အခန်း ၈၄၂
Vol. 57 Ch. 842
အခန်း (၈၄၂) - ၀င်္ကပါ နယ်မြေ အတွင်း၌ ကျင့်ကြံခြင်း
အလွန်တရာ ကြီးမားသော စွမ်းအင်များဖြင့် ပုံဖော်ထားသည့် ရွှေရောင် လမ်းခရီးကြီး တစ်ခုက တောင်တော် အနက်ပိုင်းမှနေ၍ ဖြန့်ကျက် ထွက်ပေါ်လာ၏။ မြင်ကွင်းမှာ အလွန်တရာ ခမ်းနားထည်ဝါလွန်းလှ၏။
မြင့်မြတ်သော တောင် တစ်ခုလုံးမှာလည်း တောက်ပသော ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံနေပြီး စူးရှ တောက်ပနေကာ အိမ်မက်ထဲက နေရာတစ်ခုအလား လျှို့ဝှက်ဆန်းကြယ်လှ၏။
"ဖုန်းဝူချန်... မင်းက ၀င်္ကပါ နယ်မြေထဲကို ပထမဆုံး ဝင်ခွင့်ရတဲ့ လူပဲ... ရှေးဦး ကမ္ဘာဦးခေတ် ကတည်းက ဒီအထဲကို ဘယ်သူမှ ဝင်ခွင့် မရခဲ့ဖူးဘူး"
အမှောင်မိစ္ဆာ ကျားသစ်၏ အသံ ထွက်ပေါ်လာ၏။
"ပထမဆုံး ဟုတ်လား"
ဖုန်းဝူချန်မှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။
ရှေးဦး ကမ္ဘာဦးခေတ်ကတည်းက မြင့်မြတ်သော တောင်ရှိ ဝူကျိ ၀င်္ကပါ နယ်မြေ အကြောင်းကို သိရှိသူများ ရှိခဲ့သော်ငြား မည်သူကမျှ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အမှောင်မိစ္ဆာ ကျားသစ်သည် ၀င်္ကပါ နယ်မြေ၏ အစောင့်အရှောက် ဖြစ်ပြီး အတွင်းသို့ ဝင်ရောက်လိုပါက ၎င်းကို အနိုင်ယူနိုင်မှသာ ရမည်ဖြစ်သောကြောင့်ပင်။
"ဒါ တကယ့်ကို ဂုဏ်ယူစရာပဲ... ဒဏ္ဍာရီထဲက ၀င်္ကပါ နယ်မြေကြီး ဘယ်လိုပုံစံ ရှိလဲဆိုတာ ကြည့်ရတာပေါ့..."
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး လင်ရှောင်ရှောင်၏ နူးညံ့သော လက်ကလေးကို ဆွဲကိုင်ကာ ရွှေရောင် လမ်းခရီးထက်သို့ လျှောက်လှမ်းသွားတော့၏။
ဖုန်းဝူချန် အနေဖြင့် ဝူကျိ ၀င်္ကပါ နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းမှာ လင်ရှောင်ရှောင်က အမှောင်မိစ္ဆာ ကျားသစ်၏ အသက်ကို ကယ်တင်ခဲ့ဖူးသောကြောင့်သာ ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူ၏ တစ်သက်တွင် ဤနေရာသို့ ဝင်ရောက်ခွင့် ရရှိလိမ့်မည် မဟုတ်ချေ။
သူတို့ နှစ်ယောက်တည်းသာ ရှိသော ကမ္ဘာငယ်လေးက အိမ်မက်ဆန်ဆန် ရိုမန်တစ်ဆန်ပြီး နွေးထွေးမှုများ ပြည့်နှက်နေတော့၏။
ဖုန်းဝူချန်မှာ သူရဲကောင်း မင်းသားလေး တစ်ပါးအလား၊ လင်ရှောင်ရှောင်မှာလည်း မင်းသမီးလေး တစ်ပါးအလား လက်ချင်း ယှဉ်တွဲကာ ပျော်ရွှင်ခြင်း နိဗ္ဗာန်ဘုံဆီသို့ လျှောက်လှမ်းသွားကြတော့သည်။
ရွှေရောင် လမ်းခရီးထက်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့မှာ ရုတ်တရက် ဆွံ့အ မှင်သက်သွားကြ၏။
"ရှေးဦး ကမ္ဘာဦး စွမ်းအားပါလား"
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့က ပြူးကျယ်နေသော မျက်လုံးများဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
လမ်းပေါ်သို့ မလျှောက်လှမ်းရသေးမီ အချိန်အထိ ၎င်းသည် ရှေးဦး ကမ္ဘာဦး စွမ်းအား ဖြစ်ကြောင်း သူတို့ လုံးဝ မသိရှိခဲ့ကြပေ။ သို့သော် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကြီးစိုးသော ဧရာမ စွမ်းအင်က သူတို့ နှစ်ဦးစလုံးကို ဖုံးလွှမ်းသွားပြီး ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်သည့်အလား ခံစားလိုက်ရတော့၏။
"ဒါက ရှေးဦး ကမ္ဘာဦး စွမ်းအားတွေထဲမှာ နံပါတ် (၉) နေရာမှာရှိတဲ့ လူသူကင်းမဲ့ခြင်း စွမ်းအားပဲ"
အမှောင်မိစ္ဆာ ကျားသစ်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။
"သြော်... ဒါက လူသူကင်းမဲ့ခြင်း စွမ်းအားကိုး..."
ဖုန်းဝူချန်က ဝမ်းသာရွှင်မြူးစွာ ရယ်လိုက်၏။ ရှေးဦး ကမ္ဘာဦး စွမ်းအား တစ်ခုက သူ၏ မျက်စိရှေ့မှောက်တွင် အသင့် ရှိနေလေရာ ရှာဖွေရမည့် အချိန်များပင် သက်သာသွားခဲ့၏။
ရွှေရောင် လမ်းခရီးကြီးက အလိုအလျောက် လှုပ်ရှားနေပြီး ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကို သယ်ဆောင်ကာ လျင်မြန်စွာ ကျုံ့ဝင်သွားတော့၏။ သူတို့ ကိုယ်တိုင် ခြေကျင် လျှောက်လှမ်းနေစရာပင် မလိုတော့ချေ။
ဝူကျိ ၀င်္ကပါ နယ်မြေနှင့် နီးကပ်လာလေလေ သဘာဝ ဝိညာဉ်စွမ်းအင်များက ပိုမို သိပ်သည်းလာလေလေ ဖြစ်ပြီး အချို့နေရာများတွင် သိပ်သည်းလွန်းလှသဖြင့် မျက်မြင်ကိုယ်တွေ့ပင် မြင်တွေ့နေရတော့သည်။
နတ်ဘုရား တောင်ကြားရှိ ဝိညာဉ် ရေကန်နှင့် နှိုင်းယှဉ်ပါက မြင့်မြတ်သော တောင်၏ သဘာဝ ဝိညာဉ်စွမ်းအင်များက အဆပေါင်း ဒါဇင်ကျော် ပိုမို အစွမ်းထက်နေ၏။ ထို့အပြင် ရှေးဟောင်း စွမ်းအင်များပါ ပါဝင်နေခြင်းက ပို၍ပင် အရေးကြီးလှ၏။
ဝူကျိ ၀င်္ကပါ နယ်မြေမှာ မြင့်မြတ်သော တောင်၏ ဗဟိုတွင် တည်ရှိပြီး အထူး သီးသန့် ဖန်တီးထားသော ဟင်းလင်းပြင် တစ်ခုပင်။ မြင့်မားလှသော တောင်ထွတ်ကြီးများ ဝန်းရံထားပြီး ဤသီးသန့် ဟင်းလင်းပြင်လေးက ထိုတောင်တန်းကြီးများ၏ အလယ်ဗဟိုတွင် လွင့်မျောနေခြင်း ဖြစ်၏။
အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့မှာ ထိုဧရာမ သီးသန့် ဟင်းလင်းပြင်ကြီး အတွင်းရှိ ခမ်းနား ကြီးကျယ်လှသော နန်းတော်ကြီး တစ်ခုကို စတင် မြင်တွေ့လိုက်ရတော့သည်။
ရွှေရောင် လမ်းခရီးကြီးက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့လည်း ဝူကျိ ၀င်္ကပါ နယ်မြေ အတွင်းသို့ ဝင်ရောက်သွားကြ၏။ ရှေးကျပြီး ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါက သူတို့ထံသို့ တဝေါဝေါ ရိုက်ခတ်လာပြီး လွှမ်းမိုးဖိနှိပ်နိုင်စွမ်းများဖြင့် ပြည့်နှက်နေတော့၏။
ဝင်ပေါက်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားပြီး အပြင်ဘက်ရှိ မြင့်မြတ်သော တောင်ကြီးကိုလည်း မမြင်ရတော့ချေ။ ၎င်း၏ နေရာတွင် အိမ်မက်ထဲက နန်းတော်ကြီး တစ်ခုနှင့် အရောင်ခုနစ်မျိုး ဖြာထွက်နေသော ဟင်းလင်းပြင်ကြီး တစ်ခုက အစားထိုး ဝင်ရောက်လာတော့သည်။
ရွှေရောင် တလက်လက် တောက်ပနေသော ထိုခမ်းနား ကြီးကျယ်လှသည့် နန်းတော်ကြီးကို မြင်လိုက်ရသည့်အခါ သူတို့၏ ရင်ထဲတွင် လေးစား အံ့မခန်း ဖြစ်သွားရသလို ထိတ်လန့် တုန်လှုပ်မှု များကိုလည်း တစ်ပြိုင်နက်တည်း ခံစားလိုက်ရတော့၏။
"ဒါ... ဒါ ဘယ်လို စွမ်းအားမျိုးလဲ... တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"
လင်ရှောင်ရှောင်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး အသက်ရှူရပင် ကြပ်တည်းလာသလို ခံစားလိုက်ရသည်။
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့် တုန်လှုပ်မှုများက အပြည့်အဝ ဖုံးလွှမ်းနေပြီး ခန့်မှန်း ပြောဆိုလိုက်၏။
"ဒီစွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာထက်တောင် ကျော်လွန်နေသလို ခံစားရတယ်... ဒါ လင်ရွှီဇီရဲ့ စွမ်းအားတွေများလား"
"ဒါ ငါ့ရဲ့ အရှင်သခင် ချန်ထားခဲ့တဲ့ စွမ်းအားတွေပဲ... ၀င်္ကပါ နယ်မြေရဲ့ နေရာတိုင်းက ငါ့အရှင်သခင်ရဲ့ ခန့်မှန်းလို့ မရနိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေနဲ့ တည်ဆောက်ထားတာ... ဘယ်လို လှည့်ကွက်မျိုး သုံးပြီးတော့မှ အခင်းအကျင်းကို ဖျက်ဆီးဖို့ မကြိုးစားနဲ့... ငါ့ကို ပိတ်လှောင်မှုကနေ လွတ်မြောက်စေချင်ရင် တစ်ခုတည်းသော နည်းလမ်းက အဲဒီစွမ်းအားတွေကို စုပ်ယူပစ်ဖို့ပဲ"
အမှောင်မိစ္ဆာ ကျားသစ်က ရှင်းပြလိုက်သည်။
"ဒါက ဝူကျိ ၀င်္ကပါ နယ်မြေ ဟုတ်လား... ဘာလို့ နန်းတော် တစ်ခုတည်းပဲ ရှိနေရတာလဲ"
ရင်တွင်းမှ အံ့အားသင့် တုန်လှုပ်မှုများကို ဖိနှိပ်ထားရင်း ဖုန်းဝူချန်က သိချင်စိတ်ဖြင့် စပ်စုလိုက်၏။
ကျယ်ဝန်းလှသော နန်းတော် ရင်ပြင်ကြီး ပေါ်တွင် အမှောင်မိစ္ဆာ ကျားသစ်က ဒဏ်ရာများကို ကုသရင်း လှဲလျောင်းနေပြီး ယခုအခါ အတော်လေး သက်သာနေပြီ ဖြစ်၏။
"ဝူကျိ ၀င်္ကပါ နယ်မြေ ဆိုတာ တကယ့် ၀င်္ကပါ နယ်မြေ တစ်ခု မဟုတ်ဘူး... ဒါက နာမည် သက်သက်ပဲ"
အမှောင်မိစ္ဆာ ကျားသစ်က ဖြည်းညင်းစွာ မတ်တတ်ရပ်ရင်း ရှင်းပြလိုက်သည်။
"သြော်... ဒီလိုကိုး"
ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်ပြီး ဆက်မေးလိုက်၏။
"ရတနာတွေက အဲဒီ နန်းတော်ထဲမှာ ရှိရမယ် မဟုတ်လား"
"ဒီနေရာမှာ ကျင့်ကြံဖို့ မင်းတို့မှာ အချိန် တစ်လပဲ ရှိတယ်... အဲဒီ တစ်လ အတွင်းမှာ ငါ့အရှင်သခင်ရဲ့ စွမ်းအား ဘယ်လောက်များများကို မင်းတို့ စုပ်ယူနိုင်မလဲ ဆိုတာ မင်းတို့ အပိုင်းပဲ... တစ်လ ပြည့်တာနဲ့ မင်းတို့ ဒီကနေ ထွက်သွားရမယ်"
အမှောင်မိစ္ဆာ ကျားသစ်က ဖုန်းဝူချန်၏ မေးခွန်းကို လျစ်လျူရှုကာ ပြတ်သားစွာ သတိပေးလိုက်၏။ လင်ရှောင်ရှောင်၏ ကျေးဇူးကို ဆပ်လိုသောကြောင့်သာ မဟုတ်ပါက ဖုန်းဝူချန်အား ဤကဲ့သို့သော အခွင့်အရေးကောင်းကို ၎င်းက လုံးဝ ပေးမည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေကာမူ ဒါက ၎င်း၏ အရှင်သခင် ချန်ရစ်ခဲ့သော ကြောက်မက်ဖွယ် စွမ်းအားများ ဖြစ်နေသောကြောင့်ပင်။
"တစ်လ ဟုတ်လား..."
ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များက ဉာဏ်များသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့၏။
"တစ်လ ဆိုရင် လုံလောက်ပါတယ်... ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေ ရှိနေမှတော့... ရှောင်ရှောင်နဲ့ ငါ ထျန်းကျီဘုံ ဆဋ္ဌမအလွှာကို ချိုးဖြတ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်"
ဤသီးသန့် ဟင်းလင်းပြင် အတွင်းရှိ ကြောက်မက်ဖွယ် စွမ်းအားများမှာ ဖုန်းဝူချန် ယခင်က သွားရောက်ခဲ့ဖူးသော မည်သည့် ကျင့်ကြံခြင်း နေရာထက်မဆို အဆတစ်ရာခန့် ပိုမို အစွမ်းထက်နေပြီး ဟင်းလင်းပြင် တစ်ခုလုံး ဖုံးလွှမ်းနေသော အရှိန်အဝါမှာလည်း နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာထက်ပင် ကျော်လွန်နေတော့၏။
ဖုန်းဝူချန်၏ မျက်နှာပေါ်မှ ဉာဏ်များသော အပြုံးကို မြင်လိုက်ရသည့်အခါ အမှောင်မိစ္ဆာ ကျားသစ်မှာ ချက်ချင်းပင် နောင်တရသွားတော့သည်။ သို့သော် ထုတ်လွှတ်ပြီးသော စကားက ဖိတ်စင်သွားသော ရေကဲ့သို့ပင် ပြန်ကောက်ရန် မဖြစ်နိုင်တော့ချေ။
"ရှောင်ရှောင်... ဒါတွေက မိုရင် သလင်းကျောက်တွေလေ... ရှုမီ ချောက်ကမ်းပါးကနေ ရလာခဲ့တဲ့ ရတနာတွေပေါ့... ဒီထဲမှာ အလွန်တရာ ကြမ်းတမ်းတဲ့ စွမ်းအားတွေ ပါဝင်တယ်... ငါတို့ရဲ့ ကျင့်ကြံခြင်း အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်"
ဖုန်းဝူချန်က မိုရင် သလင်းကျောက် အမြောက်အမြားကို ထုတ်ယူကာ လင်ရှောင်ရှောင်၏ ရှေ့တွင် ချထားပေးလိုက်ပြီး သူ၏ ရှေ့တွင်လည်း အများအပြား ချထားလိုက်၏။
"ဝိုး... အစ်ကိုကြီးဖုန်းဆီမှာ မိုရင် သလင်းကျောက်တွေ ဒီလောက်တောင် အများကြီး ရှိနေတာလား"
လင်ရှောင်ရှောင်က အလွန်အမင်း အံ့အားသင့် ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည်။
"ဟီး ဟီး... မမျှော်လင့်ဘဲ ရလာတဲ့ အကျိုးအမြတ်လေးတွေပါ..."
ဖုန်းဝူချန်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်ရင်း ပြောလိုက်၏။
ထို့နောက် သူတို့ နှစ်ဦးသား ထိုနေရာ၌ပင် ဝင်ထိုင်ကာ ကျင့်ကြံခြင်း အခြေအနေသို့ စတင် ဝင်ရောက်သွားကြတော့သည်။
"မူလဝိညာဉ် ခွဲဖြာခြင်း ပညာရပ်..."
ဖုန်းဝူချန်က လက်ဟန်များကို လျင်မြန်စွာ ဖော်လိုက်ပြီး မူလဝိညာဉ် ကိုယ်ပွား ဆယ့်နှစ်ခုကို ချက်ချင်း ဆင့်ခေါ်လိုက်၏။ လင်ရှောင်ရှောင်၏ စွမ်းအင် စုပ်ယူမှုကို ကူညီပေးရန် ခြောက်ခု၊ သူ၏ ကိုယ်ပိုင် စုပ်ယူမှု အတွက် ခြောက်ခု အသီးသီး ခွဲဝေပေးလိုက်သည်။
"အဲဒီ စွမ်းအင် စုပ်ယူတဲ့ ပညာရပ်ကြီးပဲ... ဒီကောင်စုတ်လေး..."
ကိုယ်ပွား ဆယ့်နှစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ အမှောင်မိစ္ဆာ ကျားသစ်မှာ ရူးသွပ်မတတ် ဖြစ်သွားရပြီး ဖုန်းဝူချန်၏ ကျင့်ကြံခြင်းကို ချက်ချင်း သွားရောက် တားဆီးပစ်ချင်စိတ်များ ပေါက်လာတော့၏။ မူလဝိညာဉ် ခွဲဖြာခြင်း ပညာရပ်၏ အံ့မခန်း စုပ်ယူနိုင်စွမ်းကို အမှောင်မိစ္ဆာ ကျားသစ် ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ဖူးပြီး ဖြစ်ရာ ယခု နောင်တရနေလည်း နောက်ကျသွားခဲ့၏။
လင်ရွှီဇီ၏ စွမ်းအားများနှင့် မိုရင် သလင်းကျောက်များ အတွင်းမှ ကြမ်းတမ်းသော စွမ်းအင်များကို စုပ်ယူနေစဉ် ကိုယ်ပွားများ၏ အကူအညီပါ ပေါင်းစပ်လိုက်သည့်အခါ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့၏ အရှိန်အဝါများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အမြန်နှုန်းဖြင့် တဟုန်ထိုး မြင့်တက်လာတော့၏။
ဤကြောက်မက်ဖွယ် ကျင့်ကြံခြင်း အမြန်နှုန်းမှာ သာမန်လူ တစ်ယောက်ထက် အဆပေါင်း ဒါဇင်ကျော် ပိုမို မြန်ဆန်နေမည်မှာ အသေအချာပင်။
"ကျွန်မရဲ့ ကျင့်ကြံခြင်းက အရမ်း မြန်နေတာပဲ... ကျွန်မရဲ့ သွေးမျိုးဆက် စွမ်းအားနဲ့ ကျင့်ကြံတဲ့ အမြန်နှုန်းထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေသေးတယ်"
ခဏမျှ ကျင့်ကြံပြီးသည်နှင့် လင်ရှောင်ရှောင်က သူမ၏ မျက်လုံးများကို ဖွင့်ကာ အံ့အားသင့်စွာ ရေရွတ်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ လုံးဝ ဆွံ့အ မှင်သက်နေတော့၏။
"ရှောင်ရှောင်... ဒါက နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာထက်တောင် ပိုပြီး ကြောက်စရာကောင်းတဲ့ စွမ်းအားတွေလေ... အဲဒါကို မိုရင် သလင်းကျောက်တွေနဲ့ပါ ပေါင်းစပ်လိုက်တော့ ငါတို့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက သဘာဝကျကျပဲ အံ့မခန်း မြန်ဆန်လာတာပေါ့..."
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်သည်။
"အခု အမြန်နှုန်း အတိုင်းသာ ဆိုရင်တော့... တစ်လ အတွင်းမှာ ငါတို့ ထျန်းကျီဘုံ ဆဋ္ဌမအလွှာကို သေချာပေါက် ဖောက်ထွက်နိုင်လိမ့်မယ်... သတ္တမအလွှာကိုတောင် ရောက်ကောင်း ရောက်သွားနိုင်သေးတယ်"
ဖုန်းဝူချန်က တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်ကာ ဆက်ပြောလိုက်၏။
ဖုန်းဝူချန်၏ ဂုဏ်ယူ ဝင့်ကြွားပြီး စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်ရင်း အဝေးတစ်နေရာတွင် ဒဏ်ရာများကို ကုသနေသော အမှောင်မိစ္ဆာ ကျားသစ်မှာ အံကို ကျိုးမတတ် တင်းတင်းကြိတ်ထားရပြီး ပြေးသွားကာ ခြေသည်းဖြင့် အားရပါးရ ကုတ်ဆွဲပစ်ချင်စိတ်များ ပေါက်နေတော့သည်။
"ရှေးဦး ကမ္ဘာဦးခေတ်က ဝူကျိ ၀င်္ကပါ နယ်မြေ ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ... အရမ်းကို အံ့မခန်းပဲ... ညီမတို့ ဒီမှာသာ ခြောက်လလောက် ဆက်ပြီး ကျင့်ကြံခွင့် ရမယ် ဆိုရင် နတ်ဘုရားအသွင်ပြောင်းဘုံကိုတောင် ဖောက်ထွက်သွားနိုင်လောက်တယ်..."
လင်ရှောင်ရှောင်ကလည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ချလိုက်၏။
လင်ရှောင်ရှောင်၏ စကားများကြောင့် အမှောင်မိစ္ဆာ ကျားသစ်မှာ သွေးပင် အန်ထွက်တော့မတတ် ဖြစ်သွားရတော့သည်။
--