← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) - ရေခဲဓာတ် အကာအကွယ်အဆောင်

ကျူးလင် စကားပြောပြီးနောက် မျက်လုံးသုံးစုံလုံးက ကြွေပုလင်းလေးဆီသို့ စူးစိုက်ကျရောက်သွားကြလေသည်။ ဤဆေးသည် ကျူးလင် ပေးသော ဆေးဖြစ်သဖြင့် သာမန်ဆေး မဟုတ်နိုင်ကြောင်း ထန်ဝေ့ သိရှိလေသည်။

သူက တံတောင်ဆစ်ဖြင့် ကျီယန်ကို အသာတို့ကာ ပြောလိုက်သည်။

"လောင်ယန်... မြန်မြန် စမ်းကြည့်စမ်း..."

ရှို့ဝူသည်လည်း ဤဆေးကို အလွန်စိတ်ဝင်စားနေသဖြင့် ကျီယန်ကို စမ်းသပ်ကြည့်ရန် အချက်ပြလိုက်လေသည်။

သူငယ်ချင်းနှစ်ဦးက စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ ကျီယန်သည် ပါးစပ်ထဲမှ ပေါင်မုန့်ကို မျိုချလိုက်ပြီး ကျန်ရှိသော ပေါင်မုန့်ကို စားပွဲပေါ်သို့ တင်ကာ ကြွေပုလင်းလေးကို ကောက်ကိုင်လိုက်တော့သည်။

အဖုံးကို ဖွင့်လိုက်သည့် ခဏ၌ပင် လန်းဆန်းအေးမြသော ရနံ့တစ်ခုက စားသောက်ဆိုင်လေးအတွင်း ပျံ့လွင့်သွား၏။

ထိုရနံ့ကို ရရှိလိုက်သည်နှင့် သူတို့၏ တင်းမာနေသော ကြွက်သားများက ရုတ်တရက် ပြေလျော့သွားပြီး အပူဒဏ်ကိုလည်း သိပ်မခံစားရတော့ချေ။

ကျီယန်သည် ကြွေပုလင်းလေးကို ပြန်ချလိုက်ပြီး ဆေးများ မဖြုန်းတီးမိစေရန် လက်ခလယ်ဖြင့် စိမ်းနုရောင်ဆေးဆီကို တို့ယူကာ ဒဏ်ရာများပေါ်သို့ ဂရုတစိုက် လိမ်းကျံလိုက်လေသည်။

ဆေးဆီက ဒဏ်ရာနှင့် ထိတွေ့သွားသည်နှင့် ပူစပ်ပူလောင် နာကျင်မှုများက ပျောက်ကွယ်သွားပြီး သက်တောင့်သက်သာရှိသော အေးမြသည့် ခံစားချက်က အစားထိုးဝင်ရောက်လာလေသည်။

ဘေးတွင် ထိုင်နေသော ထန်ဝေ့သည် ကျီယန်က ဆေးကို ပါးပါးလေးနှင့် အလွန်အာရုံစိုက်ကာ လိမ်းနေသည်ကို မြင်တွေ့ရ၏။ သူက ကျီယန်၏ ဒဏ်ရာများကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဘယ်လိုလဲ..."

ကျီယန်သည် ဆေးလိမ်းပြီးမှသာ ထန်ဝေ့၏ မေးခွန်းကို ပြန်လည်ဖြေကြားလေသည်။ သူက အဖုံးကို ပိတ်လိုက်ရင်း ပြောလိုက်သည်။

"အေးမြသွားတာပဲ... ဆေးလိမ်းလိုက်တာနဲ့ ပူစပ်ပူလောင် ဖြစ်တာတွေ အကုန်ပျောက်သွားတယ်..."

ဤဆေးသည် အလွန်ကောင်းမွန်သော ဆေးဖြစ်ကြောင်း သိရှိသွားသဖြင့် သူက ကြွေပုလင်းလေးကို ကျူးလင်၏ ရှေ့သို့ ပြန်တိုးပေးကာ ပြောလိုက်လေသည်။

"ကျေးဇူးပဲ ရှောင်လင်..."

ကျူးလင်က ဆေးပုလင်းကို သူ့ထံသို့ ပြန်တွန်းပေးရင်း ပြောလိုက်၏။

"ရှင်ပဲ သိမ်းထားလိုက်ပါ... အပူချိန်က ဆက်ပြီး မြင့်တက်လာဦးမယ်လို့ ငါထင်တယ်... လိုအပ်လာရင် သုံးရအောင် ဒီဆေးကို ရှင်ပဲ ဆောင်ထားတာ ပိုကောင်းလိမ့်မယ်..."

သူမ၏ ဘေးတွင် ထိုင်နေသော ရှို့ဝူက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ပြင်းထန်လှသော အပူရှိန်ကြောင့် ကတ္တရာလမ်းမပေါ်မှ ရေငွေ့များ ပျံတက်နေသကဲ့သို့ ဖြစ်နေချေပြီ။

ထန်ဝေ့က သူ၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း မေးလိုက်၏။

"လောင်ရှို့... ဘာကြည့်နေတာလဲ..."

ရှို့ဝူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"အပူချိန်က ပုံမှန်မဟုတ်နေဘူး... ဒီနေ့ကစပြီး ငါတို့ နေ့ဘက်မှာ နားပြီး ညဘက်မှပဲ ခရီးဆက်ကြမယ်..."

သူ၏ စကားကို ကြားသောအခါ ကျီယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်၏။

“ဒါပေမဲ့ ညဘက်ဆိုရင် ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေက ပိုပြီး သန်မာလာကြလိမ့်မယ်..."

“ဒီအက်စ်မြို့တော်ရဲ့ လူဦးရေက ခြောက်သန်းကျော် ရှိတာကို မင်းတို့ မေ့သွားပြီလား... အဲဒီထဲက ထက်ဝက်ကျော်က ဖုတ်ကောင်တွေ ဖြစ်ကုန်ကြပြီလေ..."

ရှို့ဝူက မျက်လွှာချကာ စဉ်းစားနေသည်ကို မြင်သောအခါ သူက ဆက်ပြောလိုက်လေသည်။

“မြို့ပတ်ပတ်လည်မှာ ရှိတဲ့ သန္ဓေပြောင်း တိရစ္ဆာန်တွေရဲ့ အရေအတွက်ကို မပြောနဲ့ဦး...”

“အခု ငါတို့က အက်စ်မြို့တော်ရဲ့ ဆင်ခြေဖုံးမှာပဲ ရှိသေးတယ်... ဖုတ်ကောင်တွေက အများကြီး ရှိနေပြီ... တကယ်လို့ ဖုတ်ကောင်အုပ်လိုက်ကြီးနဲ့ တိုးရင် ငါတို့ သေချာပေါက် သေလိမ့်မယ်..."

ရှို့ဝူက မျက်မှောင်ကြုတ်လျက် ပြန်လည်ပြောကြားလိုက်၏။

"ငါတို့မှာ ရွေးချယ်စရာ မရှိဘူး... ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေကိုတော့ ငါတို့ သတ်လို့ရသေးတယ်... ဒါပေမဲ့ ဒီလို ပြင်းထန်တဲ့ အပူဒဏ်ကနေ ကာကွယ်ဖို့ ငါတို့မှာ ဘာမှမရှိဘူး..."

ထန်ဝေ့က ခဏမျှ တွေးတောပြီးနောက် ပြောလိုက်လေသည်။

“ငါလည်း လောင်ရှို့ရဲ့ သဘောထားကို ထောက်ခံတယ်...”

“ဖုတ်ကောင်တွေ ဒါမှမဟုတ် သန္ဓေပြောင်း တိရစ္ဆာန်တွေရဲ့ ဝိုင်းရံခြင်းကို ခံရရင်တောင် ငါတို့ အသက်ရှင်အောင် ရုန်းကန်နိုင်သေးတယ်...”

“ဒါပေမဲ့ အခုလို ပြင်းထန်တဲ့ အပူဒဏ်ကိုတော့ ငါတို့ တကယ်ပဲ ခုခံနိုင်စွမ်း မရှိဘူး... ဒါ့အပြင် လမ်းရဲ့ အခြေအနေကိုလည်း ကြည့်ရဦးမယ်..."

ထန်ဝေ့က အပြင်ဘက်သို့ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"ဒီလောက် ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ကတ္တရာတွေတောင် စပြီး အရည်ပျော်နေပြီ..."

သူ၏ စကားကြောင့် လူတိုင်း လမ်းမဆီသို့ လှမ်းကြည့်လိုက်ကြရာ ပူပြင်းလှသော နေရောင်အောက်တွင် ကတ္တရာလွှာပါးလေးမှာ အရည်ပျော်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

လက်ရှိ လမ်းအခြေအနေအရ သူတို့သာ အပြင်သို့ ထွက်ပါက ဖိနပ်များ လမ်းတွင် ကပ်ငြိသွားနိုင်ပြီး ဆိုးရွားပါက ခြေထောက်များပင် အပူလောင်သွားနိုင်ချေ ရှိပေသည်။

ယခုအချိန်တွင် ဆေးကုသမှု ခံယူရန် အလွန်ခက်ခဲသဖြင့် ဒဏ်ရာရရှိပါက သေဆုံးနိုင်ခြေ အလွန်မြင့်မားလှပေသည်။

ဤအချက်ကို တွေးမိကာ လူတိုင်း တိတ်ဆိတ်သွားကြတော့သည်။

ကျူးလင်သည် လမ်းမဆီသို့ ခဏမျှ လှမ်းကြည့်လိုက်ပြီးနောက် သူတို့၏ ညှိုးငယ်နေသော မျက်နှာများကို ကြည့်ကာ တွေးတောနေသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကျီယန်သည် နောက်ဆုံးတွင် ရှို့ဝူ၏ အကြံဉာဏ်ကို သဘောတူလိုက်ရတော့သည်။

နေဝင်ရန် ခြောက်နာရီခန့် လိုသေးသဖြင့် သူတို့သည် မျက်လုံးများကို မှိတ်ကာ ခဏမျှ အိပ်စက်လိုက်ကြ၏။

သူတို့ သုံးဦး အိပ်ပျော်နေစဉ် ကျူးလင်သည် အခြား စားပွဲတစ်ခုဆီသို့ တိတ်တဆိတ် လျှောက်သွားလိုက်၏။

သူမသည် ထိုင်ချလိုက်ပြီးနောက် ကျီယန် ပေးထားသော ကလောင်တံ၊ မြွေကြီး၏ သွေးနှင့် အဆောင်စက္ကူများကို ထုတ်ယူလိုက်လေသည်။

စားပွဲပေါ်တွင် ထိုင်နေသော ထူထူက သူမ ပစ္စည်းများ ပြင်ဆင်နေသည်ကို ကြည့်ရင်း မေးလိုက်၏။

'သခင်မလေး... အဆောင်လက်ဖွဲ့ကို ထပ်ပြီး ဖန်တီးမလို့လား...'

ကျူးလင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။

“အပူချိန်က သာမန်လူသားတွေရဲ့ ခန္ဓာကိုယ် ခံနိုင်ရည်ထက် ကျော်လွန်နေပြီ..."

“သူတို့အတွက် အကာအကွယ်အဆောင် ဖန်တီးပေးလို့ ရမလားဆိုတာ ငါ စမ်းကြည့်ချင်တယ်...”

“ခုနက ငါ ရေခဲပန်းပွင့်ဆွဲကြိုးလေးထဲမှာ ရှာကြည့်တော့ အထဲက အကာအကွယ် ဝတ်စုံတွေက မိန်းကလေး ဝတ်စုံတွေချည်းပဲ ဖြစ်နေတယ်... သူတို့တွေ မိန်းကလေး ဝတ်စုံကို ဝတ်ချင်ကြမယ် မထင်ဘူး...'

ယခင်က သူမ ဖန်တီးခဲ့သော ရိုးရှင်းသည့် ဓာတ်သဘာဝအဆောင်များနှင့် မတူဘဲ ဤအကာအကွယ်အဆောင်မှာ ဒုတိယအဆင့် အဆောင်လက်ဖွဲ့ ဖြစ်ပေသည်။

အကာအကွယ်နယ်မြေတစ်ခု ဖန်တီးပေးသည့် အခြေခံစွမ်းဆောင်ရည်အပြင် အဆောင်ဖန်တီးသူသည် အခြားသော စွမ်းရည်များဖြစ်သည့် ကာကွယ်ရေးမန္တန်၊ တိုက်ခိုက်ရေးမန္တန် သို့မဟုတ် ပံ့ပိုးမှုမန္တန်များကိုလည်း ထည့်သွင်းနိုင်၏။

ကျူးလင်ကမူ အကာအကွယ် နယ်မြေအတွင်းရှိ အပူချိန်ကို လျှော့ချရန်အတွက် အကာအကွယ်အဆောင်တွင် ရေခဲဓာတ်ဝင်္ကပါတစ်ခုကို ထည့်သွင်းရန် စီစဉ်ထားလေသည်။

ထူထူသည် သူ့သခင်မ၏ အဆောင်ဖန်တီးမှု စွမ်းရည်အပေါ် အလွန် ယုံကြည်မှု ရှိပေသည်။

သူ၏ သခင်မသည် ပြိုင်ဘက်ကင်းသော ဓားသိုင်းစွမ်းရည်အပြင် လောကဘုံခြောက်ပါးလုံးတွင် အကောင်းဆုံး ဝင်္ကပါဆရာနှင့် အဆောင်လက်ဖွဲ့ ဖန်တီးသူလည်း ဖြစ်ပေသည်။

ဤကဲ့သို့သော အဆင့်နိမ့် အဆောင်လက်ဖွဲ့မျိုးမှာ သူမအတွက် ဘာမှမဟုတ်ချေ။

ကျူးလင်သည် မြွေကြီး၏ သွေးထည့်ထားသော ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်ပြီးနောက် ကလောင်တံနှင့် အဆောင်စက္ကူတစ်ရွက်ကို ယူလိုက်လေသည်။

သူမသည် ကလောင်တံကို သွေးထဲသို့ နှစ်ကာ စတင်ရေးဆွဲတော့သည်။ အကာအကွယ်အဆောင်ကို ရေးဆွဲပြီးစီးရန် သူမအတွက် စက္ကန့်ကိုးဆယ်ခန့်သာ ကြာမြင့်လေသည်။

သူမသည် ကလောင်တံကို ပြန်ချလိုက်ပြီး သွေးများ ခြောက်သွေ့သွားစေရန် စက္ကူကို အသာအယာ မှုတ်လိုက်၏။

အဆောင်စက္ကူကို စားပွဲပေါ်တွင် တင်ကာ သူမသည် ရိုးရှင်းသော လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ပြီးနောက် လက်ညှိုးနှင့် လက်ခလယ်တို့ဖြင့် အဆောင်ကို အသာအယာ တို့ထိလိုက်လေသည်။

သူမ၏ လက်ချောင်းများက အဆောင်နှင့် ထိတွေ့သွားသည့် ခဏ၌ပင် အဆောင်လက်ဖွဲ့သည် တစ်ချက်မျှ လင်းလက်သွားပြီးနောက် ပြန်လည်မှိန်ပျော့သွားလေသည်။

သူမသည် အဆောင်ကို ကောက်ကိုင်လိုက်ပြီး ထူထူကို ကြည့်ကာ မေးလိုက်၏။

“ဒါက အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာ ငါတို့ စမ်းသပ်ကြည့်ရမလား...”

All Chapters