အခန်း ၈၄၁
Vol. 57 Ch. 841
အခန်း (၈၄၁) - ၀င်္ကပါ နယ်မြေ အတွင်းသို့ ဝင်ရောက်ခြင်း
"အစ်ကိုကြီးဖုန်း... အရင်တစ်ခေါက်က နှုတ်မဆက်ဘဲ ထွက်သွားမိလို့ စိတ်မဆိုးဘူး မဟုတ်လား..."
ဝူကျိနယ်မြေသို့ အပြန်လမ်းခရီးတွင် လင်ရှောင်ရှောင်က မေးလိုက်၏။
ဖုန်းဝူချန်က ခေါင်းခါယမ်းကာ ပြုံးလျက် ဖြေလိုက်သည်။
"ကိုယ် စိတ်မဆိုးပါဘူး... စိုးရိမ်နေခဲ့တာပါ..."
"ရှောင်ရှောင်... ရာ့ရှား မျိုးနွယ်စုနဲ့ နဂါးမျိုးနွယ်စု ကြားမှာ ပြဿနာ တစ်ခုခုများ ဖြစ်ခဲ့လို့လား..."
ဖုန်းဝူချန်၏ အမေးကို လင်ရှောင်ရှောင်က အကျဉ်းချုံး၍ ပြန်လည် ရှင်းပြလိုက်၏။
"နတ်ဆိုး မျိုးနွယ်စုကိုး... ဒါကြောင့်လည်း ဒီတလော ငြိမ်နေတာကိုး... သူတို့ရဲ့ အစွမ်းထက် ပညာရှင်တွေ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး လက်ချက်နဲ့ သေသွားတာတောင် ဘာမှ မလှုပ်ရှားတာ..."
ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်ရင်း မှတ်ချက်ချလိုက်သည်။
"အဖေသာ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာကို မချိုးဖြတ်နိုင်ခဲ့ရင် ရာ့ရှား မျိုးနွယ်စုနဲ့ နဂါးမျိုးနွယ်စုက နတ်ဆိုး မျိုးနွယ်စုရဲ့ ဖျက်ဆီးတာကို ခံလိုက်ရလောက်ပြီ..."
လင်ရှောင်ရှောင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။ ထိုအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း သူမ အနည်းငယ် ထိတ်လန့်နေဆဲပင်။
"နတ်ဆိုး မျိုးနွယ်စုက ကောက်ကျစ်တဲ့ အကြံအစည်တွေနဲ့ ပြည့်နေတာပဲ..."
လျိုချင်းယန်က အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
"နဂါးမျိုးနွယ်စုက ဒီလောက် အစွမ်းထက်နေတာကို... ပြီးတော့ နတ်ဆိုး ဧကရာဇ်ကလည်း ပိတ်လှောင်ခံထားရတုန်းပဲ မဟုတ်ဘူးလား... နတ်ဆိုး မျိုးနွယ်စုက ဘယ်သူကများ နဂါးမျိုးနွယ်စု ခေါင်းဆောင်ကို စိန်ခေါ်ရဲတာလဲ..."
ကျန်းကျွင့်လန်က သံသယဖြင့် ဝင်မေးလိုက်၏။
"နတ်ဆိုး မျိုးနွယ်စုက တိတ်တဆိတ် စောင့်ကြည့်နေပြီးတော့ အခွင့်အရေးကို စောင့်နေခဲ့တာ... ဒါ့အပြင် မီးတောက်နဂါးက လက်စားချေဖို့ ပေါ်လာတာက နတ်ဆိုး မျိုးနွယ်စု အတွက် အခွင့်အရေး ဖြစ်သွားတာပေါ့... သွေးမိစ္ဆာက မီးတောက်နဂါးနဲ့ ပူးပေါင်းလိုက်လို့ မီးတောက်နဂါးရော နဂါးမျိုးနွယ်စု ခေါင်းဆောင်ပါ ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်..."
လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်လျက် ရှင်းပြလိုက်သည်။
"သွေးမိစ္ဆာက မီးတောက်နဂါးနဲ့ ပူးပေါင်းလိုက်တယ် ဟုတ်လား..."
ဤအကြောင်းကို ကြားလိုက်ရသည့်အခါ ဖုန်းဝူချန်၏ မျက်ခုံးတန်းများ ပြင်းထန်စွာ ကြုတ်ဝင်သွားတော့၏။ ထိုစဉ်က နတ်ဆိုး မျိုးနွယ်စုမှ ပညာရှင် ပြောခဲ့သော မီးတောက်နဂါးပင် သူ့ကို မကယ်နိုင်ဘူးဆိုသည့် စကား၏ အဓိပ္ပာယ်ကို ယခုမှသာ သူ သဘောပေါက်သွားတော့သည်။
"ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက် အသွင်ယူထားတဲ့ ပညာရှင်က ယင်ယန် မိသားစုက ဖြစ်ဖို့ များတယ်... ဒါပေမဲ့ သေချာတော့ မသိရသေးဘူး... အဖေ့ကို ရင်ဆိုင်ခဲ့တဲ့ ပညာရှင်က ရှေးဟောင်းခေတ် စွမ်းအားတွေ ရှိပြီး အဖေ့ရဲ့ စွမ်းအားနဲ့ ရင်ဘောင်တန်းနိုင်တယ်... အဖေ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာကို ချိုးဖြတ်သွားတဲ့ အချိန်ကျမှ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ယင်ယန် မိသားစုရဲ့ လှုပ်ရှားမှု ပညာရပ်ကို သုံးပြီး ထွက်ပြေးသွားတာ..."
လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်လျက် ဆက်ပြောပြ၏။
"ယင်ယန် မိသားစု ဟုတ်လား..."
လျိုချင်းယန်နှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်သွားကြတော့၏။
"အခုထိတော့ အတိအကျ မသိရသေးဘူး... အဲဒီလူက.. နတ်ဆိုး မျိုးနွယ်စုက နဂါးမျိုးနွယ်စုကို တိုက်ခိုက်တဲ့ အချိန်မှာ ရာ့ရှား မျိုးနွယ်စုက ဝင်မပါနိုင်အောင် တားဆီးထားရုံ သက်သက် ဖြစ်ဖို့ များပါတယ်..."
လင်ရှောင်ရှောင်က ခေါင်းခါယမ်းရင်း ဖြည့်စွက် ပြောလိုက်သည်။
လင်ရှောင်ရှောင်၏ စကားများက ယင်ယန် မိသားစုနှင့် နတ်ဆိုး မျိုးနွယ်စုတို့ တိတ်တဆိတ် ပူးပေါင်းနေကြကြောင်းကို ထင်ရှားစွာ ညွှန်ပြနေတော့၏။
"ကြည့်ရတာ အခြေအနေက အစ်ကိုတို့ ထင်ထားသလောက် မရိုးရှင်းတော့ဘူးပဲ... နတ်ဆိုး မျိုးနွယ်စုရဲ့ အင်အားတွေက အင်အားကြီး အဖွဲ့အစည်း အသီးသီးဆီကို ထိုးဖောက် ဝင်ရောက်နေပြီ... ယင်ယန် မိသားစု... နတ်ဘုရား ဘုရင် နန်းတော်နဲ့ တခြား အင်အားကြီး အဖွဲ့တွေတောင် ပါဝင်နိုင်တယ်... နတ်ဆိုး ဧကရာဇ်သာ ပိတ်လှောင်မှုကနေ လွတ်မြောက်လာရင် တိုက်ကြီး တစ်ခုလုံး သွေးချောင်းစီးပြီး အသတ်အဖြတ်တွေနဲ့ ပြည့်နှက်သွားတော့မှာပဲ..."
ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်ကာ သုံးသပ်လိုက်သည်။
"ဆရာ... ဒီပုံစံအတိုင်း ဆိုရင် ကျွန်တော်တို့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ အနေနဲ့ ဒီတိုင်း လက်ပိုက် ကြည့်နေလို့ မရတော့ဘူး... သူတို့ကို တားဆီးနိုင်ဖို့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က ဒီထက် ပိုပြီး အစွမ်းထက်လာဖို့ လိုအပ်တယ်..."
ကျန်းကျွင့်လန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
"သူတို့က မြက်ခင်းထဲက မြွေကို လန့်အောင် လုပ်လိုက်သလို ဖြစ်သွားပြီ ဆိုတော့ အလွယ်တကူ လှုပ်ရှားတော့မှာ မဟုတ်ဘူး... သွေးမိစ္ဆာက အစွမ်းထက်တယ် ဆိုပေမယ့် နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာက ပညာရှင် နှစ်ယောက်ကိုတော့ မယှဉ်နိုင်ပါဘူး... နတ်ဆိုး ဧကရာဇ် မရှိဘဲနဲ့ သူက နဂါးမျိုးနွယ်စု ဒါမှမဟုတ် ရာ့ရှား မျိုးနွယ်စုကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ပြန်လည် ဆွေးနွေးလိုက်သည်။
"အစ်ကိုကြီးဖုန်း ပြောတာ မှန်တယ်... အဖေ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာကို ရောက်သွားပြီးတဲ့ နောက်မှာတော့ သူတို့ လှုပ်ရှားဖို့ အခါခါ စဉ်းစားရတော့မှာပေါ့..."
လင်ရှောင်ရှောင်က ဝမ်းသာရွှင်မြူးစွာ ရယ်ရင်း ပြောလိုက်၏။
"ဒီအချိန်တောအတွင်းမှာ မင်းတို့ အကုန်လုံး ကျင့်ကြံခြင်း အဆင့် တိုးတက်လာအောင် အာရုံစိုက်ကြ... မိုရင် သလင်းကျောက်တွေက မင်းတို့ကို ကူညီပေးနိုင်တယ်... ထျန်းကျီဘုံကို အမြန်ဆုံး ဖောက်ထွက်နိုင်အောင် ကြိုးစားကြ..."
ဟု ဖုန်းဝူချန်က ပြုံးလျက် တိုက်တွန်းလိုက်သည်။
"နန်းတော်သခင်ကို ကြိုဆိုပါတယ်..."
နဂါးနတ်ဘုရား နန်းတော် အတွင်း၌ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ နန်းတော် အထက်တွင် ထွက်ပေါ်လာသည်နှင့် လူတိုင်းက ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သလိုက်ကြ၏။ သူတို့၏ ကျယ်လောင်သော အသံများက ဆေးဧကရာဇ် တောင် တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
"ထကြပါ... ဒီလောက် ယဥ်ကျေးနေစရာ မလိုပါဘူး..."
ဖုန်းဝူချန်က ပြုံးလျက် လက်ကာပြကာ လူတိုင်းကို မတ်တတ်ရပ်ရန် အချက်ပြလိုက်သည်။
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်များမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး လင်ရှောင်ရှောင်ကို မြင်လိုက်ရသည့်အခါ ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားကြကာ ကျယ်လောင်စွာ အော်ဟစ် အားပေးကြတော့၏။
ရှုမီ ချောက်ကမ်းပါးသို့ သွားရောက်ခဲ့သော ခရီးစဉ်မှာ လဝက်ခန့် ကြာမြင့်ခဲ့၏။ ထိုလဝက် အတွင်း၌ နဂါးနတ်ဘုရား နန်းတော်မှာ ငြိမ်းချမ်းနေခဲ့ပြီး နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ အင်အားမှာလည်း ဆက်လက် ကြီးထွားလာခဲ့သည်။
"နန်းတော်သခင်... အခြေအနေ ဘယ်လိုလဲ... ရှေးဦး ကမ္ဘာဦး စွမ်းအားကို ရှာတွေ့ခဲ့လားဗျ..."
ချီဟွမ်နှင့် အခြားသူများက အပြေးအလွှား လာရောက် စပ်စုကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်ဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်နေကြ၏။
"ဒါကို မေးနေစရာ လိုသေးလို့လား... နန်းတော်သခင် ကိုယ်တိုင် လှုပ်ရှားမှတော့ ဘယ်လိုလုပ် မတွေ့ဘဲ နေမလဲဗျာ..."
နန်းကုန်းကျန့်က ရယ်ရင်း ဝင်ပြောလိုက်သည်။
"ရှာတွေ့ခဲ့တယ် ဟုတ်လား... သိပ်ကောင်းတာပေါ့..."
ချီဟွမ်တို့ အဖွဲ့မှာ ဝမ်းသာလုံးဆို့သွားကြတော့၏။
"ရှုမီ ချောက်ကမ်းပါး ဆိုတာ မြောက်ဘက် ဆန်းကြယ် နယ်မြေရဲ့ တားမြစ်နယ်မြေပဲ... နန်းတော်သခင် အန္တရာယ် တစ်ခုခုများ ကြုံခဲ့ရသေးလား..."
ထျန်းရှန်းဇီက ပြုံးလျက် မေးမြန်းလိုက်သည်။
"အန္တရာယ်တွေကတော့ အများကြီးပါပဲ... ဒါပေမဲ့ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပါတယ်... ပြီးတော့ တန်ဖိုးကြီး ရတနာတွေ ဖြစ်တဲ့ မိုယင် သလင်းကျောက်တွေလည်း အများကြီး ရလာသေးတယ်..."
ဖုန်းဝူချန်က ခေါင်းညိတ်ပြရင်း ခပ်ရေးရေး ပြုံးကာ ပြန်လည် ဖြေကြားလိုက်၏။
အချိန်အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် ဖုန်းဝူချန်က လင်ရှောင်ရှောင်အား ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ အလောတကြီး ခေါ်ဆောင်သွားတော့သည်။
ဖုန်းဝူချန်က လင်ရှောင်ရှောင်အား မြင့်မြတ်သော တောင်ဆီသို့ ခေါ်ဆောင်သွားရာ လင်ရှောင်ရှောင်မှာ လုံးဝ ဆွံ့အ မှင်သက်သွားရ၏။
"ဒါ နတ်ဘုရား တောင်ကြား မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီလို နေရာမျိုး ဖြစ်သွားရတာလဲ... ဒီနေရာက သဘာဝ ဝိညာဉ်စွမ်းအင်တွေက အရမ်းကို ပေါများကြွယ်ဝနေပါလား..."
ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့သော နတ်ဘုရား တောင်ကြား နေရာတွင် ယခုအခါ ပိုမို လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု အစားထိုး ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် လင်ရှောင်ရှောင်က အံ့အားသင့်စွာ မေးလိုက်သည်။
"ကိုးထပ် ချန်ခွင်း မျှော်စင်က ရှေးဦး ကမ္ဘာဦး နတ်ဘုရား လက်နက်လေ... ဒါက ရှေးဦး ကမ္ဘာဦး ခေတ်က မြင့်မြတ်သော တောင်ပဲ... တောင်တော်ထဲမှာ ဝူကျိ ၀င်္ကပါ နယ်မြေ ရှိတယ်... ဒီပတ်ဝန်းကျင်မှာ ရတနာတွေ အများကြီး ရှိတယ်လို့ ပြောကြတယ်... မျှော်စင်ကို အင်မော်တယ် လက်နက် အဖြစ် သန့်စင်နေတုန်း မတော်တဆ တွေ့သွားတာ..."
ဖုန်းဝူချန်က ဝမ်းသာရွှင်မြူးစွာ ရှင်းပြလိုက်ရာ သူ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံး တစ်ခု ဖုံးလွှမ်းနေတော့၏။ လင်ရှောင်ရှောင် ပြန်လည် ရောက်ရှိလာမှုက ဖုန်းဝူချန်ကို အလွန်အမင်း ပျော်ရွှင်စေခဲ့ကြောင်း ထင်ရှားလှ၏။
"ရှေးဦး ကမ္ဘာဦးခေတ်က မြင့်မြတ်သော တောင် ဟုတ်လား..."
အရင်က တစ်ခါမျှ မကြားဖူးခဲ့သဖြင့် လင်ရှောင်ရှောင်မှာ ပို၍ပင် အံ့အားသင့်သွားရတော့၏။
"မြင့်မြတ်သော တောင်က ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင် ဖြစ်တဲ့ အမှောင်မိစ္ဆာ ကျားသစ်ကို ပိတ်လှောင်ထားတာ... အရင်တုန်းက သူ့အသက်ကို မင်း ကယ်ခဲ့ဖူးတယ်လေ... ရှောင်ရှောင်သာ အချိန်မီ ရောက်မလာရင် မိစ္ဆာ ကျားသစ်က အစ်ကို့ကြောင့် သေသွားလောက်ပြီ..."
ဖုန်းဝူချန်က ရယ်လိုက်သော်လည်း အမှောင်မိစ္ဆာ ကျားသစ် အပေါ် ထားရှိသော အပြစ်မကင်းစိတ်များက ရင်တွင်း၌ ပြည့်နှက်နေခဲ့သည်။ လူသား တစ်ဦး၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းက ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင်၏ ဂုဏ်သိက္ခာကို အတော်လေး ထိခိုက်သွားစေခဲ့ခြင်းပင်။
"ရာ့ရှား မျိုးနွယ်စုရဲ့ အဆက်အနွယ်ကိုး... ငါ့အသက်ကို ကယ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်..."
မြင့်မြတ်သော တောင် အတွင်းမှ အမှောင်မိစ္ဆာ ကျားသစ်၏ အားနည်းသော အသံ ရုတ်တရက် ထွက်ပေါ်လာ၏။ အမှောင်မိစ္ဆာ ကျားသစ်သည် ယခုအခါ ၀င်္ကပါ နယ်မြေ အတွင်း၌ ဒဏ်ရာများကို ကုသနေခြင်း ဖြစ်၏။
"ကူညီရုံ သက်သက်ပါ... ကျေးဇူးတင်စရာ မလိုပါဘူး..."
လင်ရှောင်ရှောင်က အလျင်အမြန် ပြန်ပြောလိုက်သည်။
"အမှောင်မိစ္ဆာ ကျားသစ်... မင်းရဲ့ ပိတ်လှောင်မှုကို ဘယ်လို ချိုးဖျက်လို့ ရမလဲ... ဒီလောက် အစွမ်းထက်တဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်းမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး..."
ဖုန်းဝူချန်က မေးမြန်းလိုက်၏။
"မင်းရဲ့ ကမ္ဘာပျက်စွမ်းအားကို သုံးပြီး ပိတ်လှောင်မှုရဲ့ စွမ်းအားတွေကို စုပ်ယူလိုက်... အဲဒါက အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲ... အခင်းအကျင်းကို ဖျက်ဆီးပစ်ဖို့တော့ မတွေးနဲ့..."
အမှောင်မိစ္ဆာ ကျားသစ်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
"ကြည့်ရတာ စုပ်ယူဖို့ အချိန် တော်တော်လေး ယူရမယ့် ပုံပဲ... ဒါပေမဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်းရဲ့ စွမ်းအားတွေကို သုံးပြီး ကိုယ့်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ဖို့တော့ အခွင့်အရေးကောင်း တစ်ရပ်ပဲ..."
ဖုန်းဝူချန်က ခေါင်းညိတ်ရင်း မှတ်ချက်ချလိုက်၏။
"ပိတ်လှောင်ခြင်း အခင်းအကျင်းထဲမှာ ငါ့အရှင်သခင်ရဲ့ စွမ်းအားတွေ ပါဝင်နေတာ... မင်း တကယ်ကို အကျိုးအမြတ် အကြီးကြီး ရသွားတာပဲ..."
အမှောင်မိစ္ဆာ ကျားသစ်က တုံ့ပြန်လိုက်သည်။
“ဝီ…”
စကားသံ အဆုံးတွင် မြင့်မြတ်သော တောင် အနက်ပိုင်းမှ တောက်ပသော ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး တောင်တန်းကြီး တစ်ခုလုံး ဝီခနဲ မြည်သံများနှင့်အတူ ပြင်းထန်စွာ တုန်ခါသွားတော့၏။
"အထဲ ဝင်လာခဲ့..."
အမှောင်မိစ္ဆာ ကျားသစ်၏ ဖိတ်ခေါ်သံ ထွက်ပေါ်လာသည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့က ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး အလွန်တရာ ရှေးကျကာ အစွမ်းထက်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် မြင့်မြတ်သော တောင်၏ အနက်ပိုင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိကြ၏။
"အရမ်းကို အစွမ်းထက်တဲ့ အရှိန်အဝါပဲ..."
လင်ရှောင်ရှောင်မှာ အံ့အားသင့်လွန်းသဖြင့် သူမ၏ လှပသော မျက်လုံးလေးများ ပြူးကျယ်သွားကာ ရေရွတ်လိုက်မိသည်။
"ဒါ ဒဏ္ဍာရီထဲက ၀င်္ကပါ နယ်မြေပဲကွ..."
ဖုန်းဝူချန်ကလည်း ရင်တွင်း၌ စိတ်လှုပ်ရှား ဝမ်းသာမှုများဖြင့် အော်ဟစ်လိုက်၏။
"မဆိုးပါဘူး... ကောင်မလေးက ငါ့အသက်ကို ကယ်ခဲ့ဖူးတယ် ဆိုတော့ မင်းတို့ကို အထဲဝင်ပြီး ကျင့်ကြံခွင့် ပြုလိုက်မယ်..."
အမှောင်မိစ္ဆာ ကျားသစ်၏ အသံက ထွက်ပေါ်လာပြန်သည်။ စကားပြောနေစဉ်မှာပင် မြင့်မြတ်သော တောင် အနက်ပိုင်းမှ ရွှေရောင် အလင်းတန်းများ ပြန့်ကျဲလာပြီး အလွန်တရာ စူးရှ တောက်ပကာ အိမ်မက်ဆန်ဆန် လှပလွန်းလှသော လမ်းခရီး တစ်ခုအဖြစ် ပုံဖော်သွားတော့၏။
"မင်းတို့မှာ အချိန် တစ်လပဲ ရှိတယ်..."
အမှောင်မိစ္ဆာ ကျားသစ်၏ အသံက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာတော့သည်။
--