ချန်းဖန်နှင့် တိုက်ပွဲ
Vol. 011 Ch. 511
ချန်းဖန်က ခုချိန်၌ အသက်ခက်ခက်ခဲခဲ ရှူနေရသည်။ သူ့အသက်စွမ်းအား တော်တော်များများက ကျူးချွဲဇီ၏ ရယူခြင်းကို ခံလိုက်ရသည့် အတွက် သူ့ကို အလွန်အားနည်းလို့ သွားစေသည်။ ကျုးချွဲဇီအပေါ် သူ့အမုန်းတရားက အလွန် ပြင်းထန်နေခဲ့သည်။
“ကံကောင်းစွာနဲ့ ငါက ဒါကို သူပြောသလို တိုက်ပွဲအတွင်းမှာ အသုံးမပြုမိခဲ့တဲ့ အတွက် တော်သေးတယ်။ မဟုတ်ရင် ငါ့ခန္ဓာကိုယ်က ခြောက်ကပ်တဲ့အထိ စုပ်ယူခြင်းခံရပြီး ရန်သူရဲ့ သတ်ဖြတ်တာကိုပါ ခံလိုက်ရမှာ ...” ချန်းဖန်က အလွန်ဒေါသ ထွက်နေသော်လည်း ခုချိန်၌ သူက ကျူးချွဲဇီနှင့် ပတ်သက်၍ ရူးသွပ်နေလို့ မရချေ။
အမှန်တော့ ကျူးချွဲဇီက ချန်းဖန်၏ သက်တမ်းကို နောက်ဆုံးအချိန်တွင်သာ အသုံးပြုရန် စီစဉ်ထားခဲ့ပေသည်။ စွန့်ပစ်ခံ မသေမျိုးကလန် ပေါ်ထွက်လာမှုကြောင့်သာ မဟုတ်ရင် သူက သူ့သက်တမ်း ကုန်ဆုံးလာသည့် အချိန်ကျမှ ကောင်းကင်ဘုံ ဥပဒေသကို ရှောင်ကြဉ်ရန် ချန်းဖန်၏ ခန္ဓာကိုယ်ကို သိမ်းယူမည်ဟု စီစဉ်ထားခဲ့ခြင်း ဖြစ်လေ၏။
ကျူးချွဲဇီက သည်အစီအစဉ်ကို ချန်းဖန် ကလေးဘဝထဲက ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ သူက ချန်းဖန်ကို အခြားလူများ၏ နယ်ပယ်များအား ဝါးမျိုခွင့် ပေးခဲ့ခြင်းက ချန်းဖန်အတွက် မဟုတ်ဘဲ သူ့အတွက်သာ ဖြစ်လေ၏။
ချန်းဖန်ပေါ်၌ သူအသုံးပြုခဲ့သည့် နည်းလမ်းက ပြီးခဲ့သော ဟင်္သာပြဒါးများ၏ လျှို့ဝှက်မန္တန်တစ်ခု ဖြစ်ပေသည်။ သည်မန္တန်က ခုထိ ပြီးပြည့်စုံခြင်း မရှိသေးဘဲ အသုံးပြုရာ၌ အောင်မြင်ရန် ဆယ်ရာခိုင်နှုန်းသာ ရှိသေး၏။ ၎င်းက အောင်မြင်လျှင်တော့ လူတစ်ယောက်၏ သေဆုံးမှုကို ဆယ်စုနှစ်များစွာ ဆွဲဆန့်ပေးနိုင်မည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် သည်ပိုရလာသော ဆယ်စုနှစ်များစွာ သက်တမ်းအတွက် ကြီးမားသော တန်ဖိုးကိုလည်း ပေးဆပ်ရသည်သာ ဖြစ်သည်။
ထိုမန္တန်အတွက် သည်ကြေးရုပ်က သော့ချက်ပင် ဖြစ်သည်။ ၎င်းက လေးဆက်မြောက် ဟင်္သာပြဒါး အခြားဂြိုဟ် တစ်ခုကနေ ရရှိလာခဲ့ပြီး အကြိမ်များစွာ သန့်စင် ဖန်တီးထားခဲ့သည့် အရာဖြစ်သည်။ သည့်နောက် နောက်ပိုင်းဟင်္သာပြဒါး ခေါင်းစီးများက ၎င်းအထဲသို့ မရေမတွက်နိုင်သော ကောင်းကင်ဘုံ ရတနာများကို ထည့်ပေါင်းခဲ့ ကြသေးသည်။ နောက်ဆုံးတွင်တော့ ၎င်းက လူတစ်ယောက်၏ သက်တမ်းကို စုပ်ယူနိုင်သည့်အထိ အသုံးပြု လာနိုင်ခဲ့ပေသည်။
သို့ရာတွင် သည်ကြေးရုပ်က ခုထိ ပြည့်စုံခြင်း မရှိသေးဘဲ အပြစ်အနာဆာများ ကျန်ရှိနေသေး၏။ ခုချိန်၌ ကျူးချွဲဇိက ၎င်းကို အသုံးပြု၍ သူ့အသက်စွမ်းအင်က ပြည့်ဝနေသည်ဟု ထင်ရသော်လည်း ယာယီမျှသာ ဖြစ်လေသည်။
ဝမ်လင်းက သူ့လက်ထဲရှိ စိတ်ဝိညာဉ် ဆယ်သန်းအလံကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများက ချက်ချင်း ပျံသန်း ထွက်လာခဲ့ပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားတော့သည်။ အဆုံးမဲ့ တစ္ဆေညည်းသံများက စိတ်ဝိညာဉ် အပိုင်းအစများ ထံကနေ ထွက်ပေါ်လာခဲ့၏။
“ပေါင်းစည်းခြင်း ...” ဝမ်လင်း မျက်လုံးများက သတ်ဖြတ်လိုမှု ဆန္ဒတို့နှင့် ပြည့်နေခဲ့သည်။ သက စကားတစ်ခွန်းဖြင့်ပင် အာဏာတက်ခြင်း အဆင့်ကို မရောက်သေးသော်လည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ထက် များစွာသန်မာသော မူလစိတ်ဝိညာဉ် ခြောက်ကောင်က ထွက်ပေါ်လာသည်။ ၎င်းတို့ထဲက တစ်ကောင်ကတော့ ချီလင်သားရဲ မူလစိတ်ဝိညာဉ်ပင် ဖြစ်သည်။
“ငါက မင်းတို့နှစ်ယောက်ကို တိုက်ခိုက်ဖို့ အတွက်လောက်နဲ့တော့ ဒီစိတ်ဝိညာဉ် အပိုင်းအစတွေကို အာဏာတက်ခြင်း အဆင့် စိတ်ဝိညာဉ် အပိုင်းအစအဖြစ် ပေါင်းစပ်စရာ မလိုဘူး ...” ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားလေ၏။ သူက သိုလှောင်အိတ် ထဲကနေ ပုဆိန်ကိုပါ ထုတ်ယူလိုက်သည်။ သူက ပုဆိန်ကို မြှောက်၍ လေထဲသို့ ခုန်တက်သွားပြီးနောက် ရုတ်တရက် လွှဲခုတ် ပိုင်းချလေသည်။
ချန်းဖန်အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူက သိုလှောင်အိတ် ထဲကနေ ဟင်္သာပြဒါးစူးကို ခပ်မြန်မြန် ထုတ်ယူလိုက်သည်။ တစ်ချက် လှုပ်ခါလိုက်ရာ အနီရောင် အလင်းတန်းက ဝမ်လင်းထံသို့ ဦးတည်ပျံသန်း သွားတော့၏။
ဝမ်လင်းအသွင်က အေးစက်နေပြီး သူက ပုဆိန်ဖြင့် ခုတ်ပိုင်းချသည်။ သည့်နောက် အားကောင်းသော လက်နက်စွမ်းအင် တစ်ပြိုင်နက်တည်း ထွက်လာခြင်းနှင့် အတူ သူက ပုဆိန်ကို ပစ်လွှတ်လိုက်သည်။ လေထု ပေါက်ကွဲသံများက ပုဆိန် ထိုးတက်သွားစဉ်၌ ကြားလိုက်ရသည်။
အနီရောင် အလင်းတန်းက ချက်ချင်း ပျက်စီးသွားပြီး ပုဆိန်က လျင်မြန်စွာ ဆင်းသက်လာလေ၏။
ချန်းဖန်က ကြမ်းကြုတ်စွာ ကြည့်နေ၏။ သည့်နောက် သူက မာန်သွင်း၍ သူ့လက်ကို လျင်မြန်စွာ လှုပ်ရှားစေ၍ သူ့ရှေ့သို့ ညွှန်သည်။ တောက်ပသော အနီရောင်အလင်းက ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အား ဝန်းရံပေးသွား၏။ အံ့ဖွယ်ဟင်္သာပြဒါး အစီအရင်က ဖွင့်လှစ်လို့သွားသည်။
ကောင်းကင်သို့ တိုက်ထိုးဖောက် သွားသည့် အသံတစ်ခုက ရုတ်တရက် သည်ဧရိယာတွင် ပဲ့တင်ထပ်လို့ သွားသည်။
ချန်းဖန်က နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီး သွေးအန်ထုတ် လိုက်ရ၏။ သူ့ခါးအထက်ရှိ အဝတ်အစား များသည်လည်း စုတ်ပြဲလို့သွား၏။ ထူးဆန်းသော သင်္ကေတတစ်ခုက သူ့ရင်ဘတ်ပေါ်တွင် ပေါ်လာခဲ့တော့သည်။
ပုဆိန်က အားကောင်းသော စွမ်းအားဖြင့် တိုက်ခိုက်ပြီးနောက် ပြန်ကန်ထွက် လာခဲ့သည်။ ဝမ်လင်းက သည်ပုဆိန်ကို ဖမ်းယူလိုက်၏။
စိတ်ဝိညာဉ် ဆယ်သန်းအလံ၏ မူလစိတ်ဝိညာဉ် ခြောက်ကောင်က အစုနှစ်ခု ခွဲသွား၏။ လေးယောက်တစ်စုက လျိုမေထံသို့ ခုန်အုပ်၍ ကျန်သည့်နှစ်ကောင်က ချန်းဖန်ထံသို့ တိုးဝင်လာခဲ့သည်။
လျိုမေအသွင်က သည်စိတ်ဝိညာဉ် အလံကို ကြည့်၍ ရှုံ့တွလို့နေသည်။ သူမက အံတင်းတင်းကြိတ်၍ သူမပါးစပ်ထဲကနေ အဖြူရောင် အလင်းတန်း တစ်ခုကို ထွေးထုတ်လိုက်၏။ အဖြူရောင် အလင်းတန်းက သင်္ကေတပုံစံ ရွှေရောင် အမျှင်တန်းများ ထွင်းထုထားသည့် ခါးစည်းဖြူသို့ ချက်ချင်း ပြောင်းလဲသွားသည်။
သည်ခါးစည်းက လျိုမေပတ်လည်ကို လျင်မြန်စွာ ထွေးပတ်ထားပြီး မူလစိတ်ဝိညာဉ် လေးကောင် ဝန်းရံလာမှုကို ချိုးဖျက်လေ၏။ သည့်နောက် သူမနှင့် ခါးစည်းတို့သည့် အလင်းတန်း အသွင်ပြောင်း၍ လျင်မြန်စွာ ပြေးထွက်လေသည်။
ဝမ်လင်းက အော်ဟောက်လိုက်၏။ “သူ့နောက်လိုက်ပြီး သတ် ...” မူလစိတ်ဝိညာဉ် လေးခုထဲက ချီလင်သားရဲက လျိုမေနောက်သို့ လျင်မြန်စွာ လိုက်ပါလေ၏။
မူလစိတ်ဝိညာဉ် နှစ်ကောင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ချန်းဖန်က နောက်သို့ အတင်းဆုတ် နေရသည်။ သူ့အသွင်က အလွန် ရုပ်ဆိုးနေကာ သူက အနီရောင် ယပ်တောင်တစ်ခုကို ထုတ်ယူ၍ ၎င်းပေါ်သို့ သွေးများ ထွေးထုတ်ကာ ဝှေ့ယမ်းလိုက်လေ၏။
ကြီးမားသည့် လေပြင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး ထိုးတက်သွားတော့သည်။ သည်လေပြင်းက စိတ်ဝိညာဉ်များကို တိုက်ခိုက်လိုက်သည်ဟု ထင်မှတ်စေပြီး မူလစိတ်ဝိညာဉ် နှစ်ကောင်ကို ခဏတာ တုံ့ဆိုင်းသွားစေ၏။
ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့ကာ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ တစ်ပုံစံတည်း ရှိသည့် ဓားအိမ်လေးခုကို သူ့ရှေ့တွင် ပေါ်လာခဲ့တော့သည်။
ဝမ်လင်း မျက်လုံးထဲရှိ အေးစက်မှုက ဖျတ်ခနဲ ဖြစ်သွားပြီး သူက ရှေ့သို့ လက်ညွှန်လိုက်သည်။ ဓားအိမ်လေးခုက လျင်မြန်စွာဖြင့် တစ်ဟုန်ထိုး ထွက်သွားတော့၏။ ဓားစွမ်းအင်တန်း လေးခုက ထိုဓားအိမ်များ ထံကနေ ထွက်ပေါ်လာတော့၏။ သည်စွမ်းအင် တစ်ခုချင်းစီက သုံးလက်မခန့် ရှည်လျားပြီး ကောင်းကင်ဘုံပင် တုန်လှုပ်စေနိုင်သည့် ဓားဆန္ဒများ ပါဝင်လို့နေသည်။
“ပြန့်ကျဲလိုက်စမ်း ...” ဝမ်လင်းမျက်လုံးက အေးစက်နေပြီး ဓားစိတ် ဆန္ဒများနှင့် ပြည့်နေသည့် ဓားအိမ်လေးခုက ရှေ့သို့ ထိုးထွက် သွားတော့သည်။
ချန်းဖန်အသွင်က ကြီးစွာ ပြောင်းလဲသွား၏။ သူက နောက်သို့ ဆုတ်နေရင်း ယပ်တောင်ကို ရှေ့သို့ ပစ်လိုက်ကာ ထွက်ပြေးဟန် ပြင်သည်။ သို့သော် ယပ်တောင်က ဓားအိမ်နားသို့ ချဉ်းကပ်လာသည့် အခိုက်တွင် ဆုတ်ပြဲသွားတော့၏။ သည့်နောက် ဓားအိမ်လေးခုက ချန်းဖန်နောက်သို့ နီးကပ်စွာ လိုက်ပါသွားသည်။
ယပ်တောင်က သည်ဓားလေးလက်ကို တားဆီးနိုင်ခြင်း မရှိဘဲ မူလစိတ်ဝိညာဉ် နှစ်ကောင်က လျင်မြန်စွာ လှုပ်ရှားလာ၍ ချန်းဖန်ကို မှီလာခဲ့၏။ တိုက်ချက်တစ်ခုဖြင့်ပင် ချန်းဖန်၏ မူလစိတ်ဝိညာဉ်က ပြင်းထန်စွာ တုန်ခါသွားတော့၏။ သူ့ခန္ဓာကိုယ်ကပင် အပြင်သို့ တွန်းကန်ထွက်လု နီးပါး ဖြစ်သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် သည်လို အန္တရာယ် အခိုက်အတန့်တွင် သူ့ရင်ဘတ်ပေါ်ရှိ ထူးဆန်းသော သင်္ကေတက ဖျတ်ခနဲ လင်းလက်သွား၍ ဟင်္သာပြဒါး အစီအရင်ကို အသက်ဝင်စေပြီး သူ့ကို မူလစိတ်ဝိညာဉ် နှစ်ကောင်၏ တိုက်ခိုက်မှုကနေ ကယ်တင်ပေး သွားခဲ့ပေသည်။
ချန်းဖန်အသွင်က ရုပ်ဆိုးလို့နေသည်။ သူက ရုတ်တရက် ပြန်လှည့်၍ အော်ဟစ်လိုက်သည်။ “စန်နူး ... ငါ့ကို ဖိအား မပေးနဲ့ ...” သူက ထိုသို့အော်ဟစ်ပြီး အစိမ်းရောင် အလင်းတန်း တစ်ခုကို ထွေးထုတ်လိုက်၏။ ယင်းအစိမ်းရောင် အလင်းတန်းက အစိမ်းရောင် သစ်သားပိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
သည်သစ်သား အပိုင်းက ထူးဆန်းသော အော်ရာကို ပေးစွမ်းနေ၏။ သည့်နောက် ၎င်းက ရုတ်တရက် ပေတစ်ရာခန့် ရှည်လျားသည့် သစ်သားပိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ချန်းဖန်မျက်နှာက ဖြူရော််နေပြီး သူက အော်ဟစ်လိုက်၏။ “ပန်းပု ...”
သစ်သားပိုင်းက တုန်ခါသွားပြီးနောက် ၎င်းထံကနေ သစ်သား အပိုင်းအစများများ ပဲ့ကျလာ၏။ ကြည့်ရသည်မှာ မမြင်ရသည့် လက်တစ်ဖက်က သစ်သားပန်းပု တစ်ခုကို ထွင်းထုနေသည့် အလား ထင်မှတ်ရသည်။ သိပ်မကြာခင်တွင် ပုံစံတစ်ခု ဖြစ်ပေါ်လာ၏။ သည်ပုံစံကတော့ ဝမ်လင်းနှင့် ဆင်တူလို့နေသည်။
“ပျက်စီးစမ်း ...” ချန်းဖန်က ထပ်မံ အော်ဟစ်ပြန်သည်။ ခုချိန်တွင် သူ့မျက်နှာက ဖြူဖပ်ဖြူရော်် ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်လို့နေသည်။ သူ့အသက်စွမ်းအား များစွာက ထုတ်ယူထားခြင်း ခံထားသည့်အတွက် ခုချိန်၌ သူက ဝမ်လင်း၏ ပြိုင်ဘက် မဟုတ်ကြောင်း သိသာနေခဲ့၏။
ချန်းဖန်က ပျက်စီးစမ်းဟု အော်လိုက်သည့် အချိန်တွင် ရှေ့သို့ တိုးလာနေရာမှ ဝမ်လင်းက ရပ်တန့်သွားပြီး သူ့အသွင်ကလည်း အနည်းငယ် ပြောင်းလဲလို့သွားသည်။ ဝမ်လင်းက သည်အစိမ်းရောင် သစ်သားထံကနေ ထွက်ပေါ်လာသည့် အဖျက်အဆီးအားကို ခံစားမိ၏။ သည်သစ်သား အပိုင်းကနေ အစိမ်းရောင် ဓားသွားတစ်ခုက သူ့ခေါင်းထက်သို့ ဆင်းသက်လာလေ၏။
သေဆုံးခြင်း အရိပ်က ဝမ်လင်းအား ဝန်းရံလာခဲ့သည်။ တကယ်တော့ ချန်းဖန်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်၊ ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီး၏ တပည့်သာ ဖြစ်နေသေးသည် မဟုတ်လား။ သည့်အတွက်ကြောင့် အနည်းငယ်သော ရတနာသာ သူ့တွင် ရှိနေမည်မှာ မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။ သူက ဝမ်လင်းထက် ပိုမိုများပြားသော ရတနာများစွာ ရှိလို့နေပေသည်။
ဝမ်လင်းက သည်အစိမ်းရောင် သစ်သားအပိုင်းနှင့် ပတ်သက်၍ တစ်ခါမျှ မကြားခဲ့ဖူးချေ။ ၎င်း၏ ထူးဆန်းသော စွမ်းအားက သူ့ကို ခုခံရန် ခက်ခဲစေလေ၏။ သူက ရှောင်လိုခဲ့သော်လည်း ထူးဆန်းသော အားတစ်ခုက သည်နေရာတွင် ချိပ်ပိတ်ထားသည်ကို တွေ့လိုက်ရ၏။
အစိမ်းရောင် ဓားသွားက ဝမ်လင်းနှင့် နီးကပ် လာနေသည်ကို ကြည့်ရင်း ချန်းဖန်က ကျောချမ်းဖွယ် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဝမ်လင်း မျက်လုံးများကတော့ တည်ငြိမ်နေဆဲပင်။ အတွေး တစ်ချက်ဖြင့်ပြင် သူ့ရှေ့၌ မူလစိတ်ဝိညာဉ် တစ်ကောင်ပေါ်လာ၏။ သည့်နောက် ၎င်းက ပေါက်ကွဲ သွားတော့သည်။
သည်မူလ စိတ်ဝိညာဉ်၏ ပေါက်ကွဲမှုက အားကောင်း ပြင်းထန်သော တုန်ခါလှိုင်း တစ်ခုကို ဖြစ်ပေါ်စေ၍ သည်နေရာတွင် သူ့အား ပိတ်ထားသည့် အားကို ဖျက်ဆီး ပစ်စေခဲ့သည်။ သည့်အတွက်ကြောင့် ဝမ်လင်းက အစိမ်းရောင် ဓားသွားကို ရှောင်လို့ရသွားပေ၏။
ချန်းဖန်က စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီးနောက် ပြန်လှည့်၍ ချက်ချင်း ထွက်ပြေးလေသည်။
ဝမ်လင်းက သူ့ကို မည်သို့ ထွက်ပြေးခွင့် ပြုနိုင်ပါ့မည်နည်း။ သူက လက်ဆန့်တန်း လိုက်ရာ စိတ်ဝိညာဉ်ဆယ်သန်း အလံက သူ့လက်ထဲ၌ ပေါ်လာခဲ့၏။ တစ်ချက် လှုပ်လိုက်ရုံဖြင့် စိတ်ဝိညာဉ် အပိုင်းအစ များစွာက ထပ်မံ ထွက်ပေါ်လာပြန်၏။
“ချိပ်ပိတ်ခြင်း ...” ဝမ်လင်းက မာန်သွင်းလိုက်ရာ စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက ပြန့်ကျဲလို့ သွား၏။ သိပ်မကြာခင်တွင် စိတ်ဝိညာဉ် အပိုင်းအစများက ငါးကီလိုမီတာ ရှိသော အတားအဆီး ပိတ်ဆို့မှုတစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ သည့်နောက် ချန်းဖန်ကို ပိတ်လှောင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက ပုဆိန်ဖြင့် အစိမ်းရောင် သစ်သားပိုင်းထံသို့ လွှဲပိုင်းလိုက်သည်။ သည်ခုတ်ပိုင်းချက် တစ်ခုတည်းဖြင့် အစိမ်းရောင် သစ်သားက နှစ်ခြမ်း ကွဲသွားတော့၏။ ချန်းဖန်က သူ့ပါးစပ်ထဲ၌ ချိုတိုတို ခံစားလိုက်ရပြီး သူက နောက်ထပ် သွေးတစ်လုတ် ထပ်မံ အန်ထုတ်လိုက် ရပြန်လေ၏။
“သေစမ်း ...” ဝမ်လင်းက ထိုသို့အော်ဟစ် လိုက်ကာ ပုဆိန်ကို ရှေ့သို့ ပစ်လွှတ်လိုက်၏။ တစ်ပြိုင်နက် တည်းမှာပင် ဓားအိမ်များကိုပါ ရှေ့သို့ ထိုးတက်စေ လိုက်၏။ အဖျက်အဆီး ဓားစွမ်းအင်တန်း လေးခုက ဓားအိမ်များ ထံကနေ ထွက်ပေါ်လာပြီး ချန်းဖန်ထံသို့ အရပ်လေးမျက်နှာ ကနေ ဝင်ရောက်လို့သွား၏။
သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ဝမ်လင်းက စိတ်ဝိညာဉ်ဆယ်သန်းအလံကို လှုပ်ခါလိုက်၍ ၎င်းကို ရွှေရောင် အလင်းစက်မှုန်များ အဖြစ်သို့ ပျောက်ကွယ်သွားစေ၍ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် အပိုင်းအစများနှင့် ပေါင်းစပ်စေ လိုက်သည်။ စိတ်ဝိညာဉ် အပိုင်းအစများက သည်လို ပေါင်းစပ်မှုကြောင့် ချိပ်ပိတ်ခြင်း စွမ်းအားကို ထုတ်လွှတ်လာ၏။ သည်အခိုက်တွင် အားကောင်းသော အတားအဆီး အော်ရာက စိတ်ဝိညာဉ် အပိုင်းအစများကြောင့် သည်ဧရိယာတွင် ပေါ်လာခဲ့တော့သည်။ သည်အော်ရာ အလွန် အားကောင်း၍ တည်နေရာ ရွှေ့ပြောင်းခြင်းကိုပင် သက်ရောက်မှု ရှိစေခဲ့သည်။
ချန်းဖန် မျက်လုံးထဲ၌ ထိတ်လန့် တုန်လှုပ်မှုတို့ ရှိနေပြီး သူက ချက်ချင်း အော်ဟစ်လိုက်၏။ “စန်နူး ... ငါတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ အမုန်းတရား မရှိဘူး။ မင်းက ငါကို တကယ် သတ်ဖို့ ကြိုးစားနေတာလား ...”
ဝမ်လင်း မျက်လုံးက လင်းလက်နေပြီး သူက ချန်းဖန်ကို စူးစိုက်ကြည့်၍ တစ်လုံးချင်း ပြောဆိုလိုက်သည်။ “ငါက မင်းကို သတ်နေရာ အနီရောင် လိပ်ပြာကို ကတိပေးထားခဲ့လို့ပဲ ...”
ချန်းဖန်က ရူးသွပ်စွာ ရယ်မောလေတော့၏။ သူက ပြောလိုက်သည်။ “စန်နူး ... မင်းမှာ စိတ်ဝိညာဉ်ဆယ်သန်း အလံသာ မရှိရင် ငါက မင်းကို လွတ်လွယ်လေးနဲ့ သတ်ပစ်နိုင်တယ်။ အခု မင်းက ငါ့ကို အတင်းအကျပ် လုပ်ရင် ငါက ငါသေရမယ် ဆိုရင်တောင် မင်းစိတ်ဝိညာဉ် ဆယ်သန်း အလံကို အသုံးမဝင်တော့အောင် လုပ်ပစ်ခဲ့မယ် ...”
ဝမ်လင်း မျက်လုံးများက အေးစက်လာ၏။ သူက ပြောလိုက်သည်။ “မင်း သေခြင်းတရားကို လက်ခံလိုက်စမ်း ...”
အရပ်မျက်နှာ အစုံမှ လာနေသည့် ဓားစွမ်းအင်တန်း လေးခုက ချန်းဖန်ထံသို့ တိုးဝင်လာ၏။ သည်အလင်းတန်း လေးခုက အားကောင်းသော အော်ရာများကို သယ်ဆောင် လာကြသည်။
ချန်းဖန် မျက်နှာက ကြမ်းကြုတ်သွားပြီး သူက အသက်ဝဝ ရှူသွင်း၍ ဟင်္သာပြဒါး အစီအရင်ကို အထွတ်အထိပ် ရောက်အောင် အသက်သွင်း လိုက်သည်။ ထူထဲသော အနီရောင် အလင်းတစ်ခုက သူ့ခန္ဓာကိုယ်တွင် မြန်ဆန်စွာ ဝန်းရံလို့သွားသည်။
တစ်ချိန်တည်းမှာပင် သူက သိုလှောင်အိတ်ထဲ ကနေ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
သည်အရာကတော့ သံဓား တစ်လက်ပင်။
သည်သံဓားက သံချေးများ တက်နေပြီး သေမျိုးလောက၏ ဓားတစ်လက် အလားပင် ထင်မှတ်ရသည်။ သည်သံချေးစက်များက အားကောင်းသော သွေးနံ့စွမ်းအားကို ပေးစွမ်းလို့နေသည်။
သည်သံချေးများက ဓားသည် သွေးများဖြင့် ဖုံးလွှမ်းဖူးကြောင်းကို ရှင်းလင်းစွာ ဖော်ပြလို့နေ၏။
“ဒါက ငါ့ဘိုးဘေး ... ပြီးခဲ့တဲ့ ဟင်္သာပြဒါး ခေါင်းစီးက ငါ့အတွက် ထားခဲ့တဲ့ လျှို့ဝှက်ချက် တစ်ခုပဲ။ ခုလက်ရှိ ဟင်္သာပြဒါးတောင် ဒီဟာကို မသိဘူး။ စန်နူး ... ငါ့မှာ ဟင်္သာပြဒါး အစီအရင်ရှိတယ်။ မင်းက ဒါကို မချိုးဖျက်နိုင်ရင် ငါ့ကို မသတ်နိုင်ဘူး။ ဒါပေမဲ့ ငါကတော့ မင်းကို ဒီဓားနဲ့ သတ်ပစ်နိုင်တယ် ...”
***