← Chapters

ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့၏ တမန်တော်

Vol. 011 Ch. 513

ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့၏ တမန်တော်

Vol. 011 Ch. 513

မျက်စိတစ်မှိတ် အတွင်းမှာပင် စိတ်ဝိညာဉ် အပိုင်းအစများနှင့် မူလ စိတ်ဝိညာဉ်များက တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားကြ၏။

ရွှေရောင် တောက်ပနေသည့် စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။

သည်စိတ်ဝိညာဉ် အပိုင်းအစက ပေးနေသည့် အော်ရာက အာဏာတက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ အော်ရာနှင့် တူတူပင်။ ၎င်းက ပေါ်လာပြီးနောက် လက်ဝှေ့ယမ်း လိုက်ရာ ဝိုးတဝါး ပုံရိပ်ကနေ အထည်ဒြပ်သို့ ပြောင်းလဲသွား၏။

အာဏာတက်ခြင်း စိတ်ဝိညာဉ်ကို ဖန်တီးပြီးနောက် ဝမ်လင်းက တုံ့ဆိုင်းခြင်း မရှိဘဲ နောက်သို့ ဆက်၍ ဆုတ်လေသည်။ သူက အာဏာတက်ခြင်း အဆင့် စိတ်ဝိညာဉ်က အနိုင်ရမည် မဟုတ်မှန်း သိနှင့်ပြီးသား ဖြစ်၏။

“အို ... မင်းက အရည်အချင်းအချို့ ရှိနေတာပဲ။ မင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်နဲ့ အသိဉာဏ် အမွေအနှစ်ကို ခိုးယူနိုင်ခဲ့တာ အံ့ဩစရာတော့ မရှိတော့ဘူးပဲ။ ငါက ဒီသွေးတစ်စက်ကို မရခင်တုန်းကတော့ ဒီစိတ်ဝိညာဉ်က ငါ့ကို နည်းနည်းတော့ နှောင့်ယှက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ဒီစိတ်ဝိညာဉ်က ငါ့ခြေလှမ်း တစ်ဝက်ကိုတောင့် ရပ်တန့်စေနိုင်မှာ မဟုတ်ဘူး ...” တာ့ဆန်၏ အနီရောင် ဆံပင်များက လေမတိုက်ဘဲ ရွေ့လျားနေပြီး သူ့လွှမ်းမိုးနိုင်စွမ်း ပြည့်နေသည့် အော်ရာက သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့လို့လာ၏။

တာ့ဆန်က ရှေ့သို့ တိုးလိုက်ကာ လက်သီးဆုပ်၍ ထိုးချလိုက်သည်။

သည်လက်သီးချက်က သာမန်ဟု ထင်ရ၏။ သို့သော် ကျုးချွဲဇီနှင့် ယွမ်ချွဲဇီတို့ နှစ်ယောက်လုံး၏ အသွင်က သည်လက်သီးချက်ကို မြင်လိုက်သည့်အခါ အလွန် ရုပ်ဆိုးလို့သွားသည်။ သူတို့ နှစ်ယောက်လုံးက သည်လက်သီး တစ်ချက်တည်းဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ကြမ်းတမ်းစွာ အနီရောင်မြူထု အပြင်သို့ လွင့်ထွက် လာခဲ့ရခြင်း မဟုတ်လား။

အာဏာတက်ခြင်း အဆင့် စိတ်ဝိညာဉ် အပိုင်းအစက ၎င်း၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် လှံရှည်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ယင်းလှံရှည်ကို လှုပ်ယမ်း၍ ပစ်လွှတ်လိုက်သည်။ သည့်နောက် သည်လှံရှည်ကို ဝမ်လင်းကို ဖမ်းယူ၍ ပျောက်ကွယ် သွားလေတော့၏။

သည်အရာက ဝမ်လင်း၏ ရည်ရွယ်ချက် အစစ်အမှန်ပင်။ အာဏာတက်ခြင်း စိတ်ဝိညာဉ်အဖြစ် ပေါင်းစပ်ခြင်းသည် တိုက်ခိုက်ရန် မဟုတ်ဘဲ သူ့ထွက်ပြေးရာ၌ ကူညီရန်သာ ဖြစ်လေ၏။

သည်လှံရှည်က ကောင်းကင်ကို ဖြတ်၍ တာ့ဆန်၏လက်သီးချက်နှင့် ထိတိုက်မိသွားသည်။ ကျယ်လောင်သော အက်ကွဲသံနှင့် လှံရှည်က လျင်မြန်စွာ ပျက်စီး သွားလေတော့၏။

တာ့ဆန်က လှုပ်ရှားခြင်းမပြုဘဲ ဝမ်လင်း ပျောက်ကွယ်သွားသည့် နေရာသို့ ကြည့်လို့နေ၏။ သူက ကျောချမ်းဖွယ်ပြုံး၍ သူ့ညာလက်ကို ဆန့်ထုတ်ကာ ပြောလိုက်၏။ “ပြန်လာခဲ့စမ်း ...”

ဧရာမဝဲကတော့ကြီးက ရုတ်တရက် ကောင်းကင်ထက်၌ ပေါ်လာခဲ့ပြီး ဖြည်းညင်းစွာ လှည့်ပတ်လာ၏။ စိတ်ကူး ထားနိုင်သည်ထက် ပိုသည့် စုပ်ယူအားက ၎င်းဝဲကတော့ကနေ ထွက်ပေါ်လာ၏။

ဝမ်လင်းက ပြေးနေရင်းနှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး အံ့မခန်းနှုန်းဖြင့် နောက်သို့ ပြန်ဆွဲယူခြင်းကို ခံလိုက်ရ၏။ မျက်စိတစ်မှိတ် အတွင်း သူက တာ့ဆန်နှင့် ပေတစ်ထောင် အတွင်းသို့ ဆွဲယူခြင်း ခံလိုက်ရ၏။

“ငါပြောပါတယ် ... မင်း ထွက်မပြေးနိုင်ပါဘူးလို့ ...”တာ့ဆန်က ပေတစ်ထောင်ကို ခြေတစ်လှမ်းဖြင့် ရောက်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလာ၏။

ဝမ်လင်းအသွင်က ရုပ်ဆိုးလို့နေသည်။ သူ့စိတ်ထဲ၌ သေခြင်းတရားကို ခံစားမိနေ၏။

အတွေးတစ်ချက်ဖြင့်ပင် အာဏာတက်ခြင်း အဆင့် စိတ်ဝိညာဉ်က ရုတ်တရက် ပြန်လှည့်၍ ၎င်း၏လက်များကို လှုပ်ယမ်းပစ်လိုက်သည်။ သည့်နောက် ထူးဆန်းသော သင်္ကေတတစ်ခု ပေါ်ထွက်လာ၏။ သည်သင်္ကေတက အံ့အားသင့်ဖွယ် အော်ရာကို ပေးစွမ်းနေသည်။ အာဏာတက်ခြင်း အဆင့် စိတ်ဝိညာဉ်က အလင်းတန်း တစ်ခုအသွင်သို့ ပြောင်း၍ သည်သင်္ကတေထဲသို့ နစ်မြုပ်သွား၏။

သည်အခိုက်တွင် ၎င်းသင်္ကေတက နက်မှောင်နေ၏။

“ပျက်စီးခြင်း ...” ရှေးဟောင်း အသံတစ်ခုက အာဏာတက်ခြင်း စိတ်ဝိညာဉ်ထံကနေ ထွက်ပေါ်လာခဲ့သည်။

သည့်အသံ ထွက်ပေါ်လာသည့် အခါတွင် စိတ်ဝိညာဉ် အပိုင်းစများ အားလုံးက ပေါက်ကွဲထွက်သွားကာ တိုင်းဆမရသည့် အားပမာဏ တစ်ခုကို ဖြစ်ပေါ်စေ၏။

သည်သင်္ကေတ ထံကနေ အဖျက်အဆီး အော်ရာက ပျံ့နှံ့လို့လာ၏။ သည်အော်ရာက သန်မာခြင်း မရှိပေ။ သို့သော် ပထမဆုံး အကြိမ်အဖြစ် တာ့ဆန်အသွင်ကို ပြောင်းလဲသွားစေ၏။

သူက သူ့လက်သီးကို ပြန်ရုပ်သိမ်းရန် ဟန်ပြန်လိုက်၏။

သို့ရာတွင် သည်အရာက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးနှင့် မူလစိတ်ဝိညာဉ်များက ပေါက်ကွဲထွက်လို့ သွား၏။ သည်ပေါက်ကွဲမှုက အာဏာတက်ခြင်း အဆင့် စိတ်ဝိညာဉ် ပေါက်ကွဲမှုထက်ပင် ပို၍ အားကောင်းလို့နေ၏။

အနက်ရောင် သင်္ကေတက အလင်းတန်းအလား လှုပ်ရှားလာပြီး တာ့ဆန့်ရှေ့သို့ ပြန့်ကျဲသွားလေ၏။ အနက်ရောင် လှိုင်းတွန့်တစ်ခုက ရုတ်တရက် ပေါ်လာခဲ့ပြီး ၎င်းက တာ့ဆန်ထံသို့ ဦးတည်သွားတော့၏။

ထိုအခါ ကောင်းကင်ပင် တုန်ခါ သွားစေသည့် အသံတစ်ခု ထွက်ပေါ်လာကာ ယင်းအသံက ဟင်္သာပြဒါး အုတ်ဂူတစ်ခုလုံးအား တုန်ခါ သွားစေခဲ့သည်။

ပေါက်ကွဲသံ တစ်ခုနှင့်အတူ တာ့ဆန်ပုံရိပ်က နောက်သို့ လွင့်စဉ်ထွက် သွားတော့၏။

ပေတစ်ထောင်ခန့်တွင် တာ့ဆန်ပုံရိပ်က ပြိုကျပျက်စီးလာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ မျောက်လေး၏ မျက်လုံးကလည်း မှိန်ဖျော့ကာ မှိတ်၍ သေဆုံး သွားလေတော့၏။ သို့ရာတွင် တာ့ဆန်ခန္ဓာကိုယ်က ပျောက်ကွယ် သွားပြီးပြီးချင်း ပြန်လည်ဖွဲ့စည်း လာခဲ့ပြန်၏။

“မင်းမှာ ဒီလို ရတနာမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်မှတ်မိဘူး ... ၊ ဝမ်လင်း ငါ မင်းကို လျှော့တွက်မိ သွားတာပဲ ...” တာ့ဆန်အသံက အလွန် အေးစက်လို့နေ၏။

လျိုမေနောက်သို့ လိုက်ပါသွားသော မူလစိတ်ဝိညာဉ် လေးခုကလွဲ၍ စိတ်ဝိညာဉ်ဆယ်သန်း အလံထဲရှိ ကျန်သည့် စိတ်ဝိညာဉ် အပိုင်းအစများက ပေါက်ကွဲသွားကာ သည်လို ကြောက်မက်ဖွယ် ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။ သို့ရတွင် သည်မျှနှင့် တာ့ဆန်၏ နတ်ဘုရား စိတ်ဝိညာဉ် အပိုင်းအစကို အမြစ်ဖျက်နိုင်ခဲ့ခြင်း မရှိပေ။ သူက အလွန်ပင် သန်မာလွန်းလှ၏။

ဝမ်လင်း နှလုံးသားထဲ၌ အလွန်ခါးသီးစွာ ခံစားနေရသည်။ သူက သက်ပြင်းချ၍ သူ့နဖူးကို ထိလိုက်လေ၏။ သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ တာ့ဆန်ကို ပုန်းကွယ်နိုင်ပါ့ မလား သေချာမသိပေ။

“ဒီတစ်ကြိမ် မင်းဘယ်ကို ပြေးမလဲ ငါ တွေ့ချင်မိတယ် ...” တာ့ဆန် ခန္ဓာကိုယ်က တဖြည်းဖြည်းဖြင့် အထည်ဒြပ် ဖြစ်လာခဲ့၏။ သည့်နောက် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

သို့သော် ထိုအခိုက်မှာပင် ပင်လယ်မျက်နှာပြင် ထံကနေ အလင်းတန်း တစ်ခုက ပျံသန်းလာခဲ့၏။ ၎င်း၏အမြန်နှုန်းက အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ် အတွင်း ၎င်းက တာ့ဆန်နှင့် ဆယ်ပေအကွာသို့ ရောက်လာခဲ့၏။

သည်အလင်း ပျောက်ကွယ်သွားသည့် အခါ မျက်နှာဖုံးနှင့် လူတစ်ယောက် ပေါ်ထွက်လာခဲ့၏။ သူက လက်မြှောက်၍ တာ့ဆန်ထံသို့ ညွှန်လိုက်သည်။ သူ့မျက်လုံးထဲကနေ ထူးဆန်းသော အလင်းတစ်ခုကို ထုတ်လွှတ်၍ ပြောလိုက်သည်။ “ချိပ်ပိတ်ခြင်း ...”

သည်လူ့ကို ကြည့်နေရင်း တာ့ဆန်အသွင်က ပြောင်းလဲလို့သွား၏။ သည့်နောက် သူက နောက်သို့ ထပ်ဆုတ်လိုက်သည်။

မျက်နှာဖုံးနှင့်လူ့၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူ့လက်ချောင်း ထိပ်များကနေ အလင်းတန်းငါးခုက ထိုးထွက်လာခဲ့သည်။ သည်အလင်းတန်း ငါးခုက ချိန်းကြိုးငါးခု အသွင်သို့ ပြောင်းလဲသွား၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် သည်ချိန်းကြိုး ငါးခုက ချိပ်တံဆိပ်ငါးခု အသွင်သို့ ထပ်မံ ပြောင်းလဲ သွားပြန်သည်။ သည်ချိပ်တံဆိပ်များက တာ့ဆန်ထံသို့ တိုးဝင်သွား၏။

“အစတုန်းက ငါက မင်းကို မချိပ်ပိတ်နိုင်ဘူး။ ဒါပေမဲ့ ခုချိန်မှာမင်းက အာဏာတက်ခြင်း အဆင့် ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲစေတဲ့ စွမ်းအားကြောင့် ဒဏ်ရာရနေခဲ့တဲ့ အတွက် ငါမင်းကို ချိပ်ပိတ်ပစ်နိုင်တယ် ...”

တာ့ဆန် ခန္ဓာကိုယ်ပေါ်၌ ချိပ်ပိတ်မှုများ တစ်ထပ်ပြီးတစ်ထပ် ကျရောက်လာ၏။ သူ့အသွင်က ပြောင်းလဲလို့သွားသည်။ သူက နောက်သို့ ဆက်၍ ဆုတ်နေရင်း အော်ပြောလိုက်သည်။ “မင်း ဘယ်သူလဲ ...”

မျက်နှာဖုံးနှင့်လူက စကားတစ်ခွန်းမှ မဆိုဘဲ သူ့မျက်လုံးကနေ ထူးဆန်းသော အလင်းကိုသာ ထုတ်လွှတ်နေသည်။ ချိပ်တံဆိပ်က ဖျတ်ခနဲ ပျောက်သွားပြီး တာ့ဆန်နောက်၌ ပေါ်လာပြီး သူ့ထံသို့ အလွန်မြန်ဆန်စွာ ကျရောက်သွား၏။

တာ့ဆန်က သူ့လက်ကို မြှောက်လိုက်သည်။ သည့်နောက် သူ့ပါးစပ်ထဲကနေ အနီရောင် မြူထုတစ်ခု ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်လာပြီးနောက် လုံးဝပင် ကွယ်ပျောက်လို့ သွားတော့သည်။

သို့သော် အနီရောင် မြူထုကတော့ ပျောက်ကွယ်သွားခြင်း မရှိချေ။ တာ့ဆန်မျက်နှာက ထိုအနီရောင် မြူထုပေါ်၌ ထင်ကျန်နေပြီး သူက ပြောလိုက်သည်။ “မင်း ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါလွတ်လာတဲ့ အချိန်ကျရင်တော့ မင်းကို သတ်ရလိမ့်မယ် ...”

သည့်နောက် အနီရောင်မြူထုက အနီရောင် သလင်းကျောက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး အနီရောင် မိုးစက်ပေါက်များ အလား ပတ်ဝန်းကျင်ပေါ်သို့ ကျဆင်း လာခဲ့တော့သည်။

မျက်နှာဖုံးနှင့်လူက သူ့ညာဘက်လက်ကို ဆန့်တန်း၍ အနီရောင် မြူထုကြားရှိ အဖြူရောင် တလက်လက် ဖြစ်နေသည့် အလင်းတစ်ခု ပေါ်ထွက်လာ၏။ သည်အဖြူရောင် အလင်းက အဖြူရောင် သလင်းကျောက်အဖြစ် သိပ်သည်း၍ သူ့လက်ထဲသို့ ကျရောက် လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် ချန်းဖန်ထုတ်ယူခဲ့သည့် သံဓားကလည်း ပေါ်လာခဲ့သည်။ သူက သည်သံဓားကို ကြည့်လိုက်ပြီးနောက် ၎င်းကို သိမ်းဆည်းလိုက်သည်။

ဝမ်လင်းက သည်မျက်နှာဖုံးနှင့် လူကို ကြည့်၍ သူ့နှလုံးသားက တုန်ခါလို့ သွားလေ၏။

သည်အခိုက်တွင် ဝမ်လင်းသာမက သည်နေရာရှိ လူတိုင်း၏အကြည့်က သည်လူ့ပေါ်သို့ ကျရောက်နေတော့သည်။

ယွမ်ချွဲဇီ မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့နှင့် ပြည့်နေ၏။ သူက ချက်ချင်းပင် သည်ကျင့်ကြံသူ၏ ကျင့်ကြံခြင်း အဆင့်ကို ဖြတ်မမြင်နိုင်ကြောင်း တွေ့လိုက်ရသည်။

သူက ထိုလူ၏ ကျင့်ကြံခြင်း အဆင့်သည် အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် ဖြတ်မြင်နိုင်စွမ်း ရှိမည်သာ ဖြစ်သည်။ သူ ဖြတ်မမြင်နိုင်သည့် လူတစ်ယောက် ရှိမည်ဆိုလျှင် ထိုလူက ကျိန်းသေ အာဏာတက်ခြင်း အဆင့်ထက် ကျော်လွန်သော အဆင့်တွင် ရှိနေမည်သူသာ ဖြစ်ပေလိမ့်မည်။

သည်လိုတွေးမိပြီး ယွမ်ချွဲဇီ နှလုံးသားက ပြင်းထန်စွာ တုန်ယင်လို့သွား၏။

ကျူးချွဲဇီမျက်လုံးများ အလေးအနက် ဖြစ်လာခဲ့ပြီး သူ့လူနှင့် သူ့လက်ထဲရှိ အဖြူရောင် သလင်းကျောက်ကို ကြည့်သည်။ သည်လူက လေဟာနယ်ထဲကနေ သည်သလင်းကျောက်ကို ဆွဲယူလိုက်သည်အား တွေးမိပြီး ကျူးချွဲဇီ ခန္ဓာကိုယ်က တုန်ခါလို့သွား၏။ သူက မယုံကြည်နိုင်ဟန်ဖြင့် ထစ်ငေါ့စွာ ပြောလိုက်သည်။ “သင် ... သင်က ...”

မျက်နှာဖုံးနှင့်လူက သက်ပြင်းချလေ၏။ သူက ကျူးချွဲဇီကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ “ကျူးချွဲဇီ ... မင်း အမှားလုပ်ခဲ့တာကို နားလည်လား ...”

ယွမ်ချွဲဇီက သည်လူ့ကို ကြည့်၍ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ရီဝူယောင် ...”

“သူက ပထမမျိုးဆက် ဟင်္သာပြဒါး မဟုတ်ဘူး ... ထင်ရာ လျှောက်ပြောမနေနဲ့ ...” ကျူးချွဲဇိက ယွမ်ချွဲဇီ၏ စကားကို ဖြတ်ကာ ပြောလိုက်၏။ သူက မျက်နှာဖုံးနှင့်လူကို ကြည့်၍ လေးစားစွာ ပြောလိုက်သည်။ “ဂျူနီယာက မဟာမိတ် တမန်တော်ကို နှုတ်ဆက်ပါတယ်။ ခု ဖြစ်ခဲ့တဲ့ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကိစ္စနဲ့ ပတ်သက်ပြီး ဂျူနီယာ အမှားကို နားလည်ပါတယ် ...”

“မဟာမိတ် တမန်တော် ... ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးရဲ့ တမန်တော် ...”

ယွမ်ချွဲဇီက လေအေးတစ်ချက် ရှိုက်သွင်းမိလေ၏။

“ကျူးချွဲဇီ ... မင်းရဲ့ သက်တမ်းက အကန့်အသတ် ရောက်နေပြီ ... ဒါ့ကြောင့် မင်းက သေတော့မှာ။ မင်းကိုမင်း ဆက်နေရဖို့ အတင်း လုပ်နေစရာ မလိုတော့ဘူး။ ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်ကို ဖျက်ဆီးခြင်းက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းထဲမှာ ကြီးမားတဲ့ ပြစ်မှုတစ်ခုပဲ။ မင်းလုပ်ခဲ့ရတဲ့ အကြောင်းရင်းကို ကြည့်ပြီး ငါက ဒီကိစ္စကို ဆက်ပြီး မလုပ်ဆောင်တော့ဘူး။ ဒါပေမဲ့ မင်းက ခုချက်ချင်း ဒီလောကကနေ ထွက်သွားသင့်ပြီ ...”

ကျူးချွဲဇီ မျက်နှာပေါ်၌ ခါးသီးမှုများနှင့် ပြည့်နေပြီး သူက ခေါင်းညိတ်ပြ လိုက်သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်၏။ “ငါက ထွက်သွားတော့မှာပါ ... ဒါပေမဲ့ စွန့်ပစ်ခံ မသေမျိုး ကလန်ကကော ...”

မျက်နှာဖုံးနှင့်လူက ပြောလိုက်သည်။ “ငါက ဒီကိစ္စကို လုပ်လိုက်မယ် ...”

ကျူးချွဲဇီက အသက်ဝဝ ရှူသွင်း၍ ခြေချိတ်ထိုင်ချကာ မျက်လုံးမှိတ်လိုက်သည်။ သူက သေဆုံး သွားခဲ့စဉ်မှာပင် သူ့မျက်နှာပေါ်ရှိ ခါးသီးသောအပြုံးက ရှိလို့နေဆဲပင်။

သူ့သက်တမ်းက ကုန်ဆုံးလုနီး ဖြစ်နေပြီ ဖြစ်၏။ သို့သော် သူက ချန်းဖန် သက်တမ်းကို ခွဲယူ၍ ဆက်အသက်ရှင်ရန် ပြုလုပ်ခဲ့ပေသည်။ ခုချိန်၌ သူက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးရဲ့ တမန်တော်နှင့် တွေ့ဆုံခဲ့သည့် အတွက် သူက အရာအားလုံးကို အလျှော့ပေးခဲ့ ရလေတော့၏။

သူက သေခါနီး အခိုက်လေးမှာပင် ပထမမျိုးဆက် ဟင်္သာပြဒါး ရီဝူယောင် ချန်ထားခဲ့သည့် မှတ်တမ်းတစ်ခုကို သတိရလိုက်သည်။ သူပြောခဲ့သည်က သည်ဟင်္သာပြဒါး ဂြိုဟ်ပေါ်တွင် မဟာမိတ်အဖွဲ့၏ တမန်တော် ရှိနေသည့်ဆိုသည့် အကြောင်းပင်။ သည်တမန်တော်က မျိုးဆက်တိုင်းတွင် ပြောင်းလဲနေပြီး သူတို့က အလွန်ပင် ဖုံးကွယ်၍ နေနိုင်စွမ်း ရှိခဲ့ကြပေသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက နောက်သို့ ခပ်ဖြည်းဖြည်းချင်း ဆုတ်လိုက်၏။

သည်အခိုက်မှာပင် မျက်နှာဖုံးနှင့်လူက ဝမ်လင်းထံသို့ လှည့်လာ၍ ပြုံးကာ‌ ပြောလိုက်သည်။ "အစ်ကို တနူး ... မင်း ငါ့ကို မမှတ်မိတော့ဘူးလား ...”

ဝမ်လင်းက မှင်တက်လို့သွား၏။ သူက သည်လူ့ကို အနည်းငယ် စူးစိုက်ကြည့် နေပြီးနောက် သိပ်မကြာခင်တွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။

မျက်နှာဖုံးနှင့်လူက သူ့လက်ကို မျက်နှာဖုံးပေါ်သို့ တင်၍ ဖြည်းညင်းစွာ ဆွဲချွတ်လိုက်သည်။ ထိုအခါ သူ့အစစ်အမှန် မျက်နှာ ပေါ်လာလေတော့၏။

ဝမ်လင်းမျက်လုံးက အလေးအနက် ဖြစ်လို့သွား၏။ “မင်းပေါ့ ...”

“ငါတို့ မတွေ့ရတာ နှစ်တွေ ကြာလှနေပြီ ... ဒါပေမဲ့ အစ်ကိုတနူးက အရင်တုန်းကလိုပဲ တင့်တယ်နေတုန်းပဲ။ ဒါပေမဲ့ ငါနားမလည်တာ တစ်ခု ရှိသေးတယ်။ ဘာကြောင့် သင်က နောက်တက်လာမယ့် ဟင်္သာပြဒါးခေါင်းစီး မဖြစ်ချင်ခဲ့တာလဲ ...”

ဟင်္သာပြဒါးဂြိုဟ် ... နတ်ဆိုးပင်လယ်ရှိ ရှေးဟောင်းနတ်ဘုရား နယ်မြေ၌ သွေးပင်လယ်၏ အလယ်တွင် တိုင်လုံးတစ်ခု ရှိလို့နေသည်။ သည်တိုင်လုံးပေါ်၌ တာ့ဆန်က ထိုင်လျက်ရှိနေပြီး ရုတ်တရက် သူက ခေါင်းမော့လာခဲ့၏။ သူ့မျက်လုံးထဲတွင် အလိုမကျမှုများနှင့် ပြည့်လို့နေ၏။ သို့ရာတွင် သည်အလို မကျမှုများက သိပ်မကြာခင်တွင် ပျောက်ကွယ်သွားပြီး သိပ်သည်းသော အနီရောင်အလင်းက ပြန်လည် အစားထိုးသွားလေ၏။

“မင်းက ငါ့နတ်ဘုရား အာရုံကို ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ လွတ်မြောက် လာတာကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ဘူး ...”

တာ့ဆန်ဘေး၌ အနီရောင် သွေးစက်တစ်စက် ပေါ်ထွက်လို့နေသည်။ တာ့ဆန်က ၎င်းသွေးစက်ကို ကြည့်၍ သူ့အသွင်က နက်မှောင်လို့သွား၏။

“ဒါနဲ့ဆိုရင် ငါက ဒီနေရာကနေ ထွက်သွားနိုင်မှာ သိပ်မကြာတော့ဘူး။ ဝမ်လင်း ... ငါက ဒီတစ်ကြိမ်မင်းကို လွှတ်ပေးလိုက်ဦးမယ် ... ဒါပေမဲ့ နောက်တစ်ကြိမ် ကျရင်တော့ မင်း သေချာပေါက် မလွတ်မြောက် စေရတော့ဘူး ...”

***

All Chapters