အခန်း ၁၀၁
Vol. 10 Ch. 101
Chapter 101
~
အခန်း ၁၀၁ : လျှိုဟိုင်ကျုံး : ရဲရဲကြီးသာ ပြောလိုက် အဖေ မင်းအတွက် ရပ်တည်ပေးမယ်..
~
ထိုစကားကို ကြားလျှင် ယန်ကျီဝမ် ဒေါသတကြီး ရယ်လိုက်မိ မတက်ပင် ။
တခြားသူများ ပြောလျှင် ဟုတ်သော်လည်း ဤစကားက ရှာကျူးနှင့် လုံးဝမဆိုင် ။
ခြံဝင်းအတွင်း လက်မြန်ခြေမြန် ရိုက်နှက်သူက သူသာလျှင် ဖြစ်သည် ။ ထိုကဲ့သို့ ထောင်ကျရလျှင် ထောင်ထဲတွင် တစ်သက်လုံး နေ နေရပေမည် ။
ယန်ကျီဝမ်က လည်ပင်းကို ဘယ်ညာ ချိုး၍ စကားတစ်ခွန်းမှ မပြောဘဲ ရှာကျူးအား ပြေးထိုးတော့သည် ။
သို့သော် အားများစွာ မသုံးပေ ။
မိနစ်အနည်းငယ် ကြာလျှင်....
မျက်ကွင်းညိုမဲနေသော ရှာကျူးက ချွန်လိုက်၏ ။
" ချောင်းကြည့်တာ ငါတစ်ယောက်ထဲ မဟုတ်ဘူး.. လျှိုကွမ်ချီလည်း ပါတယ်.. ဘာလို့ ငါ့ကိုပဲ လာရိုက်တာလဲ.. "
" စိတ်မပူနဲ့ ခဏနေရင် ငါသူ့ကို သွားရိုက်မယ်.. "
ယန်ကျီဝမ်က ရှာကျူး၏ ပုခုံးကို ပုတ်လိုက်ပြီး...
" ငါ့ကို အရင်ပြော.. ဘာလို့ လာချောင်းကြတာလဲ.. "
ရှာကျူးက ရှက်ရွံ့ဟန်ဖြင့်...
" မိန်းမလှလေးတစ်ယောက် မင်းတို့အိမ်ကို ရောက်နေတယ် ဆိုလို့ပါ.. တခြား ဘာသဘောနဲ့မှ မဟုတ်ပါဘူး.."
" သြော်.. "
ယန်ကျီဝမ် အံ့သြသွားပြီး...
" မင်းတို့ ဘယ်လိုသိတာလဲ.. "
ယန်ကျီဝမ်က ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။
" မင်း အမေ ပြောတာလေ.. မင်းတို့ အိမ်ကို အရမ်းလှတဲ့ ကောင်မလေးတစ်ယောက် အလည်လာနေတယ်လို့ အဒေါ်ကြီးတွေကို ကြွားနေတာ.. အဲ့တာနဲ့ ငါတို့လည်း သိချင်တာနဲ့.. "
ရှာကျူးက ရိုးရိုးသားသား ပြန်ဖြေသည် ။
ယန်ကျီဝမ်၏ မျက်နှာက မည်းမှောင်သွား၏ ။
သူ့အမေထံမှ သတင်းပြန့်သွားလိမ့်မည်ဟု မျှော်လင့်မထားပေ ။ သို့သော် သေချာစဥ်းစား ကြည့်လျှင်တော့ သူ့အမေ သေချာပေါက် လုပ်မည့်အရာဖြစ်သည် ။ ဤမျှ အဖိုးတန်သော မိန်းကလေးက သူ့သားအား လာဝိုက်နေသည်ကို အဘယ်သို့လျှင် မကြွားဘဲ နေနိုင်ပါမည်နည်း ။
ယန်ကျီဝမ်၏ မျက်လုံးက ကျဥ်းမြောင်းသွားပြီး သွားကြားထဲမှ ထွက်သော လေသံဖြင့်...
" မင်းတို့ လာစပ်စုရုံပဲလား.. "
" ဟုတ်တယ်.. ဟုတ်တယ်.. "
ရှာကျူးက ရင်ဘက်ကို ပုတ်၍ အာမခံလိုက်သော်လည်း မျက်လုံးချင်း မဆိုင်ရဲချေ ။ ထိုသည်ကို ကြည့်လျှင် အဖြေပေါ်၏ ။
ရှာကျူး မပြောလျှင်ပင် ဤနှစ်ယောက်က မိန်းမ ယူရမည့် အရွယ်သို့ ရောက်နေ၍ ခိုးယူရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူ သိသည် ။
( အဲ့လိုပဲ ..မိန်းကလေး တစ်ယောက် မျက်မမြင်ချိန်းတွေ့ဖို့လာရင် အဲ့မိန်းကလေး ပြန်တဲ့အချိန်ကြ လမ်းမှာစောင့်ပြီး အဲ့လူရဲ့ မကောင်းကြောင်းကိုပြော.. သူတို့က ဘာအလုပ် လုပ်ပါတယ် ဘယ်လို ကောင်းပါတယ်ပြော.. အဲ့တာကို ခိုးတယ်လို့ ပြောတာ.. )
ဤအကြောင်းကြောင့် ယန်ကျီဝမ်က ရိုက်ခဲ့ခြင်းပင် ။
ယန်ကျီဝမ်က ရှာကျူး၏ ပါးကိုပုတ်၍ သတိပေးလိုက်သည် ။
" နောက်တစ်ခါဆိုရင် ..ငါမင်းကို သတ်မယ်.. "
ယန်ကျီဝမ်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး မျက်နှာတွင် ရွံ့ရှာဟန်ပေါ်လာ၏ ။ ရှာကျူး၏ မျက်နှာအိုကြီးက အဆီပြန်နေ၍ ချော်ကျိကျိ ဖြစ်နေသည် ။ သူ အပြင်သို့ ထွက်မလာခင် ရှာကျူး၏ အဝတ်ကို သုံး၍ ပြောင်စင်အောင် သုတ်ခဲ့လေသည် ။
ယန်ကျီဝမ် ထွက်သွားလျှင် ရှာကျူးက နှာခေါင်းရှုံ့ပြီး...
" ဟမ့်.. ဒီကောင်က မာနကြီးပြနေတာ ..ငါသာ မှားမနေရင် ပြန်ချမှာ.. "
ရှာကျူးက ကိုယ့်ကိုကိုယ် အားပေးလိုက်ခြင်းသာ ဖြစ်ပြီး ခုခံလျှင် ပိုအရိုက်ခံရမည်ဆိုး၍ ပြန်မခုခံရဲခြင်းပင် ။
ခဏအကြာတွင် ရှာကျူးက သက်ပြင်းချလိုက်ပြီး...
" ကောင်မလေးက ချောလိုက်တာ.. သူသာ ငါ့ကောင်မလေး ဖြစ်ရင် ကောင်းမှာပဲ.. "
...
ညနေခင်း...
ယီကျုံးဟိုင် ရှာကျူးထံသို့ ရောက်လာသည် ။
" ဦးလေး.. ဘာကိစ္စရှိလို့လဲ.. "
ယီကျုံးဟိုင် ရောက်လာသည်ကို မြင်လျှင် ရှာကျူး အံ့သြသွားသည် ။
သူနှင့် ယွီဆွေတို့ ညစာ စားနေခြင်းဖြစ်၍ ဖိတ်ခေါ်လိုက်၏ ။
" ဦးလေး မစားရသေးရင် ကျွန်တော်တို့နဲ့ တစ်ခါတည်း ဝင်စားလိုက်လေ.. "
" တော်ပါပြီကွာ.. ကျေးဇူးတင်ပါတယ်.. "
ယီကျုံးဟိုင်က ခေါင်းခါလိုက်ပြီး...
" ရှာကျူး.. ယန်ကျီဝမ်က မင်းကို လာရိုက်သွားတယ်ဆို ဘာလို့လဲ.. "
" ဘယ်သူ ပြောတာလဲ.. "
ရှာကျူး အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားသော်လည်း ငြင်းလိုက်သည် ။
" မဟုတ်ပါဘူး ..တစ်ယောက်နဲ့ တစ်ယောက် စနေကြတာပါ.. "
ရှာကျူးက မှင်သေသေဖြင့် ပြောနေသော်လည်း မျက်နှာထက်တွင် ပန်ဒါ မျက်လုံးက ထင်းနေသည် ။ သူ့အမှား ဖြစ်၍ ထုတ်မပြောနိုင်ပေ ။ ရှက်စရာ ကောင်းလှ၏ ။
" တကယ်ဘာမှ မဖြစ်ဘူးလား.. "
ယီကျုံးဟိုင်က သေချာအောင် ထပ်မေးသည် ။
" တကယ် ဘာမှ မဖြစ်ပါဘူး.. "
" အေးပါ.. ဘာမှ မဖြစ်လည်း ပြီးတာပါပဲ.. "
ကာယကံရှင် ကိုယ်တိုင် နှုတ်ဆိတ်နေ၍ ယီကျုံးဟိုင် လှည့်ပြန်လာခဲ့သည် ။ သူ ယန်မိသားစုအား ပြဿနာရှာချင်သော်လည်း ရှာကျူး မပြောလျှင် ဘာမှ လုပ်မရ ။ သူ ဝင်ပါရန် အကြောင်းပြချက် မရှိပေ ။
သို့သော် လျှိုဟိုင်ကျုံးသည်တော့ ငြိမ်ခံနေမည် မဟုတ်ပေ ။
လျှိုကွမ်ချီက သူတန်ဖိုးထားသော သားကြီးဖြစ်၍ အရိုက်ခံရသည်အတွက် ဖြေရှင်းချက် တောင်းရန် လျှိုကွမ်ချီအား ဆွဲခေါ်၍ ယန်မိသားစုထံသို့ ရောက်လာ၏ ။
" ယန်ဖူကွေ့.. ယန်လောင်အာ ထွက်လာခဲ့.. "
ညစာ စာနေသော ယန်သားအဖ စားနေသည်ကို ရပ်လိုက်ကြ၏ ။ ယနေ့ ညစာက မနက်ကကျန်သော ဝက်နံရိုးချိုချဥ်ပင် ။
" ဖက်တီးလျှို ဘာဖြစ်နေတာလဲ.. "
ယန်ဖူကွေ့ မျက်မှောင် ကြုတ်လိုက်ပြီး ...
" ဒုတိယသား.. မင်း ပြဿနာ ရှာထားသေးလား.. "
" သား.. ကွမ်ချီကို ရိုက်လိုက်တာ.. ဒါပေမဲ့ သူမှားတာပါ.. "
ယန်ကျီဝမ်က ရှင်းပြလိုက်သည် ။
ယန်ဖူကွေ့က ခေါင်းညိတ်လိုက်သည် ။ သူ၏ ဒုတိယသားကို သူ ယုံပေသည် ။ ပြဿနာ အရင်ရှာမည့်သူ မဟုတ်ပေ ။
" ထွက်ကြည့်ရအောင်.. လျှိုဟိုင်ကျုံးရဲ့ စိတ်နဲ့ဆို ငါတို့ မထွက်ရင် ပြီးမှာ မဟုတ်ဘူး.. "
ဤသို့နှင့် သားအဖ နှစ်ယောက် အပြင်သို့ ထွက်လာခဲ့ကြ၏ ။
ယန်ဖူကွေ့က ဟန်ဆောင်ပြုံးလိုက်ပြီး...
" လောင်လျှို ဘာကိစ္စ ရှိလို့လဲ.. ခင်ဗျား ညစာ စားပြီးပြီလား.. "
" ချီးကိုစား.. "
လျှိုဟိုင်ကျုံးက လျှိုကွမ်ချီကို ရှေ့သို့ ဆွဲထုတ်လိုက်ပြီး...
" ခင်ဗျား ဘာသာကြည့်.. ခင်ဗျားသား ယန်လောင်အာက ကျုပ်သားကို ဘယ်လိုလုပ်လိုက်လဲဆိုတာ.. "
ရှာကျူးကဲ့သို့ပင် လျှိုကွမ်ချီ၏ မျက်လုံး၌ ပန်ဒါ နှစ်ကွင်း ပေါ်နေသည် ။
" ခွီးး.. "
ယန်ဖူကွေ့ ရယ်ချင်သည်ကို ထိန်းမထားနိုင်လိုက် ။ လျှိုဟိုင်ကျုံးက လူသတ်ချင်သည့် အကြည့်နှင့် ကြည့်နေသည်ကို မြင်မှ မနည်းထိန်းချုပ်လိုက်ရ၏ ။
လျှိကွမ်ချီ ၏ ပါးနှစ်ဖက်က မျောက်ဖင်လို နီရဲသွား၏ ။ သူ၏ အမှားဖြစ်၍ သူမလာချင်သော်လည်း သူ့အဖေက အတင်းဆွဲခေါ်လာသည် ။
ယန်ဖူကွေ့က မကျေမနပ် ဟန်ဆောင်ကာ ယန်ကျီဝမ် ဘက်သို့ လှည့်၍...
" ဒုတိယသား.. မင်းဘာလို့ သူများ သားသမီးကို ဒီလို ဖြစ်အောင် ရိုက်ရတာလဲ.. "
ယန်ကျီဝမ်က လျှိုကွမ်ချီကို ကြည့်လိုက်ပြီး...
" လျှိုကွမ်ချီ ကိုယ်တိုင်ပြောတာ ပိုကောင်းမယ်ထင်တယ်.. "
ထိုသည်ကို မြင်လျှင် လျှိုဟိုင်ကျုံးက လက်မြှောက်ပြလိုက်ပြီး...
" သားကြီး ဘာဖြစ်တယ်ဆိုတာ ပြော.. ရဲရဲကြီးသာ ပြောလိုက် အဖေမင်းအတွက် ရပ်တည်ပေးမယ်.. "
" အဖေ.. ဒါက.. "
လျှိုကွမ်ချီ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေ၏ ။ သူမည်သို့ ထုတ်ပြောရပါမည်နည်း ။
" မင်း မပြောရင် ငါပြောမယ်.. "
ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့် ...
" ဒုတိယ ဦးလေး.. ဒီနေ့ ကျွန်တော်တို့ အိမ်ကို ကောင်မလေး တစ်ယောက်အလည်လာတယ်.. ဒါပေမဲ့ ရှာကျူးနဲ့ လျှိုကွမ်ချီက ကျွန်တော်တို့ အိမ်ပြတင်းပေါက်ကို ချိုးပစ်တော့မလို့ဘဲ.. အရိုက်ခံရသင့်လား ဦးလေးပဲ စဥ်းစားကြည့်.. "
" တကယ်လို့ လျှိုကွမ်ချီ ချိန်းတွေ့တဲ့ အခါကျ တစ်ယောက်ယောက် လာချောင်းရင်ရော ဦးလေး ဘယ်လို လုပ်မှာလဲ.. "
" မဖြစ်နိုင်တာ.. "
လျှိုဟိုင်ကျုံးက လျှိုကွမ်ချီကို လှည့်ကြည့်လိုက်ပြီး...
" သားကြီး.. ယန်လောင်အာ ပြောတာ မှန်လား.. "
" ဟုတ်တယ်.. အဲ့တာကြောင့် ဒီကို မလာပါနဲ့လို့ သားပြောနေတာကို.. "
လျှိုကွမ်ချီက ဝန်ခံလိုက်တော့၏ ။ အခြေအနေများ ပိုဆိုးလာလျှင် သူ ပို၍ပင် အရှက်ကွဲရချေမည် ။ ရှာကျူး ထွက်မလာသည်ကို သူ့အဖေက မမြင်သည်လော ။ ရှာကျူးပင်လျှင် မှားမှန်းသိ၍ ထွက်မကြည့်ချေ ။
ထိုသည်ကို ကြားသော်လည်း လျှိုဟိုင်ကျုံးက ခေါင်းမာနေဆဲပင် ။
" ဒါပေမဲ့.. ဒီလိုတော့ မရိုက်သင့်ဘူး.. တင်္နလာနေ့ကျရင် သူအလုပ်ကို ဘယ်လိုသွားမလဲ.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" ဒုတိယ ဦးလေး ဆိုလိုတာက တစ်ယောက်ယောက် မျက်မမြင်ချိန်းတွေ့ရင် တခြားလူတွေ လာချောင်းလို့ ရတယ်လို့ ဆိုလိုတာလား.. "
" ဦလေးသာ ဟုတ်တယ်လို့ ဖြေရင်.. ကျွန်တော်အခု ခြံထဲက လူအားလုံး သိအောင် သွားပြောလိုက်မယ်.. ဒတိယ ဦးလေးက ဒီလို စည်းမျဥ်း ထုတ်လိုက်တယ်လို့.. "
လျှိုဟိုင်ကျုံး မျက်နှာပျက်သွားပြီး...
" ငါပြောတာ အဲ့လို မဟုတ်ဘူး.. မင်း ရိုက်တာ လွန်တယ်လို့ပဲ ပြောတာ.. "
" ကျွန်တော်သာ တကယ်ရိုက်ရင် သူထနိုင်မှာတောင် မဟုတ်ဘူး.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" ဒုတိယ ဦးလေး.. အမှားဆိုတာ အပြစ်ဒဏ်ပေးရတယ်.. ကျွန်တော် လျှိုကွမ်ချီကိုပဲ ရိုက်တာမဟုတ်ဘူး.. ရှာကျူးက သူ့ထက်တောင် အရိုက်ခံရသေးတယ်.. ကျုပ်နေရာမှာ တခြားသူ သာဆို ဒီလို အပေါ်ယံ ဒဏ်ရာလောက်ပဲ ရမှာ မဟုတ်ဘူးနော်.. "
" ဟမ့်.. သားကြီး ပြန်မယ် .."
အဆုံးသတ်တွင် ဖက်တီးလျှိုက နှာခေါင်းရှုံ့ကာ တပ်ပြန်ခေါက် သွားလေတော့သည် ။