အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) - စခန်းသို့ ပြန်လည်ရောက်ရှိခြင်း
ဗိုလ်ကြီးက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ကောင်းပြီ... ကျုပ်တို့ရဲ့ စစ်သုံးယာဉ်တွေကို မြို့ပြင်မှာ ဝှက်ထားခဲ့တာပါ... ဒီမြို့ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်သရွေ့တော့ ခင်ဗျားတို့အတူ လိုက်ခဲ့လို့ ရပါတယ်..."
ရှို့ဝူက ဗိုလ်ကြီးကို ခေတ္တမျှ အကဲခတ်ကြည့်ရှုပြီးနောက် ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ကျွန်တော်တို့ကတော့ ဒီညပဲ ပြန်ချင်တယ်... ခင်ဗျားတို့ကော ဘယ်လိုလဲ..."
ဗိုလ်ကြီးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ တာဝန်က ပြီးဆုံးသွားပြီဆိုတော့ ဘယ်အချိန်မဆို ပြန်လို့ ရပါတယ်..."
သူ့အဖြေကို ကြားရသောအခါ ရှို့ဝူက ပြောလိုက်သည်။
"ဒါဆိုရင် ဒီညပဲ ဒီနေရာကနေ ထွက်ကြစို့..."
ပြောပြီးနောက် သူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်လင်... မင်း အရင်ဆုံး အနားယူချင်သေးလား..."
စစ်သားများက ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ရှို့ဝူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်ကြသည်။
'ဒီညပဲ ထွက်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး သူမကို အနားယူဖို့ လိုသလားလို့ မေးနေရတာလဲ... တကယ်လို့ သူမက အနားယူချင်တယ်လို့ ပြောရင် မင်းက အစီအစဉ်တွေကို ပြောင်းလဲပစ်လိုက်တော့မှာလား...'
ထိုအချိန်တွင် စစ်သားများ ဘာတွေးနေသည်ကို ကျူးလင်က မသိရှိဘဲ ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
"မလိုပါဘူး... ကျွန်မတို့ အမြန်ဆုံး ပြန်ဖို့ လိုအပ်တယ်..."
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူမသည် မြင့်တက်လာမည့် အပူချိန်ကို စိုးရိမ်နေကြောင်း ရှို့ဝူက သိရှိလိုက်ချေသည်။ သူက သူမကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အခြားသူများဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"သွားကြစို့..."
စစ်သားများမှာ သာမန်လူများသာ ဖြစ်ကြသဖြင့် ၎င်းတို့ကို စစ်ကြောင်း၏ အလယ်တွင် ထားရှိထားလေသည်။
ရှို့ဝူနှင့် ကျူးလင်တို့က ရှေ့ဆုံးမှ ဦးဆောင်ပြီး ထန်ဝေ့က နောက်လိုက်အဖြစ် လိုက်ပါကာ ကျီယန်ကမူ စစ်သားများနှင့်အတူ စစ်ကြောင်းအလယ်တွင် နေခဲ့သည်။ ထူထူကမူ ကျီယန်၏ ပခုံးပေါ်တွင် ထိုင်နေသည်။
ကျူးလင်နှင့် ရှို့ဝူတို့က လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကို ရှင်းလင်းပေးပြီး ထန်ဝေ့က နောက်ပိုင်းကို အကာအကွယ်ပေးလာခဲ့ရာ သုံးနာရီမျှသာ ကြာမြင့်ပြီးနောက် သူတို့အားလုံး မြို့ပြင်သို့ ရောက်ရှိသွားကြတော့သည်။
ပြေးလွှားနေစဉ်အတွင်း ရှို့ဝူက ဗိုလ်ကြီးကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားတို့ရဲ့ ကားတွေကို ဘယ်မှာ ဝှက်ထားတာလဲ..."
ဗိုလ်ကြီးက မလှမ်းမကမ်းရှိ ဆီဆိုင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ဟိုမှာမြင်နေရတဲ့... ဆီဆိုင်ထဲမှာပါ..."
ပြောပြီးနောက် ဗိုလ်ကြီးက ရှေ့မှ ဦးဆောင်သွားလေသည်။
ဆီဆိုင်သို့ ရောက်ရှိသောအခါ ဗိုလ်ကြီးနှင့် စစ်သားနှစ်ဦးမှာ ဆီဆိုင်၏ နောက်ကွယ်သို့ လျင်မြန်စွာ လျှောက်လှမ်းသွားကြသည်။ မကြာမီအချိန်အတွင်းမှာပင် စစ်သုံးယာဉ် သုံးစီး မောင်းနှင်လာသည်ကို သူတို့ မြင်တွေ့လိုက်ရတော့သည်။
စက်သံများကြောင့် ဖုတ်ကောင်များမှာ ပိုမို၍ ဆွဲဆောင်ခြင်း ခံလိုက်ရကာ အုပ်စုလိုက် ရောက်ရှိလာကြသည်။ ဗိုလ်ကြီးက သူတို့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"မြန်မြန်တက်ကြ..."
အချိန်ထပ်မဆွဲတော့ဘဲ သူတို့အားလုံး ကားပေါ်သို့ လျင်မြန်စွာ တက်လိုက်ကြသည်။
ကျီယန်က ကားတံခါးကို ပိတ်လိုက်သည့် အခိုက်အတန့်တွင် စစ်သားများက လီဗာကို နင်းလိုက်ကြရာ စစ်သုံးယာဉ် သုံးစီးမှာ အက်စ်မြို့တော်အတွင်းမှ အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာသွားကြတော့သည်။
ထန်ဝေ့က နောက်ခန်းတွင် ထိုင်ကာ တောက်ပနေသော နေမင်းကြီးကို ကြည့်ရင်း ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည်။
"လောင်ယန်... ရောက်ရင် ငါ့ကို နှိုးဦးနော်..."
ကျီယန် ပြန်မဖြေနိုင်ခင်မှာပင် ထန်ဝေ့က ခေါင်းငိုက်စိုက်ကျလျက် မျက်လုံးများကို မှိတ်လိုက်ချေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ၏ တိုးညင်းသော ဟောက်သံကို ကြားလိုက်ရတော့သည်။ ဘေးထိုင်ခုံတွင် ထိုင်နေသော စစ်သားက ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။
"အိပ်ချင်ရင် အိပ်လိုက်ပါ... စခန်းကို ရောက်ရင် ကျွန်တော် နှိုးပေးပါ့မယ်..."
ကျီယန်က သူ့ကို ပြုံးပြရင်း ပြောလိုက်သည်။
"ကျေးဇူးပါပဲ အစ်ကို..."
"ကိစ္စမရှိပါဘူး..."
စစ်သားကို ကျေးဇူးတင်စကား ပြောပြီးနောက် ကျီယန်က တံခါးကို မှီလျက် မျက်လုံးများကို မှိတ်လိုက်လေသည်။ အခြားကားတစ်စီးပေါ်တွင်မူ ရှို့ဝူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းလည်း ခဏလောက် အိပ်လိုက်ပါဦး..."
ကျူးလင်က ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
"မလိုပါဘူး..."
အက်စ်မြို့တော်မှ စစ်ဘက်ဆိုင်ရာ စခန်းသို့ ကားမောင်းပါက လေးနာရီမျှသာ ကြာမြင့်မည်ဖြစ်ကြောင်း တွေးတောရင်း ရှို့ဝူက သူမကို ခေါင်းသာ ညိတ်ပြလိုက်သည်။ ဗိုလ်ကြီးက အလယ်မှန်မှတစ်ဆင့် သူတို့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"ညီလေး... မင်းမှာ သန်မာပြီး လှပတဲ့ ချစ်သူမိန်းကလေး ရှိတာ တကယ် ကံကောင်းတာပဲ..."
မနေ့ညက ရှို့ဝူနှင့် ကျူးလင်တို့၏ စွမ်းအားကို မြင်တွေ့ခဲ့ရပြီးနောက် စစ်သားအားလုံးမှာ ကျူးလင်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း မပြုမူဝံ့ကြတော့ပေ။ အလွန်ဆုံးအနေဖြင့် ရှို့ဝူကို မနာလိုသော အကြည့်အချို့ဖြင့်သာ လှမ်းကြည့်ဝံ့ကြလေသည်။
ဗိုလ်ကြီး၏ စကားကို ကြားသောအခါ ရှို့ဝူက ပြုံးရုံသာ ပြုံးနေပြီး ကျူးလင်ကမူ ချစ်သူမိန်းကလေးဟူသော စကားလုံးကို နားမလည်သဖြင့် တိတ်ဆိတ်နေခဲ့သည်။
ရှို့ဝူနှင့် ကျူးလင်တို့၏ တိတ်ဆိတ်မှုကို အဖြေတစ်ခုအဖြစ် သတ်မှတ်လိုက်ရင်း ဗိုလ်ကြီးက ရှို့ဝူကို မနာလိုစွာ တစ်ချက်ကြည့်ကာ ကားမောင်းခြင်းအပေါ်၌သာ အာရုံစိုက်လိုက်တော့သည်။
စက္ကန့်နှင့်အမျှ အပူချိန်က ပိုမိုမြင့်တက်လာသောကြောင့် ဗိုလ်ကြီးက ကားထဲရှိ ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ပြောလိုက်သည်။
"အရှိန်မြှင့်ကြ... နေ့လယ်မတိုင်ခင် စခန်းကို အရောက်သွားရမယ်..."
နောက်စက္ကန့်တွင် ဝေါ်ကီတော်ကီထဲမှ စစ်သားများ၏ ပြန်လည်ဖြေကြားသံ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..."
ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ မောင်းနှင်ခဲ့ကြသဖြင့် သုံးနာရီအတွင်းမှာပင် စခန်းသို့ ရောက်ရှိသွားကြသည်။ ဗိုလ်ကြီးက နဖူးမှ ချွေးများကို လက်ဖြင့်သုတ်လိုက်ရင်း ဒိုင်ခွက်ပေါ်ရှိ နာရီကို ကြည့်ကာ ပြောလိုက်သည်။
"မနက် ရှစ်နာရီပဲ ရှိသေးတယ်... ဒါပေမဲ့ မီးဖိုထဲ ရောက်နေသလို ခံစားနေရပြီ..."
တိုးညင်းစွာ ရေရွတ်ရင်း ဗိုလ်ကြီးက မြင့်မားသော တံခါးကြီးတစ်ခု၏ ရှေ့တွင် စစ်သုံးယာဉ်ကို ရပ်တန့်လိုက်သည်။ သူက ကားမှန်ကို ချလိုက်ပြီးနောက် ပြောလိုက်သည်။
"ထောက်ပံ့ရေးဌာနခွဲ... အဖွဲ့ဘီ... ဗိုလ်ကြီးစုန့်..."
ကားဘေးတွင် ရပ်နေသော စစ်သားက လက်ထဲရှိ စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုရင်း ပြောလိုက်သည်။
"ပြန်လည်ကြိုဆိုပါတယ် ဗိုလ်ကြီးစုန့်... ကျေးဇူးပြုပြီး ဒီမှာ လက်မှတ်ထိုးပေးပါ..."
စုန့်ချန်စုက စစ်သားထံမှ ဘောပင်နှင့် စာရွက်ကို ယူကာ လက်မှတ်ရေးထိုးလိုက်ပြီးနောက် ဘောပင်နှင့် စာရွက်ကို စစ်သားထံ ပြန်လည်ပေးအပ်လျက် ပြောလိုက်သည်။
"ကျေးဇူးပဲ ရဲဘော်..."
စစ်သားက သူ့ကို အလေးပြုလိုက်ပြီးနောက် မြင့်မားသော တံခါးကြီးကို စောင့်ကြပ်နေသည့် စစ်သားများကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"တံခါးဖွင့်လိုက်..."
တံခါးပွင့်သွားပြီးနောက် စုန့်ချန်စုက ကားကို မောင်းနှင်ဝင်ရောက်သွားပြီး ကျန်စစ်သုံးယာဉ် နှစ်စီးကလည်း နောက်မှ လိုက်ပါလာကြသည်။
စခန်း၏ ဒုတိယနယ်မြေရှိ စစ်ဘက်ဆိုင်ရာ ဂိတ်စခန်းသို့ ရောက်ရှိသောအခါ ဆုန့်ချန်စုက ကားပေါ်မှ ဆင်းလိုက်လေသည်။
ရှို့ဝူနှင့် အခြားသူများ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူတို့ကို အလေးပြုလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီတစ်ခေါက် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်..."
“နောင်တစ်ချိန်မှာ အကူအညီ လိုအပ်တာရှိရင် ကျုပ်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်... ကျုပ်လုပ်ပိုင်ခွင့်အတွင်းမှာ တတ်စွမ်းသမျှ အစွမ်းကုန် ကူညီပေးပါ့မယ်..."
ရှို့ဝူက သူ့ကို ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်တို့ကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ပြောပြီးနောက် သူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်လင်... မင်း နေစရာနေရာ ရှိပြီလား..."
ကျူးလင်က ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
"လောလောဆယ်တော့ နေစရာ မရှိသေးဘူး... ဒါပေမဲ့ တစ်ခုခု ငှားဖို့ စိတ်ကူးထားတယ်... ဒီတစ်ခေါက် ခရီးစဉ်မှာ ရှင် ကျွန်မကို ပုံဆောင်ခဲအမြုတေတွေ အများကြီး ပေးထားတာဆိုတော့ ခဏတဖြုတ်တော့ လောက်ငှမှာပါ..."
သူတို့အားလုံး လမ်းခွဲကြတော့မည်ကို မြင်သောအခါ ထူထူက ကျီယန်၏ ပခုံးပေါ်မှ ခုန်ဆင်းကာ ကျူးလင်၏ ပခုံးပေါ်သို့ ခုန်တက်သွားလေသည်။
ကျူးလင်က ထူထူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်..."
ပြောပြီးသည်နှင့် သူမသည် ထူထူနှင့်အတူ လှည့်ထွက်သွားတော့သည်။ ရှို့ဝူကမူ ရပ်မြဲတိုင်း ရပ်လျက် သူမ၏ ကျောပြင်ကို ကြည့်ကာ အတွေးနက်နေချေသည်။