အခန်း ၁၀၆
Vol. 10 Ch. 106
Chapter 106
~
အခန်း ၁၀၆ : အရှုံးကို ဝန်ခံသွားသော ရှာကျူး
~
" ရတယ်.. "
ယန်ကျီဝမ်က ကန့်ကွက်စရာ မရှိပေ ။
သူ့၏ မာစတာအဆင့် ဟင်းချက်စွမ်းရည်ဖြင့်ဆိုလျှင် ဤပြိုင်ပွဲအတွက် ရလဒ်တစ်ခုတည်းသာ ရှိတော့သည် ။ ရှာကျူး ရှုံးရန် သေချာနေ၏ ။
ယန်ကျီဝမ်က ရည်ရွယ်ချက်ရှိရှိ အလျှော့မပေးခဲ့လျှင် အခြားရလဒ် ရှိလာမည်မဟုတ်ချေ ။
ယန်ကျီဝမ် သဘောတူသည်ကို မြင်တော့ ရှာကျူးက တွန့်ဆုတ်မနေဘဲ အာလူးတစ်လုံးကို ယူကာ စတင်လိုက်သည် ။
ယန်ကျီဝမ်ကလည်း အလားတူပင် လုပ်ဆောင်လိုက်၏ ။
" ဒေါက်.. ဒေါက်.."
ခဏအတွင်းမှာပင် မီးဖိုချောင်ထဲ၌ ဟင်းသီးဟင်းရွက် လှီးဖြတ်သည့်အသံက စည်းချက်ညီညီ ထွက်ပေါ်လာသည် ။
ရှာကျူး၏ ဓားကျွမ်းကျင်မှုက တကယ်ကို ကောင်းမွန်လှ၏ ။ သူလှီးဖြတ်လိုက်သည့် အာလူးအမျှင် တစ်ချောင်းချင်းစီက အလွန်ပါးလွှာပြီး အရွယ်အစား ညီညာလှသည် ။ သေချာမကြည့်လျှင် ကွာခြားချက်ကို သိနိုင်မည် မဟုတ်ပေ ။
မကြာမီမှာပင် ရှာကျူးက လှီးဖြတ်၍ ပြီးသွားသည် ။
သူက ယန်ကျီဝမ်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် လှောင်ရယ် ရယ်လိုက်၏ ။
ယန်ကျီဝမ်က ဓားတစ်ချောင်းကို ကိုင်ထားပြီး အာလူးကို အပိုင်းအစလေးများဖြစ်အောင် ဖြည်းဖြည်းချင်း လှီးဖြတ်ပြီးနောက် ကျပန်း ခုတ်ထစ်နေသည် ။
ရှာကျူးက ...
" ယန်လောင်အာ.. မင်း ဟင်းသီးဟင်းရွက် ဘယ်လို လှီးရမလဲဆိုတာကော သိရဲ့လား.. ဘယ်လိုလုပ်ပြီး ဒီလိုလှီးနေရတာလဲ.. ပန်းတစ်ပွင့် ထွင်းဖို့ ကြိုးစားနေတာလား.. "
ယန်ကျီဝမ်က သူ့ကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ အလုပ်ဆက်လုပ်နေသည် ။
မိနစ်အနည်းငယ် ကြာပြီးနောက် ယန်ကျီဝမ်က သူ့ဓားကို ချလိုက်၏ ။
ထို့နောက် ရှာကျူး၏ အံ့အားသင့်နေသော အကြည့်အောက်တွင် အာလူးချပ်များကို လက်ဖြင့် ဖွဖွလေး ခွဲထုတ်လိုက်သည် ။
ချက်ချင်းပင် သူ့ရှေ့၌ နူးညံ့သော အာလူးအမျှင်လေးများ ပေါ်လာပြီး အားလုံးနီးပါး တစ်ပုံစံတည်း ဖြစ်နေ၏ ။
ထို့ပြင် ပန်းကန်ပြားပေါ်ရှိ ပုံစံက တကယ့် ပန်းတစ်ပွင့်နှင့်ပင် တူနေသည် ။
ရှာကျူး၏ စကားများ တကယ်ဖြစ်လာသလိုပင် ။ သူ ပန်းတစ်ပွင့်ကို တကယ် ထွင်းလိုက်ခြင်း ဖြစ်သည် ။
" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "
ရှာကျူး မယုံနိုင် ဖြစ်သွားသည် ။
ဤမျှ ကျွမ်းကျင်သော ဓားစွမ်းရည်နှင့် လှီးဖြတ်နည်းမျိုးကို သူ့ဆရာပင် လုပ်နိုင်မည် မဟုတ်ချေ ။
သို့သော် ယန်လောင်အာက လုပ်ပြနိုင်ခဲ့သည် ။
ယန်ကျီဝမ်က သူ့ကို လျစ်လျူရှုကာ အာလူးအမျှင်များကို ကောက်ယူပြီး ချက်ပြုတ်တော့သည် ။
ခဏအကြာတွင် ယန်ကျီဝမ်က ပူပူနွေးနွေး အာလူးချဉ်စပ်အမျှင်ကြော် ပန်းကန်ကို ကိုင်ကာ ထွက်လာခဲ့သည် ။
ထိုအခါ ရှာကျူးက သူ့အပိုင်းကို သူဆက်လက် ချက်ပြုတ်နေသော်လည်း သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်၏ ။
သူသည် ချက်ပြုတ်စွမ်းရည်တွင်သာမက ဓားစွမ်းရည်ပါ ကဏ္ဍတိုင်း၌ ရှုံးနိမ့်သွားခဲ့ရလေပြီ ။
သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ့အကြည့်များကို လွှဲဖယ်လိုက်ကာ...
" ငါ့ရဲ့ အရည်အချင်းက ယန်လောင်အာနဲ့ တကယ်ပဲ မယှဉ်နိုင်တော့ဘူးလား.. "
...
ခြံထဲတွင် ...
အဘိုးဝမ်က ယန်ကျီဝမ် အရင်ထွက်လာသည်ကို မြင်၍ အံ့အားသင့်စွာ မေးလိုက်သည် ။
" ယန်လေး.. မင်း ဒီလောက်မြန်မြန် ပြီးသွားတာလား.. "
ယန်ကျီဝမ်က ပါးပါးလှီးထားသော အာလူးချဉ်စပ်အမျှင်ကြော်ကို သစ်သားစားပွဲပေါ်တွင် တင်လိုက်သည် ။
အဘွားလင်းက ဟင်းပွဲကို ကြည့်၍...
" ဒါ အာလူးချဉ်စပ်အမျှင်ကြော်ပဲ ဖြစ်ရမယ်.. အဘွား မစားဖူးသေးပေမယ့် ကြည့်လိုက်ရုံနဲ့ အရသာရှိမယ်ဆိုတာ သိတယ်.. "
ပန်းကန်ထဲရှိ အာလူးအမျှင် တစ်ချောင်းချင်းစီက အလွန်ပါးလွှာပြီး ရှင်းရှင်းလင်းလင်း ခွဲခြားထားနိုင်သည် ။ ပြင်ဆင်ထားမှု တစ်ခုတည်းနှင့်ပင် စားချင်စိတ်ကို အလွန် မြင့်တက်စေ၏ ။
ယန်ဝေမင်းလည်း အလွန်အံ့အားသင့် သွားသည် ။ ဤမျှငယ်ရွယ်ပုံရသော လူငယ်လေးတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းရည်ရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ ။
မကြာမီမှာပင် ရှာကျူးလည်း သူ့ဟင်းပွဲနှင့်အတူ ထွက်လာခဲ့သည် ။
သူတို့နှစ်ဦး၏ ဟင်းပွဲများကို နှိုင်းယှဉ်ကြည့်လိုက်လျှင်မူ ကွာခြားချက်က အလွန်သိသာလှ၏ ။
ရှာကျူးက သူ့ပန်းကန်ကို ချလိုက်ပြီးနောက်...
" ခေါင်းဆောင်တို့.. စက်ရုံမှူး.. ကျွန်တော် ရှုံးကြောင်း ဝန်ခံပါတယ်.. ကျွန်တော် အရင် ပြန်နှင့်ပါရစေ.. "
ထိုသို့ပြောပြီးသည်နှင့် ရှာကျူးက စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားလေသည် ။
အဘိုးဝမ်က တစ်ကိုက် မြည်းကြည့်လိုက်ပြီး ယန်ကျီဝမ်ကို လက်မထောင်ပြလိုက်ကာ...
" ယန်လေး.. မင်း တကယ်ကြွားနေတာ မဟုတ်ဘူးပဲ.. မင်းရဲ့ လက်ရာက တကယ်မိုက်တယ်.. "
ထို့နောက် သူက ရှာကျူး ချက်ထားသည်ကို မြည်းစမ်းကြည့်ပြီး...
" အင်း.. အရသာက မဆိုးပါဘူး.. ယန်လေးထက် နည်းနည်းနိမ့်ပေမယ့် တော်တော်လေး ကောင်းတယ်.. "
ယန်ဝေမင်းက ပြုံးစိစိဖြင့်...
" ဆရာဟဲရဲ့ ချက်ပြုတ်စွမ်းရည်က အတော်လေး ကောင်းတယ်လို့ ကျွန်တော် အမြဲတမ်း ထင်ခဲ့တာ.. ဒါပေမယ့် အခုတော့ တောင်တစ်တောင်ထက် မြင့်တဲ့ တောင်တစ်တောင် ရှိနေသေးတာကို သိလိုက်ရပြီ.. "
အဘိုးကြီး၏ မိသားစုသည် စီချွမ်အစားအစာကို နှစ်သက်ကြောင်း သိရှိထားသဖြင့် သူက ရှာကျူးကို ကောင်းသော ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည် ။
သို့သော် ယခုတော့ သူတို့က ပိုကောင်းသော စားဖိုမှူးတစ်ယောက်ကို ဖိတ်ထားနှင့်ပြီး ဖြစ်နေသည်မှာ ထင်ရှားလှ၏ ။
ရှာကျူးအတွက် မည်သို့လုပ်ရမည်နည်း ။
နောက်ပိုင်းကျလျှင် သူ့ကို အကျိုးခံစားခွင့် အချို့တော့ ပေးရလိမ့်မည် ။ သူ့လက်အောက်ငယ်သားများ စိတ်ဓာတ်ကျသွားသည်ကို သူ ခွင့်မပြုနိုင်ပေ ။
သို့သော်လည်း သူကတော့ ထွက်သွား၍ မဖြစ် ။ သူက ယနေ့တွင် မွေးနေ့ပွဲ ကျင်းပပေးရန် ရောက်ရှိနေခြင်း ဖြစ်သည် ။
ကိစ္စပြီးသွားပြီးနောက် ယန်ကျီဝမ်က မီးဖိုချောင်ထဲသို့ ဝင်သွားပြီး အလုပ်များနေတော့သည် ။
နာရီဝက် ကြာပြီးနောက် ...
ဟူကျွင်း မီးဖိုချောင်သို့ ရောက်လာပြီး ယန်ကျီဝမ်အား...
" ရဲဘော်ယန်.. ဝန်ကြီးဝမ်နဲ့ သူ့ဇနီး ရောက်လာပြီ.. အခု ဟင်းတွေ စချက်လို့ရပါပြီ.. "
" ကောင်းပါပြီ.. "
ထို့ကြောင့် ယန်ကျီဝမ်က ဟင်းစချက်လေသည် ။
ပါဝင်ပစ္စည်းများ အစုံအလင် ရှိနေသဖြင့် နှစ်ခါချက်ဝက်သားကြော် ၊ ဝက်သားနီနှပ် ၊ ကြက်ပင်စိမ်းအစပ် ၊ ငါးစွတ်ပြုတ်နှင့် ငါးခေါင်းအစပ်ဟင်း တို့အပြင် သက်သတ်လွတ် ဟင်းလျာနှစ်မျိုးကိုပါ ချက်ပြုတ်လိုက်သည် ။
ဟင်းပွဲများ ပြင်ဆင်ပြီးသွားသောအခါ သူက မီးဖိုချောင်ထဲတွင် ထိုင်၍ ဆေးလိပ်သောက်နေ၏ ။
ခဏကြာတော့ ဟူကျွင်းက သူ့ကို လာရှာသည် ။
" ရဲဘော်ယန်.. ခေါင်းဆောင်က မင်းကို သူတို့နဲ့အတူတူ ညစာ လာစား စေချင်နေတယ်.. "
" ရပါတယ်.. တခြားဘာမှ မရှိတော့ရင် ကျွန်တော် အရင်ပြန်သွားချင်တယ်.. "
စားဖိုမှူးလောက၏ စည်းမျဉ်းများအရ စားဖိုမှူးများသည် စားပွဲတွင် ဝင်မထိုင်ကြချေ ။ ၎င်းတို့သည် ချက်ပြုတ်ရန်အတွက်သာ တာဝန်ရှိပြီး ယင်းထက်ကျော်လွန်၍ အလွန်အကျွံ စကားမပြောကြပေ ။
ထို့အပြင် ဤနေရာ၌ စားသောက်နေသူများက ခေါင်းဆောင်များ ဖြစ်နိုင်ပြီး ယန်ကျီဝမ် သူတို့နှင့် သွားရောက်ပူးပေါင်းရန် ဆန္ဒမရှိချေ ။ ထိုသို့လုပ်ခြင်းက ဒုက္ခပေးလိမ့်မည်ဟု သူ ယူဆသည် ။
ဟူကျွင်းက ပြုံးလိုက်ပြီး...
" မင်း ဒီလိုပြောမယ်ဆိုတာ ခေါင်းဆောင်က ကြိုသိနေတယ်.. ဒါက မိသားစု ညစာစားပွဲ သီးသန့်ပဲတဲ့.. မင်းကို မြေးတစ်ယောက်လို သတ်မှတ်ထားတာမို့ မင်း သွားမှရမယ်.. "
ယန်ကျီဝမ်၏ ပါးစပ်က အနည်းငယ် တွန့်ကွေးသွားသည် ။
ဤအဘိုးဝမ်က သူ့အတွက် အလုပ်ဘယ်လို ရှာပေးရမလဲဆိုတာကို တကယ် သိနေသည်ပင် ။
" ဒါဆိုလည်း သွားကြတာပေါ့.. "
အကူအညီမဲ့စွာဖြင့် ယန်ကျီဝမ်က သဘောတူလိုက်ရသည် ။
မည်သို့ပင်ဆိုစေကာမူ သူတို့က ဒီလောက်အထိ ပြောနေပြီဖြစ်ရာ သူ မျက်နှာသာ ပေးရမည် မဟုတ်ပါလော ။
အခန်းတစ်ခုသို့ ရောက်သောအခါ ယန်ကျီဝမ်က ဟူကျွင်းနောက်မှ အထဲသို့ လိုက်ဝင်သွားသည် ။
ကံကောင်းထောက်မစွာဖြင့် အထဲတွင် လူအများကြီး မရှိပေ ။ အဘိုးဝမ်နှင့် အဘွားလင်းအပြင် ယန်ဝေမင်းနှင့် အသက်လတ်ပိုင်း စုံတွဲတစ်တွဲသာ ရှိသည် ။
ယန်ကျီဝမ်က သူတို့အနီးသို့ လျှောက်သွားပြီး နှုတ်ဆက်လိုက်သည် ။
" အဘိုးဝမ်.. အဘွားလင်း.. ခေါင်းဆောင်တို့.. "
ကျုံးရှမ်းဝတ်စုံကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားက အံ့အားသင့်စွာဖြင့်...
" ဒီဟင်းတွေကို ဒီလူငယ်လေးက တကယ်ပဲ ချက်ပေးထားတာလား.. "
ဟူကျွင်းက ယန်ကျီဝမ်အား တိတ်တဆိတ် မိတ်ဆက်ပေးလိုက်သည် ။
" ဒါက စက်မှုဝန်ကြီးဌာနက ဝန်ကြီးဝမ်ပါ.. ခေါင်းဆောင်ရဲ့ သားလေ.. "
ယန်ကျီဝမ်က မျက်ခုံးပင့်လိုက်သည် ။
စက်မှုဝန်ကြီးဌာနသည် သံမဏိစက်ရုံထက် သာလွန်သော ဌာနကြီး ဖြစ်သည် ။
တစ်နည်းအားဖြင့်ဆိုရသော် ဤဝန်ကြီးဝမ်သည် မူရင်းဝတ္ထုထဲတွင် နောက်ပိုင်း၌ ရှာကျူးနှင့် မိတ်ဆွေဖွဲ့ခဲ့သော အဆင့်မြင့် ခေါင်းဆောင် ဖြစ်ရန် အလွန် ဖြစ်နိုင်ခြေများလှသည် ။
သူ၏ ပေါ်လာမှုကြောင့် ဖြစ်ပေါ်လာသည့် လိပ်ပြာအကျိုးသက်ရောက်မှုပေလော ။
သို့သော် တရားမျှတစွာ ပြောရလျှင် ယခုလို ရှာကျူး၏ ချက်ပြုတ်စွမ်းရည်ဖြင့်ဆိုပါက သူသာ မပေါ်လာခဲ့လျှင် ရှာကျူးသည် ဤအဆင့်မြင့် ခေါင်းဆောင်နှင့် အစောကြီး တွေ့ဆုံခဲ့မည်မှာ အသေအချာပင် ။
မကျေမနပ်ဖြစ်နေသော အဘိုးဝမ်က ယန်ကျီဝမ် စကားမပြောရသေးမီ ဝင်ပြောလိုက်သည် ။
" ကောင်စုတ်လေး. ဒီအဘိုးကြီးက မင်းကို နောက်နေတယ်လို့ မင်း ထင်နေတာလား.. "
ဝန်ကြီးဝမ်က ပြုံးစိစိဖြင့် ...
" ဖေဖေ.. ကျွန်တော် အဲဒီလို မဆိုလိုပါဘူး.. ကျွန်တော် နည်းနည်း အံ့သြသွားလို့ပါ.. "
" ဒီလူငယ်လေးက မြောင်မြောင်လောက်တောင် အသက်မကြီးလောက်ဘူး.. ဒါကြောင့် ကျန်းဟွာ အံ့သြသွားတာ အပြစ်မဆိုသာပါဘူး.. "
ဝန်ကြီးဝမ်၏ ဇနီးက အပြုံးဖြင့် ဝင်ပြောကာ ဝန်ကြီးဝမ်အတွက် အခြေအနေကို ချောမွေ့အောင် ကြိုးစားပေးလိုက်သည် ။
အဘိုးဝမ်က ဂုဏ်ယူစွာဖြင့်...
" ဒါပေါ့.. ဒီအဘိုးကြီး လက်ခံထားတဲ့သူ တစ်ယောက်က မကောင်းတာ ဖြစ်နိုင်ပါ့မလား.. "
အဘွားလင်းက ယန်ကျီဝမ်ကို လက်ယက်ခေါ်လိုက်ပြီး...
" ယန်လေး.. မြန်မြန် လာထိုင်ပါ.. "
" ဒီနေ့က အဘိုးဝမ်ရဲ့ ၆၀ ပြည့် မွေးနေ့မို့ ကျွန်တော် ဂုဏ်ပြုပေးချင်ပါတယ်.. "
ယန်ကျီဝမ်က ရှေ့သို့တိုးလာပြီး ဝိုင်တစ်ခွက်ငှဲ့ကာ မော့သောက်လိုက်ပြီး...
" အဘိုး ကျန်းမာရေးကောင်းပြီး အရာရာတိုင်း အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်.. "
အဘိုးဝမ်က ထိုစကားကို ကြားသောအခါ ကျေနပ်အားရစွာဖြင့်...
" အင်း.. အရမ်းကောင်းတယ်.. မလိုအပ်ဘဲ အလှဆင်ထားတဲ့ စကားလုံးတွေ မပါဘူး.. "
တစ်ဖက်တွင်မူ ယန်ဝေမင်း၏ နှုတ်ခမ်းများက အနည်းငယ် တုန်ရီသွားသည် ။
သူ၏ အစောပိုင်း မွေးနေ့ဆုတောင်း စကားများက အတော်လေး ရှည်လျားနေသဖြင့် ထိုစကားက သူ့ကို ရည်ရွယ်ပြီး ပြောလိုက်ခြင်းဖြစ်မည်ဟု သူ ခံစားလိုက်ရ၏ ။
သို့သော် ဤသူက သူ၏အထက်လူကြီး ဖြစ်သော ဝန်ကြီးဝမ်၏ ဖခင်ဖြစ်ပြီး ကြီးမားသော ရာထူးအဆင့်အတန်း ရှိသူဖြစ်သဖြင့် သူ ငြိမ်ခံနေလိုက်ရသည် ။
ထို့နောက်တွင် ယန်ကျီဝမ်က ကျန်ရှိနေသူ အားလုံးကို တစ်ဦးချင်းစီ ဆုမွန်ကောင်းတောင်းပေးပြီးနောက် ထွက်ခွာရန် ခွင့်တောင်းလိုက်သည် ။
အဘိုးဝမ်က ဟူကျွင်းကို သူ့အား လိုက်ပို့ရန် ညွှန်ကြားလိုက်၏ ။
ကားထဲရောက်မှသာ ယန်ကျီဝမ် သက်ပြင်းချနိုင်တော့သည် ။
ထိုကဲ့သို့သော အခြေအနေမျိုးက သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေပြီး အဘိုးဝမ်က သူ့ကို နောက်ထပ် ဖိတ်ခေါ်လာလျှင်ပင် သူ လုံးဝ လာတော့မည် မဟုတ်ဟု ဆုံးဖြတ်ချက်ချလိုက်လေတော့၏ ။