← Chapters

အခန်း ၁၀၇

Vol. 10 Ch. 107

အခန်း ၁၀၇

Vol. 10 Ch. 107

Chapter 107

~

အခန်း ၁၀၇ : ယူခြင်းသည် ခိုးခြင်းမဟုတ်

~

နန်းလော့ကူးရှန့်လမ်းရှိ အမှတ် ၉၅ ခြံဝင်းကြီးအတွင်း၌ ...

ရှာကျူးသည် တစ်နာရီခန့် ခြေဦးတည့်ရာ လျှောက်သွားပြီးနောက် နောက်ဆုံးတွင် ပြန်ရောက်လာခဲ့၏ ။

သို့သော်လည်း သူ့မျက်လုံးများတွင် ရှုံးနိမ့်မှု အရိပ်အယောင်များ ပြည့်နှက်နေချေသည် ။ အဘယ်ကြောင့်ဆိုသော် ဟင်းချက်စွမ်းရည်နှင့် ဓားစွမ်းရည် ကဏ္ဍတိုင်းတွင် ယန်ကျီဝမ်က သူ့ထက် လုံးဝ သာလွန်နေသောကြောင့် ဖြစ်သည် ။

အရင်က သူ မည်သူ့ထက်မှ မနိမ့်ကျဟု အမြဲ ခံစားခဲ့ရဖူး၏ ။

သူ့တွင် ကိုယ်ပိုင်အိမ် ရှိသလို အလုပ်အကိုင်လည်း ရှိသည် ။ ထို့ပြင် နာမည်ကြီး သံမဏိစက်ရုံကြီးတွင်လည်း အဆင့် ၈ ရှိသော စားဖိုမှူးတစ်ဦး ဖြစ်ပေသည် ။

အိမ်ထောင်ဖက် ရွေးချယ်ရာတွင်ပင် သူ့၏ စံနှုန်းများက အလွန် မြင့်မားခဲ့၏ ။

အခြားကြောင့်မဟုတ်ဘဲ သူသည် အရည်အသွေးမြင့် လူပျို လူရည်သန့်တစ်ဦး ဖြစ်သဖြင့် ပို၍ ကောင်းမွန်သော အမျိုးသမီးနှင့် ထိုက်တန်သည်ဟု ယူဆထားသောကြောင့်ပင် ။

သူ အလိုရှိသော အမျိုးသမီးသည် လှပရုံသာမက ပညာတတ်လည်း ဖြစ်ရမည် ။

ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားတွင် ချင်ဟွိုင်ရုကို စံထားသော်လည်း သူမထက် ပို၍ ပညာတတ် ယဉ်ကျေးသူ ဖြစ်ရန် လိုအပ်သည် ။

တစ်နည်းအားဖြင့်ဆိုရသော် ထိုကဲ့သို့သော အခြေအနေရှိသူကို မြို့သူများ ကြားတွင်သာ ရှာတွေ့နိုင်ပေသည် ။

ရိုးရိုးသားသား ပြောရလျှင် ရှာကျူးသည် မာနကြီးလွန်းသူ ဖြစ်၏ ။

သို့သော် ယနေ့တွင်တော့ သူကိုယ်တိုင် ယုံကြည်ထားသည့် ပါရမီများကို ယန်ကျီဝမ်က ကျော်လွန်ပြသွားခဲ့သဖြင့် သူ အလွန် စိတ်ဓာတ်ကျနေသည် ။

သူ အလယ်ခြံဝင်းသို့ ပြန်ရောက်လာသောအခါ ရေကန်တွင် အဝတ်လျှော်နေသော ချင်ဟွိုင်ရုနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လေသည် ။

ရှာကျူးကို မြင်လျှင် ချင်ဟွိုင်ရု၏ မျက်လုံးများ တောက်ပသွားပြီး အဝတ်များပေါ်တွင် လက်ကို အမြန်သုတ်ကာ ပြုံးရွှင်စွာဖြင့် ကြိုဆိုရန် ရှေ့သို့ လျှောက်လာခဲ့၏ ။

အမှန်တော့ သူမ ဤအချိန်တွင် အဝတ်များကို တမင်တကာ လာရောက် လျှော်ဖွတ်နေခြင်း ဖြစ်သည် ။ အဝတ်များကို တစ်နာရီနီးပါး ကြာအောင် အချိန်ဆွဲ၍ လျှော်နေခဲ့၏ ။

အဘယ်ကြောင့် ထိုသို့ လုပ်ရပါသနည်း ။

ချင်ဟွိုင်ရုက အပြုံးချိုချိုဖြင့် ရှေ့သို့ တိုးလာပြီး ရှာကျူး၏ လမ်းကို ပိတ်ဆို့လိုက်ကာ...

" ရှာကျူး.. နင် ပြန်လာပြီလား.. "

ရှာကျူးက စိတ်မပါလက်မပါဖြင့် ခေါင်းညိတ်ပြသည် ။

ချင်ဟွိုင်ရုက သူ့လက်ကို ကြည့်လိုက်ပြီး စိတ်ပျက်သွားဟန်ဖြင့်...

" ရှာကျူး.. နင် ခေါင်းဆောင်တွေအတွက် ဟင်းချက်ပေးဖို့ သွားတာ မဟုတ်ဘူးလား.. နေ့လယ်စာဘူးကော ဘယ်မှာလဲ.. "

ရှာကျူးသည် အခြားသူများအတွက် အပြင်ထွက်၍ ဟင်းချက်ပေးသည့် အခါတိုင်း နေ့လယ်စာဘူးကို ပြန်ယူလာလေ့ ရှိသည် ။ ထိုဘူးထဲတွင် သူ ခိုးယူလာသော အကောင်းစား ဟင်းလျာများ အမြဲ ပြည့်နှက်နေတတ်၏ ။

သူ့စကားအရဆိုလျှင် လူကြီးလူကောင်းများက အသားစားလျှင် သာမန်လူများအား ဟင်းချိုပေးသောက်သင့်သည် ဟူ၍ပင် ။

ဆိုရိုးစကားအတိုင်း စားဖိုမှူးတစ်ဦး မခိုးလျှင် ကောက်နှံငါးမျိုး ပေါများနိုင်မည် မဟုတ်ချေ ။ ရှာကျူးက ဤအခြေခံမူကို နက်နက်ရှိူင်းရှိူင်း နားလည်ထားသူ ဖြစ်သည် ။

ရှာကျူးက အရသာရှိသော အစားအစာများ ယူလာသည့် အခါတိုင်း ချင်ဟွိုင်ရူက တောင်းဆိုလျှင် သူမကို အမြဲ ပေးလေ့ရှိ၏ ။

မနေ့ညက ရှာကျူးသည် ယနေ့ ခေါင်းဆောင်များအတွက် ဟင်းချက်ပေးရမည်ဟု ပြောသည်ကို ကြားလိုက်ရသဖြင့် ချင်ဟွိုင်ရူက ဤနေရာတွင် တမင် စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည် ။

" ဒီနေ့ ဟင်းမချက်ခဲ့ရဘူး.. "

ရှာကျူးက အေးစက်စွာ ပြန်ဖြေပြီးနောက် ခေါင်းငုံ့ကာ သူ့အခန်းထဲသို့ ပြန်ဝင်သွားသည် ။

'ဟင်းမချက်ခဲ့ရဘူး ဟုတ်လား..'

ချင်ဟွိုင်ရု အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည် ။

ပုံမှန်ဆိုလျှင် သူမ စတင်စကားပြောပါက ထိုအရူးသည် အလွန် ဝမ်းသာအားရ ဖြစ်ကာ ငကြောင်တစ်ယောက်လို ပြုမူတတ်သည် မဟုတ်ပါလော ။

အကယ်၍ အစား တစ်လုပ်အတွက်သာ မဟုတ်ပါက ဤမျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလူကို သူမ အနားပင် သီမည် မဟုတ်ချေ ။

သို့သော် ယနေ့ ရှာကျူး၏ သဘောထားကမူ အနည်းငယ် ပုံမှန်မဟုတ်။

နေ့လယ်စာဘူး မရနိုင်တော့သည်ကို မြင်လျှင် ချင်ဟွိုင်ရူ အဝတ်များကို အမြန်ပင် ညှစ်လိုက်၏ ။

အဓိကလူ ပြန်ရောက်လာပြီ ဖြစ်ရာ အဝတ်များကို ဆက်လက် လျှော်ဖွတ်နေရန် မလိုတော့ချေ ။

အဝတ်များ လှန်းပြီးနောက် သူမ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည် ။

စာဖတ်မျက်မှန်ကို တပ်ဆင်ကာ ဖိနပ်အောက်ခံကို ချုပ်နေသော ကျားကျန်းရှီက မော့ကြည့်လိုက်ပြီး သူမ၏ ဗလာဖြစ်နေသော လက်များကို မြင်လျှင် မကျေမနပ်ဖြင့်...

" ရှာကျူး ပြန်မလာဘူးလား.. နေ့လယ်စာဘူးကော ဘယ်မှာလဲ.. "

အုတ်ကုတင်ပေါ်တွင် ဆေးလိပ်သောက်နေသော ကျားဒုံရွှီက ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားသည် ။

ယောကျာ်းတစ်ယောက် အနေဖြင့် သူ၏ ဇနီးက အခြားသူ၏ လက်ထဲမှ အစားအစာကို မက်မောနေရခြင်းကို သူ အလွန်ပင် ရှက်ရွံ့မိသည် ။

သို့သော် သူ့မိခင်က ကလေးများ အာဟာရ လိုအပ်သည် ။ လူကြီးများငတ်လျှင် ငတ်ပါစေ ကလေးများ မငတ်စေရဟု ပြောလေ့ရှိသဖြင့် သူ သည်းခံနေရုံသာ တတ်နိုင်၏ ။

အမှန်တော့ ဤသည်မှာ သူ့မိခင်၏ အစားမက်မှုအတွက် ဆင်ခြေတစ်ခုသာ ဖြစ်ကြောင်း သူ သိသည် ။

သို့သော် ကျားကျန်းရှီက သူ့မိခင် ဖြစ်နေသည် မဟုတ်ပါလော ။

သားသမီးတစ်ဦး အနေဖြင့် မိခင်၏ အပြစ်ကို မပြောအပ်ချေ ။

" သူ ဒီနေ့ ဟင်းမချက်ခဲ့ရဘူးလို့ ပြောတယ်.. "

ချင်ဟွိုင်ရူက ခေါင်းခါပြလိုက်၏ ။

" ဟင်းမချက်ခဲ့ရဘူး ဟုတ်လား..ထွီ... "

ကျားကျန်းရှီက တံတွေးတစ်ချက်ထွေးကာ နှာခေါင်းရှုံ့လိုက်​ပြီး...

" သူ မနေ့ညကပဲ ဒီနေ့ ခေါင်းဆောင်တွေအတွက် ဟင်းချက်ပေးရမယ်လို့ ကြွားနေတာ မဟုတ်ဘူးလား.. နေ့လယ်စာဘူး တခြားသူကို ပေးလိုက်တာများလား.. တကယ်ပဲ အသည်းနှလုံးမရှိတဲ့ ကောင်ပဲ.. ဟိုတုန်းက ဟဲတာချင်း သူတို့ကို ပစ်ထားပြီး ထွက်သွားတုန်းက ဒုံရွှီသာ သူတို့ကို ပြောင်းဖူးမှုန့် မချေးပေးခဲ့ရင် သူ့မောင်နှမတွေ ငတ်သေကုန်လောက်ပြီဆိုတာကို သူ မေ့သွားပြီလား.. "

ကျားဒုံရွှီ ရှက်သွားပြီး..

" အမေကလည်း.. အဲဒီတုန်းက ကျွန်တော်တို့ ပြောင်းဖူးမှုန့် ငါးကျင်းပဲ ချေးပေးခဲ့တာလေ.. ပြီးတော့ သူတို့လည်း ပြန်ဆပ်ပြီးသားပဲကို.. "

" အဲဒါကလည်း ကျေးဇူးတရားပဲလေ.. သူ တစ်သက်လုံး မှတ်ထားရမှာ.. "

ကျားကျန်းရှီက မှန်ကန်သော လေသံဖြင့် ပြောလိုက်၏ ။

ချင်ဟွိုင်ရူက ခေါင်းခါလိုက်ပြီး...

" အဲလိုတော့ မဖြစ်နိုင်ပါဘူး.. ရှာကျူးက ပေးမယ်ဆိုရင်တောင် ပထမဦးလေးနဲ့ နောက်ခြံဝင်းထဲက နားမကြားတဲ့ အဘွားကြီးကိုပဲ ပေးမှာပေါ့.. ဒါပေမယ့် ကျွန်မ ခြံဝင်းထဲမှာပဲ ရှိနေတာ.. သူ တခြားသူကို ပေးဖို့ အခွင့်အရေး မရှိဘူး.. "

" သောက်သုံးမကျတဲ့ကောင်.. ဒီလောက် အသေးအဖွဲ ကိစ္စလေးကိုတောင် အဆင်ပြေအောင် မလုပ်နိုင်ဘူး.. "

ကျားကျန်းရှီက ချက်ချင်းပင် ကျိန်ဆဲတော့သည် ။

သူမ၏ အမူအရာက အခြားသူများမှာ သူမကို တစ်ခုခု ကြွေးတင်နေသကဲ့သို့ပင် ။

ချင်ဟွိုင်ရုက ရုတ်တရက် လှမ်းကြည့်ကာ မေးလိုက်သည် ။

" ပန့်ကန့်.. နင် ဘာတွေ စားနေတာလဲ.. "

ကျားကျန်းရှီနှင့် ကျားဒုံရွှီတို့ မော့ကြည့်လိုက်ရာ ပန့်ကန့်တစ်ယောက် ထောင့်စွန်းတွင် ဆောင့်ကြောင့်ထိုင်ကာ တစ်ခုခုကို ဝါးစားနေသည်ကို မြင်လိုက်ရသည် ။

ချင်ဟွိုင်ရုက ရှေ့သို့ လျှောက်သွားပြီး ပန့်ကန့်ကို ဆွဲထူလိုက်ရာ အရာအချို့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏ ။

ချင်ဟွိုင်ရုက ငုံ့ကြည့်လိုက်ပြီး...

" ငါးခြောက်တွေလား.. "

" ပန့်ကန့်.. နင် ဒါတွေကို ဘယ်က ရလာတာလဲ.. "

အမှန်တော့ သူမ၏ စိတ်ထဲတွင် ခန့်မှန်းမိပြီးသား ဖြစ်သည် ။

ဤခြံဝင်းတစ်ခုလုံးတွင် ငါးခြောက်ရှိနိုင်သူမှာ တတိယဦးလေး၏ မိသားစုသာ ရှိပေသည် ။

ယန်ကျီဝမ်က ငါးအကောင်သေးလေးများကို ဂရုမစိုက်သဖြင့် ဖမ်းမိသည့် အခါတိုင်း မြစ်ထဲသို့ ပြန်လွှတ်လေ့ ရှိ၏ ။

သို့သော် ယန်ဖူကွေ့ကမူ မတူချေ ။ သူ ငါးမျှားသွားသည့် အခါတိုင်း အပိုအိတ်တစ်အိတ်ကို အမြဲ ယူဆောင်သွားလေ့ ရှိသည် ။

ရည်ရွယ်ချက်မှာ ငါးအကောင်သေးလေးများကိုပါ သယ်ဆောင်လာရန် ဖြစ်၏ ။

နောက်ဆုံးတွင် တတိယ​အဒေါ်က ထိုငါးအကောင်သေးလေးများကို ငါးခြောက်လုပ်ကာ လိုအပ်သည့်အချိန် စားရန် သိမ်းဆည်းထားတတ်သည် ။

မျှော်လင့်ထားသည့်အတိုင်း မိခင်ဖြစ်သူက မေးမြန်းသောအခါ ပန့်ကန့်က အပြစ်ကင်းစင်ဟန်ဖြင့် ပြန်ဖြေသည် ။

" ရှေ့ခြံဝင်းထဲမှာ အများကြီး လှန်းထားတာ တွေ့လို့ ယူလာခဲ့တာ.. "

ဤသည်က သူ့အဖွား၏ စကားကို နားထောင်ထားခြင်း ဖြစ်သည် ။ သူ မြင်သမျှအရာအားလုံးသည် သူ့အပိုင် ဖြစ်သည်ဟု မှတ်ယူထားသဖြင့် ယူဆောင်လာခြင်းက မမှားဟု ထင်နေ၏ ။

ထိုစကားကို ကြားလျှင် ချင်ဟွိုင်ရု၏ မျက်နှာ အရောင်ပြောင်းသွားပြီး ပန့်ကန့်၏ တင်ပါးကို ရိုက်နှက်ကာ ဆူပူလိုက်သည် ။

" ပန့်ကန်... နင် ဘယ်လိုလုပ်ပြီး တခြားသူပစ္စည်းကို ခိုးတာလဲ.. ဒါက မကောင်းတဲ့အလုပ်ပဲ.. "

" သား မခိုးဘူး.. ယူလာတာ.. "

ပန့်ကန့်က မကျေမနပ်ဖြင့် ပြန်လည် ငြင်းခုံလိုက်၏ ။

" နင်က ပြန်ပြောရဲသေးတယ် ဟုတ်လား.. "

ကျားဒုံရွှီကလည်း ဤအချိန်တွင် ရှေ့သို့ တိုးလာပြီး ချင်ဟွိုင်ရုနှင့်အတူ ပန့်ကန့်ကို ဝိုင်းဝန်း ရိုက်နှက် ဆုံးမတော့သည် ။

ကျားကျန်းရှီက ထိုမြင်ကွင်းကို မြင်သောအခါ နှလုံးသား နာကျင်သွားပြီး ရှေ့သို့ အမြန် တိုးကာ ပန့်ကန့်ကို သူမ၏ ရင်ခွင်ထဲတွင် ကာကွယ်ပွေ့ဖက်ထားလိုက်ပြီး...

" ကလေးကို ဘာလို့ ရိုက်ရတာလဲ.. ငါးခြောက် နည်းနည်းလေးပဲဥစ္စာ.. သူ ယူချင်တော့လည်း ယူပါစေပေါ့.. ဒါပေမယ့် ပန့်ကန့်... ဒီငါးခြောက်တွေကို ဒီအတိုင်း စားလို့မရသေးဘူး.. အရင် ချက်ပြီးမှ စားရမှာ.. "

ကျားဒုံရွှီက စိတ်ပျက်လက်ပျက်ဖြင့်...

" အမေကလည်း.. ကျွန်တော်တို့ ကလေးကို ခိုးတာမကောင်းဘူးဆိုတာ ဆုံးမနေတာလေ.. "

" ခိုးတယ်ဆိုတဲ့ စကားကို ဘာလို့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း သုံးရတာလဲ.. ငါ့ရဲ့ အဖိုးတန် မြေးလေးက ယူတာ လို့ ပြောတာ မကြားဘူးလား.. "

လင်မယားနှစ်ဦးစလုံး ထိုစကားကို ကြားရသောအခါ အလွန် စိတ်ကုန်သွားကြသည် ။

သူတို့ ကလေးကို သွန်သင်ဆုံးမရန် ကြံစည်သည့် အခါတိုင်း ကျားကျန်းရှီက အမြဲတမ်း ရှေ့က ကာကွယ်ပေးလေ့ ရှိ၏ ။

ဤအတိုင်းသာ ဆက်သွားလျှင် ကလေး ပျက်စီးသွားပါက မည်သို့ လုပ်မည်နည်း ။

...

အခြားတစ်ဖက်တွင်မူ ယန်ကျီဝမ်လည်း ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည် ။

သူသည် ဟူကျွင်း ကားမောင်း၍ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့၏ ။

သူ့လက်ထဲတွင်မူ မထွက်ခွာမီ ဟူကျွင်း ပေးအပ်ခဲ့သော အနီရောင် စာအိတ်တစ်အိတ် ရှိနေပြီး အဘိုးဝမ်က သူ့ကို ပေးခိုင်းလိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည် ။

ယန်ကျီဝမ်က အနီရောင် စာအိတ်ကို စမ်းသပ်ကြည့်လိုက်ရာ အနည်းငယ် ပါးလွှာနေသဖြင့် အထဲတွင် ပါရှိမည့် ပမာဏကို သူ ခန့်မှန်းမိပြီးသား ဖြစ်ကာ နှုတ်ခမ်းဆူလိုက်မိ၏ ။

ထိုအဘိုးကြီးဝမ်က သူ့ကို အနီရောင် စာအိတ်အကြီးကြီး ပေးမည်ဟု ပြောခဲ့သော်လည်း ဤမျှသာလော ။

ဤပမာဏသည် သူ တစ်နေ့တာ ငါးမျှားရာမှ ရရှိသော ဝင်ငွေလောက်ပင် မရှိချေ ။

ခြံဝင်းအတွင်းရှိ လူကြီးလူငယ်များ၏ မနာလိုသော အကြည့်များ ကြားထဲတွင် ယန်ကျီဝမ်က ခြံဝင်းဝင်ပေါက်ဆီသို့ လျှောက်လာခဲ့သည် ။

သူ့မိသားစုဝင်များလည်း ထိုနေရာတွင် ရှိနေကြ၏ ။

ကျီတိက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ပြေးထွက်လာပြီး သူ့လက်မောင်းကို ဆွဲကိုင်ကာ လှုပ်ယမ်းရင်း မေးလိုက်သည် ။

" အစ်ကိုနှစ်.. ကားစီးရတာ ဘယ်လို ခံစားရလဲ.. ပျော်ဖို့ကောင်းလား.. "

ယန်ကျီဝမ်က သူမ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးရင်း ပြုံးကာ ပြောလိုက်သည် ။

" စက်ဘီးစီးရသလိုပါပဲ.. အထဲမှာ နည်းနည်း ပိုကျယ်တာပဲ ကွာတယ်.. "

အိမ်နီးချင်းများ ထိုစကားကို ကြားသောအခါ နဖူးတွင် အနက်ရောင်အရေးအကြောင်းများ ပေါ်လာကြသည် ။

​ဖအေတူသား ယန်လောင်အာက အကြွားတလိုင်းပင် ။

စကားပြောပြီးနောက် ယန်ကျီဝမ်က ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားကို နှုတ်ဆက်လိုက်သည် ။

" အဖေ.. အမေ.. "

" အထဲဝင်ပြီးမှ စကားပြောကြရအောင်.. "

ယန်ဖူကွေ့က ပြောပြီးနောက် အိမ်ထဲသို့ ဝင်သွား၏ ။

ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်ပြီး အငယ်လေးနှစ်ယောက်၏ လက်ကို ဆွဲကာ အိမ်ထဲသို့ ဝင်လာခဲ့သည် ။

All Chapters