သံသယဖြင့် မေးလိုက်သည်။
"တကယ်လား..."
ထန်ဝေ့က တရုတ်မုန်လာကြော် ပန်းကန်ကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။
"မယုံရင် စားကြည့်..."
စကားပြောပြီးနောက် ထန်ဝေ့က အလွန်လျင်မြန်စွာ ဆက်စားနေ၏။ သူ့အစားအစာကို တခြားသူများ ခိုးယူသွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။
သူ ငတ်မွတ်နေသော သရဲတစ်ကောင်ကဲ့သို့ စားနေသည်ကို မြင်သောအခါ ကျီယန်၊ ရှို့ဝူနှင့် ကျူးလင်တို့လည်း သူတို့၏ တူများကို လှုပ်ရှားလိုက်ကြသည်။
တစ်ကိုက် စားလိုက်သည့်အခိုက်အတန့်တွင် ကျီယန်နှင့် ရှို့ဝူတို့ အလွန်အံ့အားသင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူတို့ တစ်ခါမှ မစားဖူးသော အကောင်းဆုံး တရုတ်မုန်လာကြော်ဖြစ်သောကြောင့်ပင်။ ကျူးလင်အတွက်ကတော့ နတ်ဘုရားလောကမှ ဝိညာဉ်ဟင်းသီးဟင်းရွက်များနှင့် အရသာတူညီသည်ဟုသာ ခံစားရလေသည်။
ကျီယန်က တရုတ်မုန်လာကြော်တစ်လုပ်ကို မျိုချလိုက်ပြီး ပြောလိုက်သည်။
"ရေဓာတ်များတွေ အများကြီးပါလို့ အရသာက ချိုမြိန်ပြီး အရမ်းအရသာရှိတယ်..."
ရှို့ဝူက သဘောတူညီစွာ ခေါင်းညိတ်လိုက်သော်လည်း သူ့ပါးစပ်က ဝါးနေရသဖြင့် အလုပ်များနေပြီး ဘာမှမပြောချေ။
သူတို့၏ တူများ လှုပ်ရှားမှု ပိုမိုမြန်ဆန်လာသည်နှင့်အမျှ တရုတ်မုန်လာကြော်တစ်ပန်းကန်လုံး လျင်မြန်စွာ ကုန်သွားလေသည်။
ကျူးလင်က နှစ်လုတ်လောက်သာ စားပြီးနောက် သူမ၏ တူများကို ချလိုက်ပြီး ထူထူကို ကြည့်ကာ မေးလိုက်သည်။
"တရုတ်မုန်လာကို စားကြည့်ချင်လား... အရသာက မင်းအကြိုက်ဆုံး ဝိညာဉ်ဟင်းသီးဟင်းရွက်တွေနဲ့ အတူတူလောက်ပဲ..."