← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) - အစိမ်းရောင် နွယ်ပင်များ

မီးတောက်များက နွယ်ပင်များနှင့် လူငယ်၏ ခန္ဓာကိုယ်ကို ဝါးမြိုနေစဉ် အမျိုးသမီးက လူငယ်၏ နောက်ဆုံးရုန်းကန်မှုကို အေးဆေးတည်ငြိမ်စွာ ကြည့်နေခဲ့သည်။

လူငယ်က တဖြည်းဖြည်း သတိလွတ်လာသည်နှင့် အမျိုးသမီးက သူ၏ လည်ပင်းတွင် ပတ်ထားသော နွယ်ပင်ကို ပို၍ တင်းကျပ်လိုက်သည်။

တစ်စက္ကန့်အကြာတွင် တိတ်ဆိတ်နေသော အခန်းထဲ၌ အရိုးကျိုးသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

ဂျွတ်...

ဂျွတ်...

လူငယ်၏ လည်ပင်းရိုး ကျိုးသွားပြီး မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့သည်။

သူ သေဆုံးသွားချိန်တွင် နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခု စွဲထင်နေဆဲ ဖြစ်သည်။

မီးတောက်များ နောက်ဆုံးတွင် ငြိမ်းသတ်သွားသောအခါ အမျိုးသမီးက လူငယ်၏ တစ်ဝက်တစ်ပျက် ကျွမ်းနေသော အလောင်းကို ခဏမျှ စိုက်ကြည့်နေပြီးနောက် နွယ်ပင်တစ်ပင်ဖြင့် အလောင်းကို ထိုးစိုက်လိုက်သည်။

ဂလု...

ဂလု...

ဂလု...

စုပ်ယူနေသော ထူးဆန်းကျောချမ်းဖွယ် အသံက တိတ်ဆိတ်နေသော အခန်းထဲတွင် ပဲ့တင်ထပ်နေပြီး မည်သူမျှ ခေါင်းမဖော်ရဲကြချေ။

မိနစ်အနည်းငယ် ကြာပြီးနောက် အမျိုးသမီးက နွယ်ပင်ကို ထိန်းချုပ်ကာ ဖြူဖွေးနေသည့် အရိုးစုကို ရတနာတစ်ခုကဲ့သို့ အခန်း၏ အခြားတစ်ဖက်ထောင့်သို့ ညင်သာစွာ ပို့ဆောင်လိုက်သည်။

သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း အမျိုးသမီးက နီရဲသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ထောင့်တွင် ထိုင်နေကြသော လူသားများကို တစ်ဖန် ပြန်ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူမ၏ အဖြူရောင် ဂါဝန်အောက်မှ ရေတွက်မရနိုင်သော နွယ်ပင်များ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။

ဆေးရုံအတွင်း၌ စူးစူးဝါးဝါး အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး အခန်းထောင့်ရှိ အရိုးစုပုံထဲသို့ အရိုးစုများ တစ်ခုပြီးတစ်ခု တိုးပွားလာခဲ့သည်။

ဆေးရုံနှင့် မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံထဲတွင်မူ ကျူးလင်၊ ရှို့ဝူနှင့် ထန်ဝေ့တို့က ဖုတ်ကောင်များကို သတ်ဖြတ်ရန် အလုပ်ရှုပ်နေကြပြီး ထူထူနှင့် ကျီယန်တို့က ပုံဆောင်ခဲအမြုတေများကို တူးဖော်ရန် အလုပ်ရှုပ်နေကြသည်။

ဆေးရုံဘက်မှ ထွက်ပေါ်လာသော စူးစူးဝါးဝါး အော်ဟစ်သံများကို ကြားလိုက်ရသောအခါ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထန်ဝေ့က အော်ဟစ်သံများကို ကြားလိုက်ရသောအခါ ဖုတ်ကောင်တစ်ကောင်ကို အေးဆေးတည်ငြိမ်စွာ မီးရှို့သတ်ပစ်လိုက်ပြီး မေးလိုက်သည်။

"အဲဒီ အော်သံတွေက ဆေးရုံဘက်ကလား..."

ရှို့ဝူက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အင်း... ငါတို့ မြန်မြန်လုပ်ကြရအောင်... ဆေးဝါးတွေ သွားယူဖို့ ဆေးရုံကို သွားရဦးမယ်..."

ထန်ဝေ့က သရဲကြောက်တတ်သော်လည်း အခြားအရာများကိုမူ မကြောက်ပေ။

အဖြူရောင်ဂါဝန်ဝတ် အမျိုးသမီးက သရဲမဟုတ်ကြောင်း သိထားသဖြင့် သူက ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"သူက ဘာကောင်လဲ မသိဘူး... အဲဒီနေရာမှာ အေးအေးဆေးဆေး ရပ်နေနိုင်တာကို ကြည့်ရင် တော်တော်လေး သန်မာတာ ဖြစ်ရမယ်..."

ရက်အနည်းငယ်ကြာ အတူတူ လက်တွဲလုပ်ဆောင်ခဲ့ကြပြီးနောက် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်နိုင်စွမ်းက ပိုမိုကောင်းမွန်လာခဲ့သည်။

တစ်နာရီအတွင်းမှာပင် သူတို့က ရုံးအဆောက်အအုံအတွင်းရှိ ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် ဆေးရုံသို့ အပြေးအလွှား သွားခဲ့ကြသည်။

အခြားအဆင့်နိမ့် ဖုတ်ကောင်များကို ထိန်းချုပ်မည့် ဖုတ်ကောင်လေး မရှိတော့သဖြင့် သူတို့က ဆေးရုံဆီသို့ လွယ်ကူစွာပင် ရောက်ရှိသွားခဲ့သည်။

လူလေးယောက်နှင့် ယုန်ဖြူလေးတစ်ကောင်သည် ဆေးရုံအပြင်ဘက်တွင် ရပ်နေရင်း ဆေးရုံဝင်ပေါက် ပတ်ပတ်လည်ရှိ မြေပြင်ပေါ်တွင် ဖုံးလွှမ်းနေသော အစိမ်းရောင်နွယ်ပင်များကို ကြည့်လိုက်ကြသည်။

ထူထူက ကျူးလင်၏ ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး မေးလိုက်သည်။

“သခင်မ... ဒါက အရင်တုန်းက အလောင်းပန်းနဲ့ တူတူပဲလား...”

ကျူးလင်က နွယ်ပင်များကို စဉ်းစားတွေးတောစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါလည်း သေချာမသိဘူး... နွယ်ပင်တွေက သာမန်လိုပဲ ထင်ရပေမဲ့ ဒီနွယ်ပင်တွေထဲမှာ ပြင်းထန်တဲ့ မိစ္ဆာစွမ်းအင်တွေ စီးဆင်းနေတာကို ငါ ခံစားနေရတယ်...”

ထူထူက ထပ်မေးလိုက်သည်။

“ဒါဆို ဘယ်လိုလုပ်ကြမလဲ... ဆေးရုံတစ်ခုလုံးက နွယ်ပင်တွေနဲ့ ဖုံးလွှမ်းနေတာ ကျွန်တော်တို့ အထဲကို ဝင်လို့ရမှာလား...”

ကျူးလင်က ထူထူ၏ မေးခွန်းကို မဖြေနိုင်ခင်မှာပင် သူမ၏ ဘေးနားမှ ရှို့ဝူ၏ အသံ ထွက်ပေါ်လာခဲ့သည်။

ရှို့ဝူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ထန်ဝေ့... အဲဒီနွယ်ပင်တွေကို မီးရှို့ဖို့ ကြိုးစားကြည့်စမ်း..."

ထန်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် လက်ကို မြှောက်ကာ သူ၏ စွမ်းအင်များကို လက်ဖဝါးဆီသို့ ပို့လွှတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ကြီးမားသော မီးလုံးကြီးနှစ်လုံး ပျံသန်းထွက်သွားပြီး နွယ်ပင်များဆီသို့ ဦးတည်သွားခဲ့သည်။

ဝုန်း...

ဝုန်း...

မီးလုံးများက နွယ်ပင်များကို ထိမှန်သွားပြီး ကျယ်လောင်သော အသံကို ဖြစ်ပေါ်စေကာ အနီးနားရှိ ဖုတ်ကောင်အချို့ကို ဆွဲဆောင်လိုက်သည်။

ထိုဖုတ်ကောင်များ ချဉ်းကပ်လာသည်ကို မြင်သောအခါ ရှို့ဝူက လက်ကို မြှောက်လိုက်ပြီး သူ၏ စွမ်းရည်ဖြင့် ဖုတ်ကောင်များ၏ ခေါင်းများကို ဖြတ်တောက်ပစ်လိုက်သည်။

ဖုတ်ကောင်တစ်ကောင်၏ ဦးခေါင်းထဲတွင် ပုံဆောင်ခဲအမြုတေ ရှိနေသည်ကို အာရုံခံမိသဖြင့် ထူထူက ပုံဆောင်ခဲအမြုတေကို တူးထုတ်ရန် ပြေးထွက်သွားခဲ့သည်။

ယုန်ကလေးက သေးငယ်သော ပုံဆောင်ခဲအမြုတေလေးကို ကိုင်ဆောင်ကာ ပြန်ရောက်လာချိန်တွင် ဖုန်မှုန့်များ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

သူတို့က နွယ်ပင်များကို တစ်ဖန် ပြန်ကြည့်လိုက်ကြရာ ထန်ဝေ့၏ မီးလုံးများက နွယ်ပင်များပေါ်တွင် သေးငယ်သော မီးလောင်ရာလေးတစ်ခုသာ ချန်ထားခဲ့နိုင်သည်ကို တွေ့လိုက်ရသည်။

ထန်ဝေ့က မျက်ခုံးပင့်လိုက်ပြီး နွယ်ပင်များဆီသို့ မီးလုံးအချို့ ထပ်မံပစ်လွှတ်လိုက်သော်လည်း မည်သည့်မီးလုံးကမျှ နွယ်ပင်များကို ကြီးကြီးမားမား ပျက်စီးအောင် မလုပ်နိုင်ခဲ့ပေ။

သူက ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်စဉ် ရှို့ဝူက သူ့ကို တားဆီးကာ ပြောလိုက်သည်။

"ဒီနွယ်ပင်တွေက မီးဒဏ်ခံနိုင်ပုံရတယ်... ငါ စမ်းကြည့်မယ်..."

ထိုသို့ပြောပြီးနောက် ရှို့ဝူက သူ၏ စွမ်းရည်ကို အသက်သွင်းကာ နွယ်ပင်များကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။

သူ၏ တိုက်ခိုက်မှုက ထိရောက်သည်ကို မြင်သောအခါ ကျီယန်က ပြောလိုက်သည်။

"တော်သေးတာပေါ့... လောင်ရှို့ရဲ့ နေရာလွတ်ဓားသွားက ဖြတ်နိုင်လို့..."

သူတို့ သက်ပြင်းမချနိုင်ခင်မှာပင် နွယ်ပင်က လှုပ်ရှားသွားပြီး ဖြတ်တောက်ခံလိုက်ရသော နေရာမှ နွယ်ပင်အသစ်တစ်ခု လျင်မြန်စွာ ပြန်လည်ကြီးထွားလာခဲ့သည်။

နွယ်ပင်များ၏ ပြန်လည်ရှင်သန်နှုန်းကို ကြည့်ရင်း ထန်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒီနွယ်ပင်တွေကို မီးရှို့လို့လည်း မရဘူး... ဖြတ်လို့လည်း မရဘူး... ဒီသန္ဓေပြောင်းအပင်က တကယ့်ကို ရင်ဆိုင်ရ ခက်ခဲမဲ့ပုံပဲ..."

သူတို့၏ ညှိုးငယ်နေသော မျက်နှာများကို ကြည့်ကာ ကျူးလင်က မေးလိုက်သည်။

"ကျွန်မတို့ တခြားဆေးရုံကို သွားရင်ရော ဘယ်လိုလဲ..."

ရှို့ဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“မြို့လယ်ခေါင်မှာရှိတဲ့ အနီးဆုံးဆေးရုံကလွဲရင် ဒီနယ်မြေထဲမှာ တခြားဆေးရုံ မရှိတော့ဘူး...”

“ဒါပေမဲ့ တခြားဆေးရုံကို သွားဖို့ဆိုရင် လူဦးရေထူထပ်တဲ့ လူနေရပ်ကွက်တွေနဲ့ ဈေးဝယ်စင်တာတွေကို ဖြတ်သန်းသွားရလိမ့်မယ်...”

“လမ်းတစ်လျှောက်မှာ ဖုတ်ကောင်တွေ အများကြီး ရှိနေတဲ့အပြင် အဲဒီဆေးရုံထဲမှာလည်း ဖုတ်ကောင်တွေ အများကြီး ရှိနေတယ်..."

သူက မျက်မှောင်အနည်းငယ်ကြုတ်ကာ ထပ်လောင်းပြောလိုက်သည်။

“ကမ္ဘာပျက်ကပ် မတိုင်ခင်တုန်းက လူအများကြီး ဖျားနာခဲ့ကြပြီး အများစုက အဲဒီဆေးရုံမှာ ကုသမှုခံယူခဲ့ကြတာ...”

“ကံဆိုးစွာနဲ့ပဲ တစ်ပတ်အကြာမှာ သူတို့အားလုံး ဖုတ်ကောင်တွေ ဖြစ်သွားခဲ့ကြတယ်... ငါတို့ လေးယောက်တည်း အဲဒီကို သွားဖို့က အရမ်းအန္တရာယ်များလွန်းတယ်..."

တခြားဆေးရုံသို့ သွားရန်မှာ အလွန်စွန့်စားရသဖြင့် သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ဤဆေးရုံမှ ဆေးဝါးများကို စုဆောင်းရန်သာ ဖြစ်သည်။

မဟုတ်ပါက ကျူးလင်အနေဖြင့် သူမ၏ တာဝန်ကို စွန့်လွှတ်ရမည်ဖြစ်ပြီး ဒဏ်ကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်။

ဤအရာက သူမ၏ တာဝန်ဖြစ်သောကြောင့် ရှို့ဝူက မေးလိုက်သည်။

"လင်အာ... မင်း ဘာလုပ်ချင်လဲ... ငါတို့ ဒီဆေးရုံကိုပဲ ဝင်မလား... ဒါမှမဟုတ် အခုပဲ စခန်းကို ပြန်ကြမလား..."

ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မ တစ်ယောက်တည်းပဲ ဝင်သွားမယ်... ဒါက ကျွန်မရဲ့ တာဝန်ပဲ... ပြီးတော့ ရှင်တို့ သုံးယောက်ကိုလည်း ဒီလိုမျိုး စွန့်စားမှုတွေ မလုပ်စေချင်ဘူး..."

ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှို့ဝူက ပြောလိုက်သည်။

"မဖြစ်ဘူး... ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်..."

All Chapters