အခန်း ၁၀၈
Vol. 10 Ch. 108
Chapter 108
~
အခန်း ၁၀၈ : ဒီကလေးက ပါရမီရှင်ပဲ
~
အိမ်ပြန်ရောက်သောအခါ ယန်ကျီဝမ်က စားပွဲတွင် ထိုင်လိုက်ပြီး မေးလိုက်သည် ။
" အဖေ.. ဒီနေ့ ဘာလို့ အစောကြီး ပြန်လာတာလဲ.. "
ပုံမှန်ဆိုလျှင် ယန်ဖူကွေ့ ညစာစားချိန်လောက်မှသာ ပြန်လာလေ့ရှိ၏ ။ ညစာစားရန် တစ်နာရီခန့် လိုသေးသော်လည်း ယန်ဖူကွေ့၏ ပုံစံကိုကြည့်ရသည်မှာ ပြန်ရောက်နေသည်က အတော်ကြာနေပုံရသည် ။
" ငါ့ကို သိုသိုသိပ်သိပ် နေဖို့ မပြောဖူးလား.. ငါးဖမ်းတာ လုံလောက်ပြီဆိုတာ သိတာနဲ့ ပြန်လာခဲ့တာပေါ့.. "
ယန်ဖူကွေ့က နောက်ပြောင်သလို ပြောလိုက်သည် ။
" နင့်အဖေပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့.. သူ ဒီနေ့ ငါးနှစ်ခါ သွားရောင်းတာလေ.. တခြားသူတွေ မနာလိုဖြစ်မှာစိုးလို့ နောက်တစ်ခေါက် ထပ်မသွားရဲတော့တာ.. "
ရန်ရွေ့ဟွားက ဘေးမှနေ၍ ဖော်ကောင်လုပ်လိုက်၏ ။
" မိန်းမ.. ဘာလို့ အကြောင်းပြချက်မရှိဘဲ ငါ့ကို လာဖော်နေရတာလဲ.. "
ပါးစပ်က ညည်းညူနေသော်လည်း ယန်ဖူကွေ့၏ မျက်နှာတစ်ခုလုံးတွင်မူ အပြုံးများဖြင့် ပြည့်နှက်နေသည် ။ အကြောင်းပြချက်ကတော့ ရိုးရှင်းပါသည် ။ သူ ယနေ့ ဝင်ငွေအများကြီး ရရှိခဲ့သဖြင့် ပျော်ရွှင်နေလေ၏ ။
သူ ခဏရပ်လိုက်ပြီး စားပွဲပေါ်တွင် တင်ထားသော အနီရောင်စာအိတ်ကို သတိပြုမိသွားကာ မေးလိုက်သည် ။
" ဒုတိယသား... ဒါ ဒီနေ့ အိမ်ရှင်မိသားစုက ပေးလိုက်တဲ့ အနီရောင်စာအိတ်လား.. သူတို့ ဘယ်လောက် ပေးလိုက်လဲ.. "
" မစစ်ရသေးဘူး.. "
ထိုသို့ပြောပြီး ယန်ကျီဝမ်က အနီရောင်စာအိတ်ကို ဖွင့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း အထဲတွင် ဆယ်ယွမ်တန် ငွေစက္ကူကြီး တစ်ရွက်တည်းသာ ရှိနေသည် ။
ရန်ရွေ့ဟွားက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏ ။
" ဟယ်... ခေါင်းဆောင်တွေက တကယ့်ကို သဘောထားကြီးတာပဲ.. ရှာကျူးတောင် တစ်ခါ သွားချက်ရင် အများဆုံး ငါးယွမ်ပဲ ရတာလို့ ကြားဖူးတယ်.. "
ယန်ဖူကွေ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့်...
" ရှာကျူးက ငါ့ရဲ့ ဒုတိယသားနဲ့ ယှဉ်လို့ရပါ့မလား.. ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ဆယ်ယွမ်ဆိုတာ တကယ်တော့ နည်းနည်းနဲတာပေါ့.. မင်းသာ ငါနဲ့အတူ ငါးမျှားထွက်မယ်ဆိုရင် ဒီထက်မက အများကြီး ပိုရှာနိုင်မှာ.. "
" ဒါပေမယ့်လည်း တစ်ဖက်ကကြည့်ရင်တော့ အနည်းဆုံးတော့ ခေါင်းဆောင်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာပဲလေ.. နောက်နောင် ကိစ္စရှိရင် သူတို့ဆီက အကူအညီ တောင်းလို့ရတာပေါ့.. "
ယန်ဖူကွေ့သည်တော့ အမြဲလိုလို အမြော်အမြင် ရှိနေဆဲပင် ။
ရန်ရွေ့ဟွားက စိတ်လှုပ်ရှားစွာဖြင့်...
" အဘိုးကြီး.. ရှင်ပြောတာ ဟုတ်တယ်.. ကျုပ်တို့ ခေါင်းဆောင်ကို ဒုတိယသားအတွက် အလုပ်တစ်ခုလောက် စီစဉ်ပေးဖို့ အကူအညီတောင်းရင် ရမလား.. "
ယန်ဖူကွေ့က ယန်ကျီဝမ်ကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်ပြီး...
" မလုပ်ပါနဲ့.. ဒုတိယသားရဲ့ အရည်အချင်းနဲ့ဆိုရင် အလုပ်ရှာဖို့ မခက်ပါဘူး.. တကယ်လို့ အခြေအနေမဟန်ရင်တောင် အလုပ်တစ်ခုကို ဝယ်လိုက်လို့ ရတာပဲ.. ခေါင်းဆောင်တွေဆီက ရတဲ့ ကျေးဇူးတရားကို ဒီလိုအသေးအဖွဲနေရာမှာ သုံးပစ်လိုက်ရင် မတန်ဘူး.. "
တွက်ချက်လွန်းသော အဘိုးကြီးယန်ပီပီ အနည်းငယ်မျှပင် အရှုံးမခံလိုချေ ။
" အဲဒါလည်း ဟုတ်တာပဲ.. "
ရန်ရွေ့ဟွားက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏ ။
ယန်ဖူကွေ့က ထပ်မံ မေးလိုက်သည် ။
" ဒုတိယသား.. မင်းရဲ့ ထမင်းဘူးကော ဘယ်မှာလဲ.. "
" ဘာထမင်းဘူးလဲ.. "
" တခြားသူတွေအတွက် သွားချက်ပေးရင် ဟင်း ပြန်သယ်လာရတယ် မဟုတ်ဘူးလား.. ရှာကျူးဆိုရင် သူများအိမ် သွားချက်ပေးတိုင်း ထမင်းဘူးတွေ အများကြီး ပြန်သယ်လာတာ ငါ အမြဲ မြင်ဖူးတယ်.. "
ယန်ဖူကွေ့က ပြောလိုက်သည် ။
" သား ဘာမှ ယူမလာခဲ့ဘူး.. "
ယန်ကျီဝမ်က ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်၏ ။
သူသည် မခိုးသော စားဖိုမှူးသည် မကြီးပွားနိုင်ဟု ယူဆထားသည့် ရှာကျူးနှင့် မတူချေ ။ အကယ်၍ သူ ဟင်းအချို့ သယ်လာခဲ့လျှင်ပင် အဘိုးဝမ်က ဘာမှပြောမည် မဟုတ်သော်လည်း ထိုသို့လုပ်ခြင်းက မကောင်းသော အထင်အမြင်မျိုးကို ချန်ထားခဲ့နိုင်သဖြင့် သူ မလုပ်ခဲ့ခြင်း ဖြစ်သည် ။
" ဒါဆိုရင်တော့ အကြီးကြီး ရှုံးတာပဲ.. "
ယန်ဖူကွေ့က နှမြောဟန်ဖြင့် ပြောလိုက်သည် ။
" မင်းအမေက မင်း ဟင်းဘူးတွေ သယ်လာလိမ့်မယ် ထင်ပြီး ဒီညနေအတွက် ပြောင်းဖူးမုန့်ပဲ ပေါင်းထားတာ.. ဘာဟင်းမှ ချက်မထားဘူး.. "
ယန်ကျီဝမ်၏ နဖူးတွင် အနက်ရောင် အရေးအကြောင်းများ ပေါ်လာသည် ။
အမှန်ဆိုလျှင် သူ ဟင်းဘူးများ သယ်လာမှသာ ထိုဟင်းများကို အပိုဟင်းအဖြစ် သတ်မှတ်ရမည် မဟုတ်ပါလော ။
အမှန်ပင် ယန်မိသားစုတစ်ခုလုံး အလွန် တွက်ချက်တတ်ကြပေသည် ။
သူက စိတ်မရှိဟန်ဖြင့် တည်ငြိမ်စွာ ပြောလိုက်၏ ။
" ရပါတယ်.. ချဉ်ဖတ်လေးနဲ့ပဲ ဖြစ်သလို စားလိုက်ပါ့မယ်.. "
အကယ်၍ သူ ဗိုက်မဝခဲ့လျှင်ပင် ညနက်မှ တိတ်တဆိတ် ထပ်စား၍ ရသည် မဟုတ်ပါလော ။
သူ ထိုသို့ပြောလိုက်ရာ လင်မယားနှစ်ဦးစလုံးလည်း ဘာမှ မတတ်နိုင်တော့ဘဲ လက်ခံလိုက်ရုံသာ ရှိတော့သည် ။
ယန်ကျီဝမ်က...
" နောက် သား သူများအိမ် သွားချက်ပေးရင် ဟင်းတွေ သယ်လာမှာ မဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် သားက ရှာကျူးမှ မဟုတ်တာ.. "
အဘိုးကြီးနှင့် အဘွားကြီးတို့ အနည်းငယ် နှမြောနေကြသော်လည်း ဘာမှ မပြောရဲကြချေ ။ သူတို့ ဒုတိယသား၏ စရိုက်ကို ကောင်းကောင်းသိကြ၏ ။ ပြောသည့်အတိုင်း လုပ်တတ်သူဖြစ်ရာ ထပ်ပြောနေလည်း အပိုသာ ဖြစ်လိမ့်မည် ။
" အဖေ.. အမေ.. သား ပြောစရာ ရှိတယ်.. "
ထိုအချိန်တွင် စတုတ္ထမြောက်သား ယန်ကျီခွမ်းက ရုတ်တရက် ဝင်ပြောလိုက်သည် ။
" ဘာကိစ္စလဲ.. စတုတ္ထသား.. "
လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြ၏ ။
ယန်ကျီခွမ်းက ထစ်ထစ်ငေါ့ငေါ့ဖြင့်...
" နေခင်းတုန်းက ပန့်ကန့် လာပြီး သားတို့ အပြင်မှာ လှန်းထားတဲ့ ငါးခြောက်တွေကို ခိုးသွားတာ သား မြင်လိုက်တယ်.. "
" ဒါဆို နင်က ဘာလို့ မတားတာလဲ.. "
ရန်ရွေ့ဟွားက စိတ်တိုသွားပြီး...
" သူ ဘယ်လောက်တောင် ခိုးသွားလဲ.. "
" သား... "
ယန်ကျီခွမ်းက အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့သွားသည် ။
ရန်ရွေ့ဟွားက ဆက်လက် ပြစ်တင်ဆူပူလိုက်၏ ။
" စတုတ္ထသား... နင် တကယ်ကို အသုံးမကျဘူး.. နင်က အဲဒီ ပန့်ကန့်ထက် နှစ်နှစ်တောင် ကြီးတာကို ဘာလို့ သူ့ကို ကြောက်နေရတာလဲ.. "
ယန်ကျီဝမ်က ဝင်၍ ဖျောင်းဖျပေးလိုက်သည် ။
" ရပါပြီ အမေ.. သား ထင်တာတော့ ကလေးက ကျားကျန်းရှီကို ကြောက်လို့ ဖြစ်မှာပါ.. "
မည်သို့ပင် ဆိုစေကာမူ သူသည် ကလေးတစ်ယောက်သာဖြစ်၏ ။ စိတ်ဒဏ်ရာရသွားရန် အလွန် လွယ်ကူသည် ။ ပြီးခဲ့သည့်အကြိမ်က ကျားကျန်းရှီ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသဖြင့် ယန်ကျီခွမ်း ကြောက်ရွံ့နေသည်မှာ သဘာဝကျပေသည် ။
" မရဘူး.. ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး.. ငါ ကျားမိသားစုဆီ သွားပြီး လျော်ကြေး တောင်းရမယ်.. "
ပြောပြောဆိုဆိုဖြင့် သူမ အပြင်သို့ ဝုန်းဒိုင်းကြဲကာ ပြေးထွက်သွားသည် ။
ယန်ဖူကွေ့က အမြန် အော်ပြောလိုက်၏ ။
" ဒုတိယသား.. မင်းအမေနောက်ကို အမြန် လိုက်သွားဦး.. အဲဒီ ကျားကျန်းရှီက အပြောရခက်တဲ့ လူစားမျိုး.. မင်းအမေ အရှုံးမခံရစေနဲ့.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်ပြီး သူမနောက်သို့ အမြန် လိုက်သွားသည် ။
" ဟူး.. ဒီမိန်းမကတော့ တကယ်ပဲ.. ငါးခြောက် နည်းနည်းလေးပဲကို.. အများကြီးလည်း တန်တာ မဟုတ်ဘဲနဲ့ ကျားကျန်းရှီနဲ့ ထပ်ပြီး ရန်ဖြစ်ချင်နေတယ်.. "
ယန်ဖူကွေ့က တိုးတိုးလေး ရေရွတ်ပြီး သူကိုယ်တိုင်လည်း သူတို့နောက်သို့ လိုက်သွားလေတော့သည် ။
ကျန်ခဲ့သည့် အငယ်နှစ်ယောက်မှာမူ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏ ။ အထူးသဖြင့် ယန်ကျီခွမ်းသည် သူ အမှားတစ်ခုခု လုပ်မိလိုက်သကဲ့သို့ ခံစားနေရသည် ။
...
" ဆရာ... ဖြစ်ကြောင်းကုန်စင်ကတော့ ဒါပါပဲ.. တတိယဦးလေး လာပြီး ရှင်းပြခိုင်းမှာကို ကျွန်တော် စိုးရိမ်လို့ပါ.. "
ယီမိသားစု၏ အိမ်ရှေ့တွင် ကျားဒုံရွှီက ယီကျုံးဟိုင်ကို ရှင်းပြနေသည် ။
" အဲဒါ..တကယ် ဖြစ်နိုင်တယ်.. "
ယီကျုံးဟိုင်က ခေါင်းညိတ်လိုက်သည် ။ အဘိုးကြီးယန်၏ စရိုက်အရ သူ့မိသားစုထံမှ အမြတ်ထုတ်ရန် ကြိုးစားခြင်းက သူ့အသက်ကို နှုတ်ယူရန် ကြိုးစားခြင်းနှင့် တူသည် ။
ကျားဒုံရွှီက စိုးရိမ်တကြီးဖြင့်...
" ဆရာ... ကျွန်တော်တို့ ဘာလုပ်သင့်လဲ.. "
ယီကျုံးဟိုင်က ကာကွယ်ပေးလိုက်သည် ။
" ဘာမှမဖြစ်ပါဘူး.. ငါးခြောက် နည်းနည်းလေးပဲ... အလွန်ဆုံးရှိလှ ဖန့်နည်းနည်းပေါ့.. လျော်ပေးလိုက်ရင် ပြီးတယ်.. ဒါပေမယ့် ကလေးကိုတော့ ငယ်ငယ်ကတည်းက သွန်သင်ဆုံးမရမယ်.. မင်း လုပ်တာ မှန်ပါတယ်.. "
ကျားဒုံရွှီက ခါးသီးသော အပြုံးဖြင့်...
" ကျွန်တော်လည်း ဆုံးမချင်တာပေါ့ .. ဒါပေမယ့် ကျွန်တော်နဲ့ ဟွိုင်ရု ကလေးကို ဆုံးမဖို့ ကြံတိုင်း ကျွန်တော့်အမေက အမြဲ ရှေ့က ကာဆီးကာဆီး လုပ်နေတာလေ.. "
ယီကျုံးဟိုင်က စိတ်ထဲတွင် ကျေနပ်စွာဖြင့် ခေါင်းညိတ်မိသည် ။ ဒုံရွှီက တကယ့်ကို လူကြီးမိဘအပေါ် သိတတ်ရိုသေသူပင် ။ သူ အိုမင်းလာချိန်တွင် အားကိုးရန် သတ်မှတ်ထားသည်က ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။
" ရပါတယ်.. ကလေးက ငယ်သေးတာပဲ.. နောက်ကျမှ ဖြည်းဖြည်းချင်း ဆုံးမသွားပေါ့.. "
ယီကျုံးဟိုင်က နှစ်သိမ့်လိုက်သည် ။
ကျားဒုံရွှီက သက်ပြင်းချကာ...
" ဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့.. "
" ကျားကျန်းရှီ.. အပြင်ထွက်ခဲ့စမ်း.. "
ဤအချိန်တွင် ကျယ်လောင်သော အော်ဟစ်သံတစ်ခုက သူတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည် ။
သူတို့နှစ်ဦးစလုံး လှည့်ကြည့်လိုက်ရာ ရန်ရွေ့ဟွားက ခါးထောက်၍ ကျားမိသားစုအိမ်ဘက်သို့ လှမ်းအော်နေသည်ကို မြင်လိုက်ရ၏ ။
သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပျက်သွားကြသည် ။ အဓိက တရားခံက တံခါးဝအထိ ရောက်လာခဲ့လေပြီ ။
ကျားကျန်းရှီက အိမ်ထဲမှ ထွက်လာပြီး ရိုင်းစိုင်းစွာဖြင့် ပြန်လည် အော်ဟစ်လိုက်၏ ။
" ရန်ရွေ့ဟွား.. နင် ဘာလို့ လာအော်နေရတာလဲ.. ဝိညာဉ် လာခေါ်နေတာလား.. "
ရန်ရွေ့ဟွားက ဒေါသတကြီးဖြင့်...
" ကျားကျန်းရှီ.. နင့်ရဲ့ ပန့်ကန့်က ငါတို့ရဲ့ ငါးခြောက်တွေကို ခိုးသွားတယ်.. နင် ငါ့ကို ရှင်းပြချက် ပေးရမယ်.. "
" ဘာရှင်းပြချက် ပေးရမှာလဲ.. "
ကျားကျန်းရှီက မှန်ကန်သော ပုံစံဖြင့်...
" ငါ့ရဲ့ ပန့်ကန့်က မခိုးဘူး.. ယူလာတာ.. နင်တို့က ဘာလို့ ငါ့ရဲ့ အဖိုးတန်မြေးလေးကို ဆွဲဆောင်ဖို့ ငါးခြောက်တွေကို အပြင်မှာ လှန်းထားရတာလဲ.. "
ထိုအချိန်တွင် ပန့်ကန့်လည်း အပြင်သို့ ထွက်လာပြီး သူ မှန်သည်ဟူသော လေသံဖြင့် ....
" ငါ့အဖွား ပြောတာ မှန်တယ်.. ငါ ရှေ့ခြံဝင်းထဲကနေ ယူလာတာ.. နင်တို့အိမ်ထဲအထိ ဝင်ခိုးတာ မဟုတ်ဘူး.. "
( ပန့်ကန့်က စကားပြော ရိုင်းတဲ့ ကလေးဗျ.. )
ယန်ကျီဝမ်လည်း ရောက်လာပြီး ပန့်ကန့်၏ စကားကို ကြားလိုက်ရသောအခါ ဆွံ့အသွားသည် ။
'ဒီကလေးက တကယ့်ကို ပါရမီရှင်ပဲ..'
နောင်တစ်ချိန်တွင် နာမည်ကျော်ကြားလာမည့် သူခိုးသူတော်စင်ပီပီ သူ၏ အတွေးအခေါ်က တကယ့်ကို ဆန်းသစ်ပြီး ထူးခြားလှချေသည် ။ သေလူကိုပင် ရှင်အောင် ပြောနိုင်မည့် အဆင့်မျိုး ဖြစ်၏ ။
ရန်ရွေ့ဟွားက ဒေါသထွက်စွာ ရယ်မောလိုက်ပြီး...
" ကျားကျန်းရှီ.. နင်လည်း ပန့်ကန့်ပြောတာ မှန်တယ်လို့ ထင်နေတာပေါ့ ဟုတ်လား.. "
" ဒါပေါ့.. ငါ့ရဲ့ အဖိုးတန်မြေးလေး ပြောသမျှ အရာအားလုံးက အမှန်ပဲ.. "
ကျားကျန်းရှီက တွန့်ဆုတ်ခြင်းမရှိ ခေါင်းညိတ်လိုက်သည် ။
" ကောင်းပြီ.. နင် ပြောတာနော်.. "
ထိုသို့ပြောပြီး ရန်ရွေ့ဟွားက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျားမိသားစုအိမ်ဘေးရှိ ဝါးလုံးတွင် လှန်းထားသော အဝတ်အစားများကို မြင်သွားပြီး ဘာမှမပြောဘဲ ထိုဘက်သို့ လျှောက်သွားသည် ။
အိမ်ထဲတွင် ပုန်းနေသော ချင်ဟွိုင်ရုက ထိုသည်ကိုမြင်လျှင် ရန်ရွေ့ဟွား၏ ရည်ရွယ်ချက်ကို ရိပ်မိသွားကာ အပြင်သို့ အမြန် ပြေးထွက်လာပြီး ရန်ရွေ့ဟွား၏ လမ်းကို ပိတ်ဆို့လိုက်၏ ။
" တတိယအဒေါ်.. စကားကို ကောင်းကောင်းပြောကြပါရှင်.. အင်အားသုံးဖို့ မလိုပါဘူး.. "
" အမေ.. စိတ်လျှော့ပါဦး.. "
ယန်ကျီဝမ်ကလည်း ဝင်၍ ဖျောင်းဖျလိုက်သည် ။ ချင်ဟွိုင်ရု စိတ်သက်သာရာရလုဆဲဆဲတွင် သူ ဆက်ပြောသည့် စကားကို ကြားလိုက်ရ၏ ။
" အဲဒီ အဝတ်အစားတွေကို အိမ်သယ်သွားလည်း ဘာမှ သုံးစားလို့မရဘူး.. ပြီးတော့ ရွံဖို့ လည်း ကောင်းတယ်.. "