အခန်း ၁၀၄
Vol. 10 Ch. 104
Chapter 104
~
အခန်း ၁၀၄ : ခေါင်းဆောင် စားဖိုမှူး က တစ်ယောက်ပဲ ရှိရမယ်...
~
စစ်ဝတ်စုံ ဝတ်ထားသော လူငယ်က ရန်ဖြစ်နေသော အဒေါ်နှစ်ယောက်ကို ကြည့်၍ ဆွံအနေချေသည် ။
သူ့နာမည်က ဟူကျွင်း ။ အဘိုးဝမ်၏ သက်တော်စောင့် ဖြစ်သလို ဒရိုက်ဘာလည်း ဖြစ်သည် ။ယနေ့ အဘိုးဝမ်၏ အမိန့်အရ ယန်ကျီဝမ်ကို လာကြိုခြင်းပင် ။
သူ ရှင်းပြရန် ကြံလိုက်စဥ်မှာပင် သူ့ရှေ့မ အဒေါ်ကြီး နှစ်ယောက်က ရုတ်တရက် ရန်ထသတ်နေကြ၏ ။ ရန်ပွဲက ပို၍ ပို၍ ပြင်းထန်လာသည် ။
ဟူကျွင်းက အသံကိုမြင့်၍ အမြန်ပြောလိုက်ရသည် ။
" အစ်မကြီးတို့ အထင်လွဲနေကြပြီ.. ကျွန်တော် ဒီနေ့လာတာ ရဲဘော်ကျီဝမ်က ကျွန်တော်တို့ခေါင်းဆောင်အိမ်မှာ ဟင်းချက်ပေးရမှာမလို့ လာကြိုတာပါ.. "
" ...... "
ရန်ဖြစ်နေကြသူ နှစ်ယောက်စလုံး လှည့်ကြည့်ပြီး တိတ်ဆိတ်သွားကြသည် ။
ဝမ်ကွေ့ဖန်းက မယုံကြည်နိုင်ဟန်ဖြင့်...
" ရဲဘော်.. မင်းမမှားတာ သေချာလား.. ယန်ကျီဝမ်က စာဂျပိုး တစ်ယောက်ပဲလေ.. ဘယ်လိုလုပ်ပြီး ဟင်းချက်တက်မှာလဲ.. "
သူမ ၏ သားအကြီးသာဆို ဖြစ်နိုင်သေး၏ ။ သူမ၏ မျက်လုံးထဲတွင် သူမ သားက အတော်ဆုံးဖြစ်ပြီး သူမ သား မလုပ်နိုင်သည့် အရာဆိုလျှင် ယန်ကျီဝမ် လုပ်နိုင်မည် မဟုတ်ချေ ။
" ငါ့ သားက ဟင်းချက်တော်တယ်.. ရှာကျူးတောင် သူ့ကို မယှဥ်နိုင်ဘူး ..ဝမ်ကွေ့ဖန်း နင် မနာလိုဖြစ်ပြီး လဲသေလိုက်တော့.."
ရန်ရွေ့ဟွားက ဂုဏ်ယူစွာ ပြောလိုက်သည် ။ သူမ သားက အရည်အချင်းရှိ၏ ။ ခေါင်းဆောင်များနှင့် သိကျွမ်း၏ ။ သူမကို ဂုဏ်ရှိစေရန် စွမ်းရည် ရှိသူပင် ။
ယခု သူမ သားက ကားနှင့် လာကြိုခံရသဖြင့် သုံးလလောက် ကြွားစရာ ရှိသွားလေပြီ ။
" ရဲဘော်.. မင်း ပင်ပန်းသွားပြီနော်.. အဒေါ် သားကို သွားခေါ်လိုက်အုံးမယ်.. "
" ကျေးဇူးတင်ပါတယ်ဗျ.. "
" ရပါတယ်.. ပြဿနာမှ မဟုတ်တာ.. "
ရန်ရွေ့ဟွား ပြောပြီးသည်နှင့် ပျော်ရွှင်စွာ ပြေးလေတော့သည် ။
" ဒုတိယသား မြန်မြန်ထွက်ခဲ့.. ဒီမှာ နင့်ကို ကားနဲ့ လာကြိုနေတယ်.. "
ရန်ရွေ့ဟွားက အိမ်တံခါးသို့ ရောက်လျှင် အသံကုန် ဟစ်အော်လိုက်၏ ။ သူမ အသံကို တခြားလူများ မကြားမည်ကို စိုးရိမ်နေပုံရသည် ။
အိမ်ထဲတွင် ဆေးလိပ်သောက်နေသော ယန်ကျီဝမ်က အပြင်သို့ ထွက်လာသည် ။
" ဒုတိယသား.. ဒီလို ခေါင်းဆောင်နဲ့ ဘယ်မှာ သိခဲ့တာလဲ.. နင့်ကို ဟင်းချက်ဖို့တောင် ဖိတ်ခေါ်တယ်ဆိုတော့ အမေ ဝမ်းသာလိုက်တာ.. "
ရန်ရွေ့ဟွားက စိတ်လှုပ်ရှားစွာ မေးလိုက်၏ ။ သို့သော် ယန်ကျီဝမ် ပြန်မဖြေနိုင် သေးခင်မှာပင် သူမက အသံနှိမ့်လိုက်ပြီး...
" ဒါပေမဲ့ နင် ချက်နိုင်တယ်ဆိုတာ သေချာရဲ့လား .. မကောင်းတာတွေ ချက်လို့ ခေါင်းဆောင် ဒေါသထွက်သွားအုံးမယ်နော်.. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" အမေ စိတ်ပူမနေနဲ့.. ဒီကိစ္စ ဘာမှ ပူစရာမရှိဘူး.. သားသွားတော့မယ် အပြင်မှာ စောင့်နေတာ အားနာစရာကြီး.. "
" အေးအေး မြန်မြန်သွား.. "
ယန်ကျီဝမ်က စပ်စုနေကြသူများကို ကျော်ဖြတ်ပြီး ဟူကျွင်းကို လက်ကမ်းလိုက်ပြီး ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည် ။
" မင်္ဂလာပါ ရဲဘော်.. ဘိုးဘိုးဝမ် လွှတ်လိုက်တဲ့ သူလားဗျ.. "
ယန်ကျီဝမ်သည် အဘိုးကြီးဝမ်ဟု ခေါ်လိုက်မိမလို ဖြစ်သွားသော်လည်း သင့်တော်သော နာမ်စားကို အမြန်ပြောင်းလိုက်၏ ။
ဟူကျွင်းက လက်ဆွဲနှုတ်ဆက်လိုက်ပြီး...
" ဟုတ်ပါတယ် ရဲဘော် ယန်ကျီဝမ်.. ကျွန်တော့နာမည် ဟူကျွင်း လို့ ခေါ်ပါတယ်.. ကျွန်တော်က ခေါင်းဆောင်ရဲ့ သက်တော်စောင့် ပါ..ခု အသင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့ သွားကြမလား.. "
" ဒုက္ခ ခံပြီး လာခေါ်ပေးတာ ကျေးဇူးတင်ပါတယ်.. "
" ရပါတယ်.. ဒါ ကျွန်တော့ တာဝန်ပါ.. "
ဟူကျွင်းက ပြုံးလိုက်ပြီး ယန်ကျီဝမ်အတွက် ကားတံခါး ဖွင့်ပေးလိုက်သည် ။
ယန်ကျီဝမ် ကားထဲရောက်သည်နှင့် ဒရိုက်ဘာနေရာ ဝင်ထိုင်လိုက်ပြီး ကားမောင်းထွက် လာခဲ့၏ ။
" ဒုတိယအဒေါ်.. ယန်ကျီဝမ်က အံ့သြစရာ ကောင်းလိုက်တာနော်.. သူက အရေးပါတဲ့ သူတွေနဲ့ ရင်းနှီးနေတာပဲ.. ရှင်တို့ အောင်မြင်သွားရင် ကျုပ်တို့ အိမ်နီးချင်းတွေကို မမေ့ရဘူးနော်.. "
" ဟုတ်တယ်.. ဟုတ်တယ်.. ကျီဝမ် ငယ်ငယ်တုန်းက ကျုပ် မုန့်ကျွေးဖူးသေးတယ်.. "
" ဒီကလေး ကျီဝမ်ကတော့လေ.. သူ ငယ်ငယ်တည်းက ထူးခြားပါတယ်လို့ ကျုပ်ကြည့်နေတာ.. ခု ကျုပ်ထင်တာ မှန်နေတာ တော်ရေ.. "
" ..... "
လူတိုင်းက တတိယအဒေါ်ကို ချီးကျူးနေကြသည်ကို ဒုတိယအဒေါ်က....
" ဘာများ ထူးခြားနေလို့လဲ.. ကျုပ်သား ကွမ်ချီကမှ ခု ကေဒါ ဖြစ်နေပြီ ..နောက်နှစ်နည်းနည်းကြာရင် ခေါင်းဆောင် ဖြစ်လာတော့မှာ.. ဟမ့်.. "
...
မိနစ် ၂၀ ကြာလျှင်....
" ယန်လေး... ငါတို့ ရောက်ပြီ.. "
ကားပါကင် ထိုးပြီးသည်နှင့် ဟူကျွင်၏ အခေါ်အဝေါ်က ရဲဘော် ယန်ကျီဝမ် မှ ယန်လေး အဖြစ် ပြောင်းလဲသွား၏ ။
ဟူကျွင်းက အရင်ထွက်လိုက်ပြီး ယန်ကျီဝမ်အတွက် ကားတံခါးကို ဖွင့်ပေး၏ ။
" ကျေးဇူးတင်ပါတယ် အကိုဟူး.. "
" ရပါတယ်.. "
ယန်ကျီဝမ် ကားအပြင်သို့ ထွက်လိုက်လျှင် တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်း တစ်ခုသို့ ရောက်နေသည်ကို သတိထားမိလိုက်သည် ။
ခြံဝင်းက ရှေးကျပြီး အတော်လေး ရိုးရှင်းနေပေ၏ ။ သို့ပေသိ ဤခေတ်တွင် ဤသို့သော ဂျစ်ကား စီးနိုင်သူများမှာ ထိပ်တန်းခေါင်းဆောင်များသာ ဖြစ်ကြသည် ။
" ယန်လေး.. ဘာဖြစ်လို့လဲ.. "
ယန်ကျီဝမ်၏ ရှုပ်ထွေးနေသော အမူအရာကို မြင်လျှင် ဟူကျွင်းက မေးလိုက်သည် ။
ယန်ကျီဝမ်က ခေါင်းခါပြီး...
" ခေါင်းဆောင်ကြီးတွေ အားလုံး စစ်တပ်အိမ်ရာဝင်းမှာ နေတယ်လို့ ကျွန်တော် ကြားဖူးတယ်.. ခုဘာလို့.. "
စစ်တပ်အိမ်ရာဝင်း ဆိုသည်က တိုင်ခန်းတွဲ ဖြစ်ပြီး ရိုးရာခြံဝင်းအိမ်များထက် များစွာ သာလွန်၏ ။
( ဝန်ထမ်းအိမ်ရာ တိုက်ခန်းတွဲ ပုံစံမျိုးပဲ ပိုကျယ်ရင်လည်း ကျယ်မှာပေါ့... ဒါပေမဲ့ အဲ့ခေတ်မှာ ခေတ်မီ အဆောက်အဦးဆိုတော့ အဆင့်မြင့်တယ် ထင်ကြတာ.. )
နောက်ခေတ်သစ်တွင်တော့ ရိုးရာခြံဝင်းအိမ်များက အလွန်အဖိုးတန်လာပြီး ဝယ်ယူရန်ပင် မလွယ်တော့ချေ ။
" သြော်.. အဲ့တာလား.. "
ဟူကျွင်းက ပြုံး၍ ရှင်းပြသည် ။
" ငါတို့ ခေါင်းဆောင်က အေးအေးဆေးဆေး နေရတာ ကြိုက်လို့ ဒီခြံဝင်းလေးထဲ ပြောင်းလာတာ.. ဒီမှာ ခေါင်းဆောင်တို့ ဇနီးမောင်နှံ နှစ်ယောက်ပဲ နေကြတာလေ.. သူတို့ ကလေးတွေက တခြားမှာ.. "
" ဒါပေမဲ့.. ဒီနေ့က ခေါင်းဆောင်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ဆိုတော့ ဝန်ကြီးဝမ်လည်း ပြန်လာလိမ့်မယ်.. "
ယန်ကျီဝမ် ခေါင်းညိတ်လိုက်သည် ။ ထို ကိစ္စက သူနှင့် ဘာမှ မဆိုင် ။ သူ့တာဝန်က ချက်ပြုတ်ရန်သာ ဖြစ်၏ ။
သူ ခေါင်းဆောင်များ၏ မျက်နှာသာ ပေးမှုကို ရရှိရန် ရည်ရွယ်ချက်မရှိပေ ။ သူ၏ စနစ်ဖြင့်ဆိုလျှင် သက်တောင့်သက်သာ ဘဝကို ပိုင်ဆိုင်နိုင်ပေသည် ။
ဟူကျွင်းက ယန်ကျီဝမ်ကို အထဲသို့ ခေါ်သွားရန် ပြင်လိုက်စဥ် ကားတစ်စီး အနားသို့ ရောက်လာသည် ။
အသက် သုံးဆယ်အရွယ် အမျိုးသား တစ်ယောက် ကားထဲမှ ထွက်လာပြီး ဟူကျွင်းကို မြင်လျှင်...
" ကြည့်ရတာ ငါနောက်ကျနေပြီထင်တယ်.. "
သူက ဟူကျွင်း၏ နောက်တွင် ရပ်နေသော ယန်ကျီဝမ်ကို မြင်သွားပြီး...
" ရဲဘော်ဟူး.. ဒီလူငယ် ရဲဘော်က ဘယ်သူလဲ.. "
ဟူကျွင်းက ခဏတာ စဥ်းစားပြီး...
" ဒါ ရဲဘော် ယန်ကျီဝမ်ပါ.. ခေါင်းဆောင်က ဟင်းချက်ခိုင်းဖို့ ခေါ်ထားတာ.. "
ထို့နောက် ယန်ကျီဝမ်ကို မိတ်ဆက်ပေးလိုက်သည် ။
" ဒါက ရဲဘော် ယန်ဝေမင်းပါ.. ဟောင်ရှင်း သံမဏိစက်ရုံရဲ့ ဒါရိုက်တာ.. "
ယန်ကျီဝမ် အံ့အားသင့်သွား၏ ။ ဤလူက ယန်ဝေမင်း ဖြစ်နေမည်ဟု ထင်မထားပေ ။
ဟူကျွင်း၏ မိတ်ဆက်ပေးမှုကို ကြားလျှင် ယန်ဝေမင်း ဆွံ့အ သွားသည် ။
" တိုက်ဆိုင်လိုက်တာ.. ခေါင်းဆောင်က စီချွမ်ဟင်းတွေ ကြိုက်တယ်ဆိုလို့ စက်ရုံက အကောင်းဆုံး စားဖိုမှုး ခေါ်လာခဲ့တာ.. "
ထိုသည်ကို ကြားလျှင် ယန်ကျီဝမ် မျက်ခုံးတစ်ဖက် ပင့်လိုက်၏ ။
' မဟုတ်မှလွဲရော.. '
ထိုအခိုက် ရှာကျူးက မျက်နှာအိုကြီးနှင့် ကားပေါ်မှ ဆင်းလာသည် ။ သူ ခေါင်းမော့လိုက်လျှင် ယန်ကျီဝမ်ကို မြင်သွားပြီး အံ့သြစွာဖြင့်...
" ယန်လောင်အာ ..."
ထို့နောက် အနားသို့ လျှောက်လာပြီး...
" မင်း ဘာလာလုပ်တာလဲ.. "
ယန်ဝေမင်းက ရှုပ်ထွေးဟန်ဖြင့် ...
" ဆရာဟဲ သူ့ကိုသိလား.. "
ရှာကျူးက အမှန်အတိုင်း ပြန်ဖြေသည် ။
" ဒါရိုက်တာ.. ကျုပ်တို့က တစ်ခြံထဲ အတူတူနေတာပါ.. "
" တိုက်ဆိုင်လိုက်တာ.. "
ယန်ဝေမင်း ပြုံးလိုက်ပြီး...
" ဒီ လူငယ်ရဲဘော်ကလည်း ဟင်းချက်ဖို့လာတာဆိုတော့ အသိတွေ ဆိုရင် ကောင်းတာပေါ့.. "
" အဲ့လို မရဘူး.. ခေါင်းဆောင်စားဖိုမှူးက တစ်ယောက်ပဲ ရှိရမယ်.. ဒါ စည်းကမ်းပဲ.. "
ရှာကျူးက ခေါင်းခါ၍ လေးနက်စွာ ပြောသည် ။ သူသည် စားဖိုမှူး လောက၏ စည်းမျဥ်းစည်းကမ်းများကို အလွန်အလေးထားသူ ဖြစ်၏ ။
" ဒါ..."
ယန်ဝေမင်းက ရှာကျူးကို စိတ်အနှောက်အယှက် ဖြစ်ဟန်ဖြင့် ကြည့်လိုက်သည် ။ သူ့စိတ်ထဲတွင် ရှာကျူးအား ခေါင်းဆောင်စားဖိုမှူး ဖြစ်စေချင်ပေသည် ။
မည်သို့ပင် ဆိုစေကာမူ ရှာကျူးက သူ့လူဖြစ်၍ ဟင်းချက်စွမ်းရည်ကို သူ ယုံကြည်၏ ။
ယန်ကျီဝမ်သည်တော့ ငယ်လွန်းသဖြင့် သူ အထင်မကြီးပေ ။
သို့သော် အဘိုးဝမ်က အိမ်ပိုင်ရှင်ဖြစ်၍ သူကိုယ်တိုင် ဆုံးဖြတ်ချက် ချပေလိမ့်မည် ။