← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) - ပူပြင်းသော ရာသီဥတု

ကျူးလင်သည် ငရဲဘုံမှ ပြန်လာပြီးနောက် ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့ရလေသည်။ နောက်ပိုင်းတွင် မိစ္ဆာနတ်ဘုရားသည် သူမ ထိုခရီးစဉ်၌ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရှိပြီးနောက် သူမထံသို့ ထပ်မံ ရောက်ရှိလာခဲ့၏။

သူမ၏ အိပ်ရာဘေးတွင် ရပ်လျက် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ငါ နားလည်ပြီ… မင်း ပန်းတွေကို မကြိုက်ဘူး ထင်တယ်… မင်း ပြန်ကောင်းလာရင် ငါ မင်းအတွက် တခြားလက်ဆောင်တစ်ခု ပြင်ဆင်ပေးမယ်… ဒီတစ်ခါတော့ မင်း ကြိုက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်..."

ထိုအချိန်က ကျူးလင်သည် အလွန်အမင်း ဒေါသထွက်ခဲ့သဖြင့် နောက်ထပ် အတွင်းဒဏ်ရာတစ်ခု ရရှိခဲ့ပြီး နှစ်နှစ်ကြာအောင် အိပ်ရာမှ မထနိုင်ခဲ့ချေ။

သို့သော် နောက်တစ်ကြိမ် မိစ္ဆာနတ်ဘုရား ရောက်လာသောအခါ သူမ နောက်ဆုံး မြင်တွေ့ရခြင်း ဖြစ်ပြီး ထိုနောက်ပိုင်းတွင် သူသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုမကောင်းသော အမှတ်ရစရာကို ဖယ်ရှားရန် ခေါင်းခါလိုက်ပြီး ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့ကို ကျိန်ဆဲမနေနဲ့..."

ထိုသို့ပြောပြီးနောက် သူမသည် တည်ငြိမ်စွာဖြင့် လှေကားအတိုင်း အောက်သို့ ဆင်းသွားလေသည်။

ခဏမျှ လျှောက်လှမ်းပြီးနောက် မြေအောက်ခန်းသို့ ရောက်ရှိသွား၏။ မြေအောက်ခန်း အလယ်တွင် စိမ်းလန်းသော နွယ်ပင်များ ဖုံးအုပ်ထားသည့် ကြီးမားသော အနီရောင်ပင့်ကူနှင်းပန်းကို ကြည့်ရင်း ကျူးလင်က ပြောလိုက်သည်။

"ဒါက မွှေးရနံ့ရဲ့ အရင်းအမြစ်ပဲ..."

၎င်းတို့ ဖျက်ဆီးတော့မည်ကို အာရုံခံမိသည့်နှယ် အနီရောင် ပင့်ကူနှင်းပန်းသည် အနည်းငယ် တုန်ခါသွားပြီး ပန်းရောင် မြူခိုးများ ရုတ်တရက် ပိုမို ထူထပ်လာလေသည်။

ကျူးလင်သည် ပင်းကျန့်ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး သန္ဓေပြောင်း ပင့်ကူနှင်းပန်းက သူမကို တိုက်ခိုက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့၏။

သို့သော် ၎င်းသည် မတည်မငြိမ် ယိမ်းထိုးနေရုံသာမက ချိုမြိန်သော ရနံ့ကိုပါ အဆက်မပြတ် ထုတ်လွှတ်နေခဲ့ချေသည်။

နွယ်ပင်များကြားမှ ခမ်းနားလှသော ပန်းကို ကြည့်ရင်း ကျူးလင်သည် ဘာမှမပြောနိုင်ဘဲ ဆွံ့အသွားလေသည်။

သူမသည် ထိုနည်းတူ ဆွံ့အလျက်ရှိသော ယုန်လေးကို ကြည့်ကာ မေးလိုက်သည်။

"ဒီပန်းက အာရုံယောင်မှား မြူခိုးတွေပဲ ဖြန့်ကျက်နိုင်တာလား..."

ထူထူက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

"အဲ့လို ထင်တယ်..."

အကယ်၍ ထိုပန်းက အာရုံယောင်မှား မြူခိုးများကို ဆက်လက် ဖြန့်ကျက်နေပါက အပြင်ဘက်ရှိ အမျိုးသားသုံးဦးအတွက် အန္တရာယ်ရှိနိုင်ကြောင်း တွေးတောလိုက်ရင်း ကျူးလင်သည် သူမ၏ ဓားကို မြှောက်ကာ ပန်းကို ထက်ခြမ်းခွဲလိုက်လေသည်။

ရွှပ်...

သူမ၏ ဓားဖြင့် ထက်ခြမ်းခွဲခံလိုက်ရသော ကြီးမားသည့် ပန်းသည် နွယ်ပင်များနှင့် အခြား ပင့်ကူနှင်းပန်းလေးများ နှင့်အတူ ဖြည်းဖြည်းချင်း ညှိုးနွမ်းသွားလေသည်။

ကျူးလင်သည် ၎င်းတို့ အာရုံယောင်မှားမှုထဲသို့ ကျရောက်သွားသောအခါ ပင့်ကူနှင်းပန်းသည် နွယ်ပင်များကို အသုံးပြု၍ ၎င်းတို့ကို လုံးဝ စုပ်ယူပစ်မည်ကို မသိရှိခဲ့ချေ။

ပင့်ကူနှင်းပန်း လုံးဝမညှိုးနွမ်းမီ ၎င်းသည် စူးရှလှသော အော်ဟစ်သံကို ထုတ်လွှတ်လိုက်ပြီးနောက် မကျေမနပ်ဖြင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့၏။

ထူထူသည် မြေအောက်ခန်းရှိ ဖုန်မှုန့်များကို ကြည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း ပြောလိုက်သည်။

"ငါတို့ အစွမ်းထက်တဲ့ ရန်သူတစ်ကောင်နဲ့ တိုက်ခိုက်ရမယ်လို့ ထင်ခဲ့တာ။ ဒီပန်းက အာရုံယောင်မှား မြူခိုးတွေ ဖြန့်ကျက်တာလောက်ပဲ တတ်နိုင်တာကိုး..."

သူမ၏ ဓားကို ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ပြန်ထည့်လိုက်ရင်း ကျူးလင်က ပြောလိုက်သည်။

"ဒီပင့်ကူနှင်းပန်းကြောင့် ငါတို့အတွက် လွယ်ကူသွားတာပေါ့။ ဒါပေမဲ့ သာမန်လူသားတွေအတွက်တော့ ဒီပန်းနဲ့ တိုက်ခိုက်ဖို့ မလွယ်ဘူး..."

ဖုန်မှုန့်ပုံထဲမှ အစိမ်းရောင် ပုံဆောင်ခဲအမြုတေကို ကောက်ယူပြီးနောက် ကျူးလင်နှင့် ထူထူတို့သည် မြေအောက်ခန်းမှ ထွက်ခွာလာခဲ့ကြသည်။

သူတို့ အဖြူရောင်တံခါးမှ ထွက်လာသောအခါ ရှို့ဝူနှင့် အဖွဲ့သားများမှာ ဆိုင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

သူမ မြေအောက်ခန်းမှ ထွက်လာသည်ကို မြင်သောအခါ ရှို့ဝူသည် သူမထံသို့ လျှောက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား..."

ကျူးလင်သည် သူမ၏ နှုတ်ခမ်းမှ ပန်းဖြူလေးကို ဖယ်ရှားလိုက်ပြီး အစိမ်းရောင် ပုံဆောင်ခဲအမြုတေကို ပြသကာ ပြောလိုက်သည်။

"အင်း… ငါ အဆင်ပြေပါတယ်။ လူတွေကို သတ်နိုင်တဲ့ အာရုံယောင်မှား မြူခိုးတွေရှိတဲ့ ပန်းနီလေး တစ်ပွင့်ပဲ..."

သူမ၏ လက်ဖဝါးပေါ်ရှိ အစိမ်းရောင် ပုံဆောင်ခဲအမြုတေကို ကြည့်ရင်း ရှို့ဝူသည် မျက်ခုံးအနည်းငယ် ပင့်ကာ မေးလိုက်သည်။

"အဆင့်နှစ် သန္ဓေပြောင်းအပင်လား..."

ကျူးလင်သည် ပင့်ကူနှင်းပန်း၏ အဆင့်ကို မသိသောကြောင့် သူ့ကို မဖြေခဲ့ချေ။ သူမသည် သူ့ကိုသာ စိုက်ကြည့်နေသည်ကို သတိပြုမိသောအခါ ရှို့ဝူက ပြောလိုက်သည်။

"သိမ်းထားလိုက်…မင်း သတ်တာဆိုတော့ မင်းဟာပေါ့..."

ဤသစ်သားဓာတ် ပုံဆောင်ခဲအမြုတေကို ထူထူအား ပေးနိုင်မည်ဖြစ်ကြောင်း တွေးလိုက်ရင်း ကျူးလင်သည် ခေါင်းညိတ်ကာ သူမ၏ ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ထည့်လိုက်လေသည်။

တစ်စက္ကန့်အကြာတွင် ကျီယန်၏ အသံသည် ဆိုင်၏ ဒုတိယအလွှာမှ ထွက်ပေါ်လာသည်။

"လောင်ရှို့၊ ငါတို့ ဒီမှာ ပြီးပြီ..."

ရှို့ဝူသည် ဒုတိယအလွှာမှ ဖုန်မှုန့်များ ဖုံးလွှမ်းလျက် ဆင်းလာသော ကျီယန်ကို ကြည့်ပြီး ပြောလိုက်သည်။

"ကောင်းပြီ..."

ပြောပြီးနောက် ရှို့ဝူသည် ကျူးလင်ကို ကြည့်ပြီး ပြောလိုက်သည်။

"သွားကြစို့..."

ကျီယန်သည် စိုက်ပျိုးအိုးများနှင့် မြေကြီးများကို လုံလောက်စွာ စုဆောင်းပြီးနောက် ၎င်းတို့သည် ဆိုင်မှ ထွက်ခွာလာခဲ့ကြ၏။

၎င်းတို့ ဆိုင်မှ ထွက်ခွာလာချိန်တွင် စောနေသေးသောကြောင့် လမ်းတစ်လျှောက် ထောက်ပံ့ရေးပစ္စည်းများနှင့် ပုံဆောင်ခဲအမြုတေများကို စုဆောင်းရင်း ခရီးဆက်ခဲ့ကြလေသည်။

နာရီအနည်းငယ်ကြာပြီးနောက် ထန်ဝေ့သည် သူ၏ ခေါင်းပေါ်ရှိ တောက်ပသော နေမင်းကို ကြည့်လိုက်၏။

သူသည် မျက်လွှာချလိုက်ပြီး ကျောပိုးအိတ်ကို ဖွင့်ကာ သောက်ရေသန့်ဘူးတစ်ဘူးကို ထုတ်ယူပြီး တစ်ဝက်ခန့် တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။

ချွေးများသည် သူ၏ မေးစေ့မှ ကတ္တရာလမ်းပေါ်သို့ စီးကျနေစဉ် သူက မေးလိုက်သည်။

"ဒီနေ့ အရမ်းပူတယ်လို့ မင်းတို့ မထင်ဘူးလား..."

ကျီယန်သည် သူ၏ လက်ထဲမှ သောက်ရေသန့်ကို ယူပြီး ကျန်ရေများကို သောက်လိုက်ကာ ပြောလိုက်သည်။

"ဟုတ်တယ်။ ငါ့အရေပြားကို ကြည့်ပါဦး..."

သူသည် သူ၏ လက်မောင်းကို ပြသလိုက်ရာ ကျန်သူများက သူ၏ အရေပြားအများစုမှာ နီရဲနေပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။

ကွာကျနေသော အရေပြားကို ကြည့်ရင်း သူ၏ ဒဏ်ရာမှ သွေးများ စိမ့်ထွက်နေသည်ကိုပင် မြင်တွေ့နိုင်လေသည်။

ရှို့ဝူသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"နေ့လယ်စာ စားဖို့ နေရာတစ်ခု ရှာကြစို့..."

သူတို့သည် ယနေ့ နံနက်စာ မစားရသေးသောကြောင့် ယခုအခါ အလွန် ဆာလောင်နေကြချေပြီ။

ရိုးရာဈေးလမ်းမမှ ထွက်ခွာပြီးနောက် ၎င်းတို့သည် ဖုတ်ကောင်များကို အဆက်မပြတ် တိုက်ခိုက်သတ်ဖြတ်ရင်း ခရီးဆက်ခဲ့ကြ၏။

လူတိုင်း ပင်ပန်းနွမ်းနယ်ပြီး ဆာလောင်နေကြသောကြောင့် ၎င်းတို့သည် စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်ကို အလျင်အမြန် ရှာတွေ့ခဲ့ပြီး အဆောက်အအုံအတွင်းရှိ ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် အနားယူခဲ့ကြလေသည်။

စားပွဲရှည်တစ်လုံးတွင် ထိုင်နေကြစဉ် ကျီယန်သည် သူ၏ နေရာလွတ်စွမ်းရည်မှ ပေါင်မုန့်အနည်းငယ်ကို ထုတ်ယူပြီး လူတိုင်းအား ဝေငှပေးရင်း ပြောလိုက်သည်။

"ရိုးရိုးရှင်းရှင်းပဲ စားကြစို့။ ရာသီဥတုက အရမ်းပူတော့ ငါ အစားစားချင်စိတ် မရှိဘူး..."

ကျူးလင်သည် ပေါင်မုန့်ကို ယူပြီး မေးလိုက်သည်။

"မင်း ဒဏ်ရာတွေကို ဆေးမလိမ်းဘူးလား..."

ကျီယန်သည် ခေါင်းခါပြီး ပြောလိုက်သည်။

"အခု ဆေးရှာရတာ ခက်တယ်။ ဒီလို သေးငယ်တဲ့ ဒဏ်ရာမျိုးကိုတော့ ငါ ခံနိုင်ပါသေးတယ်..."

သူမသည် သူ၏ လက်မောင်းကို ကြည့်လိုက်ရာ ဒဏ်ရာများမှ သွေးများ ဆက်လက် စိမ့်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။

ခဏတာ စဉ်းစားပြီးနောက် ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲသီးမှ ကြွေပုလင်းလေး တစ်လုံးကို ထုတ်ယူလိုက်၏။

သူမသည် ကြွေပုလင်းလေးကို ကျီယန်၏ ရှေ့တွင် ချထားပေးပြီး ပြောလိုက်သည်။

"ဒဏ်ရာကို ပိုမဆိုးရွားခင် အရင်ကုသလိုက်… ဒီလိမ်းဆေးကို ဒဏ်ရာတွေပေါ် ပါးပါးလေး လိမ်းပေးလိုက် မနက်ဖြန်ဆို ပျောက်သွားလိမ့်မယ်..."

All Chapters