အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆) - ဆုတ်ခွာခြင်း
ကျီယန်နှင့် ထန်ဝေတို့က ရှို့ဝူကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အချင်းချင်း ခေတ္တမျှ ကြည့်လိုက်ကြလေသည်။ ထို့နောက် ကျီယန်က ကျူးလင်ကို ပြုံးပြရင်း ပြောလိုက်သည်။
"ကျွန်တော်ကတော့ လောင်ရှို့နောက်ပဲ လိုက်ခဲ့မယ်..."
ထန်ဝေကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော်လည်း အတူတူပဲ..."
သူတို့ပြောသည်ကို ကြားသောအခါ ကျူးလင်က သူတို့ကို ပြုံးပြရင်း ပြောလိုက်သည်။
"ရှင်တို့ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ရှင်တို့ ဒီလိုလုပ်ဖို့ မလို…"
ရှို့ဝူက သူမ၏စကားကို ဖြတ်ပြောလိုက်သည်။
"ငါတို့က တစ်ဖွဲ့တည်းလေ... အတူတူပဲ သွားကြမယ်..."
ကျူးလင်က ခေတ္တမျှ စဉ်းစားပြီးနောက် ရေခဲပန်းပွင့်ဆွဲသီးထဲမှ စုတ်တံနှင့် မင်ရည်ကို ထုတ်ယူလိုက်လေသည်။ သူမသည် စုတ်တံဦးဖျားကို မင်ရည်ထဲ နှစ်လိုက်ပြီးနောက် ရှို့ဝူ၏ ဘယ်ဘက်လက်မောင်းကို ဆွဲယူလိုက်၏။
သူမက သူ့လက်မောင်းပေါ်တွင် အစီအရင်ကို ရေးဆွဲရင်း ရှင်းပြလိုက်သည်။
"ဒါက နှလုံးကာကွယ်ရေး အစီအရင်ပဲ... ရှင့်ရဲ့အသက်ကို တစ်ကြိမ် ကယ်တင်ပေးနိုင်လိမ့်မယ်..."
အစီအရင် ရေးဆွဲပြီးသွားသောအခါ သူမက ထန်ဝေကို ကြည့်ကာ သူ၏လက်မောင်းကို ဆွဲယူပြီး ထိုအစီအရင်ကိုပင် ရေးဆွဲပေးလိုက်ပြန်သည်။
သူမ စကားမပြောရသေးမီ ကျီယန်က သူ၏လက်မောင်းကို သူမထံ ဆန့်တန်းပေးရင်း ပြောလိုက်သည်။
"ကျွန်တော့်ကိုတော့ ပိုကြီးတာလေး ဆွဲပေးပါဦး..."
သူ၏ နူးညံ့သော အပြုံးကို ကြည့်ရင်း ကျူးလင်က တိုးတိုးလေး ရယ်မောကာ ပြောလိုက်သည်။
"ကောင်းပါပြီ..."
သူတို့၏ လက်မောင်းများပေါ်တွင် အစီအရင်များ ရေးဆွဲပြီးနောက် သူမသည် စုတ်တံနှင့် မင်ရည်ကို ပြန်သိမ်းလိုက်ပြီး သူတို့ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီနှလုံးကာကွယ်ရေး အစီအရင်က ရှင်တို့အသက်ကို တစ်ကြိမ်ပဲ ကယ်တင်ပေးနိုင်တာ... ရှင်တို့ ချက်ချင်း သေဆုံးသွားမယ်ဆိုရင်တော့ ဒီအစီအရင်က အသုံးဝင်မှာမဟုတ်ဘူး..."
ပြောပြီးသည်နှင့် ကျူးလင်က သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
"သွားကြစို့..."
စကားဆုံးသည်နှင့် သူမသည် ရှေ့သို့ ပြေးဝင်သွားပြီး နွယ်ပင်များကို စတင်ခုတ်ပိုင်းလေတော့သည်။
သူမ မီတာအနည်းငယ် ကွာဝေးသည့် အနောက်ဘက်သို့ ရောက်ရှိသွားသည်ကို မြင်သောအခါ ရှို့ဝူကလည်း သူမနောက်သို့ လိုက်ပါသွားပြီး အသစ်ပြန်လည် ပေါက်ရောက်လာသော နွယ်ပင်များကို သူ၏ စွမ်းရည်ဖြင့် ဖြတ်တောက်လိုက်၏။
ထိုနှစ်ယောက်က လမ်းဖွင့်ပေးထားသဖြင့် ကျီယန်နှင့် ထန်ဝေတို့မှာ နွယ်ပင်များ၏ ရစ်ပတ်ခြင်း မခံရအောင် ဂရုစိုက်ရင်း နောက်မှ ကပ်လိုက်လာကြသည်။
အပေါ်ဆုံးထပ်ရှိ အခန်းထဲတွင် ဝတ်ရုံဖြူဝတ် အမျိုးသမီးသည် နောက်ဆုံးကျန်ရှိသော ဖြူဖွေးနေသည့် အရိုးစုကို အရိုးပုံကြီး၏ အပေါ်ဆုံးသို့ ညင်သာစွာ တင်လိုက်လေသည်။
သူမသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်ရာ ဆေးရုံအဆောက်အအုံ တစ်ခုလုံး၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။
သူမကို လာရောက်နှောင့်ယှက်နေသူများမှာ ယခင်က သူမကို လျစ်လျူရှုခဲ့သော လူသားများ ဖြစ်နေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက လှောင်ပြုံး ပြုံးလိုက်၏။
ခဏအကြာတွင် ထိုအမျိုးသမီး၏ အသားရောင်မှာ ဖြည်းဖြည်းချင်း အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း အရည်ပျော်ကျသွားလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် ကြမ်းပြင်ပေါ်၌ အစိမ်းရောင် နွယ်ပင်များ ဖုံးလွှမ်းနေသော အဖြူရောင် ဝတ်ရုံတစ်ခုသာ ကျန်ရစ်တော့သည်။
တစ်ချိန်တည်းမှာပင် ပထမထပ်၌ ရှို့ဝူက ပိုမိုပေါက်ရောက်လာသော နွယ်ပင်များကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှောင်လင်... ငါတို့ ဒီအတိုင်း ဆက်သွားလို့ မရဘူး... ငါတို့ နွယ်ပင်တွေကို ခုတ်လေလေ... သူတို့က ပိုမြန်မြန် ပြန်ပေါက်လာလေလေပဲ..."
သူက ပြောရင်းနှင့် သူ၏နှလုံးသားကို ထိုးဖောက်ရန် ကြိုးစားနေသော နွယ်ပင်ကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် ရွှေ့လိုက်ပြီးနောက် ဟင်းလင်းပြင် ဓားသွားကို ထိန်းချုပ်ကာ ထိုနွယ်ပင်ကို ဖြတ်တောက်လိုက်လေသည်။
သူပြောသည်ကို ကြားသောအခါ ကျူးလင်က နောက်ထပ် နွယ်ပင်တစ်အုပ်ကို ခုတ်ပိုင်းလိုက်ပြီး ပြောလိုက်သည်။
"ဆုတ်ကြစို့..."
ပြောပြီးသည်နှင့် သူမသည် အနီးဆုံးရှိ နွယ်ပင်များနှင့် မီတာအနည်းငယ် ကွာဝေးသော နေရာသို့ အနောက်ဘက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်ရာ ရှို့ဝူနှင့် အခြားသူများကလည်း နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
နွယ်ပင်များက အနောက်မှ လျင်မြန်စွာ လိုက်ပါလာသည်ကို ကြည့်ရင်း ကျူးလင်သည် အချိန်ဆွဲမနေတော့ဘဲ ရေခဲပန်းပွင့်ဆွဲသီးထဲမှ ရေဓာတ်အဆောင်လက်ဖွဲ့တစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်၏။
သူမသည် ရေဓာတ်အဆောင်လက်ဖွဲ့ကို သူမ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကိုင်ထားရင်း ပြောလိုက်သည်။
"စီးဆင်းစမ်း..."
သူမ စကားပြောပြီးသည်နှင့် အပြာရောင်မီးတောက်များက အဆောင်လက်ဖွဲ့ကို ဝါးမြိုသွားပြီး အဆောင်လက်ဖွဲ့၏ ရှေ့တွင် သေးငယ်သော အပြာရောင်အစီအရင်တစ်ခု ပေါ်လာလေသည်။
တစ်စက္ကန့်အကြာတွင် ထိုအစီအရင်ထဲမှ ရေများ ပန်းထွက်လာပြီး နွယ်ပင်များကို စိုရွှဲသွားစေတော့သည်။
ရှဲ...
ရေများက နွယ်ပင်များနှင့် မြေပြင်ကို စိုရွှဲသွားစေစဉ် ကျူးလင်က ရေဓာတ်အဆောင်လက်ဖွဲ့ကို လေထဲသို့ ဝှေ့ယမ်းပစ်လွှတ်လိုက်ပြီးနောက် မိုးကြိုးဓာတ်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်လေသည်။
ထို့နောက် သူမသည် ထိုအဆောင်လက်ဖွဲ့ကို ပစ်လွှတ်လိုက်ပြီး သူမ၏ ဓားဖြင့် အဆောင်လက်ဖွဲ့ကို နှစ်ပိုင်းပိုင်းလိုက်၏။
ချက်ချင်းပင် မိုးကြိုးဓာတ်အဆောင်လက်ဖွဲ့သည် အပြာရောင်မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
အဆောင်လက်ဖွဲ့များ ပြာအဖြစ်သို့ လုံးဝမပြောင်းလဲမီ မိုးကြိုးဓာတ်အဆောင်လက်ဖွဲ့၏ အောက်တွင် ခရမ်းရောင်အစီအရင်တစ်ခု ပေါ်လာလေသည်။
ရှို့ဝူနှင့် အခြားသူများက လေထဲတွင် ဝဲပျံနေသော မိုးကြိုးဓာတ်အဆောင်လက်ဖွဲ့ကိုကြည့်ရင်း ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ ကျူးလင်က သူတို့ကို မြင်သောအခါ ဆေးရုံအပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်ရင်း အော်ဟစ်လိုက်သည်။
"ပြေးကြ..."
သူတို့သည် ယခု ဘာဖြစ်နေသည်ကို နားမလည်ကြသော်လည်း သူမကို ယုံကြည်သဖြင့် ထိုနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ပြေးထွက်ခဲ့ကြလေသည်။
နောက်တစ်စက္ကန့်တွင် မိုးကြိုးဓာတ်အဆောင်လက်ဖွဲ့ ပြာကျသွားသည်နှင့်အမျှ ခရမ်းရောင်အစီအရင်ထဲမှ မရေမတွက်နိုင်သော လျှပ်စီးတန်းများ ပန်းထွက်လာတော့သည်။
ဂျိန်း... ဝုန်း...
လျှပ်စီးတန်းများက စိုရွှဲနေသော နွယ်ပင်များကို ထိမှန်သောအခါ မိုးကြိုး၏ စွမ်းအားမှာ ဆထက်ထမ်းပိုး တိုးပွားသွားပြီး နွယ်ပင်များကို ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
သူတို့ ဆေးရုံပြင်ပသို့ ပြေးထွက်လာချိန်တွင် ဆေးရုံအတွင်း၌ မိုးကြိုးသံများ ပဲ့တင်ထပ်နေဆဲ ဖြစ်၏။
ဝုန်း... ဝုန်း...
ရှို့ဝူက သူ၏အနောက်သို့ လှမ်းကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးများ ဖုံးလွှမ်းနေပြီး လေထုထဲရှိ လျှပ်စစ်စီးကြောင်းများကြောင့် သူ၏မွေးညင်းနုများပင် ထောင်ထသွားရလေသည်။
မကြာမီတွင် သူတို့သည် မောဟိုက်စွာ အသက်ရှူရင်း ဆေးရုံအပြင်ဘက်သို့ နောက်ဆုံးတွင် ပြေးထွက်နိုင်ခဲ့ကြတော့သည်။
သူ၏မျက်လုံးများမှ ချွေးများကို သုတ်လိုက်ရင်း ရှို့ဝူက ကျူးလင်ကို လှည့်ကြည့်ကာ အမောတကြီး ပြောလိုက်သည်။
"ရှောင်လင်... နောက်တစ်ခါ ဒီလိုတိုက်ကွက်မျိုး သုံးတော့မယ်ဆိုရင် ငါတို့ကို ကြိုပြောပါဦး..."
သူ၏ အသက်ရှူသံကို ပြန်လည်ထိန်းညှိပြီးနောက် ထန်ဝေ့က သူမကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်လင်... ဒီအဆောင်လက်ဖွဲ့တွေကိုလည်း မင်းပဲ လုပ်ထားတာလား..."
ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်... ဒါပေမဲ့ ခုနက ငါသုံးလိုက်တဲ့ အဆောင်တွေက အဆင့်နိမ့် အဆောင်တွေပဲ ရှိသေးတယ်...”
“အဆင့်နိမ့် အဆောင်တွေက အဲဒီနွယ်ပင်တွေကို လုံးဝဖျက်ဆီးပစ်ဖို့အထိ အားမကောင်းတာမို့လို့ ရေဓာတ်အဆောင်လက်ဖွဲ့နဲ့ မိုးကြိုးဓာတ်အဆောင်လက်ဖွဲ့ကို ပေါင်းစပ်လိုက်ရတာ...”
သူမပြောသည်ကို ကြားသောအခါ ထိုသုံးယောက်မှာ စောစောက စိုးရိမ်စရာ အခိုက်အတန့်ကို ပြန်လည်တွေးတောမိပြီး စိတ်ထဲတွင် တွေးလိုက်ကြလေသည်။
'သူမရဲ့ အဆင့်မြင့် အဆောင်လက်ဖွဲ့က ဘယ်လောက်တောင် အစွမ်းထက်မလဲဆိုတာ ငါ တကယ်ပဲ မသိချင်တော့ဘူး...'
သူတို့ ဘာတွေးနေသည်ကို မသိဘဲ ကျူးလင်က ခေါင်းမော့လိုက်ပြီး ရုတ်တရက် အော်ပြောလိုက်သည်။
"ရှောင်ကြ..."
သူမ စကားဆုံးသည်နှင့် ထိုသုံးယောက်နှင့် ထူထူတို့မှာ စောစောက ရပ်နေခဲ့သော နေရာမှ လျင်မြန်စွာ ခုန်ရှောင်လိုက်ကြလေသည်။
ဝုန်း... ဂျိန်း...
သူတို့ကို တိုက်ခိုက်လိုက်သည့်အရာက ဘာလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီ ဖုန်မှုန့်များနောက်ကွယ်မှ ထက်မြက်သော နွယ်ပင်များစွာက ပစ်ခတ်ဝင်ရောက်လာတော့သည်။
ယခုတစ်ကြိမ်တွင် ရှို့ဝူက ရှောင်မပြေးတော့ဘဲ သူ၏ ညာလက်ကို မြှောက်ကာ စွမ်းရည်ကို အသက်သွင်းလိုက်လေသည်။
ဝုန်း... ဝုန်း...