← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀) - ရှင် လိမ်နေတာပဲ

ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့နှင့် လမ်းခွဲပြီးနောက် ကျူးလင်သည် သူမ၏ တာဝန်ပြီးမြောက်ကြောင်း အစီရင်ခံရန် တာဝန်ပေးခန်းမသို့ ဦးတည်သွားလေသည်။

တာဝန်ပေးခန်းမသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်ကနှင့်မတူဘဲ ယခုတစ်ခေါက် သူမ ဝင်ရောက်လာချိန်တွင် ခန်းမအတွင်း၌ လူအနည်းငယ်သာ ရှိတော့ချေသည်။

ခြောက်ကပ်နေသော တာဝန်ပေးခန်းမကို ကြည့်ရင်း ထူထူက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

"သခင်မလေး... ကျွန်တော်တို့ မသွားခင်ကနဲ့ယှဉ်ရင် စခန်းထဲက အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်လို့ မထင်ဘူးလား..."

ကျူးလင်သည် အမြဲလိုလို ငေးငိုင်နေတတ်သဖြင့် မည်သည့် ထူးခြားမှုကိုမျှ သတိမပြုမိချေ။ ထို့ကြောင့် သူမက ခေါင်းခါယမ်းကာ မေးလိုက်သည်။

"ဘာကွာခြားလို့လဲ..."

ထူထူက ၎င်း၏ ဦးခေါင်းလုံးလုံးလေးကို အသာစောင်းကာ ထပ်မံမေးမြန်းလိုက်သည်။

"သခင်မလေး... တကယ်ပဲ ဘာကိုမှ အာရုံမရဘူးလား..."

ကျူးလင်က ခေါင်းခါပြရင်း ပြန်ပြောလိုက်သည်။

"မရဘူး..."

သူမ၏ စကားကို ကြားသောအခါ ထူထူက ခေါင်းကို ကုတ်လိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော်ပဲ အထင်မှားတာ ဖြစ်ပါလိမ့်မယ်..."

ယုန်လေးက သံသယစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေစဉ် ကျူးလင်ကမူ ကောင်တာရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမက နှုတ်ဆက်စကား ဆိုလိုက်သည်။

"မင်္ဂလာပါရှင်... ကျွန်မ တာဝန်ပြီးမြောက်ကြောင်း လာရောက်အစီရင်ခံတာပါ..."

သူမသည် ပြောပြောဆိုဆိုဖြင့် တာဝန်လက်ခံစဉ်က ရရှိခဲ့သော စာရွက်ကို ရေခဲပန်းပွင့်ဆွဲသီးထဲမှ ထုတ်ယူလိုက်သည်။ ထို့နောက် စာရွက်ကို စားပွဲပေါ်သို့ တင်လိုက်ရင်း မေးလိုက်သည်။

"ရှာဖွေလာတဲ့ ပစ္စည်းတွေကို ဘယ်နေရာမှာ အပ်နှံရမလဲဟင်..."

တာဝန်ခံအရာရှိက တာဝန်တောင်းခံလွှာစာရွက်ကို ယူကာ မှတ်တမ်းစာအုပ်တွင် စစ်ဆေးကြည့်ရှုပြီးနောက် မေးလိုက်သည်။

"မင်း ပစ္စည်း ဘယ်လောက်များများ စုဆောင်းလာနိုင်ခဲ့လဲ..."

ကျူးလင်သည် သူမ၏ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်အတွင်းသို့ နတ်ဘုရားအာရုံဖြင့် အသာလှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"အများကြီးတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကိရိယာတချို့လည်း ပါလာတယ်..."

သူမ၏ စကားကို ကြားသောအခါ အရာရှိက မတ်တတ်ရပ်ကာ ကောင်တာနောက်ကွယ်မှ ထွက်လာရင်း ပြောလိုက်သည်။

"ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ..."

ထိုသို့ပြောပြီးနောက် အရာရှိက ကောင်တာဘေးရှိ တံခါးတစ်ချပ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားရာ ကျူးလင်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

လွတ်နေသော အခန်းကျယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားချိန်တွင် အရာရှိက တံခါးကို ပိတ်လိုက်ရင်း ပြောလိုက်သည်။

"မိန်းကလေး... ပစ္စည်းတွေကို အရင်ထုတ်ထားလိုက်ပါဦး... ကျွန်တော် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို သွားခေါ်ပြီး ဆေးပစ္စည်းတွေကို စစ်ဆေးခိုင်းလိုက်ပါ့မယ်..."

ထိုစကားကို ချန်ထားရစ်ကာ အရာရှိသည် အခန်းထဲမှ ထွက်ခွာသွားလေသည်။ တံခါးပြန်ပိတ်သွားပြီးနောက် ကျူးလင်သည် မနေ့ညက ဆေးရုံမှ စုဆောင်းရရှိခဲ့သမျှသော ပစ္စည်းအားလုံးကို ထုတ်ယူလိုက်သည်။

အရာရှိကို စောင့်ဆိုင်းနေစဉ်အတွင်း သူမသည် သို‌လှောင်အိတ်ထဲမှ ပန်းသီးတစ်လုံးကို ထုတ်ယူလိုက်ချေသည်။

ယခင်က သစ်သီးပင်များကို စိုက်ပျိုးစဉ်က သူမသည် သစ်သီးဝလံများ၏ တစ်ဝက်ကို ကျီယန်နှင့် ထန်ဝေ့တို့အား ပေးခဲ့ပြီးနောက် သစ်သီးပင်အားလုံးကိုလည်း ၎င်းတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဤသည်မှာ အလွန်ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမ ဗိုက်ဆာသည့်အခါ သစ်သီးများကိုသာ စားသုံးနိုင်ပြီး ချက်ပြုတ်ရန်အတွက် အချိန်ကုန်ခံစရာ မလိုတော့သောကြောင့် ဖြစ်၏။

မြွေကြီး၏ သွေး သို့မဟုတ် မြွေသားကို စားချင်စိတ် ပေါ်ပေါက်လာခြင်းမျိုးမှလွဲ၍ သူမအနေဖြင့် အမှန်တကယ်ပင် ဟင်းချက်ရန် မလိုအပ်ချေ။

သူမ ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ရုံသာ ရှိသေးစဉ် တံခါးပွင့်သွားပြီး အရာရှိသည် ဂျာကင်အဖြူဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့်အတူ ဝင်ရောက်လာလေသည်။

အခန်းတစ်ခုလုံးတွင် ပြည့်နှက်နေသော စက်ကိရိယာများနှင့် ဆေးဝါးအိတ်များကို မြင်လိုက်ရသောအခါ အရာရှိနှင့် လူငယ်ဖြစ်သူတို့မှာ အံ့အားသင့်သွားကြရသည်။

အရာရှိက ကျူးလင်ကို ကြည့်လိုက်ပြီး စကားမပြောမီမှာပင် သူ၏ အကြည့်တို့က သူမလက်ထဲရှိ ရဲရဲနီနေသော ပန်းသီးကြီးပေါ်သို့ ကျရောက်သွားသည်။

သူ၏ မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားသော်လည်း ပြောချင်သော စကားများကို အောင့်အီးမျိုသိပ်ထားလိုက်ရ၏။

သူက အသာအယာ ချောင်းဟန့်လိုက်ရင်း မေးလိုက်သည်။

“မိန်းကလေး... ဒါတွေက တာဝန်ပြီးမြောက်ဖို့အတွက် အပ်နှံမယ့် ပစ္စည်းတွေလား..."

ကျူးလင်က ခေါင်းညိတ်ပြကာ အဖြေပေးလိုက်သည်။ ထို့နောက် အရာရှိက လူငယ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီပစ္စည်းတွေ သုံးလို့ရသေးရဲ့လားဆိုတာကို ကူညီပြီး စစ်ဆေးပေးပါဦး..."

ဆရာဝန်က ခေါင်းညိတ်ပြပြီး ဆေးဝါးများကို ဦးစွာစစ်ဆေးလေသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ဆေးပစ္စည်းများကို စစ်ဆေးနေစဉ်အတွင်း အရာရှိသည် ကျူးလင် ပန်းသီးစားနေသည်ကို စိုက်ကြည့်နေမိသည်။

ပန်းသီးအူတိုင်သာ ကျန်ရှိတော့သည့် အချိန်တွင် အရာရှိက ရုတ်တရက် ပြောလိုက်သည်။

"မိန်းကလေး... အဲဒီ ပန်းသီးအူတိုင်ကို ကျွန်တော့်ကို ပေးလို့ရမလား..."

ကျူးလင်သည် သူက ပန်းသီးအူတိုင်ကို အဘယ်ကြောင့် လိုချင်ရသနည်းဟူသည်ကို နားမလည်နိုင်သဖြင့် မေးလိုက်သည်။

"ပန်းသီးအူတိုင်ကို ဘာလုပ်ဖို့လဲ..."

အရာရှိက သူမအနေဖြင့် ပန်းသီးအူတိုင်ကို မပေးချင်၍ဟု ထင်မှတ်ကာ အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော် ဝယ်ပါ့မယ်... မိန်းကလေးရဲ့ ပန်းသီးအူတိုင်အတွက် သာမန်ပုံဆောင်ခဲအမြုတေ သုံးခုနဲ့ လဲလှယ်ရင် ဘယ်လိုလဲ..."

သူ၏ စကားကြောင့် ကျူးလင်မှာ အံ့အားသင့်သွားပြီး လက်ထဲရှိ ပန်းသီးအူတိုင်ကို ငုံ့ကြည့်လိုက်သည်။

ပန်းသီးအူတိုင် တစ်ခုတည်းနှင့် သာမန်ပုံဆောင်ခဲအမြုတေ သုံးခုကို အမှန်တကယ် လဲလှယ်နိုင်ပါ့မလားဟု ကျူးလင် သံသယဝင်နေစဉ်အတွင်း အရာရှိကမူ သူမ တွန့်ဆုတ်နေခြင်းမှာ သူပေးသော ဈေးနှုန်း နည်းလွန်း၍ဟု ထင်မှတ်သွားလေသည်။

သူက သွားကြိတ်ကာ ပြောလိုက်သည်။

"သာမန်ပုံဆောင်ခဲအမြုတေ လေးခုဆိုရင်ကော... ကျွန်တော့်မှာ ဒီထက်ပိုပြီး မပေးနိုင်တော့လို့ပါ..."

အရာရှိ၏ ပူပန်သောကရောက်နေသော မျက်နှာအမူအရာကို မြင်သောအခါ ကျူးလင်သည် ခဏမျှ စဉ်းစားပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ပန်းသီးအူတိုင်ကို ဘာဖြစ်လို့ ဝယ်ချင်ရတာလဲ..."

သူမ၏ မေးခွန်းကြောင့် အရာရှိ၏ မျက်နှာအမူအရာမှာ တစ်စက္ကန့်မျှ တောင့်တင်းသွားပြီးမှ မချိပြုံး ပြုံးပြရင်း ပြောလိုက်သည်။

"ကျွန်တော့်ဇနီးက ကိုယ်ဝန်ရှိနေလို့ပါ... သူက သစ်သီးစားချင်နေတာ... ဒါပေမဲ့ သစ်သီးဈေးနှုန်းတွေက အရမ်းကြီးလွန်းလို့ ကျွန်တော် မတတ်နိုင်ဘူး... ခုနက မိန်းကလေး ပန်းသီးအူတိုင်ကို လွှင့်ပစ်တော့မလို မြင်လိုက်ရလို့ ကျွန်တော် ဝယ်ဖို့ ဆုံးဖြတ်လိုက်တာပါ..."

ထိုသို့ပြောပြီးနောက် အရာရှိသည် ကျူးလင်၏ မျက်နှာအမူအရာကို နှစ်စက္ကန့်ခန့် အကဲခတ်လိုက်ပြီး သနားစဖွယ် မျက်နှာပေးဖြင့် ပြောလိုက်သည်။

"မိန်းကလေး... ကျွန်တော့်ကို ကူညီပါဦး... ပန်းသီးအူတိုင်လေးကို ရောင်းပေးလို့ ရမလားဟင်..."

ကျူးလင်၏ ပခုံးပေါ်တွင် ထိုင်နေသော ထူထူက ရုတ်တရက် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

"သခင်မလေး... သူ လိမ်နေတာ..."

ထူထူ၏ စကားကြောင့် ကျူးလင်က အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်ရင်း ပြောလိုက်သည်။

"တကယ်လား... သူ့ဇနီးက တကယ်ပဲ ပန်းသီးစားချင်နေတာလို့ ငါထင်နေတာ..."

ထူထူက သက်ပြင်းချလိုက်ရင်း မတတ်နိုင်သည့် လေသံဖြင့် ပြောလိုက်သည်။

"သခင်မလေးရယ်... သခင်မလေးကိုယ်တိုင် မလိမ်တတ်ဘူးဆိုပြီး လူတိုင်းလည်း မလိမ်ဘူးလို့ မထင်ပါနဲ့..."

“တကယ်တော့ လောကဘုံခြောက်ပါးက နတ်ဘုရားတွေအပါအဝင် လူတိုင်းက လိမ်ညာတတ်ကြတာပဲ..."

“သူ့ရဲ့ အပြုအမူနဲ့ စကားပြောပုံကို သေချာအကဲခတ်ကြည့်ရင် သူ အခု‌လေးတင် လိမ်ပြောသွားတာကို သိနိုင်ပါတယ်..."

ကျူးလင်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အရာရှိကို ကြည့်ကာ ပြောလိုက်သည်။

"ရှင် လိမ်နေတာပဲ..."

သူမ၏ စကားအဆုံးတွင် အရာရှိ၏ မျက်နှာပျက်သွားလေသည်။ သူက မျက်မှောင်ကြုတ်ကာ ကျူးလင်ကို ကြည့်ရင်း ပြောလိုက်သည်။

"မိန်းကလေး... ပန်းသီးအူတိုင်ကို မရောင်းချင်ရင်လည်း မရောင်းချင်ဘူးလို့ တိုက်ရိုက်ပြောပါ... ကျွန်တော့်ကို လိမ်ညာနေပါတယ်လို့ စွပ်စွဲဖို့ မလိုပါဘူး..."

ထိုသို့ပြောပြီးနောက် အရာရှိသည် အခန်း၏ အခြားတစ်ဖက်သို့ လျှောက်သွားကာ ကျူးလင်နှင့် စကားမပြောတော့ဘဲ မတ်တတ်ရပ်နေလေသည်။ အရာရှိ၏ ထိုကဲ့သို့သော အပြုအမူကို မြင်သောအခါ ကျူးလင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

All Chapters