အခန်း ၄၁
Vol. 5 Ch. 41
အခန်း (၄၁) - မင်း ငါ့အပေါ် ဘာတွေ ထပ်လုပ်လိုက်ပြန်တာလဲ
ထူထူက ကျူးလင်၏ လက်ထဲရှိ အဆောင်ကို ကြည့်ကာ ပြောလိုက်သည်။
"သခင်မ... သခင်မရဲ့ အဆောင်ဖန်တီးတဲ့ စွမ်းရည်နဲ့ဆိုရင် ဒါကို စမ်းသပ်နေဖို့တောင် မလိုပါဘူး... ဒါက ကျိန်းသေပေါက် အလုပ်ဖြစ်မှာပါ..."
ကျူးလင်က ခပ်ဖွဖွရယ်မောရင်း ထူထူ၏ ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။
"ငါက စပ်စုချင်ရုံသက်သက်ပါ... စမ်းသပ်ကြည့်ရအောင်..."
ထိုသို့ပြောပြီးနောက် သူမက အခြားစားပွဲတစ်ခုတွင် အိပ်ပျော်နေသော အမျိုးသားသုံးဦးကို လှမ်းကြည့်လိုက်သည်။ သူမက သူတို့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။
"ရှို့ဝူအပေါ်မှာပဲ စမ်းကြည့်ရအောင်... တစ်ခုခု မှားယွင်းသွားရင်တောင် မိစ္ဆာနတ်ဘုရားကတော့ အသက်ရှင်နိုင်ဦးမှာပဲ မဟုတ်လား..."
သူမ၏ စကားကို ကြားသောအခါ ထူထူက ရှို့ဝူကို သနားစဖွယ် ကြည့်လိုက်သည်။
အမှန်တကယ်ပင် ၎င်း၏ သခင်မသည် သူ့ကို မသေနိုင်သော မိစ္ဆာနတ်ဘုရားအဖြစ် ထင်မှတ်နေဆဲဖြစ်ပြီး ရန်ငြိုးထားနေဆဲ ဖြစ်သည်။
ထူထူက ခေါင်းကို ခါယမ်းလိုက်ရင်း ဘာမှဆိးဆိုးရွားရွား မဖြစ်စေရန် ဆုတောင်းလိုက်သည်။ အကြောင်းမှာ သူတို့ရှေ့မှ မိစ္ဆာနတ်ဘုရားသည် ယခုအခါ သာမန်လူသားတစ်ဦးမျှသာ ဖြစ်သောကြောင့်ပင်။
ကျူးလင်က အဆောင်ကို သူမ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကိုင်ထားရင်း တိုးညင်းစွာ ရွတ်ဆိုလိုက်သည်။
"ဖြစ်တည်စေ..."
သူမ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် အပြာရောင်မီးတောက်တစ်ခုက အဆောင်ကို ဝါးမြိုသွားပြီး တောက်လောင်နေသော အဆောင်၏ ရှေ့တွင် သေးငယ်သော ဝင်္ကပါတစ်ခု ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် ထိုသေးငယ်သော ဝင်္ကပါဆီမှ အလင်းတန်းတစ်ခုက ရှို့ဝူဆီသို့ ပစ်လွှတ်သွားသည်။ အလင်းတန်းက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး နှစ်စက္ကန့်ခန့်အကြာတွင် ပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ဒုတိယအရေပြားတစ်ခုကဲ့သို့ ကာကွယ်ရေးအတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။
အဆောင်က ပြာအဖြစ်သို့ လောင်ကျွမ်းသွားပြီးနောက် သူမက မတ်တတ်ရပ်ကာ ရှို့ဝူဆီသို့ လျှောက်သွားလိုက်သည်။
သူမက သူ့မျက်နှာကို ခဏမျှ စိုက်ကြည့်ပြီးနောက် ကျိယန်နှင့် ထန်ဝေ့တို့ကို လှမ်းကြည့်လိုက်သည်။ ကျိယန်နှင့် ထန်ဝေ့တို့မှာ ချွေးစေးများ တရွှဲရွှဲထွက်ကာ မျက်မှောင်ကြုတ်လျက် အိပ်ပျော်နေကြသည်ကို မြင်သောအခါ သူမက ခေါင်းကို ပြန်လှည့်၍ ရှို့ဝူကို ကြည့်လိုက်ပြန်သည်။
မူလက သူသည်လည်း အိပ်ပျော်နေစဉ် ချွေးများစွာ ထွက်နေခဲ့သည်။ သို့သော် ကျူးလင်က သူ့အပေါ်သို့ ရေခဲဓာတ် ကာကွယ်ရေးအဆောင်ကို အသုံးပြုလိုက်သောအခါ သူ့ချွေးများက တဖြည်းဖြည်း ခြောက်သွေ့သွားပြီး မျက်ခုံးများမှာလည်း ကြုတ်မထားတော့ပေ။
ကျူးလင်က အခြားစားပွဲရှည်ကြီးဆီသို့ ပြန်လျှောက်သွားရင်း ပြောလိုက်သည်။
"ကာကွယ်ရေးအဆောင်က တကယ်ပဲ အလုပ်လုပ်ပုံရတယ်..."
ထူထူက ခေါင်းညိတ်ကာ မေးလိုက်သည်။
"သခင်မ... ရေခဲဓာတ်ကာကွယ်ရေးအဆောင်တွေကို ပိုပြီး ဖန်တီးချင်သေးလား..."
သူမက စုတ်တံကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အင်း... အသုံးပြုတဲ့ ပစ္စည်းတွေထဲမှာ ဝိညာဉ်စွမ်းအင် မပါဝင်တဲ့အတွက် အဆောင်ရဲ့ အာနိသင်က ငါးနာရီကြာပြီးရင် ပျောက်ကွယ်သွားလိမ့်မယ်..."
“အခုက အရမ်းပူလွန်းနေတော့ သူတို့သာ ဒီအဆောင်ကို မသုံးရင် အပူလျှပ်ပြီး သေဆုံးတာ ဒါမှမဟုတ် အရေပြားလောင်ကျွမ်းတာတွေ ဖြစ်နိုင်တယ်..."
ထိုသို့ပြောပြီးနောက် ကျူးလင်က ရေခဲဓာတ် ကာကွယ်ရေးအဆောင်များကို ပိုမိုဖန်တီးရန် စတင်လိုက်သည်။
လေးနာရီခန့် ကြာပြီးနောက် ရှို့ဝူ နိုးလာသောအခါ လန်းဆန်းမှုကို ခံစားလိုက်ရသည်။ သူက မျက်လုံးများကို ဖွင့်လိုက်ပြီး လေထုထဲသို့ ငေးမောစွာ ကြည့်နေမိသည်။
သူ ငေးမောစွာ ကြည့်နေသည်ကို မြင်သောအခါ ကျူးလင်က မေးလိုက်သည်။
"နိုးပြီလား..."
သူမ၏ အသံကို ကြားသောအခါ သူက သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
သူက နိုးခါစ ဖြစ်သောကြောင့် အသံမှာ အနည်းငယ် အက်ရှရှနှင့် တိုးညှင်းနေသည်။ စားပွဲပေါ်ရှိ စက္ကူ၊ မင်နှင့် စုတ်တံတို့ကို မြင်သောအခါ သူက မတ်တတ်ရပ်ပြီး ကျူးလင်ဆီသို့ လျှောက်သွားလိုက်သည်။
သူက သူမ၏ ရှေ့တွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။
"ဘာလုပ်နေတာလဲ..."
ကျူးလင်က မျက်လုံးများကို ပင့်ကာ သူ့ကို ကြည့်ရင်း ပြောလိုက်သည်။
"ကာကွယ်ရေးအဆောင်တချို့ ဖန်တီးနေတာ..."
ထိုသို့ပြောပြီးနောက် သူမက ရေခဲဓာတ် ကာကွယ်ရေးအဆောင်များနှင့် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ အရာအားလုံးကို ရေခဲပန်းပွင့်ဆွဲသီးထဲသို့ ထည့်လိုက်ရင်း သူမက မေးလိုက်သည်။
"ပူနေသေးလား..."
သူမ၏ မေးခွန်းကြောင့် ရှို့ဝူက သူ့လည်ပင်းအနောက်ဘက်ကို ပွတ်သပ်ရင်း သံသယဖြစ်စွာ ပြောလိုက်သည်။
"မပူတော့ဘူး... အဲဒီအစား နည်းနည်းတောင် အေးသလို ခံစားရတယ်..."
သူက သံသယဖြစ်စွာ တွေးလိုက်မိသည်။
'ငါ အအေးမိသွားတာလား...'
သူ့အဖြေကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"အဆောင်ကို သုံးတဲ့အခါ အပူချိန်ကို ညှိဖို့ လိုအပ်ပုံရတယ်..."
ရှို့ဝူက သူမ၏ စကားထဲမှ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး သံသယစိတ်ဖြင့် မေးလိုက်သည်။
"ဟင်…အဆောင်ကို သုံးတဲ့အခါဟုတ်လား... မင်း ငါ့အပေါ် တစ်ခုခု သုံးလိုက်တာလား..."
ကျူးလင်က မော့ကြည့်လိုက်ရာ သူမအား မျက်မှောင်ကြုတ်ကာ ကြည့်နေသော သူ့ကို မြင်လိုက်ရသည်။
သူမက သူမ၏ အပြစ်မကင်းစိတ်ကို ဖုံးကွယ်ရန် ခပ်ဖွဖွချောင်းဆိုးလိုက်ပြီး သူ့ထံမှ မျက်လုံးချင်းလွှဲကာ ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
ရှို့ဝူက သူမ၏ အပြစ်မကင်းသော မျက်နှာကို ကြည့်ကာ စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခေါက်ရင်း ပြောလိုက်သည်။
"ပြောစမ်းပါဦး... မင်း ငါ့အပေါ် ဘာတွေ ထပ်လုပ်လိုက်ပြန်တာလဲ..."
သူ့စကားကို ကြားသောအခါ ကျူးလင်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ထပ်လုပ်လိုက်ပြန်တာလဲ ဟုတ်လား... အရင်က ကျွန်မ ရှင့်အပေါ် ဘာလုပ်ခဲ့လို့လဲ..."
ရှို့ဝူက ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။
"ငါတို့ ပထမဆုံးတွေ့တုန်းက မင်း ငါ့အပေါ် စော်ကားခဲ့တာလေ... မေ့သွားပြီလား..."
သူ့စကားကို ကြားပြီးနောက် ကျူးလင် ဆွံ့အသွားသည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူမက သတိပြန်ဝင်လာပြီး ပျာပျာသလဲ ပြောလိုက်သည်။
"လျှောက်မပြောနဲ့... ကျွန်မ ဘယ်တုန်းက ရှင့်ကို စော်ကားခဲ့လို့လဲ... ဒီလိုစကားကို စည်းမရှိကမ်းမရှိ မပြောသင့်ဘူး..."
ရှို့ဝူက သူမ မျက်လုံးချင်းလွှဲသွားသည်အထိ အကြာကြီး စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
"ငါတို့ ပထမဆုံးတွေ့တုန်းက မင်း ငါ့ခန္ဓာကိုယ်ထဲကို စူးစမ်းခဲ့တယ်လေ... အဲဒါက ငါ့ခန္ဓာကိုယ်ကို စော်ကားကျူးကျော်ခဲ့တာနဲ့ မတူဘူးလား..."
သူမက မုသားမဆိုနိုင်သလို ရှို့ဝူပြောသည်မှာလည်း မမှားသဖြင့် ကျူးလင်မှာ နှုတ်ခမ်းလေးကို ဟဟလေးသာ ဖွင့်ထားနိုင်ပြီး အချိန်အတော်ကြာအောင် စကားတစ်လုံးမျှ မပြောနိုင်တော့ပေ။
သူမ၏မျက်နှာလေး ဒေါသကြောင့် နီရဲနေသည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်သည်။
"ကဲပါ... ထားလိုက်ပါတော့... စိတ်မဆိုးပါနဲ့... အခုပြောပြပါဦး... ငါ အိပ်ပျော်နေတုန်းက ငါ့ကို ဘာလုပ်လိုက်တာလဲ..."
ကျူးလင်က စိတ်အေးသွားစေရန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရေခဲဓာတ် ကာကွယ်ရေးအဆောင်တစ်ခုကို စားပွဲပေါ်သို့ တင်ကာ ပြောလိုက်သည်။
"ဒါက ငါ အခုလေးတင် ဖန်တီးထားတဲ့ ရေခဲဓာတ် ကာကွယ်ရေးအဆောင်ပဲ... ဒါက အသုံးပြုသူရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ကာကွယ်ရေးနယ်မြေတစ်ခုကို ဖန်တီးပေးနိုင်ပြီး ရေခဲဓာတ်ဝင်္ကပါ ပါဝင်တဲ့အတွက် ကာကွယ်ရေးနယ်မြေထဲက အပူချိန်ကို လျှော့ချပေးနိုင်တယ်... ရှင် အိပ်ပျော်နေတုန်းက ကျွန်မ ဒီအဆောင်ကို မင်းအပေါ် အသုံးပြုခဲ့တာ..."
သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် ရှို့ဝူက အဆောင်ကို သေချာကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်း ငါ့ကို စမ်းသပ်ခံအဖြစ် သုံးလိုက်တာပဲ မဟုတ်လား..."
ကျူးလင်က သူ့မေးခွန်းကို ပြန်မဖြေဘဲ နေသဖြင့် ရှို့ဝူက အဆောင်ကို ပြန်ချလိုက်သည်။ သူက မေးစေ့ကို လက်ဖြင့်ထောက်ကာ သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျေးဇူးပါပဲ လင်အာ... မင်းရဲ့ အဆောင်ကြောင့် ငါ ကောင်းကောင်း အိပ်ပျော်ခဲ့ရတယ်..."
သူ့ထံမှ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားကို ကြားရသောအခါ ကျူးလင်မှာ အလွန်ပင် အားနာသွားရသည်။
သူမက သူ့ကို စမ်းသပ်ရန်အတွက်သာ အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း သူကမူ စိတ်ရင်းဖြင့် ကျေးဇူးတင်နေခဲ့သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မျက်လုံးများကို နှိမ့်ချလိုက်ကာ ရိုးသားစွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်မ ရှင့်ကို စမ်းသပ်ခံအဖြစ် သုံးမိသွားတယ်..."