← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း (၄၈) - ဧရာမသစ်ပင်ကြီး

ကျူးလင် ထိုနေရာမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူမ ရပ်နေခဲ့သည့်နေရာသို့ ရေတွက်၍မရနိုင်သော နွယ်ပင်များက ထိုးစိုက်ဝင်ရောက်လာကြလေသည်။

ထိုအမျိုးသမီးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသော်လည်း ကျူးလင်ကို ရှာမတွေ့ချေ။

ဒေါသတကြီး အော်ဟစ်သံတစ်ခုကို လွှတ်ထုတ်လိုက်ပြီးနောက် ထိုအမျိုးသမီးသည် အရည်ပျော်ကျသွားပြီး နွယ်ပင်များနှင့် ပေါင်းစပ်သွားတော့၏။

ဆေးရုံ၏ မြေအောက်ထပ်တွင်မူ ကျူးလင်နှင့် ထူထူတို့သည် သူတို့ရှေ့ရှိ မိုးထိမတတ် မြင့်မားလှသော သစ်ပင်ကြီးကို ကြည့်နေကြလေသည်။

ထိုသစ်ပင်ကြီး၏ ပင်စည်အလယ်တွင် ကိုယ်လုံးတီးဖြစ်နေသော အမျိုးသမီးငယ်တစ်ဦးမှာ ပိတ်မိနေချေသည်။

ထူထူက သတိပေးလိုက်သည်။

"သခင်မလေး... သူမ လာနေပြီ..."

ထူထူ စကားပြောပြီးသည်နှင့် ပင်စည်ထဲတွင် ပိတ်မိနေသော ကိုယ်လုံးတီး အမျိုးသမီးငယ်သည် မျက်လုံးများကို ဖွင့်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျူးလင်သည် သူမ၏ ဓားကို မြှောက်ကာ ဧရာမသစ်ပင်ကြီးဆီသို့ ပိုင်းချလိုက်တော့၏။

ပင်းကျန့်၏ ရေခဲဓာတ်ဝင်္ကပါ စတင်အသက်ဝင်လာသည်နှင့်အမျှ ကျူးလင်၏ တိုက်ခိုက်မှုနောက်သို့ လိုက်ပါလျက် ရေတွက်၍မရနိုင်သော ရေခဲလှံများက တိုးထွက်သွားကြလေသည်။

စွပ်ခနဲ...

စွပ်ခနဲ...

စွပ်ခနဲ...

ရေခဲလှံများက ဧရာမသစ်ပင်ကြီးနှင့် ကိုယ်လုံးတီးအမျိုးသမီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသောအခါ ထိုးစိုက်မိသည့် နေရာများမှစ၍ အံ့ဩဖွယ်ကောင်းသော မြန်နှုန်းဖြင့် ရေခဲများ ပျံ့နှံ့အေးခဲသွားလေသည်။

မကြာမီအချိန်အတွင်းမှာပင် ထိုအမျိုးသမီးငယ်မှာ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သေးမီမှာတင် တစ်ကိုယ်လုံး ရေခဲရုပ်ထုအဖြစ်သို့ ပြောင်းလဲသွားပြီး ဧရာမသစ်ပင်ကြီးတစ်ခုလုံးလည်း ရေခဲရုပ်ထုကြီး ဖြစ်သွားတော့၏။

ကျူးလင်သည် ခဏမျှ စောင့်ဆိုင်းကြည့်ပြီးနောက် ဧရာမသစ်ပင်ကြီးနှင့် ထိုအမျိုးသမီးထံတွင် မည်သည့်မိစ္ဆာစွမ်းအင်မျှ ကျန်ရှိမနေတော့သည်ကို အာရုံခံမိမှသာ စိတ်သက်သာရာ ရသွားတော့သည်။

ရန်သူ သေဆုံးသွားပြီးနောက် ပင်းကျန့်သည် ရေခဲဓာတ်ဝင်္ကပါကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

ထို့နောက် ကျူးလင်သည် ဧရာမသစ်ပင်ကြီးဆီသို့ လျှောက်လှမ်းသွားပြီး ကိုယ်လုံးတီးအမျိုးသမီး၏ နဖူးအလယ်တည့်တည့်မှ အစိမ်းရောင်ပုံဆောင်ခဲအမြုတေတစ်ခုကို တူးထုတ်လိုက်၏။

ပုံဆောင်ခဲအမြုတေကို တူးထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ဧရာမသစ်ပင်ကြီးသည် လျင်မြန်သောနှုန်းဖြင့် ညှိုးနွမ်းခြောက်သွေ့သွားလေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ဧရာမသစ်ပင်ကြီး၊ အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ဆေးရုံအဆောက်အအုံတစ်ခုလုံးကို ဖုံးလွှမ်းထားသော နွယ်ပင်များအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲပျက်စီးသွားတော့၏။

ကျူးလင်သည် အစိမ်းရောင်ပုံဆောင်ခဲအမြုတေကို သူမ၏ လက်ချောင်းများကြားတွင် ညှပ်ကိုင်ထားရင်း ထူထူကို ကြည့်ကာ ပြောလိုက်သည်။

"အရွယ်အစားကို ကြည့်ရသလောက်တော့ ဒီပုံဆောင်ခဲအမြုတေက အနည်းဆုံးတော့ အဆင့်နှစ် ပုံဆောင်ခဲအမြုတေ ဖြစ်ရမယ်...”

“ဒါက နင့်ကို ဝိညာဉ်စွမ်းအင် အနည်းငယ် ပေးနိုင်လိမ့်မယ်... လောလောဆယ် သိမ်းထားလိုက်ဦး... ငါတို့ ဘေးကင်းတဲ့နေရာ ရောက်တဲ့အခါကျမှ နင် ဒါကို စုပ်ယူလိုက်ပေါ့..."

ထူထူ၏ မျက်လုံးများက တောက်ပသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်မလေး..."

ထူထူ၏ တောက်ပနေသော မျက်လုံးလေးများကို ကြည့်ကာ သူမက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် အစိမ်းရောင်ပုံဆောင်ခဲအမြုတေကို ထူထူ့ထံသို့ ပေးလိုက်လေသည်။

ထို့နောက် သူမ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ မြေအောက်ထပ်မှ ထွက်လာခဲ့တော့၏။

ပတ်ဝန်းကျင်တွင် မည်သည့်ဖုတ်ကောင် သို့မဟုတ် သန္ဓေပြောင်းသားရဲမျှ မရှိတော့သဖြင့် ကျူးလင်သည် ဆေးရုံတစ်ခုလုံးကို သေချာစွာ ရှာဖွေတော့သည်။

အသုံးဝင်မည့် ပစ္စည်းတစ်ခုခုကို တွေ့လိုက်တိုင်း သူမသည် သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်လေသည်။

ပထမထပ်မှသည် အပေါ်ဆုံးထပ်အထိ တစ်နာရီခန့် ရှာဖွေပြီးနောက်တွင် သူမသည် ဆေးရုံအပြင်ဘက်သို့ နောက်ဆုံးတွင် ထွက်လာခဲ့တော့၏။

ဆေးရုံတံခါးဝမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူမအား လှမ်းခေါ်လိုက်လေသည်။

"ရှောင်လင်..."

ရှို့ဝူသည် သူမ၏ ရှေ့တွင် ရပ်နေပြီး သေချာစွာ ကြည့်ရှုစစ်ဆေးရင်း မေးလိုက်သည်။

"ရှောင်လင်... မင်း အဆင်ပြေရဲ့လား... ဒဏ်ရာရသွားသေးလား..."

ကျူးလင်က ခေါင်းခါပြရင်း ပြောလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်... ရှင်ကော ဘယ်လိုလဲ..."

သူမ တကယ်ပင် အဆင်ပြေသည်ကို သေချာသွားမှ သူက ပြောလိုက်သည်။

"ငါကတော့ စွမ်းအင်တွေ ကုန်ခမ်းသွားလို့ ခဏလောက် နားလိုက်ရုံပါပဲ..."

သူ့စကားကို ကြားပြီးနောက် ကျူးလင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း ကျီယန်နှင့် ထန်ဝေ့တို့ကို မတွေ့သဖြင့် မေးလိုက်သည်။

"ထန်ဝေ့နဲ့ ကျီယန်ကော ဘယ်ရောက်သွားလဲ..."

ရှို့ဝူက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"သူတို့ ရိက္ခာတချို့ သွားရှာကြတယ်..."

ကျူးလင် ထပ်မံ၍ မေးခွန်းမမေးနိုင်သေးမီမှာပင် ကျီယန်နှင့် ထန်ဝေ့တို့သည် စစ်သားတစ်စုကို ဦးဆောင်လျက် ပြန်လည်ရောက်ရှိလာကြလေသည်။

ရှို့ဝူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

ကျီယန်က သက်ပြင်းချရင်း မတတ်သာသလို ပြုံးလိုက်လေသည်။

ကျီယန် စကားမပြောရသေးမီ ရှို့ဝူက မေးလိုက်သည်။

"လောင်ယန်... သူတို့က ဘယ်သူတွေလဲ..."

ထိုစစ်သားများသည် ရှို့ဝူ၏ လေသံကို ကြားရုံမျှဖြင့် သူတို့အား ကြိုဆိုခြင်းမရှိသည်ကို ရိပ်မိလိုက်ကြလေသည်။

ဗိုလ်ကြီးက ရှို့ဝူကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ကျွန်တော်တို့က စစ်တပ်စခန်းက စစ်သားတွေပါ... ကုန်စုံဆိုင်မှာ ရိက္ခာသွားစုဆောင်းရင်း ခင်ဗျားတို့ သူငယ်ချင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့တာ...”

“ခင်ဗျားတို့လည်း စခန်းကို ပြန်ကြမှာဆိုတော့ အတူတူပြန်မလားလို့ မေးကြည့်တာနဲ့ ခင်ဗျားသူငယ်ချင်းက သဘောတူလိုက်တာပါ..."

ဗိုလ်ကြီး၏ ရှင်းပြချက်ကို ကြားပြီးနောက် ရှို့ဝူသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း ကျီယန်ကို ကြည့်လိုက်လေသည်။

ကျီယန်သည် ရှို့ဝူ စိတ်မသက်မသာ ဖြစ်သွားသည်ကို သိသဖြင့် သူ့ကို ဘေးတစ်ဖက်သို့ ဆွဲခေါ်သွားတော့၏။

သူက အသံကို နှိမ့်ကာ ပြောလိုက်သည်။

"သူတို့က စခန်းကို ပြန်မလို့တဲ့... ငါတို့နဲ့ အတူတူ လိုက်ခဲ့လို့ရမလားလို့ မေးကြတယ်... ငါတို့လည်း စခန်းကို ပြန်မှာပဲဆိုတော့ သူတို့တောင်းဆိုတာကို ငါ သဘောတူလိုက်တာ..."

ရှို့ဝူသည် ထိုစစ်သားများကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းကတော့ အကျိုးအမြတ် တစ်ခုခုမရဘဲနဲ့ သူတို့တောင်းဆိုတာကို သဘောတူမယ့်လူ မဟုတ်ပါဘူး... ပြောစမ်းပါဦး... ငါတို့နဲ့ အတူလိုက်ဖို့ သူတို့ မင်းကို ဘာကတိပေးလိုက်လဲ..."

ကျီယန်က သူ့ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

"သူတို့ဆီမှာ စစ်သုံးကား သုံးစီးရှိတယ်... ငါတို့က သူတို့ကို ဒီမြို့ထဲကနေ ထွက်နိုင်အောင် ကူညီပေးမယ်ဆိုရင် သူတို့ကားနဲ့ အတူတူ လိုက်ခွင့်ပြုမယ်တဲ့...”

“သူတို့ထဲမှာ တစ်ယောက်မှ စွမ်းအားရှင် မပါဘူး... ပြီးတော့ သူတို့ဆီမှာ ကျည်ဆန်တွေလည်း ကုန်သလောက် ဖြစ်နေပြီ..."

ကျီယန်၏ အဖြေကို ကြားပြီးနောက် ရှို့ဝူသည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"ဒီသဘောတူညီချက်က မဆိုးပါဘူး... ငါတို့လည်း တတ်နိုင်သမျှ မြန်မြန်ပြန်ဖို့ လိုအပ်နေတာပဲ..."

သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း စစ်သားများသည် ကျူးလင်ကို စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

သူမသည် ဖုန်မှုန့်များ ပေကျံနေပြီး ညစ်ပေသော ဂါဝန်ကို ဝတ်ဆင်ထားသော်လည်း သူမ၏ လှပမှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

ထို့အပြင် ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီးနောက် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ၏ သေဆုံးမှုနှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြင့်မားလှသည်။

မြို့တော်ရှိ ကြီးမားပြီး စည်ကားလှသော စခန်းကြီးတွင်ပင် အမျိုးသမီး အရေအတွက်မှာ အလွန်တရာ နည်းပါးလှချေသည်။

အမျိုးသား အရေအတွက်နှင့် နှိုင်းယှဉ်ပါက အမျိုးသမီး အရေအတွက်မှာ အလွန်ပင် နည်းပါးလှသဖြင့် ရုပ်ရည် သာမန်မျှသာရှိသော အမျိုးသမီးတစ်ဦးကိုပင် အမျိုးသား အမြောက်အမြားက လုယူရန် ကြိုးပမ်းကြလေသည်။

သူတို့တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးလောက်အောင် လှပလွန်းသည့် သူမကဲ့သို့ အမျိုးသမီးမျိုးကိုမူ ပြောနေစရာပင် မလိုတော့ချေ။

စစ်သားများက ကျူးလင်ကို အကဲခတ်နေစဉ် ထန်ဝေ့သည် ထိုစစ်သားများ၏ အကြည့်များကို သတိပြုမိသွားပြီး သူတို့၏ အကြည့်များကို ကာကွယ်ရန် ရှေ့သို့ တိုးရပ်လိုက်လေသည်။

သူ့ထံမှ စူးရှသော အကြည့်ကို ရရှိလိုက်သဖြင့် စစ်သားများသည် ရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲသွားကြတော့၏။

မကြာမီအချိန်အတွင်းမှာပင် ရှို့ဝူနှင့် ကျီယန်တို့သည် ဆွေးနွေးပြီးနောက် ပြန်လည်ရောက်ရှိလာကြလေသည်။

ရှို့ဝူသည် ဗိုလ်ကြီးကို ကြည့်ကာ မေးလိုက်သည်။

"ကျုပ်သူငယ်ချင်း ပြောတာတော့ ခင်ဗျားတို့ဆီမှာ စစ်သုံးကား သုံးစီးရှိတယ်ဆို… ပြီးတော့ ကျုပ်တို့ကို အတူတူလိုက်ခွင့်ပြုမယ်ဆို… အဲဒါ တကယ်ပဲလား..."

All Chapters