← Chapters

သံကျောက်နှင့် ထုဆစ် ထားသည့်လူ

Vol. 011 Ch. 505

သံကျောက်နှင့် ထုဆစ် ထားသည့်လူ

Vol. 011 Ch. 505

သည်သစ်သား ပန်းပုရုပ်များက တစ်ပုံစံတည်းပင်။ သူတို့အားလုံးက ငယ်ရွယ် ချောမောသည့် လူငယ် တစ်ယောက်၏ အသွင်ကို ထွင်းထုထားခြင်း ဖြစ်၏။

“စီနီယာရဲ့ တောင်းဆိုမှုကို ဂျူနီယာက ဖြည့်ဆည်း ပြီးပါပြီ ...”ထိုသို့ ပြောပြီးနောက် ဝမ်လင်းက ထောင့်တစ်နေရာတွင် ထိုင်ချ၍ မည်သည့်စကားမျှ ဆက်မဆိုတော့ချေ။

ယွမ်ချွဲဇီ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက လက်ဝှေ့ယမ်း လိုက်ရာ သစ်သားပန်းပုရုပ် အားလုံးက ပျောက်ကွယ် သွားတော့သည်။ သူက ဝမ်လင်းကို ထပ်မံကြည့် လိုက်ပြီးနောက် သူ့အကြည့်က တံခါးထံသို့ ပြန်ရောက်သွားသည်။

ဝမ်လင်းက ယွမ်ချွဲဇီသည် နေရာသို့ မည်သို့ ဝင်ရောက် လာနိုင်သည်ကို စိတ်ဝင်စားခြင်း မရှိချေ။ တကယ်တော့ စွန့်ပစ်ခံ သေမျိုးကလန်က အချိန်အတန်ကြာ ကတည်းက ရှိနေခဲ့သည် ကလန်မဟုတ်လား။ သူက အရာအားလုံး အတွက် အဖြေရှာနေသည့် လူစားမျိုးမဟုတ်ပေ။

ဝမ်လင်းက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ရယူမည့်ကိစ္စအား လက်လျှော့ထားခဲ့ပြီး ဖြစ်၏။ သူက သူ့စိတ်ဝိညာဉ် အပိုင်းအစကိုသာ ပြန်ရယူလိုရုံသာ ရှိလေ၏။

တကယ်တော့ သည်သလင်းကျောက်က ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ သက်ရှိများ အားလုံးနှင့် ဆက်နွှယ်လို့နေ၏။ ဝမ်လင်းက သူ့အတ္တအတွက် လူတိုင်း၏ အသက်ကို စတေးပစ်ရန် ဆန္ဒမရှိပေ။

သို့သော် လူတစ်ယောက်က သူ့ကို ရန်လာစရင်တော့ မတူညီသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေမည်။ ထျန်မိသားစုသွေး ပါသည့်လူတိုင်းကို သတ်ဖြတ်ခဲ့ခြင်းက ဝမ်လင်းသည် သူတော်စင်တစ်ယောက် မဟုတ်ကြောင်းကို ပြသလို့နေ၏။

သူက ထိုင်ချလိုက်ပြီးနောက် သူ့မျက်လုံးက ချန်းဖန်ကို လှမ်းကြည့်ရင်း လက်ခနဲ ဖြစ်သွားလေ၏။ သည်အခိုက်တွင် ချန်းဖန်ကလည်း ဝမ်လင်းကို လှမ်းကြည့်နေ သဖြင့် သူတို့က အကြည့်ချင်း ဖလှယ်မိ သွားကြသည်။

ဝမ်လင်းက အေးစက်စွာပြုံး၍ သူ့အကြည့်က မျက်နှာဖုံးနှင့်လူထံသို့ ရောက်ရှိသွားတော့၏။ သည်လူက သူနှင့်ရင်းနှီးသည့်ပုံ မပေါ်ချေ။ ဝမ်လင်းက သူ့ကို မည်သူမည်ဝါမှန်း မသိချေ။ နောက်ဆုံးတွင် သူ့အကြည့်က ကျောချမ်းဖွယ် ပြုံးနေသည့် ထူးဆန်းသည့် အဘိုးအိုထံသို့ ရောက်ရှိသွားတော့၏။

“သူက ဘယ်သူများ ဖြစ်နေမလဲ ...” အဘိုးအိုထံကနေ ဝမ်လင်းက ကြီးမားသည့် အန္တရာယ် အငွေ့အသက်ကို ရလို့နေ၏။ ဝမ်လင်းက သည်အဘိုးအိုကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ အေးစက်မှုတို့က ဖြတ်ပြေးသွားတော့သည်။

အဘိုးအိုက ဝမ်လင်းအကြည့်ကို သတိပြုမိ လိုက်သည့်အချိန်တွင် သူက ဝမ်လင်းကို ကြည့်၍ နက်မှောင်စွာ ပြုံးသည်။ သည်အပြုံးက ဝမ်လင်းနှင့် အလွန် အသားကျဖူးသည်။ သို့သော် သူက သူ့ဘဝတွင် သည်လူကို တစ်ခါမျှ မတွေ့ဖူးသည်မှာ သေချာလို့နေ၏။

သည်အခိုက်တွင် အလင်းတန်း တစ်ခုက အကွာအဝေး တစ်ခုကနေ လာ၍နေ၏။ သည်အလင်းတန်းထဲ၌ လှပသော ပုံရိပ်တစ်ခု ပါဝင်နေသည်။ သူမက အက်ကွဲကြောင်း တစ်ခုကို ရှောင်တိမ်း၍ စိတ်ဝိညာဉ် တောင်ထိပ်ပေါ်သို့ ခြေချလိုက်သည်။

သည်ပုံရိပ်က အလွန်လှသည့် အမျိုးသမီးပင်။

ဝမ်လင်းအကြည့်က သည်အမျိုးသမီးပေါ်သို့ ကျရောက်သွားသည့် အခိုက်တွင် သူ့မျက်နှာက ရှုံ့တွလို့သွား၏။ သည်အမျိုးသမီးက အခြားလူ မဟုတ်ဘဲ လျိုမေ ဖြစ်နေသောကြောင့်ပင်။

တကယ်တော့ လျိုမေပြောခဲ့သည့် အရာတစ်ခုက မှန်နေပေသည်။ သည်စကားက သူမနှင့် လျိုမေတို့သည် ပုံစံတူလူများ ဖြစ်နေသည်ဟူ၍ပင်။ သူတို့နှစ်ယောက်လုံး၏ အတွင်းဘက်ခြမ်းတွင် ရက်စက်မှုတို့ ကိန်းအောင်း နေကြသည် မဟုတ်လား။

ဝမ်လင်းက သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ သူ့အသွင်က အေးစက်လို့နေပြီး အရင်တုန်းက လျိုမေနှင့် ရင်ဆိုင်ခဲ့စဉ် တိုင်းကလိုပင် ဖြစ်သည်။ ချန်းဖန်က လျိုမေကို တွေ့လိုက်ပြီးနောက် ပျော်ရွှင်သည့်ဟန် ပြသလာ၏။ သူက သည်နေရာတွင် သူမနှင့်အတူ ဆိုပါက သူ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ရနိုင်သည့် အခွင့်ရေးက ပိုမြင့်လာမည်ဟု တွေးထင်မိနေ၏။

လျိုမေက ဝမ်းနည်းဟန် အငွေ့အသက်ကို ဖော်ပြ၍ သူမက ဝမ်လင်းထံသို့ လှမ်းလျှောက်လို့ လာလေ၏။

ဝမ်လင်းက မျက်မှောင်ကြုတ် သွားသည်။ သူက သည်အမျိုးသမီးနှင့် ပတ်သက်၍ ခံစားချက်ကောင်း ရှိမနေချေ။ သူက သူမကို အေးစက်စွာကြည့်ကာ ပြောလိုက်သည်။ “ငါ့ကို လာနှောင့်ယှက်တဲ့ ဘယ်သူကို မဆို ငါမပတ်သက်ချင်ဘူး။ ငါ့ နားမလာပါနဲ့ ...”

လျိုမေက ရပ်တန့်သွား၏။ သူက ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။ “နင်က တကယ့်ကို သံတွေကျောက်တုံးတွေနဲ့ လုပ်ထားတာလား ...”

ဝမ်လင်းမျက်လုံးက တည်ငြိမ်နေပြီး သူက အေးစက်စွာ ပြော၏။ “ထွက်သွားစမ်း ...”

လျိုမေက သူ့ကို ကြည့်၍ စတင် ရယ်မောလေတော့သည်။ “ဒီတော့ နင့်နှလုံးသားထဲမှာ လီမူဝမ်ရဲ့ အဆင့်အတန်းက ဘယ်လောက်ထိ ရှိနေတာလဲ ...”

ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒတို့နှင့် ပြည့်နှက်လာ၏။ သူက ပြောလိုက်သည်။ “ထွက်သွားစမ်း ... နင့်နယ်ပယ်က ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်သွားပေမဲ့ ... ငါက နင့်ကို သတ်ချင်ရင် သိပ်ခက်ခဲမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သေအောင် လုပ်မနေနဲ့ ...”

လျိုမေစကားလုံးများ၏ ရည်ရွယ်ချက်က ဝမ်လင်းတာအို နှလုံးသားကို ပျက်စီးစေရန် ဖြစ်သည်။ သို့သော် သူမက လီမူဝမ်သည် ဝမ်လင်းအတွက် အထိမခံနိုင်သည့် အရာမှန်း မသိချေ။ သူမနာမည်ကို ခေါ်ထွင်သည့် လူမှန်သမျှ သူက သတ်ပစ်မည်သာ ဖြစ်၏။ ခုလို အချိန်ကောင်း အခါကောင်း မဟုတ်သည့် အခြေအနေသာ မဟုတ်ပါက ဝမ်လင်းသည် စိတ်ဝိညာဉ်ဆယ်သန်း အလံကို ထုတ်၍ သည်အမျိုးသမီးကို ချက်ချင်း သတ်ပစ်မိမည် ဖြစ်လေ၏။

ဝမ်လင်းက သူနှင့်ပတ်သက်သည့် အနည်းငယ်သော ဆက်ဆံရေးများကို အလွန်ပင် ဂရုစိုက်လေသည်။ သို့သော် သူစိမ်းများ အတွက်တော့ သူက အေးစက်မည်သူသာ ဖြစ်လေ၏။

လျိုမေက ဖျော့တော့စွာ ပြုံးလိုက်၏။ သည့်နောက် သူမက လှည့်၍ ချန်းဖန်ထံသို့ လှမ်းလျှောက် သွားလေတော့၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သည့်နောက် သူက သူ့ကိုကြည့်နေသော အဘိုးအိုအား လှမ်းမြင်လိုက်ရ၏။

“ဒီလူက ခန္ဓာကိုယ် သိမ်းပိုက်ထားတာများ ဖြစ်နေမလား ...” ဝမ်လင်း နှလုံးသားက တစ်ချက်ခုန် သွားသည်။

သူက သည်အရာသည် ဖြစ်နိုင်ချေ ရှိကြောင်း တွေးနေမိသည်။ မဟုတ်လျှင် သူလူနှင့် ပတ်သက်၍ သူက ရင်းနှီးသလို ခံစားနေရမည် မဟုတ်ချေ။

ဝမ်လင်းက ခုချိန်၌ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည့်အတွက် သည်လိုမျိုး ခန့်မှန်းနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်၏။ ကြယ်များ ကြားတွင်ပင် အားကောင်းသည်ဟု ယူဆလို့ရသည့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို လျှော့တွက်လို့ မရနိုင်ချေ။

ကောင်းကင်ဘုံ နယ်မြေ မပြိုပျက်ခင်တုန်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများက ကောင်းကင်ဘုံသားများနှင့် အဆင့်တူသည်ဟူ ပြော၍ ရ၏။ သူတို့၏ ခန္ဓာကိုယ်များက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြုလုပ်ထားပြီး ထူးဆန်းသော အာရုံသိမှုများကိုလည်း ပိုင်ဆိုင် ထားကြသေး၏။

သည်အာရုံ ခံနိုင်မှုများက အလွန်ပင် ထူးဆန်းလှ၏။ အားကောင်းသော ကျင့်ကြံသူများကသာ သည်လိုမျိုး ခံစားမိနိုင်စွမ်း ရှိကြလေသည်။

လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မြင့်လျှင် အတွေး တစ်ချက်ဖြင့်ပင် သူတို့က အနာဂတ် အဖြစ်အပျက်များကို ခပ်ရေးရေး သိမြင်နိုင်စွမ်း ရှိလိမ့်မည် ဖြစ်၏။

သည်အခိုက်တွင် ဝမ်လင်းက ခုလို ခံစားချက်မျိုးကို ရရှိနေ၏။ သူက ထိုအဘိုးအိုနှင့် ပတ်သက်၍ တစ်ခုခု မှားနေကြောင်း သိနေခဲ့သည်။ သည်ကျောချမ်းဖွယ် အပြုံးက သူနှင့်အလွန် ရင်းနှီးလှ၏။

“ငါက နှစ်ခြောက်ရာလောက် ကျင့်ကြံခဲ့ပြီး ဖြစ်တဲ့အတွက် ရန်သူ အများအပြားကိုလည်း တွေ့မြင်ခဲ့ဖူးပြီ။ ဒါပေမဲ့ ဒီလို အပြုံးတစ်ချက်နဲ့ ငါ့ကို ခုလိုမျိုး အန္တရာယ် အငွေ့အသက် ခံစားစေတာကတော့ ဒီအဘိုးအို တစ်ယောက်ပဲ ရှိသေးတယ် ...” ဝမ်လင်းက အပြင်ပိုင်း၌ တည်ငြိမ်နေသော်လည်း သူ့နှလုံးသားထဲတွင် ဆူပွက်လို့ နေလေ၏။

သူက အသက်ဝဝ ရှူသွင်း၍ ခေါင်းပြန်ငုံ့လိုက်သည်။ သည့်နောက် သူက မျက်မှောင်ကြုတ်၍ သူ့မျက်လုံးထဲ၌လည်း သေခြင်းတရား အငွေ့အသက်များကို ထုတ်ဖော်လိုက်သည်။

“ထူစီရဲ့နတ်ဆိုး ... တာ့ဆန် ...” ဝမ်လင်းက သူ့ခန္ဓာကိုယ်သည် အေးစက်လာသည်ဟု ခံစားမိနေသည်။ ဝမ်လင်းအတွက် အကြောက်ရွံ့ဆုံး လူက ဟင်္သာပြဒါးဂြိုဟ်၏ ခုလက်ရှိ ခေါင်းစီးဖြစ်သူ ကျူးချွဲဇီ မဟုတ်ပေ။ သူအကြောက်လန့်ဆုံး၊ အစိုးရိမ်ဆုံး လူကတော့ သူ အမြုတေဖွဲ့တည်ခြင်း အဆင့်တုန်းက ရှေးဟောင်းနတ်ဘုရား နယ်မြေ၌ ဒေါသထွက်အောင် ပြုလုပ်ခဲ့ဖူးသည့် တာ့ဆန်ကိုပင် ဖြစ်ချေသည်။

ရှေးဟောင်း နတ်ဘုရားတစ်ပါး၏ အမွေအနှစ်ကို နှစ်ပိုင်းခွဲ၍ ပြောနိုင်၏။ တစ်ပိုင်းက စွမ်အားဖြစ်ပြီး နောက်တစ်ပိုင်းကတော့ အသိဉာဏ် အမွေအနှစ် ဖြစ်လေ၏။

သည်အမွေအနှစ် နှစ်ခုထဲတွင် အသိဉာဏ် အမွေအနှစ်သည် ရှေးဟောင်းနတ်ဘုရား ထူစီ၏ အသိဉာဏ်များ ပါဝင်နေသည်။ သည်အရာများ ကတော့ သူ မည်သို့မည်ပုံ ရှေးဟောင်းနတ်ဘုရား ဖြစ်လာသနည်း၊ ရှေးဟောင်း နတ်ဘုရား နည်းစနစ်နှင့် အခြားအရာများပင် ဖြစ်လေ၏။

ထူစီ၏ မှတ်ဉာဏ်ထဲ၌ ကြီးမားလှသည့် ကြယ်မြေပုံ တစ်ခုပင် ပါဝင်နေသေး၏။ သည်မြေပုံက သူသွားခဲ့သော နေရာတိုင်းကို ဖော်ပြထားသည့် မြေပုံဖြစ်သည်။

သည်မှတ်ဉာဏ်များက ဝမ်လင်းအတွက် အလွန် အကျိုးရှိစေခဲ့သည်။ သည်အသိဉာဏ် အမွေအနှစ်များ မရှိဘဲနှင့် ဝမ်လင်း မူလခန္ဓာကိုယ်က ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရား အဆင့်သို့ ရောက်အောင် လုပ်နိုင်မည် မဟုတ်ချေ။

သို့သော် မှတ်ဉာဏ် အမွေအနှစ်များက မှတ်ဉာဏ်များသာ ဖြစ်ချေသည်။ သည်အရာများက မည်သည့် တိုက်ခိုက်စွမ်းအားမှ ရှိမနေချေ။ ထူစီ မှတ်ဉာဏ်ထဲ၌ ဟင်္သာပြဒါးဂြိုဟ်ကို ချက်ချင်း ဖျက်ဆီး ပစ်နိုင်သည့် နည်းစနစ်များစွာ ရှိလို့နေ၏။

သူက သည်နည်းလမ်းများ၏ မန္တန်များနှင့် အသုံးပြုပုံများကို သိထားပေ၏။ သို့သော် သူက ၎င်းတို့ကို အသုံးပြု၍ စွမ်းအား ရှိမနေချေ။ သူက အနည်းဆုံး သည်နည်းလမ်းများအား အသုံးပြုရန် ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရား အဆင့်သို့ ရောက်ရန် လိုပေလိမ့်မည်။

ထို့ကြောင့်လည်း ဝမ်လင်းက သူ့မူလ ခန္ဓာကိုယ်ကို တစ်ဆင့်ပြီးတစ်ဆင့် သန်မာအောင် ပြုလုပ်နေခြင်း ဖြစ်ပေ၏။ ထိုအခါကျမှသာ နောက်ဆုံးတွင် သူက ထူစီ၏ မှတ်ဉာဏ်ထဲရှိ နည်းလမ်းများကို စွမ်းအားပြည့် အသုံးပြုနိုင်မည် ဖြစ်သည်။

အလားတူပင် တာ့ဆန်သည်လည်း ဝမ်လင်းကဲ့သို့ပင်။ သူက ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရား ဖြစ်သူ ထူစီ၏စွမ်းအား အမွေအနှစ်ကို ဆက်ခံထားသူဖြစ်၏။

သို့သော် သူ့တွင် စွမ်းအား ရှိနေပင်လျှင် သူက ၎င်းကို အင်ပြည့်အားပြည့် အသုံးမပြုနိုင်ပေ။ အကြောင်းကတော့ သူ့တွင် အမွေအနှစ် မှတ်ဉာဏ်များ မရှိသောကြောင့်ပင်။

တာ့ဆန် ထိန်းချုပ် အသုံးပြုနိုင်သည့် နည်းစနစ်များက သူမွေးဖွားစဉ် ကတည်းက သင်ယူခဲ့သည့် နည်းစနစ်များသာ ရှိလေ၏။ သည်နည်းစနစ် များနှင့်ဆိုလျှင် သူက စွမ်းအား အမွေအနှစ်ကို အနည်းငယ်သာ ထုတ်ဖော် အသုံးပြုနိုင်စွမ်း ရှိပေလိမ့်မည်။

တိတိကျကျ ဆိုရလျှင်တော့ တာ့ဆန် အသုံးပြုနိုင်သည့် စွမ်းအားက ကြယ်ငါးလုံး ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားလောက်သာ ရှိမည် ဖြစ်၏။ ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရား ထူစီနှင့် နှိုင်းယှဉ်ပါက သူ့စွမ်းအားက အလွန် အားနည်းလွန်းနေသည် မဟုတ်လား။

သို့ရာတွင် ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ လူများနှင့် နှိုင်းယှဉ်လျှင်တော့ ကြယ်ငါးလုံး ရှေးဟောင်းနတ်ဘုရား တစ်ပါးက ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်နေပေ၏။ သည်တည်ရှိမှုက အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူများ၏အဆင့်ထက်ပင် ပို၍ မြင့်လေ၏။

တာ့ဆန်၏ အဖြစ်ချင်ဆုံး ဆန္ဒက အသိဉာဏ် အမွေအနှစ်ကို ရရှိရန် ဖြစ်ပေ၏။ ထိုသို့ရရှိပြီးနောက် သူက သည်အသိဉာဏ် အမွေအနှစ်များကို စုပ်ယူရန် အချိန်တစ်ခုသာ လိုပေလိမ့်မည်။ သည့်နောက်သူက သူ့ခန္ဓာကိုယ်ကို သန့်စင်၍ အစစ်အမှန် ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရား တစ်ပါး ဖြစ်လာပေလိမ့်မည်။

သည်လိုသာဆိုလျှင် ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီး၏ မွန်းစတားအို ကြီးများပင် သူ့ကို ကြောက်လန့်နေရမည် ဖြစ်လေ၏။

ဝမ်လင်းက ရှေးဟောင်း နတ်ဘုရား နယ်မြေသို့ ဝင်ရောက်ခဲ့ခြင်းသာ မရှိလျှင် တာ့ဆန်က ခုချိန်လောက် ဆိုလျှင် သည်နယ်မြေကနေ လွတ်မြောက် နေလောက်ပြီ ဖြစ်လေ၏။

တိတိကျကျ ပြောရလျှင်တာ့ တာ့ဆန်သည်လည်း ထူစီသာဖြစ်၏။ သို့သော် တာ့ဆန်က ထူစီ သူ့နတ်ဘုရားအာရုံ ခွဲထွက်ခြင်း နည်းစနစ်ကို ကျရှုံးခဲ့စဉ်၌ ဖြစ်ပေါ်လာခဲ့သည့် နတ်ဆိုးအတွေးစ အစိတ်အပိုင်း တစ်ခုသာ ဖြစ်လေ၏။

တာ့ဆန်က ဝမ်လင်းကို ဖမ်းဆီးရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်လေ၏။

ဝမ်လင်းက ခေါင်းမော့၍ သည်အဘိုးအိုကို သေချာ ကြည့်ရှုနေသည်။ သည်တစ်ကြိမ်၌ သူ့အကြည့်က မျောက်လေးထံသို့ အာရုံစိုက်ထား၏။

သည်အဘိုးအိုက ခန္ဓာကိုယ် သိမ်းယူထားပြီး တာ့ဆန်နှင့် ပတ်သက်နေသည်ဟု အတွေးရပြီးနောက် ဝမ်လင်းက သူတို့က ချက်ချင်းပင် ဖြတ်မြင်နိုင်ခဲ့သည်။ သည်မျောက်လေး မျက်လုံးထဲရှိ အနီရောင် အလင်းတန်းက ရှေးဟောင်းနတ်ဘုရား နယ်မြေ၏ သွေးပင်လယ်တွင် ပိတ်မိနေသည့် တာ့ဆန်၏ သီးသန့်အော်ရာပင် ဖြစ်ချေ၏။

ဝမ်လင်းက သူ့နှလုံးသားထဲ၌ အလွန် ခါးသက်စွာ ခံစားနေမိသည်။ သူက လိုအင်ခြောက်မျိုး နတ်ဆိုးသခင်၊ ခါးကုန်းကြီးမုံ့၊ ရှေးဟောင်း အင်ပါယာနှင့် ကျန်သည့်သူများ အကြောင်းကိုပါ တွေးနေမိ၏။ သူတို့အားလုံးက သေရင်သေ မသေရင် သွေးပင်လယ်၌ ကျင့်ကြံသူများ ဖြစ်လာကြပေလိမ့်မည်။

ထပ်ပြောရလျှင် သည်သွေးပင်လယ်၌ ရှေးဟောင်း ကျင့်ကြံသူများလည်း ရှိလို့နေခဲ့သည်။ သူတို့အားလုံးက ဟင်္သာပြဒါး ဂြိုဟ်ပေါ်သို့ ကျင့်ကြံသူများ မရောက်လာခင် ကတည်းက မွေးဖွားခဲ့ကြသူများ ဖြစ်လေသည်။ သည်လူများ၏ ကျင့်ကြံမှု အဆင့်ကလည်း အလွန် မြင့်မားလှသည်။

သို့ရာတွင် ဝမ်လင်း၏ ခုလက်ရှိ အတွေ့အကြုံများဖြင့် ဆိုလျှင် သည်လူများက အာဏာတက်ခြင်း အဆင့်သို့ ဖြတ်ကျော် မရောက်သေးကြောင့် ခန့်မှန်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဖြစ်နိုင်သည်က ရှေးဟောင်းနတ်ဘုရား နယ်မြေတွင် ချမှတ်ထားသည့် အတားအဆီး အချို့ကြောင့် သူတို့က သည်နှစ်ပေါင်း များစွာတွင် ကျင့်ကြံမှုအဆင့် တိုးတက်လာမှုကို တားဆီးထားသည့် ပုံပင်။

သို့ရာတွင် သည်ရှေးဟောင်း ကျင့်ကြံသူများ၏ လက်ဝယ်တွင် ခုလက်ရှိ အနာဂတ် မျိုးဆက်များ မသိနိုင်သည့် နည်းစနစ် အချို့ ပိုင်ဆိုင်ထားကြ၏။ သူတို့က ၎င်းနည်းစနစ်များကို အသုံးပြုလျှင် သူတို့၏ စွမ်းအားများက ချက်ချင်းတိုးတက် သွားပေလိမ့်မည်။

“တာ့ဆန် ... သူက ခုထိ အလွတ်အကျွတ် လွတ်မလာသင့်သေးဘူး။ မဟုတ်ရင် သူက ခုလို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားစရာ လိုမှာ မဟုတ်ဘူး။ သူက အပြည့်အဝသာ လွတ်လာရင် သူကိုယ်တိုင် ငါ့ကို လာရှာမှာပဲ။ ဒါပေမဲ့ သူက ဒီနေရာကို ရောက်လာတာ ငါ့ကို လိုက်လံ ဖမ်းဆီးဖို့ ဘာကြောင့် မဟုတ်ရတာလဲ။ သူက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် အတွက်များ ရောက်လာတာလား ...” ဝမ်လင်း စိတ်နှလုံးထဲ၌ တုန်ယင်လို့ နေသည်။

“ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်က သူ့ကို ရှေးဟောင်းနတ်ဘုရား နယ်မြေကနေ လုံးဝ လွတ်မြောက်စေနိုင်မဲ့ အရာများ ဖြစ်နေမလား ...” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

သည်အခိုက်တွင် စိတ်ဝိညာဉ်တောင်က နောက်တစ်ကြိမ် စတင် တုန်ခါလာလေ၏။ ကောင်းကင်ထက်၌လည်း ကျယ်လောင်သော အသံများက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ တတိယကြိမ်မြောက် ပြိုကျမှုက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ဟင်္သာပြဒါး အုတ်ဂူ၏ အတွင်းပိုင်းခြမ်း တော်တော်များများက မရေမတွက်နိုင်သော အက်ကွဲကြောင်းများ အဖြစ်သို့ ပျက်စီး သွားကြလေသည်။ စိတ်ဝိညာဉ်တောင်ကို မရှာနိုင်သည့် ကျင့်ကြံသူများနှင့် စွန့်ပစ်ခံ မသေမျိုးကလန် အဖွဲ့ဝင်များ အားလုံးက သေဆုံးသွားကြတော့၏။

***

All Chapters