← Chapters

အခန်း ၁၀၅

Vol. 10 Ch. 105

အခန်း ၁၀၅

Vol. 10 Ch. 105

Chapter 105

~

အခန်း ၁၀၅ : အာလူးချဥ်စပ်အမျှင်ကြော်

~

ဟူကျွင်းက ယန်ကျီဝမ်ကို ကြည့်၍...

" ရဲဘော်ယန်.. ဘယ်လိုသဘောရလဲ.. "

ယန်ကျီဝမ်က ခေါင်းဆောင်ကိုယ်တိုင် ဖိတ်ခေါ်ထားသူ ဖြစ်၍ သူ့သဘောက အရေးအကြီးဆုံးပင် ။

သို့သော် ယန်ဝေမင်းက ဝန်ကြီးဝမ်၏ လူဖြစ်သည် ။ တဘက်ကလည်း ယန်ဝေမင်း ခေါ်လာသော စာဖိုမှူးဖြစ်၍ ဟူကျွင်းက ကြားထဲတွင် မညပ်လို၍ ယန်ကျီဝမ်ထံသို့ လွဲလိုက်၏ ။

" အဘိုးကို မေးလိုက်ပါ.. "

ယန်ကျီဝမ်က တည်ငြိမ်စွာ ပြန်ဖြေသည် ။ သူသည်လည်း မာစတာအဆင့် ဟင်းချက်စွမ်းရည် ရထားသဖြင့် ရှာကျူးပြောသော စည်းမျဥ်းကို သိ၏ ။

ကျွမ်းကျင် စားဖိုမှူး တစ်ဦးအနေဖြင့် တခြားစားဖိုမှူးက လက်ညိုးထိုး၍ ခိုင်းစေနေသည်ကို မည်သို့ ကျေနပ်နိုင်ပါမည်နည်း ။ ထို့အပြင် ခေါင်းဆောင် နှစ်ယောက်ဖြစ်နေလျှင် ငြင်းခုံ၍ ပြီး​တော့မည် မဟုတ်ပေ ။ စားဖိုမှူးများက ကိုယ်ပိုင် ဟန်များ ရှိကြ၏ ။

ထို့ကြောင့် စားဖိုမှူး လောကတွင် ဤစည်းမျဥ်းကို ထုတ်ထားသည် ။ ခေါင်းဆောင် စားဖိုမှူး( စားဖိုမှူးချုပ်ပေမဲ့ တစ်ယောက်ထဲ ချက်နေကြလို့ ခေါင်းဆောင်စားဖိုမှူးလို့ပဲ သုံးလိုက်တယ်နော်.. ) တစ်ယောက်သာ ရှိရမည်ဖြစ်ပြီး ကျန်သည်က အကူများသာ ဖြစ်ရပေမည် ။

စားသောက်ဆိုင်များတွင်တော့ စားဖိုမှူးများတွင် ကိုယ်စီ မီးဖို ရှိကြပြီး တာဝန်ခွဲဝေ ယူကြသဖြင့် ထိုပြဿနာ မရှိချေ ။

" ကျုပ်လည်း လက်ခံပါတယ်.. "

ရှာကျူးက ခေါင်းညိတ်၍ သဘောတူလိုက်သည် ။ ဤကိစ္စအား အိမ်ပိုင်ရှင် ကိုယ်တိုင် ဆုံးဖြတ်သည်က အကောင်းဆုံးပင် ။

သို့သော် စည်းမျဥ်းများအား ချိုးဖောက်၍မရ ။ ဤသည်က သူ့အတွက်အရေးအကြီးဆုံး ဖြစ်သည် ။

သူတို့အားလုံး ခြံထဲသို့ ဝင်ရန် ပြင်လိုက်စဥ် အဘိုးကြီးဝမ် ထွက်လာ၏ ။

" ဆရာ.. ဒီကိစ္စက....... "

ဟူကျွင်းက ဖြစ်ပျက်ခဲ့သည်များကို အဘိုးဝမ်အား ရှင်းပြလိုက်သည် ။

" ငါ သိပြီ.. "

အဘိုးဝမ် ခဏစဥ်းစားကာ ပြုံးလိုက်ပြီး...

" မင်းတို့နှစ်ယောက် ပြိုင်ကြရင်ရော ဘယ်လိုလဲ.. "

ထို့နောက် ယန်ကျီဝမ်ကို ကြည့်ကာ...

" ယန်လေး.. မင်းရဲ့ ကျွမ်းကျင်မှုကို မင်းအမြဲတမ်း ကြွားနေတာမလား.. စိန်ခေါ်ပွဲကို လက်ခံဖို့ မင်း ကြောက်မယ်မထင်ဘူး .."

ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်ပြီး...

" ကျွန်တော် သဘောတူတယ်.. "

" ရဲဘော်.. မင်းရော ဘယ်လိုလဲ.. "

အဘိုးဝမ်က ရှာကျူးကို ကြည့်၍ မေးသည် ။

" ကျွန်တော်လည်း အဆင်ပြေပါတယ်.. "

ရှာကျူးက ခေါင်းညိတ် သဘောတူလိုက်၏ ။

အဘိုးဝမ်က ရယ်လိုက်ပြီး...

" တွေ့လား ပြဿနာက ဖြေရှင်းပြီး သွားပြီ လွယ်လွယ်လေးပါ.. "

ယန်ဝေမင်းသည်တော့ အဘိုးဝမ်က ယန်ကျီဝမ်ကို ဆက်ဆံနေသည့်ပုံစံကိုမြင်လျှင် အံသြသွားသည် ။

ခေါင်းဆောင်က မည်သို့ကြောင့် ဤ လူငယ်လေးကို အလေးထား နေသနည်း ။ သူတို့ကြားက ဆက်နွယ်မှုက မည်သို့နည်း ။

သူတို့အားလုံး အိမ်ထဲသို့ ရောက်လျှင် ဆံပင်မီးခိုးရောင်နှင့် အမျိုးသမီးကြီးက ကြိုဆိုနှုတ်ဆက်သည် ။

သူမက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ယန်ကျီဝမ်ထံသို့ ရောက်သွားပြီး...

" သားက ယန်လေး ဖြစ်ရမယ်.. အဘိုးကြီး က သားအကြောင်း ခဏခဏ ပြောနေတာ.. သြော်.. ငါးတွေ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. "

" အဘွားနာမည်က လင်း.. အဘွားလင်းလို့ ခေါ်လို့ရ​တယ် .."

" ဘွားဘွားလင်း.. "

ယန်ကျီဝမ်က မလိုလားဟန်ဖြင့် ခေါ်လိုက်သည် ။

" သား ကြည့်ရတာ အဲ့လိုခေါ်ရတာ မကြိုက်သလိုဘဲ ဘာလို့လဲ.. "

အဘွားလင်းက ရယ်လိုက်ပြီး...

" အဘွားက ဒီနှစ် ၆၂ နှစ် ရှိနေပြီ ..အဘွားကို အဘွားလို့ ခေါ်လို့ရတယ်မလား.. "

ယန်ကျီဝမ်က ထိတ်လန့်သွားဟန်ဖြင့်...

" တကယ်ကြီး ၆၂ နှစ်လား.. ကျွန်တော်က ကျွန်တော့် အမေနဲ့ ရွယ်တူလောက် ၄၀ ဝန်းကျင် ထင်နေတာ.. "

" ဟီးဟီး... စိတ်ဝင်စားဖို့ ကောင်းလိုက်တဲ့ ကလေး.. "

အဘွားလင်းက ပီတိဖြာသွား၏ ။ ချိုသာသော စကားလုံးများ မကြိုက်သည့် အမျိုးသမိးဟူ၍ ဤကမ္ဘာပေါ်တွင် ရှိအံမထင် ။

အဘိုးဝမ်သည်တော့ နှာဖူးတွင် အနက်ရောင် အရေးအကြောင်း သုံးကြောင်းနှင့် ကြည့်နေလေ၏ ။ ဤကလေးက အရေထူလှသည် ။ မြှောက်ပြောနေသော်လည်း မျက်တောင် တစ်ချက်မခတ် ။ ပို၍ ဆိုးသည်မှာ သူ့ကို စတွေ့လေကတည်းက အဘိုးကြီး ဝမ်ဟုသာ ခေါ်ခဲ့သည် ။

" ကပ်ဖား.. "

ရှာကျူးက တိုးတိုးလေး ရေရွတ်လိုက်သည် ။

ယန်ဝေမင်းနှင့် ဟူကျွင်းက ရယ်ချင်သော်လည်း မရယ်ရဲ၍ အောင့်အီးထားရ၏ ။

အဘွားလင်းက အဘိုးဝမ် ၏ အမူအရာကို မြင်လျှင် မကျေမနပ် ဖြစ်သွားပြီး...

" အဘိုးကြီး.. ယန်လေး ပြောတာ မှားတယ်လို့ ရှင်ထင်နေတာလား.. "

အဘိုးဝမ်က မျက်နှာ အမူအရာကို ပြင်လိုက်ကာ..

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ယန်လေး ပြောတာက ငါပြောချင်တာနဲ့ အတူတူပဲ.. မင်း သိပါတယ် ငါဘယ်တုန်းက လိမ်ဖူးလို့လဲ.. "

" ဟမ့်.. "

အဘွားလင်းက နှာခေါင်းရှုံ့လိုက်ပြီး...

" ရှင်က မလိမ်ဘူးလား .. ရှင် မနေ့တုန်း ရှင်ကိုယ်တိုင် ငါးတစ်ကောင်ဖမ်းလာတယ်လို့ ကျုပ်ကို ပြောတာလေ.. ရှောင်ဟူကို မေးကြည့်တော့ ယန်လေးက လက်ဆောင်ပေးလိုက်တာတဲ့.. ကြည့်ရတာ ဟိုးအရင်က ရှင်သယ်လာတဲ့ ငါးတွေကလည်း ယန်လေး ဆီက ဝယ်တာပဲ ဖြစ်ရမယ်.. "

အဘိုးကြီးက အရေပြား အရမ်းထူ၏ ။ သူ ဝယ်လာသော ငါးများနှင့် ပတ်ကြွားနေသည် ။

အဘိုးဝမ်က ဟူကျွင်းကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်လျှင် ဟူကျွင်းက ရှက်ရယ် ရယ်နေရုံသာ တက်နိုင်တော့သည် ။

လူကြီးနှစ်ယောက်၏ အငြင်းပွားမှူထဲ ဝင်မငြင်းရဲချေ ။

အဘွားလင်း မေးသည်ကို သူမည်သို့ အမှန်အတိုင်း မဖြေဘဲ နေရဲပါမည်နည်း ။

အဘိုးဝမ်က အဘွားလင်းကို မျက်စိတစ်ဘက် မှိတ်ပြလိုက်ပြီး...

" ဒီမှာ အပြင်လူတွေနဲ့လေ.. ငါ့မျက်နှာ နည်းနည်းတော့ ချန်ထားပါအုံး.. "

" ဟမ့်... "

အဘွားလင်းက စိုက်ကြည့်လိုက်ပြီး ထပ်မပြောတော့ပေ ။ သူမက ပြုံးလိုက်ပြီး ယန်ကျီဝမ်ကို ပြောလိုက်သည် ။

" ယန်လေး.. အဘိုးကြီး ပြောတာ ကြားဖူးတယ်.. သားက ဟင်းချက်ကောင်းတယ်ဆို.. သူ အမြဲချီးကျူးနေတာ.. ဒီနေ့ သားဘယ်လောက် ကျွမ်းကျင်လဲ အဘွားကို ပြရမယ်.. "

" ခဏတော့ စောင့်ရအုံးမယ် .. "

ယန်ကျီဝမ်က ပြုံး၍ ခေါင်းခါလိုက်သည် ။

အဘွားလင်း မျက်မှောင်ကြုတ်၍ အဘိုးဝမ်ကို လှည့်မေး၏ ။

" အဘိုးကြီး... ဘာဖြစ်လို့လဲ.. "

အဘိုးဝမ်က ဖြစ်ခဲ့သည်များကို ပြောပြရန်မှတစ်ပါး တခြား ရွေးချယ်စရာ မရှိတော့ချေ ။

အဘွားလင်းက သဘောမတူဟန်ဖြင့်...

" ရှင် ဘယ်လိုလုပ်ပြီး ဒီလို ဆုံးဖြတ်ရတာလဲ.. ယန်လေးက ကျုပ်တို့ ခေါ်ထားတာလေ.. သူပဲ ချက်သင့်တာပေါ့.. "

အဘိုးဝမ်က အကူအညီ မဲ့ဟန်ဖြင့်...

" ငါက ယန်လေးကိုပဲ ဖိတ်ထားတာလေ.. တခြားတစ်ယောက်ပါ ရောက်လာမယ်လို့ ဘယ်ထင်ထားမှာလဲ.. "

ယန်ဝေမင်းက ရှက်ရွံ့ဟန်ဖြင့်..

" ဆရာကတော်.. ဒါ ကျွန်တော့ရဲ့ အမှားပါ..ဆရာနဲ့ မဆိုင်ပါဘူး.. ကျွန်တော် မသိလိုက်တာပါ .."

အဘွားလင်းက လက်ဝေ့ယမ်းလိုက်ပြီး...

" ရပါတယ်.. မင်းလည်း စေတနာနဲ့ ခေါ်လာတာပဲ.. "

" ယန်လေးနဲ့ ဒီ ဆရာက အဆင်သင့် ဖြစ်နေပြီဆိုတော့ ပြိုင်ပွဲ စလိုက်ရအောင်လေ.. "

( ရှာကျူးက ရုပ်တအားရင့်တော့ အသက်ကြီးကြီး စားဖိုမှူးပဲ ထင်နေကြတာ.. )

" ယန်လေးနဲ့ စားဖိုမှူးကြီး.. မီးဖိုချောင်ထဲ လိုက်ခဲ့ကြပါ.. "

တခြားသူများက လိုက်ဝင်လာသော်လည်း အဘွားလင်းက လမ်းပိတ်ထားပြီး....

" မီးဖိုချောင်က ကျဥ်းကျဥ်းလေး.. လူအများကြီး မဆံ့ဘူး အပြင်ကပဲ စောင့်ကြပါ.. "

အဘိုးကြီးဝမ်တို့ အဖွဲ့ ကြည့်ချင်ကြသော်လည်း နာခံစွာဖြင့် အပြင်ထွက်လာကြသည် ။

အဘွားလင်းက စားပွဲပေါ်တွင် တင်ထားသော ပါဝင်ပစ္စည်းများကို ညွှန်ပြကာ..

" ပါဝင်ပစ္စည်းတွေက ပြင်ထားပြီးသား.. အရင်က အိမ်မှာ ဟင်းချက်စားဖို့ ပြင်ထားပေမဲ့ ယန်လေးကို ဖိတ်လိုက်တာ.. မီးဖိုချောင်ကို မင်းတို့လက်ထဲ ထားခဲ့လိုက်ပြီနော်.. "

ထိုသို့ ပြောပြီး အဘွားလင်း ထွက်သွား၏ ။

စားပွဲပေါ်တွင် တင်ထားသော ပါဝင်ပစ္စည်းများက ဝက်သား ၊ ကြက်သားနှင့် လေးငါးကျင်းခန့် ရှိမည့်ငါး တစ်ကောင် ။ ထိုသည်က ယန်ကျီဝမ် မနေ့က ပေးလိုက်သော ငါးပင် ။

ယန်ကျီဝမ်က ရှာကျူးကို ကြည့်ပြီး မေးလိုက်သည် ။

" မင်း ဘယ်လို ပြိုင်ချင်လဲ.. "

ယန်ကျီဝမ်က ဟင်းတစ်ပွဲချက်ပြီး အပိုဝင်ငွေ ရှာချင်ရုံသာဖြစ်၏ ။ အဘိုးဝမ်က ပြိုင်ပွဲလုပ်ရန် အကြံပေးမည်ဟု မျှော်လင့်မထားပေ ။ ဤသို့ ဖြစ်မည်မှန်းသာ သူသိလျှင် ငါးမျှားထွက်သည်က ပိုကောင်းပေမည် ။

" လွယ်တာလေး လုပ်မယ်.. အာလူးချဥ်စပ်အမျှင်ကြော်.. "

ရှာကျူးက ခဏစဥ်းစားပြီး ပြောလိုက်သည် ။ အလွယ်တကူ ရွေးလိုက်ဟန် တူသော်လည်း သူ အသေအချာ စဥ်းစားထားခြင်းပင် ။

ထိုဟင်းက ရိုးရှင်းသော်လည်း အခြေခံကျွမ်းကျင်မှု မည်မျှ ပိုင်နိုင်ကြောင်း ပြသော ဟင်းလည်းဖြစ်၏ ။

အာလူးကို မျှင်နိုင်သမျှ အမျှင်ဖြစ်အောင် ဓားစွမ်းရည် ကျွမ်းကျင်ရမည်ဖြစ်ပြီး ကြော်ရာ၌လည်း မီးထိန်းချုပ်မှု စွမ်းရည်က အရေးကြီး၏ ။

ချက်ပြုတ်ချင်းနှင့် အရသာ၌ ယန်ကျီဝမ်ကို သူယှဥ်နိုင်မည် မဟုတ်မှန်း ရှာကျူး သိ၍ အခြေခံကျွမ်းကျင်မှုကို ရွေးချယ်ထားခြင်းဖြစ်သည် ။

အခြေခံ ကျွမ်းကျင်များက ဆယ်နှစ်ကျော် လေ့ကျင့်လာသည့် သူ့ထက် သာလွန်နိုင်မည် မဟုတ်ချေ ။ အဓိက အချက်သည်တော့ ယန်ကျီဝမ်ထက် နိမ့်ကျနေသည်ကို သူလက်မခံနိုင်၍ အနိုင်ယူနိုင်ရန် ကြိုးပမ်းနေခြင်းပင် ။

All Chapters