ရီဝူယောင် (ဟင်္သာပြဒါး ပထမမျိုးဆက်)
Vol. 011 Ch. 508
ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ လျိုမေက တည်နေရာ ရွှေ့ပြောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် သူက သိုလှောင်အိတ် ထဲကနေ သစ်သားပန်းပုရုပ် နယ်ပယ်များကို ထုတ်ယူလိုက်သည်။
“အချိန် ...” ဝမ်လင်း မာန်သွင်းသံနှင့်အတူ သစ်သား ပန်းပုရုပ်များသည် ပေါက်ကွဲထွက်သွား၍ အချိန်နယ်ပယ်က ကန်ထွက်လာခဲ့သည်။ လျိုမေနယ်ပယ်က ပြည့်စုံခြင်း အဆင့်ကို ရောက်နေသော်လည်း အချိန်နယ်ပယ်က ဝမ်လင်း ကြိုတင်ပြင်ဆင် ထားသည့်အရာ ဖြစ်သည်။ သည်နယ်ပယ်က လျိုမေကို အန္တရာယ် ဖြစ်စေရန်အတွက်တော့ အားနည်းလွန်းမည် ဖြစ်သော်လည်း သူမအရှိန်ကိုတော့ များစွာ နှေးကွေးသွားစေမည် ဖြစ်သည်။ သို့သော် သည်လို အရေးတကြီး အခြေအနေတွင်တော့ သည်နှေးကွေးမှုကပင် သေစေသွားနိုင်သည် မဟုတ်လား။
လျိုမေခန္ဓာကိုယ်က နှေးကွေးသွားပြီး ဝမ်လင်းက သူမနားသို့ ရောက်လာအောင် ခွင့်ပြုပေးလိုက် ရသလို ဖြစ်သွားစေ၏။
သည်အချိန်တွင် ဓားစွမ်းအင် နှစ်ခုက ရုတ်တရက် တစ်ခုတည်း အဖြစ်သို့ ပေါင်းသွား၍ လျိုမေထံသို့ ရူးသွပ်စွာ ဆင်းသက်လာသည်။
ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်လိုမှုများ ပြည့်နေပြီး သူက လျိုမေထံသို့ လက်ညွှန်သည်။ သူ့လက်ချောင်း ထိပ်ကနေ အတားအဆီး အခိုးငွေ့ အမျှင်တန်းကလည်း သူမထံသို့ တိုးဝင်သွားတော့၏။
ဝမ်လင်းက ရလဒ်ကို စောင့်နေခြင်း မပြုတော့ပေ။ သူက အချိန်သည် တကယ့်ကို အရေးကြီးလှကြောင်း သိနေ၏။ ထို့ကြောင့် သူက ပင်လယ်ထဲသို့ တစ်ဟုန်ထိုး တုံ့ဆိုင်းခြင်း မရှိ တိုးဝင်သွားတော့သည်။ သူက ပင်လယ်ထဲသို့ ဝင်သွားသည်နှင့် ဧရာမ နန်းတော်ကြီးက ရွှေရောင်တစ်ချက် တောက်ပသွားသည်ကို မြင်လိုက်ရသည်။
ဝမ်လင်းက နန်းတော်ရှိရာသို့ အမြန်ဆုံးနှုန်းဖြင့် သွားနေ၏။ သည်ပင်လယ်ထဲ၌ ထူးဆန်းသော စွမ်းအားများ ရှိလို့နေသည်။ ဝမ်လင်းက စမ်းသပ်ကြည့်စရာ မလိုဘဲ သည်နေရာတွင် တည်နေရာ ရွှေ့ပြောင်းခြင်းကို တားဆီးထားကြောင်း သိလိုက်သည်။ သူက သည်လိုထူးဆန်းသည့် နေရာများနှင့် ပတ်သက်၍ အရင်ကတည်းက တွေ့ကြုံခဲ့ဖူးသည် မဟုတ်လား။ သည့်အတွက် သူက သည်လို စွမ်းအားမျိုးကို ခံစားမိနိုင်သည်။
ဝမ်လင်းက နန်းတော်ထဲသို့ ဝင်ရန် ဟန်ပြင်လိုက်စဉ်တွင် ပင်လယ် ရေမျက်နှာပြင်ကနေ အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဝမ်လင်းပတ်လည်ရှိ ပင်လယ်ရေများက အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။ ပေတစ်ရာခန့် ရှည်သည့် ဓားစွမ်းအင်က ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သူ့နောက်သို့ လိုက်ပါလာ၏။
ဓားစွမ်းအင်က နီးသထက် နီးလာစဉ်တွင် ဝမ်လင်းက ၎င်းစွမ်းအား အော်ရာကို ကောင်းစွာ ခံစားမိနေသည်။ ပြင်းထန်သော နာကျင်မှုက သူ့ဦးခေါင်း ထက်ကနေ ဖြစ်ပေါ်လာ၏။
သူက အံတင်းတင်းကြိတ်၏။ သူက နန်းတော်နှင့် ပေတစ်ထောင်သာ ကွာတော့ကြောင်း လှမ်းမြင်နေရသည်။ သို့သော် ဓားစွမ်းအင်ကလည်း သူ့အပေါ်သို့ ကျရောက်လာ နီးနေပြီ ဖြစ်သည်။
ဝမ်လင်း ဦးခေါင်းထက်ကနေ သွေးစီးကြောင်း တစ်ခု ထွက်ပေါ်လာ၏။ သူ့နာကျင်မှုက လည်း ပိုတိုးလာခဲ့သည်။
ပေကိုးရာ ပေရှစ်ရာ ပေခုနစ်ရာ ပေခြောက်ရာ ...
သူက နန်းတော်နှင့် ပိုပိုနီးကပ် လာသည်။ သို့သော် ဓားစွမ်းအင်ကလည်း သူ့ခေါင်းထက်၌ ပိုနီးလာနေသည်သာ ဖြစ်၏။ ဓားစွမ်းအင် အသံက ဝမ်လင်း ဦးနှောက်ထဲ၌ ပဲ့တင်ထပ် နေသည်အလား ထင်မှတ်ရသည်။ ဝမ်လင်းက နန်းတော်ရှိရာသို့ ဝရုန်းသုန်းကား သွားနေစဉ်မှာပင် သူက သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ သည့်နောက် သူက သိုလှောင်အိတ် ထဲကနေ ပုဆိန်ကို ထုတ်ယူလိုက်၏။
ရုတ်တရက် သူက မာန်သွင်းက ပြန်လှည့်၍ ပုဆိန်ကို သူ့ရှေ့သို့ နေရာချသည်။
သည်အခိုက်တွင် ဓားစွမ်းအင်ကလည်း ရောက်ရှိလာပြီး ပုဆိန်ပေါ်သို့ ကျရောက်သွားတော့၏။ ဝမ်လင်း မျက်နှာက နီရဲသွားပြီး သူက ပါးစပ်အပြည့် သွေးအန်လိုက်ရ၏။ သူ့မူလ စိတ်ဝိညာဉ်ပင် တုန်ခါသွားရလေ၏။ သူက သိုလှောင်အိတ် ထဲကနေ စေတီကို ဆင့်ခေါ်လိုက်ပြန်သည်။
ကျောက်ရီ နယ်ပယ်က လျင်မြန်စွာ ပျံ့နှံ့လာပြီး ဓားစွမ်းအင်ကလည်း တုံ့ဆိုင်းသွားလေ၏။
သည်တုံ့ဆိုင်းမှုကို အသုံးပြု၍ ဝမ်လင်းက ရှေ့သို့ ထိုးတက်သွားပြီး ပေငါးရာကို ဖြတ်ကျော်၍ နန်းတော်ထဲသို့ ချက်ချင်း ရောက်သွားလေသည်။
သူက နန်းတော်ထဲသို့ ဝင်သွားပြီးချင်းချင်း ဓားစွမ်းအင်က တုန်ခါ၍ ပျောက်ကွယ် သွားလေတော့သည်။
ဝမ်လင်း ပါးစပ်ကနေ သွေးများ ယိုစီးကျနေပြီးနောက် သူက ပုဆိန်နှင့်စေတီကို ပြန်သိမ်းလိုက်၏။ သည့်နောက် သူက ကြာပွင့်သဏ္ဌာန် ထိုင်ချ၍ ဆေးလုံး အများအပြားကို ထုတ်ကာ မျိုချလိုက်သည်။ သည့်နောက် သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ၍ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြန်သည်။ ထို့နောက်မှာတော့ သူက သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်လာသည်ဟု ခံစားမိနေသည်။
ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ တရဟော ဝင်လာမှုကြောင့် ဝမ်လင်း ခန္ဓာကိုယ်က ပေါ့ပါးလာသလို ခံစားနေရသည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအားများက ချက်ချင်းပင် သူ့ဒဏ်ရာများကို ဖိနှိပ်လို့ထား၏။ သိပ်မကြာခင်တွင် သူက မတ်တတ် ထရပ်၍ နန်းတော် အတွင်းပိုင်းသို့ တစ်ဟုန်ထိုး လှမ်းသွားတော့သည်။
ပင်လယ်ရေ အထက်တွင်တော့ ဓားစွမ်းအင်က လျိုမေနှင့် နီးကပ်လာနေ၏။ သူမက ရှောင်ရန် ဟန်ပြင် လိုက်စဉ်မှာပင် သူမနောက်မှ အတားအဆီးက နီးကပ်လာသည်။ သည်အရာက သူမ၏ လှပသောအသွင်ကို ပြောင်းလဲသွားစေ၏။ သူမက အံကြိတ်၍ အဖြူရောင် မြူတစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းက အတားအဆီးကို ဖျက်ဆီးပစ်၏။ သည်အဖြူရောင် အမျှင်တန်းက လျင်မြန်စွာဖြင့် သူမအား လွှမ်းခြုံသွား၍ ဓားစွမ်းအင်နှင့် ပေတစ်သောင်း အကွာသို့ ရွေ့လျားသွားစေခဲ့သည်။ ဓားစွမ်းအင်က သူမနှင့် လွဲချော်ကာ ပျောက်ကွယ်လို့ သွားတော့သည်။
ရွှေရောင်ချပ်ဝတ်နှင့် လူကြီးက ထပ်မံ၍ မတိုက်ခိုက်တော့ချေ။ သူ့အလုပ်က သည်နန်းတောက်ကို စောင့်ကြပ်ကာ နန်းတော်ထဲသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည့်သူများကို ခွင့်ပြုပေးရန်သာ ဖြစ်သည် မဟုတ်လား။
နန်းတော်ထဲသို့ ဝင်ရောက်နိုင်ရန် ရိုက်ချက်တစ်ခုကို ခုခံနိုင်စွမ်း ရှိရန်သာလိုလေ၏။
ချန်းဖန်သည်လည်း ခုချိန်၌ အလွန် သနားစရာကောင်းသည့် အနေထားတွင် ရောက်နေသည်။ ကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်က သည်ဧရိယာကနေ ထွက်သွားသည်နှင့် တိုက်ခိုက်မှုက ရပ်တန့် သွားသောကြောင့်ပင်။
ချန်းဖန်အသွင်က ကြမ်းကြုတ်နေပြီး သူက အော်ဟစ်လိုက်၏။ “စန်နူး ... ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်လို့ ကျိန်ဆိုတယ်။ ငါက ဒီကျိန်ဆိုမှုကို ဖောက်ဖျက်ပစ်ရင် ငါက နာကျင်စွာ သေဆုံးပါစေ ...”
လျိုမေက သုန်မှုန်စွာဖြင့် ပင်လယ်ရေကို စူးစိုက်ကြည့်နေ၏။ ချန်းဖန်၏ ကျိန်ဆိုမှုကို ကြားလိုက်သည့်အခါ သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ပါးစပ် ပိတ်ထားစမ်း။ နင့်ရဲ့ အထင်သေးစရာ ရည်ရွယ်ချက်ကြောင့် မဟုတ်ရင် ငါတို့သုံးယောက်က အတူလုပ်နိုင်ပြီး နန်းတော်ထဲကို ဝင်နေရလောက်ပြီ ...”
ချန်းဖန်အသွင်က ကြမ်းကြုတ်နေဆဲပင်။ သူက လျိုမေကို ရက်စက်စွာကြည့်၍ ပြောသည်။ “ငါက နင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း ပရောပရည် လုပ်ထားတာကို သတိမပြုမိဘူးလို့များ ထင်နေတာလား။ ဂျူနီယာညီမလေး ... နင်ငါ့ကို ကတိပေးထားတာ မမေ့ပါနဲ့ ...”
လျိုမေက ချန်းဖန်ကို အေးစက်စွာ ကြည့်၍ ပြောသည်။ “ယွမ်ချွဲဇီ ဒီမှာ ရှိတော့ စန်နူးက သူ့ စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ရဖို့ ခက်မှာပဲ။ ယွမ်ချွဲဇီက သူက လွယ်လွယ်တော့ အောင်မြင်ခွင့် ပေးမှာ မဟုတ်ဘူး ...”
ချန်းဖန်က အသက်ဝဝ ရှူသွင်းသည်။ သည့်နောက် သူ့ကြမ်းကြုတ်သည့် အသွင်ကို ပြန်ရုပ်သိမ်း၍ သိုလှောင်အိတ်ကို ထိကာ ပြောလိုက်သည်။ “အဘိုးကြီး(ကျူးချွဲဇီ)က ငါ့ကို စိတ်ဝိညာဉ်ဆယ်သန်း အလံကို ရင်ဆိုင်ဖို့ တစ်စုံတစ်ခု ပေးခဲ့တယ်။ ဒါက စိတ်ဝိညာဉ် အလံပေါ်မှာ သက်ရောက်မှု ရှိမယ်ဆိုရင် အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူတွေ ပေါ်မှာလည်း သက်ရောက်မှု ရှိမှာပဲ။ ယွမ်ချွဲဇီ ထွက်လာတာနဲ့ ငါက ဒါကို အသုံးပြုလိုက်မယ်။ ငါက ငါ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ယူချင်ရုံပဲ။ ဒါပေမဲ့ သူက ငါ့ကို မပေးရင်တော့ ငါကလည်း ဒီလို လုပ်ရုံပဲ ...”
ပင်လယ်ရေ အနက်ပိုင်းရှိ နန်းတော်ထဲ၌ ဝမ်လင်းရှေ့တွင် ပေါ်လာသည့်အရာက အလွန် ကြီးမားသည့် စင်္ကြံလမ်းတစ်ခု ဖြစ်လေသည်။ သည်လမ်းပတ်လည်၌ မီးအိမ်များ ချိတ်ဆွဲထားပြီး နတ်ဆိုးဆန်သော တောက်ပမှုကို ထုတ်လွှတ်လို့နေသည်။
သည်အလင်းက မီးကနေ ထုတ်လွှတ်နေခြင်း မဟုတ်ဘဲ ဝမ်လင်း တစ်ခါမျှ မမြင်ဖူးသည့် ထူးဆန်းသည့် အရာဝတ္ထု တစ်ခုကနေ ထုတ်လွှတ်နေခြင်း ဖြစ်လေ၏။
သည်မှိန်ဖျော့ဖျော့ အလင်းရောင်က ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေ၏။
ဝမ်လင်းက သတိထား၍ ရှေ့သို့ တိုးလာခဲ့သည်။ သည်စင်္ကြံလမ်းက အဆုံးမရှိသည့် အလားပင်။ သူက အချိန်အတန်ကြာ လျှောက်လှမ်းလာသည့်တိုင် သည်စင်္ကြံလမ်းက တစ်ပုံစံတည်းလိုသာ ဖြစ်နေဆဲပင်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို အဝေးသို့ ဖြန့်ကြက်ရဲခြင်း မရှိချေ။ သူက ပထမဆုံး ရောက်လာသည့် အချိန်တွင် နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်စဉ် သည့်နတ်ဘုရား အာရုံအချို့က တစ်ခုခု၏ ဝါးမျိုခြင်း ခံလိုက်ရသလို့ တချို့တစ်ဝက် ပျောက်ကွယ်သွားကြသည်။ သည့်အတွက်ကြောင့် ဝမ်လင်းက အလွန် သတိထားနေခြင်း ဖြစ်၏။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက အကွာအဝေး တစ်ခု၌ မန္တန်များ တောက်ပနေသည်ကို လှမ်းမြင်လိုက်ရသည်။ သူက လှုပ်ရှားနေရာ ကနေ ရပ်တန့်၍ နတ်ဘုရားအာရုံကို ရှေ့သို့ ဂရုတစိုက် ပို့လွှတ်လိုက်သည်။
သို့သော် သူမြင်လိုက်ရသည့် အရာကြောင့် သူ့အသွင်က ပြောင်းလို့သွား၏။ သူနတ်ဘုရားအာရုံက စင်္ကြံအဆုံးသို့ ရောက်သည့်အချိန်တွင် သူက ကြီးမားပွင့်ဟ နေသည့် ဧရိယာတစ်ခုကို မြင်လိုက်ရပေသည်။
သည်ပွင့်ဟနေသည့် ဧရိယာ၏ အလယ်၌ အလွန် ရှည်လျားသည့် မျှော်စင်တစ်ခု ရှိလို့နေသည်။ သည်မျှော်စင်ထိပ်၌ ပလ္လင်တစ်ခု ရှိလို့နေသည်။ သည်ပလ္လင်ပေါ်၌ တစ်ခေါင်းလုံး ဆံပင်နက်များ ပြည့်နေသည့် တစ်စုံတစ်ယောက်က ထိုင်လျက် ရှိနေ၏။
သည်လူက သတ်လတ်ပိုင်း အရွယ်သာ ရှိသေးကာ အလွန် သာမန်ဆန်သည်ဟု ထင်မှတ်ရ၏။ သို့သော် သူ့ထံကနေ ဝင့်ကြွားထည်ဝါသည့် အော်ရာကို ပေးစွမ်းလို့နေသည်။ သူ့မျက်လုံးများက မှိတ်ထားလျက်ရှိပြီး သူ့ခန္ဓာကိုယ် ကနေလည်း မည်သည့် အသက်ဓာတ်ကိုမျှ ရရှိခြင်း မရှိချေ။ ၎င်းက လူသေတစ်ယောက် ဖြစ်မှန်း ရှင်းလင်းလှသည်။
သို့ရာတွင် သူ့ခန္ဓာကိုယ်က ပတ်ဝန်းကျင်ကို လွှမ်းခြုံထားနိုင်သည့် ကြောက်မက်ဖွယ် အော်ရာကို ပေးစွမ်းလို့ နေဆဲပင်။
ဝမ်လင်း နတ်ဘုရားအာရုံက သည်လူ့ကို တွေ့မြင်လိုက်သည့် အခိုက်တွင်သူက အလိုလို ဦးညွှတ်လိုစိတ် ဖြစ်လာမိပေ၏။ သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အချို့ကို အသက်သွင်းကာ သည်စိတ်ဆန္ဒကို ဖိနှပ်လိုက်ရသည်။
သည်လူ့ ရှေ့တွင် မျောလွင့်နေသော အရာဝတ္ထုတစ်ခု ရှိလို့နေသည်။ သည်အရာကတော့ ခရမ်းရောင် အလင်းလုံးတစ်ခုပင် ဖြစ်သည်။
သည်အလင်းက သက်လတ်ပိုင်း လူကြီး၏ အပေါ်တွင် တောက်ပနေပြီး သူ့ဘေး၌ အရိပ်ကျစေ၏။
သို့ရာတွင် သည်အလင်းက ခုလက်ရှိတွင် မှိန်ဖျော့နေကာ အချိန်မရွေး ဖျတ်ခနဲ ပျောက်ကွယ်သွားနိုင်သည့် အလား ထင်မှတ်ရသည်။
ဝမ်လင်း နတ်ဘုရားအာရုံက သည်အလင်းလုံးကို ထိလိုက်မိသည့် အချိန်တွင် ပြင်းထန်သော အားတစ်ခုက သူ့နတ်ဘုရား အာရုံကို ရိုက်ခတ်လာ၏။ ထို့ကြောင့် သူက နတ်ဘုရားအာရုံကို နောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်ရသည်။
စင်္ကြံလမ်းထဲတွင် ဝမ်လင်းမျက်နှာက ဖြူရော််နေပြီး သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ရှိလို့နေသည်။
“ပထမမျိုးဆက် ဟင်္သာပြဒါး ... ရီဝူယောင် ...” သူက ချက်ချင်းပင် သည်သတ်လတ်ပိုင်း လူကြီးကို မည်သူမှန်း ခန့်မှန်းလိုက်နိုင်၏။
ခရမ်းရောင် အလင်းလုံးကတော့ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် ဖြစ်နိုင်ပေသည်။
သို့ရာတွင် ဝမ်လင်းက တစ်ခုခု မှားနေသည်ဟု ခံစားနေရသည်။ ၎င်းက စစ်ထူနန် ဖော်ပြခဲ့သည်နှင့် အတိအကျ တူသော်လည်း သူက သူ့နတ်ဘုရား အာရုံဖြင့် ၎င်းသလင်းကျောက်ကို ထိမိသည့်အခိုက်တွင် သူ့စိတ်ဝိညာဉ် အပိုင်းအစနှင့် ချိတ်ဆက်မှုကို မခံစားမိခဲ့ပေ။
“မင်းက ရောက်လာပြီဆိုတော့ ... ဝင်လာခဲ့တော့ ...” ယွမ်ချွဲဇီအသံက စင်္ကြံအောက်ဘက် ကနေ ထွက်ပေါ်လာ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ့နတ်ဘုရားအာရုံက အခန်းထဲသို့ ဝင်ရောက်သွားသည့် အချိန်တွင် သူက ပထမမျိုးဆက် ဟင်္သာပြဒါးနှင့် ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်တို့ကို တွေ့မြင်နိုင်ခဲ့ သော်လည်း ယွမ်ချွဲဇီနှင့် အဘိုးအိုတို့ကိုတော့ မြင်နိုင်ခြင်း မရှိခဲ့ချေ။
ဝမ်လင်း အနည်းငယ် စဉ်းစားကာ ရှေ့သို့ လျှောက်လှမ်း လာတော့သည်။ သိပ်မကြာခင်တွင် သူက စင်္ကြံအဆုံးသတ်သို့ ရောက်လာခဲ့ပြီးနောက် ပွင့်နေသော အခန်းသို့ လျှောက်လှမ်းသည်။
သူက သည်နေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည့် အခါတွင် တုန်လှုပ်ဖွယ် ခံစားချက်က ပို၍ သန်မာလာခဲ့သည်။ ပေတစ်ထောင်ခန့် ရှည်လျားသည့် မျှော်စင်နှင့် ယှဉ်လျှင် သူက အလွန်သေးငယ် လှသည်ဟု ခံစားလိုက်ရသည်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်း၏။ သည့်နောက် သူ့မျက်လုံးက လက်ခနဲ တောက်ပလာပြီး ယွမ်ချွဲဇီ၏ပုံရိပ်ကို ထောင့်တစ်ခု၌ မြင်လိုက်ရသည်။
ယွမ်ချွဲဇီမျက်နှာက ဖြူရော်နေသည်။ သူက ခြေချိတ်၍ ထိုင်လျက် ရှိနေပြီး သူ့ပါးစပ်ထောင့်ကနေ သွေးများ စီးကျလို့နေသည်။
သူက ပုံမှန်ထက် များစွာ အားနည်းနေသည့် ပုံပင်။ သူက ဝမ်လင်းကို ကြည့်၍ အသံအက်အက်ဖြင့် ပြုံး၍ ပြောသည်။ “ငါက မင်းနဲ့ ပတ်သက်လို့ မှန်ခဲ့တယ်။ မင်းက ဒီနေရာကို ရောက်လာနိုင်မဲ့ တတိယမြောက် လူပဲ ...”
ဝမ်လင်းက သတိထားဟန် ဖြစ်ပေါ်နေသည်။ သူက မေးလိုက်၏။ “သူက ကော ...”
ယွမ်ချွဲဇီအသွင်က ရုပ်ဆိုးလို့သွား၏။ သူက ပြောလိုက်သည်။ “ငါက အစီအရင် တစ်ခုကို အသုံးပြုပြီး သူ့ကို ပိတ်လှောင်ထားတယ်။ ဝမ်လင်း ... ငါက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ ဒါ့ကြောင့် ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ငါ့အတွက် သွားယူပေးပါ။ ဒါက ငါ့ စွန့်ပစ်ခံ မသေမျိုးကလန် အတွက်တင် မကဘဲ ကျင့်ကြံသူတွေ အတွက်ဆိုလည်း ဟုတ်တယ်။ ငါက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် ပြိုကွဲသွားမှာကို ခွင့်မပြုနိုင်ဘူး ...”
“အို ...”ဝမ်လင်းက ယွမ်ချွဲဇီကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်သည်။ “သင်က ငါ့ကို ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက် ရစေချင်နေတာလား ...”
ယွမ်ချွဲဇီက အသက်ဝဝရှူ သွင်း၍ သက်ပြင်းချသည်။ “မင်းက အရမ်းသတိရှိတဲ့ လူဆိုတာ ငါသိပါတယ်။ မင်းက မင်းနတ်ဘုရား အာရုံနဲ့ ငါ့ခန္ဓာကိုယ်ကို စစ်ကြည့်နိုင်တယ်။ မင်းက ငါ့စွမ်းအားတွေ အကုန်လုံးနီးပါး ကုန်ဆုံးနေတာ တွေ့လိမ့်မယ်။ အဲဒီအဘိုးအိုက ဟင်္သာပြဒါးဂြိုဟ်က မဟုတ်ဘူး။ သူ့နည်းစနစ်တွေက အရမ်း ထူးဆန်းတယ်။ ငါက သူ့ကို အချိန်အကြာကြီး ပိတ်လှောင်ထားနိုင်မှာ မဟုတ်ဘူး။ သူက လွတ်သွားတာနဲ့ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ရရှိသွားလိမ့်မယ်။ အဲဒီအချိန်ကြရင် ဟင်္သာပြဒါး ဂြိုဟ်ပေါ်မှာ ရှိတဲ့ လူတိုင်းက ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင် ရလိမ့်မယ် ...”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ခေါင်းမော့ကာ ပထမမျိုးဆက် ဟင်္သာပြဒါးရှေ့ရှိ ခရမ်းရောင် အလင်းလုံးကို ကြည့်လိုက်သည်။ သည့်နောက် သူက တုံ့ဆိုင်းခြင်း မရှိဘဲ နောက်သို့ ဆုတ်လိုက်သည်။
သူ့အမြန်နှုန်းက အထဲသို့ ဝင်လာစဉ် ကထက်ပင် အဆများစွာ မြန်နေသေးသည်။ ဝမ်လင်းက အရူးတစ်ယောက်ကဲ့သို့ စင်္ကြံဝင်ပေါက်သို့ ပျံသန်းသွားလေ၏။
ယွမ်ချွဲဇီမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ချက်ချင်းပျောက်ကွယ် သွားသည်။ သူ ပြန်ပေါ်လာသည့် အခါတွင် သူက စင်္ကြံလမ်းရှေ့သို့ ရောက်နှင့်ကာ ဝမ်လင်းအား ပိတ်ဆို့ထားပြီး ဖြစ်နေ၏။ သူက သုန်မှုန်စွာ ပြောလိုက်သည်။ “မင်းက ဘာအတွက် ထွက်ပြေးရတာလဲ ...”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ ယွမ်ချွဲဇီကို ကြည့်သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်ဆယ်သန်း အလံက ပေါ်ထွက် လာခဲ့တော့သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ဂျူနီယာက ခု မသေချင်သေးပါဘူး ...”
***