အခန်း ၈၄၄
Vol. 57 Ch. 844
အခန်း (၈၄၄) - တိုက်ပွဲစတင်ခြင်း
“နဂါးနတ်ဘုရား နန်းတော်နဲ့ ပတ်သက်ပြီးတော့ရော... တတိယ အကြီးအကဲက ဘယ်လို အစီအစဉ် ရှိပါသလဲ...”
လိန်ယွင်ခုံးက သတိထားကာ မေးမြန်းလိုက်၏။
“ယင်ယန် မိသားစုက သူတို့ဘာသာ လှုပ်ရှားလိမ့်မယ်... မင်းက ပေရွှမ် ဂိုဏ်းနဲ့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကိုသာ အမြစ်ပြတ် ချေမှုန်းဖို့ တာဝန်ယူ... ဒီတစ်ခါ စစ်ဆင်ရေး ထပ်ပြီး ကျရှုံးခဲ့မယ် ဆိုရင်တော့... ဒီအကြီးအကဲ ရက်စက်တယ်လို့ မပြောနဲ့နော်...”
မိုချန်ဟွာက အေးစက်စက် ဟိန်းဟောက်လိုက်ပြီး လိန်ယွင်ခုံးကို ရေခဲတမျှ အေးစက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
လိန်ယွင်ခုံး၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ လှိုင်းထလာပြီး အလျင်အမြန် ပြန်လည် ဖြေကြားလိုက်၏။
“တတိယ အကြီးအကဲ စိတ်ချပါ... ဒီတစ်ခါတော့ ကျွန်တော်တို့ ထပ်ပြီး မကျရှုံးစေရပါဘူး...”
ဒါက မိုချန်ဟွာ၏ နောက်ဆုံး ရာဇသံပင် ဖြစ်တန်ရာ၏။ အကယ်၍ သူတို့သာ ထပ်မံ ကျရှုံးခဲ့ပါက နတ်ဘုရား ဘုရင် နန်းတော် တစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရမည်မှာ အသေအချာပင်။
ပေရွှမ် ဂိုဏ်းကို အောင်မြင်စွာ နှိမ်နင်းနိုင်ရန်အတွက် လိန်ယွင်ခုံး ကိုယ်တိုင် ပါဝင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်တော့သည်။
“တကယ်လို့ ယင်ယန် မိသားစုကများ ကိုယ်တိုင် လှုပ်ရှားခဲ့မယ် ဆိုရင်... ရှေးဦး ကမ္ဘာဦး စွမ်းအားက သူတို့လက်ထဲ ရောက်သွားမှာ မဟုတ်ဘူးလား... တတိယ အကြီးအကဲကများ ယင်ယန် မိသားစုဆီကနေ ပြန်လုယူဖို့ စီစဉ်ထားတာများလား...”
လိန်ယွင်ခုံးက ရင်တွင်း၌ တိတ်တဆိတ် တွေးတောနေမိသော်ငြား အသံထွက်၍မူ ဆက်လက် မမေးရဲတော့ချေ။
“မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ ရှိတဲ့ အင်အားစု အသီးသီးက အခုချိန်မှာ အထိတ်တလန့် ဖြစ်နေကြတယ်... မြောက်ဘက် ဆန်းကြယ် နယ်မြေကနေ ပြန့်ကျဲလာတဲ့ စွမ်းအားတွေကို မင်းလည်း အာရုံခံမိလောက်မှာပါ... ဒါက အကောင်းဆုံး အခွင့်အရေးပဲ...”
မိုချန်ဟွာက ရှင်းပြလိုက်သည်။
“ဖုန်းဝူချန်ရဲ့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က မြောက်ဘက် ဆန်းကြယ် နယ်မြေကို သေချာပေါက် တိုးချဲ့လာလိမ့်မယ်... သူ မလှုပ်ရှားခင် ငါတို့က မြောက်ဘက် ဆန်းကြယ် နယ်မြေက အင်အားကြီး အဖွဲ့အစည်းတွေကို အရင်ဆုံး သိမ်းပိုက်ရမယ်...”
မိုချန်ဟွာက ဆက်လက် ညွှန်ကြားလိုက်၏။
စကားသံ အဆုံးတွင် သူ၏ ပုံရိပ်က ကြောက်မက်ဖွယ် အနက်ရောင် မီးခိုးငွေ့ကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
“အခုချက်ချင်း အမိန့်ပေးလိုက်... ထျန်းကျီဘုံ အဆင့်ကစပြီး အထက်မှာ ရှိတဲ့ အစွမ်းထက် ပညာရှင်တွေ အကုန်လုံး ငါနဲ့အတူ ပေရွှမ် ဂိုဏ်းကို အခုချက်ချင်း လိုက်ခဲ့ကြ...”
မိုချန်ဟွာ ထွက်ခွာသွားပြီးနောက် လိန်ယွင်ခုံးက နတ်ဘုရား ဘုရင် နန်းတော်မှ ထိပ်သီး ခေါင်းဆောင်များကို ဦးဆောင်ကာ မြောက်ဘက် ဆန်းကြယ် နယ်မြေဆီသို့ အပြေးအလွှား ထွက်ခွာသွားကြတော့၏။ တစ်စက္ကန့်မျှပင် အချိန်မဆွဲရဲတော့ချေ။
အစွမ်းထက် ပညာရှင် ရာပေါင်းများစွာက ချက်ချင်းပင် စတင် လှုပ်ရှားလာကြပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စစ်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။ ၎င်းက နတ်ဘုရား ဘုရင် နန်းတော်၏ အစွမ်းအထက်ဆုံး စစ်ကြောင်းကြီး ဖြစ်ပြီး တိုက်ကြီး တစ်ခုလုံးရှိ အင်အားကြီး အဖွဲ့အစည်း အားလုံးကို တံမြက်လှည်း ရှင်းလင်းပစ်ရန် လုံလောက်သော အင်အားပင် ဖြစ်၏။
မြောက်ဘက် ဆန်းကြယ် နယ်မြေမှာ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းကြီးများ၏ ရိုက်ခတ်မှုကို ယခုလေးတင် ခံစားထားရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ယခုတိုင် အထိတ်တလန့် ဖြစ်နေကြဆဲပင်။
ပေရွှမ် ဂိုဏ်း တစ်ခုလုံးလည်း ပြာယာခတ်နေကြပြီး နတ်ဘုရား ဘုရင် နန်းတော်က လာရောက် တိုက်ခိုက်တော့မည်ကို လုံးဝ မသိရှိကြချေ။
ထိုအခိုက်အတန့်၌ ပေရွှမ် ဂိုဏ်းမှာ ကြောက်မက်ဖွယ် စွမ်းအင်များ၏ အရင်းအမြစ်ကို စုံစမ်းစစ်ဆေးရန် အလုပ်ရှုပ်နေကြပြီး အလျင်အမြန် ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ် ပညာရှင်များကို လုံးဝ သတိမထားမိကြပေ။
"ဝှစ်... ဝှစ်... ဝှစ်..."
ပေရွှမ် ဂိုဏ်း၏ ခမ်းနား ကြီးကျယ်လှသော နန်းတော် အထက်တွင် လူရိပ် ရာပေါင်းများစွာ လျှပ်တစ်ပြက် ထွက်ပေါ်လာကြ၏။
သူတို့၏ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါများက ပေရွှမ် ဂိုဏ်း တစ်ခုလုံးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လွှမ်းခြုံသွားပြီး ကြောက်ရွံ့ တုန်လှုပ်ဖွယ် ဖိအားကြီးက ပေရွှမ် ဂိုဏ်းမှ တပည့်များကို အလွန်အမင်း ထိတ်လန့် ပြာယာခတ်သွားစေတော့သည်။
“နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေပါလား...”
“နတ်ဘုရား ဘုရင် နန်းတော်ရဲ့ နန်းတော်သခင်ပဲ...”
“ဂိုဏ်းချုပ်ကြီး... ဒုက္ခပါပဲ... နတ်ဘုရား ဘုရင် နန်းတော်ရဲ့ နန်းတော်သခင် ရောက်လာပြီ...”
ထိုကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ ပေရွှမ် ဂိုဏ်းမှ တပည့်များမှာ ကြောက်လန့်လွန်း၍ ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားကြရသည်။
"ဝှစ်... ဝှစ်... ဝှစ်..."
လိန်ယွင်ခုံးနှင့် အခြားသော အစွမ်းထက် ပညာရှင်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပေရွှမ် ဂိုဏ်းမှ ထိပ်သီး ခေါင်းဆောင်များက ချက်ချင်း အာရုံခံမိသွားပြီး အလျင်အမြန်ပင် ထွက်ပေါ်လာကြတော့၏။
ဂိုဏ်းချုပ် ရှင်းထျန်း၊ အစောင့်အရှောက်နှင့် အကြီးအကဲ သုံးဦးတို့က ဦးဆောင်လာကြပြီး ပေရွှမ် ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပညာရှင်များ အားလုံး စုရုံး ရောက်ရှိလာကြ၏။
ရှင်းထျန်းနှင့် အခြားသော ထိပ်သီး ခေါင်းဆောင်များ၏ မျက်နှာအမူအရာများမှာ အလွန်အမင်း မှုန်ကုပ်နေကြ၏။ နတ်ဘုရား ဘုရင် နန်းတော်မှ ဤမျှ များပြားလှသော အစွမ်းထက် ပညာရှင်များက မြောက်ဘက် ဆန်းကြယ် နယ်မြေသို့ အဘယ်ကြောင့် ရုတ်တရက် ရောက်ရှိလာပြီး သတ်ဖြတ်ချင်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေရသနည်း ဆိုသည်ကို မည်သူကမျှ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော သတ်ဖြတ်ချင်သည့် အငွေ့အသက်များနှင့် အရှိန်အဝါများကို ထောက်ရှု၍ လိန်ယွင်ခုံးနှင့် သူ၏ အပေါင်းအပါများက လက်ဖက်ရည် လာသောက်ခြင်း မဟုတ်ကြောင်း ပေရွှမ် ဂိုဏ်းသားများ သိရှိနားလည်လောက်အောင် ဉာဏ်ကောင်းကြ၏။
“နတ်ဘုရား ဘုရင် နန်းတော်သခင်... ပေရွှမ် ဂိုဏ်းနဲ့ နတ်ဘုရား ဘုရင် နန်းတော်က အမြဲတမ်း ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြတာပါ... ဒီနေ့ ဘာကိစ္စများ ရှိလို့ ရောက်လာရတာလဲ”
ရှင်းထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်ရာ သူ၏ အိုမင်းသော မျက်နှာမှာ လေးနက် တင်းမာနေတော့၏။
“ငါ့ကို အညံ့ခံမလား... ဒါမှမဟုတ် အသေခံမလား... တိုက်ကြ...”
လိန်ယွင်ခုံး၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များက ရှင်းထျန်းထံသို့ စူးစိုက်သွားပြီး အေးစက်စက် ဟိန်းဟောက် အမိန့်ပေးလိုက်၏။ အပိုစကားများကို လိန်ယွင်ခုံး ဆက်ပြောမနေတော့ချေ။
“နေဦး...”
ရှင်းထျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကြီးစိုးသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လေးနက်သော အသံဖြင့် မေးခွန်းထုတ်လိုက်၏။
“လိန်ယွင်ခုံး... ဒါ ဘာသဘောလဲ...”
“ငါ့ကို အညံ့ခံမလား... အသေခံမလားပဲ...”
ဟု လိန်ယွင်ခုံးက ရက်စက်စွာ တုံ့ပြန်လိုက်၏။
“သေစမ်း... လိန်ယွင်ခုံး... မင်း အရမ်း မောက်မာ မနေနဲ့...”
အစောင့်အရှောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
“ပေရွှမ် ဂိုဏ်းက အလွယ်တကူ အနိုင်ကျင့်လို့ ရတယ် ထင်နေတာလား... ငါတို့က အသေခံပြီး တိုက်ပွဲဝင်ဖို့ ဝန်မလေးဘူးကွ...”
“အသေခံပြီး တိုက်ပွဲဝင်မယ် ဟုတ်လား... မင်းတို့က ကိုယ့်စွမ်းအားကိုယ် အထင်ကြီးလွန်းနေပြီ ထင်တယ်...”
တတိယ အကြီးအကဲ ယဲ့ချန်ရွှေက အေးစက်စက် မှတ်ချက်ချလိုက်၏။
“ထျန်းကျီဘုံ အောက်က တပည့်တွေ အကုန်လုံး ပေရွှမ် ဂိုဏ်းကနေ အခုချက်ချင်း ဆုတ်ခွာကြ...”
တတိယ အကြီးအကဲက ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။
နတ်ဘုရား ဘုရင် နန်းတော်က ရက်စက်ကြမ်းကြုတ်သော အရှိန်အဟုန်များဖြင့် ချဉ်းကပ်လာနေပြီ ဖြစ်ရာ လူမိုက်ပင်လျှင် သူတို့၏ ရည်ရွယ်ချက်က မကောင်းကြောင်း သိသာလှ၏။ ဧရာမ တိုက်ပွဲကြီး တစ်ခုကတော့ လုံးဝ ရှောင်လွှဲ၍ မရနိုင်တော့ချေ။
“ရှင်းထျန်း... လာစမ်းပါ... ဒီနှစ်တွေ အတွင်းမှာ မင်းရဲ့ စွမ်းအားတွေ ဘယ်လောက်အထိ တိုးတက်လာလဲ ဆိုတာ ဒီနန်းတော်သခင်က ကြည့်ချင်သေးတယ်...”
လိန်ယွင်ခုံးက အေးစက်စွာ ပြောလိုက်ပြီး သူ၏ ကိုယ်တွင်းရှိ အစစ်အမှန်ယွမ်များကို စတင် အသက်သွင်းလိုက်တော့၏။
“ဝေါ”
ကြီးစိုးသော အင်အားကြီးက မီးတောင်ပေါက်ကွဲသည့်အလား ဧရာမ ကြောက်မက်ဖွယ် ကောင်းလှပြီး ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေတော့၏။ ဟင်းလင်းပြင်မှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြိုကျ ပျက်စီးသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး မှိုင်းညို့ မှောင်မိုက်သွား၏။
“နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ...”
ရှင်းထျန်းက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက် တင်းမာနေတော့၏။
ရှင်းထျန်း အတွက် ဆုတ်လမ်း မရှိတော့ချေ။ လိန်ယွင်ခုံး အဘယ်ကြောင့် ပေရွှမ် ဂိုဏ်းကို ရုတ်တရက် လာရောက် တိုက်ခိုက်သနည်း ဆိုသည်ကို သူ မသိသော်ငြား ယခု အခိုက်အတန့်တွင် သူ၏ အစွမ်းကုန် အင်အားကို ထုတ်သုံး၍ ရင်ဆိုင်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။
“ဝှစ်..”
အင်မော်တယ် လက်နက် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပြီးနောက် ရှင်းထျန်းက သူ၏ စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်၏။ အင်မော်တယ် လက်နက်၏ အကူအညီဖြင့် သူ၏ နတ်ဘုရားအသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ အရှိန်အဝါက မျက်တောင်တစ်ခတ် အတွင်းမှာပင် သတ္တမအလွှာသို့ ဖောက်ထွက်သွားပြီး အဋ္ဌမအလွှာသို့ ခြေတစ်လှမ်း ချင်းနင်း ဝင်ရောက်သွားတော့သည်။
“အညံ့မခံတဲ့သူ မှန်သမျှ သနားညှာတာစရာ မလိုဘဲ သတ်ပစ်ကြ...”
လိန်ယွင်ခုံးက အေးစက်စက် ဟိန်းဟောက်လိုက်ပြီး အောက်သို့ တဟုန်ထိုး ထိုးဆင်းသွားတော့၏။
အစွမ်းထက် ပညာရှင် ရာပေါင်းများစွာက ကြောက်မက်ဖွယ် စွမ်းအင်များကို အတားအဆီးမဲ့ ထုတ်လွှတ်လျက် ရက်စက်ကြမ်းကြုတ်စွာ ဝင်ရောက် တိုက်ခိုက်ကြသည်။
ရှင်းထျန်းက လိန်ယွင်ခုံးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ရာ သူ၏ အိုမင်းသော မျက်နှာမှာ အလွန်တရာ မှုန်ကုပ်နေပြီး အမိန့်ပေးလိုက်၏။
“သနားစရာ မလိုဘူး... သတ်ကြ...”
ဧရာမ တိုက်ပွဲကြီးက ပေါက်ကွဲထွက်တော့မည့် ဆဲဆဲပင်။
နတ်ဘုရားအသွင်ပြောင်းဘုံက နတ်ဘုရားအသွင်ပြောင်းဘုံကို ရင်ဆိုင်ပြီး ထျန်းကျီဘုံက ထျန်းကျီဘုံကို ရင်ဆိုင်ရမည့် တိုက်ပွဲကြီးပင်တည်း။
ပေရွှမ် ဂိုဏ်းမှ သောင်းနှင့်ချီသော တပည့်များမှာ ပြာယာခတ်စွာ ဆုတ်ခွာနေကြ၏။ ထျန်းကျီဘုံ ပညာရှင်များမှလွဲ၍ မည်သူကမျှ နောက်ချန် မနေရဲကြချေ။
ပေရွှမ် ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲကြီး စတင် ပေါ်ပေါက်လာခဲ့သည်။
"ဝူး.. ဝူး... ဝူး"
အသေအလဲ တိုက်ခိုက်နေကြသော တိုက်ပွဲကြီး အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအင် အားလှိုင်းများက တစ်ခုပြီး တစ်ခု ဆက်တိုက် ရိုက်ခတ်လာပြီး ပတ်လည် မီတာ သောင်းချီရှိ ဟင်းလင်းပြင် တစ်ခုလုံးကို တစ်စစီ ချေမှုန်းပစ်လိုက်တော့၏။
အထူးသဖြင့် ရှင်းထျန်းနှင့် လိန်ယွင်ခုံးတို့၏ အပြင်းအထန် ယှဉ်ပြိုင် တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများက မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေတော့သည်။
ယခင် အကြောက်တရားများမှ မလွတ်မြောက်နိုင်သေးသော မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ အင်အားစု အသီးသီးနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဤအဖျက်စွမ်းအားများကြောင့် နောက်တစ်ဖန် အထိတ်တလန့် ဖြစ်သွားကြရပြန်၏။
"အုန်း.. အုန်း"
အစွမ်းထက် လှုပ်ရှားမှု ပညာရပ်နှင့် အံ့မခန်း အမြန်နှုန်းကို အသုံးချကာ လိန်ယွင်ခုံးက ရှင်းထျန်းအပေါ်သို့ အနားမပေးသော ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေတော့၏။ သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများ ဝင်တိုက်မိမှုက နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာ ပညာရှင် တစ်ဦးကိုပင် မျက်တောင်တစ်ခတ် အတွင်းမှာတင် သေဆုံးသွားစေရန် လုံလောက်လှ၏။
လိန်ယွင်ခုံးက အစကတည်းက အစွမ်းကုန် အင်အားကို ထုတ်သုံးကာ နည်းနည်းလေးမျှ သနားညှာတာခြင်း မရှိဘဲ တိုက်ခိုက်နေခြင်းပင်။ ရှင်းထျန်း အနေဖြင့် ပြန်လည် ခုခံရန်ပင် အင်အား မရှိတော့ဘဲ အဆက်မပြတ် နောက်ဆုတ်နေရတော့၏။
ပေရွှမ် ဂိုဏ်းမှ သောင်းနှင့်ချီသော တပည့်များမှာ အလွန်အမင်း ပြာယာခတ်နေကြပြီး သူတို့၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် မီးလောင်နေသည့်အလား ပင်ဖြစ်တော့သည်။
ရှင်းထျန်း တစ်ယောက် တဖြည်းဖြည်း အရေးနိမ့်လာသည်ကို ကြည့်ရင်း တပည့် အားလုံးမှာ မျှော်လင့်ချက် ကင်းမဲ့လာကြ၏။
“ရှင်းထျန်း... မင်းက ဒီနန်းတော်သခင်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး... အညံ့ခံလိုက်ရင် မင်း အသက်ရှင်ခွင့် ရနိုင်သေးတယ်...”
လိန်ယွင်ခုံးက အေးစက်စွာ ပြောလိုက်၏။ သူ၏ စွမ်းအားက ရှင်းထျန်းကို အလွယ်တကူ ဖိနှိပ်ပစ်နိုင်လောက်အောင် အလွန်တရာ ကြီးမားလှ၏။
ရှင်းထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ငါ့ရဲ့ ပေရွှမ် ဂိုဏ်းကို သိမ်းပိုက်ဖို့ လုံးဝ အိပ်မက် မမက်နဲ့...”
“ခေါင်းမာပြီး ဘာမှ နားမလည်တဲ့ ကောင်... သေလမ်း ရှာနေတာပဲ...”
လိန်ယွင်ခုံးက ရက်စက်စွာ ကြိမ်းမောင်းလိုက်ရာ သူ၏ မျက်လုံးများထဲရှိ သတ်ဖြတ်ချင်စိတ်များက အဆပေါင်းများစွာ မြင့်တက်လာတော့၏။
လိန်ယွင်ခုံး၏ တိုက်ခိုက်မှုများက ပိုမို ရက်စက်ကြမ်းကြုတ်လာပြီး ရှင်းထျန်း အနေဖြင့် အစွမ်းကုန် ရုန်းကန်နေရသည့်တိုင်အောင် အခြေအနေကို ပြောင်းပြန် မလှန်နိုင်ခဲ့ချေ။ မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ နံပါတ်တစ် ပညာရှင်ကြီးမှာ လိန်ယွင်ခုံး ရှေ့မှောက်တွင် အနည်းငယ် အကူအညီမဲ့နေသည့်ဟန် ပေါ်နေတော့သည်။
“ဖူး... ဖူး…”
ပြန်လည် ခုခံနိုင်စွမ်း မရှိတော့သဖြင့် ရှင်းထျန်းမှာ လိန်ယွင်ခုံး၏ ပြင်းထန်သော တိုက်ခိုက်မှုများကို အဆက်မပြတ် ခံလိုက်ရပြီး သွေးစိမ်းများကို အန်ထုတ်နေရတော့၏။
“ဂိုဏ်းချုပ်ကြီး...”
ပေရွှမ် ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များ အားလုံးက ပြာယာခတ်စွာ အော်ဟစ်လိုက်ကြသည်။
ဆယ်မိနစ်ပင် မပြည့်သေးသော ဧရာမ တိုက်ပွဲကြီး အတွင်းမှာပင် မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ အထွတ်အထိပ် ပညာရှင်ကြီး တစ်ယောက် ဒဏ်ရာရသွားခဲ့၏။
ဤအချက်ကပင် သူတို့ နှစ်ဦးကြားရှိ အလွန်တရာ ကြီးမားလှသော စွမ်းအား ကွာခြားချက်ကို ထင်ရှားစွာ သက်သေပြနေ၏။
--